ညအမှောင်တိုက်ခိုက်မှု (ပထမပိုင်း)
Vol. 13 Ch. 2.41
သူစိတ်လှုပ်ရှားနေသော်လည်း ၀.၉၈မှ ၁ကိုရောက်ဖို့ ၀.၂ သာကွာသည်ဟု ဆိုရပေမယ့် ဖြတ်ကျော်လိုပါက သူဘယ်အချိန်မှ အောင်မြင်မည်ကို မသိနိုင်ပေ။
"နှမြောစရာပဲ....ပစ္စည်းရဲ့ အရည်အသွေး ညံ့ဖျင်းမှုကြောင့်သာ မဟုတ်ရင် အခုအဆင့်၉ အခင်းအကျင်း ဖွဲ့စည်းပုံကို တိုက်ရိုက် ထိုးဖောက်ပစ်လို့ရတယ်... အဆင်မပြေရင်တောင် စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာက ၁ကို ရောက်သွားနိုင်တယ်"
လုရွှမ် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။
အဆင့်၈ အခင်းအကျင်းသည် အဆင့်၉ အခင်းအကျင်းထက် ပုံဖော်စာကြောင်းများ နည်းပါးပြီး ထွင်းထုရသည်မှာလည်း သဘာဝကျကျ မြန်ဆန်လေ၏။
ယခင်က ထွင်းထုခြင်းသည် အဆင့်၉ အခင်းအကျင်း ဖွဲ့စည်းပုံဖြစ်ပါက သူသည် အတွေးအမြင်မရှိခြင်း နယ်ပယ်ထဲသို့ ရောက်ရှိသွားပြီး ဤအခိုက်အတန့် ကြာရှည်လေလေ အကျိုးများလေ ဖြစ်သည်။
သို့သော် ဤအဆင့်၏ ဗလာတံဆိပ်ပြား တစ်ချပ်ကို အဆင့်၉ အခင်းအကျင်း ပုံစံဖြင့် ထွင်းထားပါက ဓားနှစ်လတ်စီးဆင်းခြင်း နည်းလမ်းဖြင့် ထွင်းပြီးပါက ၎င်းသည် ကျိုးပဲ့သွားနိုင်ပြီး အတွေးအမြင်မရှိခြင်း နယ်ပယ်ထဲသို့ပင် ဝင်နိုင်မည် မဟုတ်ပေ။
"ကမ္ဘာပေါ်မှာ ပြီးပြည့်စုံမှုတွေ အများကြီး မရှိပါဘူး....ဆယ်ရက်အတွင်း ၀.၉၈ကို ရောက်နိုင်တာက အရမ်းကျေနပ်စရာ ကောင်းနေပြီ!"
လုရွှမ် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ဖွင့်ဖြင့် မတ်တပ်ထရပ်လိုက်သည်။
ကမ္ဘာပေါ်တွင် ဤမျှလောက် ပြီးပြည့်စုံသော ရလဒ် မည်သို့ရှိနိုင်သနည်း။ ဤမျှ ကြီးကျယ်သော တိုးတက်မှုကို ရရှိရန် သူ မမျှော်လင့်ထားတဲ့အတွက် ဤအဆင့်သို့ ရောက်ရှိခဲ့တာကို ကြည်နူးဖွယ် အံ့သြစရာဟု ယူဆထားပြီးသား ဖြစ်သည်။
"၀.၉၈ ပမာဏနဲ့ဆို ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က လူတောင် မပြင်ဆင်ထားရင် အသတ်ခံလိုက်ရနိုင်တယ်"
စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ တိုးလာပြီး လုရွှမ်သည် သူ၏ ခွန်အားနှင့် တိုက်ခိုက်နိုင်မှုများကို ထပ်မံ တွက်ချက်ခဲ့သည်။
အတုတံဆိပ်နယ်ပယ်တွင် အားကောင်းနေသူများ အတွက် ဝိညာဉ်စွမ်းအား အတိုင်းအတာသည် အခြေခံအားဖြင့် ၀.၅ ဝန်းကျင်ဖြစ်သည်။ ဂိုဏ်းဆရာနယ်ပယ်တွင် အားကောင်းသူများသည် အကြမ်းအားဖြင့် ၀.၆သာ ရှိကြ၏ဖယ
အဓိပတိနယ်ပယ်ကို အောင်မြင်ချင်သူများ အတွက် အနည်းဆုံး ၀.၈ ဝိညာဉ်စွမ်းအား အတိုင်းအတာတစ်ခု ရှိဖို့ လိုအပ်ပါသည်။
ဆိုလိုသည်မှာ ကျောင်းအုပ်ကြီးဟန်ကဲ့သို့ ကြီးမြတ်သော သခင်အတွက်ပင် သူ၏ ဝိညာဉ်စွမ်းအား၏ အတိုင်းအတာသည် ၀.၇ ဝန်းကျင်သာရှိပြီး ၀.၈ မရောက်သေးပေ။
လုရွှမ်၏ အသိပညာအရ သေမျိုးနယ်ပယ်၏ ပထမအဆင့်ရှိ စွမ်းအားရှင် အချို့ပင်လျှင် သူ၏လက်ရှိအဆင့်ထက် အဆပေါင်းများစွာ နိမ့်ပါးသော ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉ ခန့်သာရှိသည်။
ဝိညာဉ်စွမ်းအား တစ်ခုတည်းအရ သူသည် သေမျိုးနယ်ပယ်၏ တတိယအဆင့်နှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။
ဤမျှလောက် ပြင်းထန်သော စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်၏ အနှစ်သာရ အသွင်ပြောင်းမှုကြောင့် မြင့်မြတ်သော အဓိပတ်နယ်ပယ် စွမ်းအားရှင်ကို သတ်ဖြတ်ရန် ခက်ခဲသော်လည်း ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က လူကိုတောင် အခွင့်အရေး ရှာပြီး ၎င်းကို နေရာမှာတင် သတ်ပစ်လို့ရသည်။
ဒါက ကြောက်စရာ ကောင်းပါ၏။
အမှန်တော့ လုရွှမ်၏ လက်ရှိအင်အားသည် အတုတံဆိပ်နယ်ပယ်၏ အစောပိုင်းအဆင့် ( ကနဦးအဆင့်) တွင်သာ ဖြစ်သည်။
အတုတံဆိပ်နယ်ပယ်၏ အစောပိုင်းအဆင့် ခွန်အားသည် ပုံမှန်အားဖြင့် ဂိုဏ်းဆရာနယ်ပယ် အတွက် အိပ်ပျော်နေသလောက်သာ ရှိသည်။ ဆက်လက်တိုက်ခိုက်ပါက ဂိုဏ်းဆရာနယ်ပယ်က အပြတ်ရှင်းပစ်သွားနိုင်သည်။
သို့သော် သူကတော့ ဝိညာဉ်စွမ်းအားကို အားကိုး၍ အလွယ်တကူ သတ်နိုင်သည်။
တစ်နည်းဆိုရသော် ယခု လုရွှမ်၏ အကြီးမားဆုံး ဝှက်ဖဲမှာ နဂါးဆင်ရွှေလက်ဝါး ၊ ဆင်သံချပ်ရွှေကိုယ်ထည် နှင့် ယွမ်ယန်ကျင့်စဥ် မဟုတ်တော့ဘဲ စိတ်ဝိညာဥ်စွမ်းအား ဖြစ်လာသည်။
သူကအခု အဆင့်၉ ထိပ်တန်းအဂ္ဂိရတ် ပညာရှင်၏ အလွန်ပြင်းထန်သော ဝိညာဉ်စွမ်းအား အတိုင်းအတာ ရှိနေပြီလေ။
"ကျန်းဝူအကယ်ဒမီက ထွက်လာတာ တစ်လရှိသွားပြီ....မြန်မြန် အရှိန်မြှင့်ရမယ်..."
တံခါးကိုတွန်းပြီး ထွက်လာခဲ့လိုက်သည်။
သူ ဆရာဟူယွင်ကို သဘောတူလိုက်တဲ့ အချိန်ကစလို့ အခုဆို ၁လပြည့်သွားပြီ။ မြန်မြန် မလုပ်ရင် တကယ်နောက်ကျသွားလိမ့်မည်။
"သခင်လေး....ထွက်လာပြီလား!"
တိတ်ဆိတ်သော အခန်းထဲမှ လှမ်းထွက်လာတော့ လူတစ်ယောက်က သူ့ကို နှုတ်ဆက်လာသည်။ လုရွှမ် သူ့ခေါင်းကို လှည့်ကြည့်ကာ အနည်းငယ် ပြုံးလိုက်ပြီး
"ခင်ဗျားဒီကို ရောက်နေပြီပဲ!"
ထိုလူမှာ မုယန်ဖုန်းပဲ ဖြစ်သည်။
သူသည် ဟန်ရွှယ်၏ လင်းယုန်နီကို စီးလာတာကြောင့် ဝူယန်တော်ဝင်မြို့တော်ကို တစ်ရက်စော၍ ရောက်လာခဲ့သည်။ ကိစ္စတွေ အများကြီး ဖြစ်ပျက်ပြီးနောက် ချက်ချင်း တံခါးပိတ်ကျင့်ကြံခဲ့၏။
မုယန်ဖုန်းက သူတံခါးပိတ် ကျင့်ကြံဖို့ ဝင်သွားမှ ရောက်လာခဲ့သည်။
ကျောင်းအုပ်ကြီးဟန်သည် သူ၏ အစေခံတစ်ဦး ဖြစ်သော်လည်း အကယ်ဒမီတွင် သူကိုင်တွယ်ရမည့် အရာများစွာ ရှိနေသဖြင့် ဤနေရာတွင် နေ့တိုင်းစောင့်ထိန်းရန် မဖြစ်နိုင်ပေ။ မုယန်ဖုန်းမှာက ဘာအလုပ်မှ မရှိသောကြောင့် သူဤနေရာတွင် စောင့်နေခဲ့ခြင်း ဖြစ်သည်။
"သွားရအောင်.... ကျွန်တော်နဲ့ အဂ္ဂိရတ်ဆရာအသင်းဆီ လိုက်ခဲ့!"
စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာ ၀.၉၈သို့ ရောက်ရှိလာပြီမို့ ရေခဲသွေးဆေးများကို သန့်စင်ရန်အတွက် ဆေးပင်ပစ္စည်းများကို ရှာဖွေရမည့် အချိန်ဖြစ်သည်။
ဤအဂ္ဂိရတ်ဆေးကို သန့်စင်နိုင်မှသာ ရှားပါးသော ရတနာကို ရှာဖွေပြီး သန့်စင်နိုင်မည်ဖြစ်သည်။
"ဟုတ်ကဲ့!"
မုယန်ဖုန်း သခင်ငယ်လေး အဂ္ဂိရတ်ပညာရှင် အသင်းအဖွဲ့သို့ အဘယ်ကြောင့် သွားနေသည်ကို မသိသော်လည်း သူ့အမိန့်ကို လုံးဝ မငြင်းဆိုဘဲ ချက်ချင်း ခေါင်းညိတ်လိုက်သည်။
တိတ်ဆိတ်သော အခန်းအတွက် အခကြေးငွေကို ပေးဆောင်ပြီးနောက် သူတို့နှစ်ဦးသည် အဂ္ဂိရတ်ပညာရှင် အသင့်အဖွဲ့သို့ ချီတက်လာခဲ့၏။
ဝူယန်တော်ဝင်မြို့တော်ရှိ အဂ္ဂိရတ်ပညာရှင်အဖွဲ့သည် အခင်းအကျင်းပညာရှင် အဖွဲ့ နှင့် သိပ်မဝေးသော အကွာအဝေးတွင် ရှိသည်။ အထပ်မြင့် အဆောက်အအုံ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အပြင်ဘက်တွင် မှောင်နေပြီဆိုတာ တွေ့လိုက်ရသည်။
ဒီရက်တွေမှာ နေ့တိုင်း အခင်းအကျင်း ရေးဆွဲရင်း အလုပ်ရှုပ်နေတော့ သူ့ရဲ့ စွမ်းအားတွေ အရမ်းကုန်သွားပြီး ပင်ပန်းနွမ်းနယ်နေပြီ။ ဆယ်ရက်လောက်ရှိပြီ ဆိုတာသာ သိပြီး နေ့လားညလား ရှင်းရှင်းလင်းလင်း မမှတ်မိချေ။
"သခင်ငယ်လေး..... အဂ္ဂိရတ်ပညာရှင် အသင်းအဖွဲ့ဆီရောက်ဖို့ နည်းနည်းတော့ ဝေးတယ်....ဘာလို့ ရထားလုံး မငှားတာလဲ အဲဒါက ပိုမြန်ပြီး စွမ်းအင်အများကြီး သက်သာစေမယ် မဟုတ်လား!"
လမ်းပေါ်မှာ ရပ်ပြီး ပတ်ပတ်လည်ကို ကြည့်ရင်း မုယန်ဖုန်းက ပြောလာ၏။
မုယန်ဖုန်း ငယ်ရွယ်စဥ် အခါတုန်းက ဝူယန်အင်ပါယာကို ရောက်ခဲ့ဖူးသည်။ အဂ္ဂိရတ်ပညာရှင် အဖွဲ့နှင့် အခင်းအကျင်းပညာရှင် အဖွဲ့ကြားက အကွာအဝေးကို သူသိတယ်။ လမ်းလျှောက်ရင် အနည်းဆုံး နှစ်နာရီလောက် ကြာလိမ့်မယ်။ ရထားလုံးစီးရင် အများကြီး ပိုမြန်လေ၏။
"ကောင်းပြီ!"
လုရွှမ် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားကို မြှင့်တင်ထားတာကို လောလောဆယ် တိတ်တိတ်ဆိတ်ဆိတ် ထားချင်သည်။
အခင်းအကျင်းပညာရှင် အဖွဲ့၏ အပြင်ဘက်တွင် ရထားလုံးများ ငှားရန် နေရာများစွာ ရှိပြီး ၎င်းတို့နှစ်ဦးသည် မလှမ်းမကမ်းတွင် လမ်းလျှောက်သွားသည်နှင့် ရထားတစ်စီးကို တွေ့လိုက်ရသည်။
ရထားထိန်းသည် ကောက်ရိုးဦးထုပ်ဟောင်းကို ၀တ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ပါးစပ်မှ မြက်ပင်တစ်ပင်ကို ကိုက်ထားလျက် အနည်းငယ် ညစ်ပတ်နေပုံ ပေါ်သည်။
"အဂ္ဂိရတ်ပညာရှင် အသင်းအဖွဲ့ကို!"
မုယန်ဖုန်းသည် ရွှေစ အနည်းငယ်ကို ထုတ်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ရထားလုံးငှားခက ဈေးမကြီးပါဘူး။ ရွှေစ အနည်းငယ်နဲ့ လုံလောက်ပေ၏။
"အင်း!"
ရထားထိန်းက တုံ့ပြန်ပြီး လုရွှမ် နဲ့ သူတို့နှစ်ယောက်ကို ဝင်ခွင့်ပြုဖို့ တံခါးကိုဖွင့်လိုက်ပြီးနောက် မောင်းသူနေရာ ဝင်ထိုင်လိုက်ကာ ကြိမ်တံကို ယမ်းလိုက်တယ်။
ရထားတွဲသည် လမ်းတစ်လျှောက် လျင်မြန်စွာ ရွေ့လျားနေ၏။
ရထားလုံး ပြတင်းပေါက်မှတစ်ဆင့် လုရွှမ်သည် ရထားထိန်းကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်မိသည်။ သို့သော် ဘာမှမပြောဘဲ မျက်လုံးကို မှိတ်ထားလိုက်သည်။
ကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် ဝိညာဉ်စွမ်းအင်ကို အားကိုးကြသည်။ ဝိညာဉ်စွမ်းအား အတိုင်းအတာ တိုးလာသည့် လုရွှမ်အတွက် တုံ့ပြန်မှု အရှိန်နှင့် လိုက်လျောညီထွေရှိမှု နှစ်ခုစလုံးသည် များစွာ တိုးလာပြီ ဖြစ်သည်။
ထို့ထက် ပိုအရေးကြီးသည်မှာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှုမှာလည်း များစွာ တိုးလာပါသည်။
ယခင်က ကြီးမားသော ကြွက်သားများသာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ယခုအခါတွင် တစ်ကိုယ်လုံးရှိ ကြွက်သားများသည် လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီ ဖြစ်သည်။
တခြားနည်းနဲ့ ပြောရရင် အရင်တုန်းက တခြားသူတွေ ဓားနဲ့ထိုးတဲ့အခါ သူ့မှာ ပိတ်ဆို့ဖို့ ဒါမှမဟုတ် ရှောင်တိမ်းဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပေမယ့် အခုအချိန်မှာတော့ ဓားရှည်ကို ထိန်းကိုင်ဖို့ ကြွက်သားတွေကို လုံးလုံးထိန်းချုပ်နိုင်ပြီ ဖြစ်ပေ၏။
ထို့အပြင် စွမ်းအားကြီးသော ဝိညာဉ်စွမ်းအား၏ ပေါင်းစပ်မှုနှင့် နတ်မျက်စိအမှတ်သည် သူ၏အမြင်အာရုံကို များစွာတိုးတက်စေပြီး မီတာရာနှင့် ချီအကွာမှ ပုရွတ်ဆိတ်များကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
ဤတံခါးပိတ် ကျင့်ကြံမှုတွင် သူ၏စစ်မှန်သော စွမ်းအင်နှင့် ခန္ဓာကိုယ်ခွန်အား လုံးဝမတိုးလာသော်လည်း သူ၏စိတ်ဝိညာဉ်စွမ်းအားများ အရှိန်အဟုန်ဖြင့် သူ၏တိုက်ခိုက်ရေး စွမ်းရည်ကို များစွာတိုးမြင့်လာသည်။
အကယ်၍ သူသည် ဆရာဟူယွင်၏ သိုင်းကွက်သုံးကွက်ကို ထပ်မံရင်ဆိုင်ခဲ့မည် ဆိုပါက ဒဏ်ရာ မရရုံသာမက အလုံးစုံ တားဆီးနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်ပါသည်။
ရထားလုံးသည် လမ်းမပေါ်တွင် ဆက်လက်ရွေ့လျားနေပြီး နာရီဝက် လျှင်မြန်စွာ ဖြတ်သန်းသွားသည်။
"အမ်? မဟုတ်သေးဘူး... မြင်းလှည်းဆရာ... ခင်ဗျားသွားနေတာ ဘာလို့ အဂ္ဂိရတ်ပညာရှင် အသင်းအဖွဲ့ဖက်ကို မဟုတ်တာလဲ? ဒါက ဘယ်နေရာလဲ?"
နာရီဝက်လောက် ကြာတော့ ရောက်သင့်ပြီလို့ ယူဆမိတဲ့ မုယန်ဖုန်းမှာ ရထားလုံးက ဆောင့်တက်လာတာကို ခံစားလိုက်ရတဲ့အခါ မျက်မှောင်ကြုတ်သွား၏။ ရထားလုံးရဲ့ ကန့်လန့်ကာကို ဖယ်ကြည့်လိုက်တဲ့အခါ သူ့အမူအရာလည်း ပြောင်းသွားတော့သည်။
သူတို့မြို့ထဲမှာ အခုပဲရှိနေတုန်းက မီးရောင်တွေ တောက်ပနေပေမယ့် အခုနေရာမှာတော့ သူတို့ရဲ့လက်ချောင်းတွေကို မမြင်နိုင်တော့အောင် မှောင်လွန်းတာနေ၏။
အုန်း!
စကားမဆုံးခင်မှာပင် ချမ်းအေးတဲ့ ညကို ဖြိုခွင်းဖို့ ကောင်းကင်ကနေ ဓားမီးတောက်ပေါင်းများစွာ ရုတ်တရက် ထွက်လာပြီး ရထားလုံးထဲကို တည့်တည့် ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။