အဓိပတိအဂ္ဂိတ်ရတ်ဆေး
Vol. 14 Ch. 2.52
အဓိပတိ အဂ္ဂိရတ်ဆေး။
ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က အားကြီးသူဖြစ်ပါက ၎င်းသည် အဓိပတိနယ်ပယ်သို့ ဝင်ရောက်နိုင်ခြင်း၏ အောင်မြင်မှုနှုန်းကို ၂၀% တိုးမြင့်စေနိုင်သည်။
၂၀% ကို လျှော့မတွက်လိုက်ပါနှင့်။ ကျင့်ကြံသူများသည် အောင်မြင်မှုနှုန်း ၁% တိုးစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ရလေ့ရှိပါသည်။ ဤကဲ့သို့သော ဖြစ်နိုင်ခြေ မြင့်မားမှုသည် မရေမတွက်နိုင်သော သခင်များကို ရူးသွပ်သွားစေဖို့ လုံလောက်ပါသည်။
ထို့ကြောင့် အဓိပတိအဂ္ဂိရတ်ဆေးသည် အဆင့်၉ အဆင့်တွင် အဖိုးတန်ဆုံးဆေးဟု ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။
ဝူယန်အင်ပါယာတွင် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်မှလူများ မနည်းလှချေ။ အဓိပတိနယ်ပယ်က ထိပ်တန်း ကျွမ်းကျင်သူ အနည်းငယ်သာ ရှိပါသည်။ ဤဆေးလုံးပေါ်လာပြီးသည်နှင့် မရေတွက်နိုင်သော မိသားစုများနှင့် ကျွမ်းကျင်သူများ၏ နှလုံးသားကို သေချာပေါက် လှုပ်ရှားစေမည်ဖြစ်သည်။
"ဒါပဲလုပ်လိုက်မယ်!"
မကြာခင်မှာပဲ လုရွှမ်က သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပေ၏။ အဲဒါက အင်ပါယာ တစ်ခုလုံးကို ထိတ်လန့်စေလိမ့်မည်။
"ဆရာကြီး.... ဘာများရောင်းချင်တာလဲ? အရှိန်အဟုန်မြှင့်ဖို့ ကြိုပြီး ကြေညာထားလို့ရတယ်.... သုံးရက်က မကြာပေမယ့် ရေခဲသွေးမြက်တွေကို ပိုင်ဆိုင်တဲ့သူတွေကို ဆွဲဆောင်နိုင်လိမ့်မယ်"
လူငယ်လေး တွေးနေတာကို မြင်တော့ ကူယက ပြုံးပြီး မေးတယ်။
"သေချာ စဉ်းစားပြီးပါပြီ!"
လုရွှမ်က ခေါင်းညိတ်ပြပြီး ခဏအကြာ အခန်းထဲသို့ ဝင်သွားကာ ခဏကြာတော့ သူ့လက်ထဲတွင် ဆေးစာတစ်စောင်ကို ကိုင်လျက် ပြန်ထွက်လာသည်။
"ဒီဆေးပင်ပစ္စည်းတွေကို စုဆောင်းပေးလို့ ရမလား?"
ဆေးစာမှာ ရေးထားတဲ့ ဆေးပစ္စည်းအမျိုးပေါင်း တစ်ရာနီးပါးရှိပြီး အဆိုးဆုံးကတော့ အဆင့်၇ အထက်မှာ ရှိနေကြသည်။
ကူယက ခဏလောက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒီဆေးပင်ပစ္စည်းတွေက အဖိုးတန်ပေမယ့် ရှားရှားပါးပါးတော့ မဟုတ်ပါဘူး... မကြာခင် ရနိုင်ပါတယ်!"
အဓိပတိအဂ္ဂိရတ်ဆေးသည် ရေခဲသွေးဆေးထက် ပိုတန်ဖိုးရှိသော်လည်း ဆေးပင်ပစ္စည်းများကို သန့်စင်ရန်အတွက် အထူးလိုအပ်ချက်များ မရှိပါ။ အထူးဂုဏ်ရည်များပါရှိသော ရေခဲသွေးမြက်များနှင့် မတူဘဲ ရှာဖွေရ မခက်ခဲချေ။
"ကောင်းပြီ.... ခင်ဗျားက အဓိပတိအဂ္ဂိရတ်ဆေး တစ်လုံးရောင်းမယ် ဆိုတာကို ကြေညာပေးပါ"
လုရွှမ်က ပါးစပ်ကိုဖွင့်ပြီး ပြောလိုက်သည်။
"အဓိပတိအဂ္ဂိရတ်ဆေး?"
ကူယ အံ့အားသင့်သွားသည်။
သူသည် အံ့အားသင့်ရုံမက တစ်ဖက်မှ ထူးဆန်းသော အဘိုးအိုသည်လည်း ယင်းအကြောင်းကို တစ်ခါမှ မကြားဖူးခဲ့သလို ပဟေဠိဆန်သော မျက်နှာဖြင့် ပြန်ကြည့်နေ၏။
"အဓိပတိအဂ္ဂိရတ်ဆေးက ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က လူတစ်ယောက်ကို ၂၀% တိုးမြှင့်ပေးနိုင်တယ်"
လုရွှမ်မှ ရှင်းပြလိုက်သည်။
"ဘာ?"
"၂၀% တိုးမယ်?"
ထူးဆန်းသော အဖိုးအိုနှင့် ကူယသည် တစ်ချိန်တည်းတွင် လန့်သွားကြသည်။
ဂိုဏ်းဆရာနယ်ပယ်ကို ဖြတ်ကျော်သွားဖို့ နည်းလမ်းကောင်းဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူး။ ဒါကြောင့် ဖြတ်ကျော်နိုင်တဲ့လူ အလွန်နည်းပါးပြီး အောင်မြင်မှုနှုန်း ၂၀% တိုးလာနိုင်သည့် ကောင်းကင်ဘုံကို အံတုနိုင်သော ဆေးလုံးက ကမ္ဘာပေါ်တွင် မည်ကဲ့သို့ ရှိနိုင်မည်နည်း။
"ဆ ဆရာကြီး....ခင်ဗျားပြောတာ အမှန်ပဲလား?"
ကူယက တံတွေးမျိုချလိုက်ပြီး မမေးဘဲ မနေနိုင်စွာ ထပ်မေးလိုက်သည်။
အမှန်သာဆိုလျှင် ဤဆေးလုံး ပေါ်လာသည်နှင့် ၎င်းသည် အခြေအနေကို ရှင်းရှင်းလင်းလင်း ဖြတ်တောက်ပြီး ဝူယန်အင်ပါယာ နိုင်ငံတစ်ခုလုံး ဆူပွက်သွားမည် ဖြစ်သည်။
စင်စစ်အားဖြင့် ဝူယန်အင်ပါယာ မဆိုနှင့် အဆင့်တစ်ခုမြင့်သည့် ပေရွှီးအင်ပါယာ၌ပင် ကောင်းကင်ကို အံတုနိုင်သော ဆေးလုံးကို တစ်ခါမျှ မကြားဖူးနိုင်ပါ။
"ခင်ဗျားနည်း ခင်ဗျားဟန်နဲ့ ကြေညာပေးပါ အချိန်တန်ရင် ခင်ဗျားဆီ ဆေးလုံး လွှဲပေးမယ်"
လုရွှမ်က သိပ်ရှင်းပြမနေဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟုတ်ကဲ့!"
ကူယက ထပ်ခါထပ်ခါ ခေါင်းညိတ်နေသည်။
မတိုင်ခင်ကသာ တခြားသူတစ်ယောက် ယခုလို ပြောလာလျှင် ကြွားလုံးထုတ်နေခြင်း ဟုသာ ခံစားမိနိုင်သော်လည်း လူငယ်သည် အချိန်တိုအတွင်း သူ ဤမျှကြာကြာ တာဝန်ထမ်းဆောင်ခဲ့သည့် ထူးဆန်းသော အဘိုးအိုကို ယုံကြည်စေခဲ့သည်လေ။
"ဆရာကြီး"
ငွေလဲနှုန်းကိစ္စ ကဲ့သို့သော အသေးစိတ် အချက်တချို့ကို သူတို့ပြောကြသည်။ ခဏကြာဆွေးနွေးပြီးနောက် ကူယသည် မဝံ့မရဲနှင့်ကြည့်လာသည်။
"ဘာဖြစ်လို့လဲ?"
သူပြောဖို့မဝံ့မရဲ ဖြစ်နေတာကို မြင်တော့ လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။
"ဒီအဓိပတိ အဂ္ဂိရတ်ဆေးက အရမ်းတန်ဖိုးကြီးတယ်.... သုံးရက်လောက်နဲ့ လူသိရှင်ကြား မပြနိုင်တော့မှာကို ကြောက်ရတယ်... ဆယ်ရက်လောက်ဆို ဘယ်လိုလဲ? ဆယ်ရက်လောက် ကြော်ငြာနိုင်ရင် ရလဒ်က ပိုကောင်းလာမှာ သေချာတယ်.... အဲဒီအခါမှာ ရေခဲသွေးမြက် အရေအတွက်လည်း ပိုများလာနိုင်တယ်"
ကူယမှ ရှင်းပြလေ၏။
"ကောင်းပြီ ခင်ဗျား စီစဉ်ပေးပါ!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
ဝူယန်အင်ပါယာမှ သတင်းရလျှင်ပင် ပျံသန်းသားရဲများ စီးခြင်းဖြင့် ဤနေရာသို့ ရောက်ရှိလာနိုင်ပြီး နယ်စပ်မှ ဤနေရာကို ရောက်ရန် ရက်ပေါင်းများစွာ အချိန်ယူရပေမည်။
ဆယ်ရက်ကြာအောင် စီစဉ်ပေးထားရင် ပိုအကျိုးရှိမှာ အမှန်ပဲ။
"ဒါဆို ဒီလိုပဲဆုံးဖြတ်လိုက်ပြီ ကျုပ်အခုပဲ သွားစီစဉ်လိုက်ပါမယ်!"
သူ့စကားကိုကြားတော့ ကူယရဲ့ မျက်လုံးတွေ တောက်ပလာကာ စိတ်အားထက်သန်စွာ လှည့်ထွက်သွားသည်။
လုရွှမ်သည် ထူးဆန်းသော အဘိုးအိုအား နှုတ်ဆက်ပြီး အဂ္ဂိရတ် ဆရာအသင်းသို့ ပြန်လာခဲ့သည်။
သေချာတာပေါ့။ ကူယ ပြောသလိုပဲ အမြင့်ဆုံးဆေးကို သန့်စင်ဖို့အတွက် လိုအပ်တဲ့ ဆေးပင် ပစ္စည်းတွေ အားလုံးနီးပါးကို ဝယ်လို့ရခဲ့သည်။ တစ်နာရီ မပြည့်ခင်မှာပဲ သူတို့နှစ်ယောက်သည် အိတ်တစ်အိတ်ကို ရသွားခဲ့သည်။
ရွှေစသန်းပေါင်းများစွာကို ဤဆေးထုတ်ကြီး အတွက် အသုံးပြုခဲ့ရသည်။
အဂ္ဂိရတ်ပညာသည် ငွေကုန်ကြေးကျခံသည့် လုပ်ငန်းတစ်ခု ဖြစ်သည်မှာ အံ့သြစရာ မဟုတ်ပေ။ ဆေးပင်ပစ္စည်းများကို ဝယ်ယူလိုက်ရုံဖြင့် မိသားစုကြီး အများအပြားမှာ သူတို့ကိုယ်သူတို့ မထောက်ပံ့နိုင်တော့ပေ။
ထို့နောက် လုရွှမ်သည် လှည့်ပတ်၍ အခြားဆေးပင် ပစ္စည်းများကို ဝယ်ယူခဲ့သေးသည်။
အဓိပတိအဂ္ဂိရတ်ဆေးကို သန့်စင်ရန် အတွက် မုယန်ဖုန်းကို ကူညီပေးနိုင်သော ဆေးတချို့ကိုလည်း သဘာဝကျကျ သန့်စင်ပေးရမည်။
မုယန်ဖုန်းဟာ သစ္စာရှိတယ်ဆိုတာ ပြောစရာ မလိုပေ။ မတိုင်ခင်က ခိုးဝင်တိုက်ခိုက်မှု အပြီးမှာတော့ ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်တွေဟာ ကျန်းဝုအင်ပါယာမှာ အားမနည်းဘူး ဆိုတာ သိပေမယ့် ဒီနေရာမှာတော့ သူက အရမ်းနောက်ကျ ကျန်နေပါသေးသည်။
ဟန်ယန်မြို့ အခင်းအကျင်းအဖွဲ့၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဖြစ်လာခြင်းဖြင့် ရရှိသော ရွှေစ၅သန်းနှင့် ဂိုဏ်းဆရာနယ်ပယ် သုံးယောက်ထံမှ လုယူလာသော ရွှေစသန်းပေါင်းများစွာသည် ဆေးပင်များ ဆက်တိုက်ဝယ်ယူခြင်းကြောင့် ကုန်လုနီးပါးဖြစ်နေပါပြီ။
သို့သော် လုရွှမ်သည် ငွေပိုငွေနည်း ကိစ္စကို ဂရုမစိုက်ပါ။
သူသည် အဂ္ဂိရတ်ဆေး အနည်းငယ်ကို သန့်စင်ခြင်း သို့မဟုတ် အခင်းအကျင်း တစ်ခုနှစ်ခုကို ဆွဲထုတ်ပြီး ရောင်းချနေသမျှ ကာလပတ်လုံး ပိုက်ဆံရနေနိုင်သေးသည်။
အကယ်ဒမီရှိ နေအိမ်သို့ ပြန်ရောက်သောအခါ ကျောင်းအုပ်ကြီးဟန်က သူ့ကို ချက်ချင်း လာနှုတ်ဆက်သည်။ တိုက်ခိုက်ခံရသည့် ကိစ္စကို ကြားတော့ သူ့တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်ကာ မျက်နှာလည်း နီရဲလာသည်။
"သခင်လေး....ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ? သခင်လေးသာ အမိန့်ပေးရင် ကျုပ်ရဲ့ဒီအသက်ကို ဆုံးရှုံးသွားရင်တောင် ချင်မိသားစုကို ဘယ်တော့မှ သက်သာခွင့်မပေးဘူး!"
ဟန်ရောင်က အံကြိတ်လိုက်သည်။
သခင်လေးကို ခိုးဝင်လုပ်ကြံ တိုက်ခိုက်ရဲတာက သူ့ကို စိန်ခေါ်လိုက်တာနဲ့ အတူတူပဲ။ သူ့ရဲ့ လက်စားချေမှုကို မတုံ့ပြန်ရင် ဒီတစ်သက်ကို ဘယ်လိုလုပ် အသက်ရှူနိုင်ပါ့မလဲ။
"အရင်ဆုံး မလောနဲ့ဦး.... ချင်မိသားစုက ပြဿနာကို ကျုပ်ဘာသာ နည်းလမ်းရှာမယ်... ဒါပေမဲ့ အခုမဟုတ်သေးဘူး....ခင်ဗျားတို့ နှစ်ယောက်က ကျုပ်ကို ကာကွယ်ထားပေးပါ... နည်းနည်းလေးမှ အနှောင့်အယှက် မဖြစ်စေနဲ့....ကျုပ်အခု အဂ္ဂိရတ်ဆေး သန့်စင်မလို့"
လုရွှမ်က ရှင်းပြသည်။
သူ့ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာက လွယ်လွယ်နဲ့ လွှတ်ထားလို့ မရဘူး။
အကယ်၍ သူသည် ပုံရိပ်ယောင်အခင်းအကျင်းနှင့် အဆင့်၈ သတ်ဖြတ်ခြင်း အခင်းအကျင်းသာ မရှိခဲ့ရင် သေတဲ့သူက ဘယ်သူဖြစ်သွားမလဲ မသိနိုင်ချေ။
သူ့ကို သတ်သေချင်တဲ့ သူတွေကို နောင်တရပြီး ကြောက်ရွံ့ထိတ်လန့် ခံရအောင် မလုပ်ရင် သူ့ရဲ့အရူးဧကရာဇ် ဂုဏ်ပုဒ်ကို ဘယ်နားသွားထားတော့မလဲ။
သို့သော် ယခုအချိန်က မဟုတ်သေးပေ။
ဟန်ရောင်သည် သူ့ဘက်တွင် သြဇာအာဏာအရှိဆုံး ဖြစ်ပြီး ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က သခင်တစ်ဦးသာ ဖြစ်သည်။ တန်ခိုးအကြီးဆုံး ဖြစ်သော ချင်မိသားစုကို ရင်ဆိုင်ရန် အခွင့်အလမ်းမှာ ကြီးမားလှသည်။
ထို့ကြောင့် လက်စားချေရန် အလျင်စလိုမရှိပါ။
"ဟုတ်ကဲ့!"
သခင်လေး၏ ရှင်းပြချက်ကို ကြားတော့ ဟန်ရောင်နှင့် မုယန်ဖုန်းတို့သည် တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်ကြသည်။
လုရွှမ်သည် အခန်းထဲသို့ ဝင်လာပြီး တံခါးကို တင်းတင်းပိတ်လိုက်သည်။
"သခင်လေး....သူက အဂ္ဂိရတ်ဆေးလုံး သန့်စင်တတ်သေးတာလား?"
တံခါးဝမှာ ရပ်နေတဲ့ ကျောင်းအုပ်ကြီး ဟန်ရောင်ဟာ နေ့တစ်ပိုင်းလောက် ကြာပြီတဲ့ အချိန်မှာတော့ မုယန်ဖုန်းကို လှည့်မမေးဘဲ မနေနိုင်တော့ချေ။
သခင်လေးသည် အဆင့်၆ အခင်းအကျင်း မှော်ဆရာ ဖြစ်နိုင်ကြောင်းသာ သူသိခဲ့သည်။ မဟုတ်မှ အဂ္ဂိရတ်ပညာရှင်လည်း ဖြစ်နေသေးတာလား?
"ကျုပ်လည်း မသိဘူး...ကူယဆိုတဲ့ လူတစ်ယောက်က သခင်ငယ်လေးဆီကနေ အဂ္ဂိရတ်ပညာကို သင်ယူဖို့ အော်ဟစ်ပြီး တောင်းဆိုနေသေးတာကိုတော့ တွေ့လိုက်တယ်"
သူလိမ်တာ မဟုတ်ပါဘူး။ ကူယဟာ ထူးဆန်းတဲ့အဖိုးအိုရဲ့ အဂ္ဂိရတ်ပညာဟာ လုရွှမ်ထက် နိမ့်ကျတယ်လို့ သိလိုက်တာနဲ့ သင်ယူဖို့ စိတ်ကူးကို ထုတ်ဖော် ပြသခဲ့ပေမယ့် လုရွှမ်က ဂရုမစိုက်ခဲ့ပါဘူး။
မငယ်ရွယ်တော့တာမို့ အဆင့်၈ကို တက်ဖို့ အလားအလာက ပျောက်ကွယ်သွားလေပြီ။ ကောင်းကောင်း သင်ပေးရင်တောင် အဆင့်၉ကို ရောက်သွားဖို့ ကန့်သတ်ချက်ရှိပြီး ဘဝရဲ့ အဂ္ဂိရတ်ဆရာအဆင့်ကို ရောက်ဖို့ ခက်လိမ့်မည်။
အဆင့်၈ ဂိုဏ်းဆရာနယ်ပယ် အဂ္ဂိရတ်ပညာရှင် မဖြစ်လာနိုင်မှတော့ အဆင့်၉က ပြောစရာပင် မလိုတော့ချေ။
"ကူယ.... မင်းပြောတာ အဂ္ဂိရတ်ဆရာအသင်းက ဥက္ကဌအကြောင်းကို ပြောနေတာလား? သူ ငိုပြီး အဂ္ဂိရတ်ပညာကို သင်ပေးဖို့ တောင်းဆိုနေတာလား?"
ဟန်ရောင် တံတွေးမျိုချလိုက်ပြီး သူ့မျက်နှာမှာ မယုံကြည်နိုင်စရာတွေနဲ့ ပြည့်နှက်သွားလေ၏။