← Chapters

မုယန်ဖုန်းအဆင့်တိုးခြင်း

Vol. 15 Ch. 2.74

မုယန်ဖုန်းအဆင့်တိုးခြင်း

Vol. 15 Ch. 2.74

အခန်းထဲတွင် မုယန်ဖုန်းသည် ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေပြီး သူ့မျက်နှာသည် တောက်ပသော သတ္တုအလွှာဖြင့် ဖုံးအုပ်ထားသကဲ့သို့ အလင်းရောင်က ရောင်ပြန်ဟပ်နေသည်။

သူသည် ကောင်းကင်ဒြပ်စင်ငါးခုကျင့်စဥ်ကို လေ့ကျင့်ခဲ့ပြီး မြေကမ္ဘာစွမ်းအင် ဆေးလုံးကို သုံး၍ သူ့ခန္ဓာကိုယ် အတွင်းရှိ သတ္တုစွမ်းအင်ကို လှုံ့ဆော်ပေးခဲ့သည်။ သူ၏ ကြီးထွားမှုမှာ လျင်မြန်စွာ တိုးတက်လာခဲ့သည်။

အစောပိုင်းအဆင့်မှ ခြောက်ရက်မပြည့်မီတွင် သူသည် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင် စွမ်းအားသည် ပြင်းထန်ပြီး တဟုန်ထိုး တက်လာပြီး မည်သည့်အချိန်တွင်မဆို ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိတော့မည့်ပုံ ပေါက်နေ၏။

"ကျင့်ကြံမှု အရှိန်က အရမ်းမြန်တယ်"

ဟန်ရောင်သည် အဆင့်ကို ကျော်ဖြတ်သွားပြီးနောက် အပြင်မှာ စောင့်နေလိုက်၏။ မုယန်ဖုန်းရဲ့ အခြေအနေကို သူမသိခဲ့ဘူး။ သူနဲ့ သိပ်မခြားနားတာကို မြင်လိုက်ရတော့ မျက်လုံးတွေ ပြူးကျယ်လာပြီး မယုံနိုင်အောင် ဖြစ်သွားလေသည်။

မုယန်ဖုန်း မကျင့်ကြံခင်က ဂိုဏ်းဆရာနယ်ပယ် အစောပိုင်းအဆင့်သာ ဖြစ်ပြီး ခြောက်ရက်မပြည့်မီတွင် ဤအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

သခင်လေးက သူ့ကို ဘာတွေကို ကျွေးခဲ့သနည်း။

အကယ်ဒမီထဲက သခင်တော်တော်များများဟာ ဒါကိုသိရင် သူတို့သည် အရှက်တရားနဲ့ပင် တိုက်ရိုက် သေသွားနိုင်လောက်သည်။

စိတ်ထဲမှာ ထိုခံစားချက်တွေ ခံစားလိုက်ရစဥ် သခင်လေးမှ သူ့ကိုယ်သူ စကားပြောနေတာကို ကြားတော့ တုန်တုန်ယင်ယင်နဲ့ လဲကျလုနီးပါး ဖြစ်သွားတော့သည်။

"နည်းနည်းနှေးပေမယ့် မဆိုးပါဘူး!"

နှေးတယ်?

နည်းနည်း နှေးတယ်? ဒါက နှေးနေသေးတာလား?

ဟန်ရောင်မှာ စကားလုံးဝ မပြောနိုင်တော့ပေ။

တကယ်တော့ လုရွှမ်သည် ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပါ။ မုယန်ဖုန်းသည် မြင့်မြတ်သော အဓိပတိနယ်ပယ်ကို စတင်ထိုးဖောက်နိုင်ဖို့ ခြောက်ရက်နီးပါး ကြာခဲ့ပြီး အရှိန်မှာ သူမျှော်လင့်ထားသည်ထက် နှေးကွေးသွားခဲ့သည်။

သူသန့်စင်ထားသော မြေကမ္ဘာစွမ်းအင်ဆေးသည် မုယန်ဖုန်း၏ ကျင့်ကြံမှုကို တိုးတက်စေရန် မဟုတ်ဘဲ နှစ်များတစ်လျှောက် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသော သတ္တုစွမ်းအင်ကို အပြည့်အဝ လှုံ့ဆော်ပေးကာ စွမ်းအားကို စုပ်ယူရန်နှင့် ကောင်းကင်ဒြပ်စင်ငါးပါး ကျင့်စဥ်ကို လျင်မြန်စွာ တိုးတက်လာစေရန်ဖြစ်သည်။

မုယန်ဖုန်း၏ ခန္ဓာကိုယ်သည် ယခင်က ရေသိုလှောင်ထားသော ဆည်တစ်ခုလိုဖြစ်ပြီး သူသည် တစ်လျှောက်လုံး သူ့အတွက် သိပ်အကျိုးမရှိသည့် အရာမှာ သူ့ခန္ဓာကိုယ်ထဲတွင် အနည်းငယ်မျှသာ စုဆောင်းထားနိုင်ခဲ့သည်။

ဆိုလိုသည်မှာ မုယန်ဖုန်း၏ လျင်မြန်သောတိုးတက်မှုသည် ခြောက်ရက်တာ လေ့ကျင့်မှုကြောင့် မဟုတ်ဘဲ ၎င်း၏လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း စုဆောင်းထားမှုကြောင့် ဖြစ်လေသည်။

ထိုကဲ့သို့ ပြင်းထန်သော စွမ်းအားကို ထုတ်လွှတ်လိုက်ခြင်းဖြင့် လုရွှမ်၏ အမြင်အရ သူသည် အဓိပတိ နယ်ပယ်ကို သုံးရက်အတွင်း အောင်နိုင်သင့်သော်လည်း ခြောက်ရက်ကြာရန် မမျှော်လင့်ထားပေ။

ဟူ ဟူ ဟူ!

သူတို့နှစ်ယောက်လုံးမှာ ကိုယ်ပိုင်အတွေးများဖြင့် ရှိနေချိန် တင်ပျဉ်ခွေထိုင်နေတဲ့ မုယန်ဖုန်းဟာ နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်ထဲက ခွန်အားတွေကို လွန်ကဲစွာ စုဆောင်းထားပြီး သူ့တစ်ကိုယ်လုံး သံမဏိ လောင်းထားသလိုလို ရွှေရောင် တောက်ပနေလေသည်။

"ချိုးဖျက်!"

ရှုပ်ထွေးနေသော အော်ဟစ်သံနှင့်အတူ ကောင်းကင်ဘုံကို သိမ်းပိုက်ခြင်းဆိုင်ရာ ဒြပ်စင်ငါးပါးမှ ဖြစ်ပေါ်လာသော ပြင်းထန်သော ချီသည် သွေးကြောတစ်လျှောက် တိုးဝင်လာသည်။

အဓိပတိနယ်ပယ်သည် လူသားကျင့်ကြံသူများ အတွက် အဆုံးအဖြတ် ပေးသည့် အမြင့်မြတ်ဆုံး အရာဖြစ်ပြီး ဤအဆင့်သို့ ရောက်မှသာလျှင် သေမျိုးအဆင့်ကို ကျော်လွန်ပြီး တစ်ရှိန်ထိုးဖြင့် မသေမျိုး လူသားတစ်ဦး အဖြစ်သို့ ပြောင်းလဲနိုင်မည် ဖြစ်သည်။

ထို့အတွက်ကြောင့် ဤအလေ့အကျင့်သည် ရုပ်ပိုင်းဆိုင်ရာ အောင်မြင်မှုများ သာမက စိတ်ဝိညာဉ်စွမ်းအားအတွက် တိုးတက်မှုများစွာ လိုအပ်ပေသည်။

"မကောင်းတော့ဘူး... ဒီလိုမျိုး စွမ်းအင်အစစ်နဲ့ ကျော်ဖြတ်ရင် ကျရှုံးလိမ့်မယ်...."

သူ့လုပ်ရပ်ကိုမြင်တော့ လုရွှမ် မျက်ခုံးပင့်လိုက်သည်။

မင်းမှာ အဓိပတိနယ်ပယ်ကို ထိုးဖောက်ဖို့ လုံလောက်တဲ့ စွမ်းအားမရှိရင် မင်းရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်ကို ပြင်းပြင်းထန်ထန် အားသွင်းဖို့ မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် အဓိပတိနယ်ပယ်ဟာ လမ်းဘေးမှာရှိတဲ့ ဂေါ်ဖီထုပ် တစ်လုံးလိုပဲ လိုချင်သလောက် ရနိုင်တာမို့ ဒီလောက်ရှားပါးမှာ မဟုတ်တော့ဘူး။

အကယ်၍ ဤကဲ့သို့ အရှိန်အဟုန်ဖြင့် ရှေ့သို့ တိုးသွားပါက သို့မဟုတ် အနည်းငယ် သတိလက်လွတ် ဖြစ်နေပါက သင်သည် မိစ္ဆာစိတ်ဝင်ကာ နတ်ဆိုးတစ်ကောင်ပင် ဖြစ်လာနိုင်သည်။

"သူ့ကိုချုပ်ထား!"

တစ်ဖက်လူက အရမ်း အလျင်လိုနေတာ ဖြစ်နိုင်မှန်းသိလို့ လုရွှမ်လည်း ဟန်ရောင်ကို ညွှန်ကြားလိုက်သည်။

"ဟုတ်!"

ဟန်ရောင်သည် အသံဖြင့် တုံ့ပြန်ပြီး မုယန်ဖုန်းကို လက်ဖဝါးဖြင့် လှမ်းဆွဲ ချုပ်ထားလိုက်သည်။

ဗုန်း!

အဓိပတိနယ်ပယ်၏ မြင့်မြတ်သော စွမ်းအားသည် နောက်ဆုံးတွင် ချက်ချင်း လွှမ်းမိုးသွားပြီး မငြိမ်မသက်သော စွမ်းအားကို ရုတ်ခြည်း မျိုသိပ်ထားရသည်။

လုရွှမ်သည် လက်လှမ်း၍ မုယန်ဖန်းရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်းကို ထုတ်ကာ ပါးစပ်ကို အဂ္ဂိရတ်ဆေးတစ်လုံး ပစ်ထည့်လိုက်၏။

အဓိပတိအဂ္ဂိရတ်ဆေး။

သူသည် အစပိုင်းတွင် ပေးခဲ့သော အဓိပတိအဂ္ဂိရတ်ဆေးကို မသုံးခဲ့ဘဲ အောင်မြင်မှုတစ်ခုကို တွန်းလှန်ရန် အတွက် သူ့ခန္ဓာကိုယ်တွင်းရှိ သတ္တုစွမ်းအင်ကို ချေးယူချင်ခဲ့သည်။ ဤသည်က မိစ္ဆာစိတ်ဝင်ခြင်း အခြေအနေသို့ ကျဆင်းလုနီးပါး ဖြစ်သွားစေသည်။

ထိပ်တန်းဆေးလုံးသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကာ စွမ်းအားကို တစ်ဖန် ပြန်လည် ငြိမ်သက်သွားစေရာ မုယန်ဖုန်း၏ ရူးသွပ်မှုမှာ ပြန်လည်သက်သာလာခဲ့သည်။

ဝှစ် ဝှစ်ဝှစ်!

သူ့အမူအရာက တည်ငြိမ်နေတာကို မြင်တော့ လုရွှမိက သူ့လက်ချောင်းကို မုယန်ဖုန်း၏ သွေးကြောများအပေါ် ထပ်ခါထပ်ခါ လှုပ်ရှားရင်း ပုတ်လိုက်တဲ့အခါတိုင်း သူ့ခန္ဓာကိုယ်ထဲကို ဝိညာဉ်စွမ်းအားတစ်ခု ထိုးသွင်းလိုက်သည်။

ဤဝိညာဉ်စွမ်းအားများ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်ကို ခံစားလိုက်ရသဖြင့် မုယန်ဖုန်းသည် သခင်လေးက သူ့ကို ဖြတ်ကျော်ရန် ကူညီပေးနေမှန်း သိလိုက်သောကြောင့် ချက်ချင်း စကားမပြောဘဲ စိတ်ကို အာရုံစူးစိုက်ထားလိုက်သည်။

ဘယ်လောက် ကြာသွားပြီလဲပင် မသိ။

ဗုန်း!

သူ့တစ်ကိုယ်လုံးရှိ အာရုံကြောများ ပေါက်ကွဲထွက်လာပြီး သူ၏ခေါင်းပေါ်ရှိ ပိုင်ဟွေ့အမှတ်မှ ကြီးမားသော ရောင်ဝါများ ထွက်ပေါ်လာပြီး သူ့တစ်ကိုယ်လုံးကို ဖြတ်ပြေးသွားလေသည်။

အဓိပတိနယ်ပယ်ကို ရောက်သွားပြီ!

"ကျေးဇူးတင်ပါတယ် သခင်လေး..."

ရှည်လျားသော လေချွန်အသံဖြင့် သူ၏ခွန်အားသည် လုံးဝ တည်ငြိမ်သွားကာ မုယန်ဖုန်း၏ ဒူးများသည် ပျော့သွားကာ မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။

ကျင့်ကြံနေရင်း ရုတ်တရက် မတည်မငြိမ် ဖြစ်လာတော့ ဒီတစ်ကြိမ်တော့ သွားပြီလို့ သူထင်ခဲ့ပေမဲ့ သခင်လေးက သူ့ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ရုံ သာမက နောက်ဆုံး ကန့်သတ်ချက်တွေကို ကျော်ဖြတ်နိုင်အောင်လည်း ကူညီပေးနိုင်လိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။

"ထပါ... မင်းရဲ့ ကျင့်ကြံမှု အားကောင်းလာပြီ ဆိုတော့... ငါမင်းကို တစ်ချက် လှုပ်ရှားခိုင်းရမယ်!"

လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့!"

မုယန်ဖုန်းသည် အနာဂတ်တွင် သစ္စာရှိရှိလုပ်ဆောင်ပါက အဆုံးမဲ့ အကျိုးခံစားခွင့်များခံစားရမည် ဖြစ်ကြောင်း သိလေသည်။ သူ၏မကြာသေးခင်က အဆင့်တက်သွားတဲ့ စွမ်းအင်တွေကို စုစည်းရန် မြေပြင်ပေါ်တွင် ဆက်လက်ထိုင်နေခဲ့သည်။

"ဟန်ရောင်....ကျုပ်ခင်ဗျားကို ကိစ္စတစ်ခု လုပ်ခိုင်းချင်တယ် ရေပြာကန်မှာရှိတဲ့ ကျွန်းငယ်လေးတစ်ကျွန်းရဲ့ မြေအက်ကြောင်းထဲမှာ အလောင်းနှစ်လောင်းရှိတယ်။ သူတို့ကို သယ်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ"

ချင်မိသားစု၏ မဆုတ်မနစ်သော ဇွဲကြောင့် ၎င်းတို့ထံ သွားပြီး ဖြေရှင်းရန် အချိန်တန်လေပြီ။ သူ့ကိုစော်ကားခြင်းက ဘယ်လို အကျိုးဆက်ကို ပြန်ရမလဲဆိုတာ သိစေရမည်။

"ဟုတ်ကဲ့!"

နေရာကိုမေးပြီးနောက် ဟန်ရောင် ခေါင်းညိတ်ကာ လှည့်ထွက်ခဲ့သည်။

တစ်နာရီအကြာတွင် ချင်ကန်နှင့် ချင်ရွှမ်းတို့၏ အလောင်းများကို သယ်ယူလာခဲ့သည်။

"သခင်လေး....ဒါက"

ဟန်ရောင် အံ့အားသင့်သွားလေသည်။

အစက သခင်လေးဟာ မသက်ဆိုင်တဲ့လူကို သွားခေါ်ခိုင်းတယ်လို့ သူထင်ခဲ့တာ။ ဒါကို တွေ့လိုက်ပြီးတဲ့နောက်မှာ ချင်မိသားစုရဲ့ သခင်မျိုးဆက်နှစ်ဆက်ရဲ့ အကြီးအကဲများ ဖြစ်သည့် ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ကလူတွေမှန်း သိလိုက်ရ၏။

၎င်းတို့နှစ်ဦးသည် အောင်မြင်မှု မရမီကတည်းက သူထက်ပင် အစွမ်းထက်လှပြီး ကျွန်း၏ အက်ကြောင်းများတွင် တစ်ချိန်တည်း သေဆုံးခဲ့ကြခြင်းမှာ ဖော်မပြ နိုင်လောက်အောင် ထူးဆန်းလှသည်။

"သူတို့က ငါနဲ့ ဟန်ရွှယ်ကို သတ်ဖို့ စီစဉ်နေတာ"

လုရွှမ်သည် ယခင်က ဖြစ်ပျက်ခဲ့သမျှကို ပေါ့ပေါ့ပါးပါး ပြန်ပြောပြသည်။

"စိတ်ပျက်စရာ ကောင်းလိုက်တာ!"

သူ့စကားကို အဆုံးထိ နားထောင်ပြီးနောက် ဟန်ရောင်သည် အေးစက်စွာ ရေရွတ်လိုက်ရင်း လက်သီးများကို တင်းတင်း ဆုပ်ထားကာ မျက်လုံးများ ပေါက်ထွက်တော့မတတ် ဖြစ်သွားသည်။

အကယ်၍ သခင်လေး ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးကြောင့်သာ မဟုတ်ပါက ဤတစ်ကြိမ်တွင် သူသေရုံ သာမက သူ၏ အချစ်ဆုံး မြေးလေးသည်လည်း တစ်ဖက်လူများ၏ စော်ကားခြင်းကို ခံရကာ အလောင်းအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

"ဒီကိစ္စကို မလက်စားချေရင် ငါဟန်ရောင်က လူသားတစ်ယောက်ကို မဖြစ်ထိုက်တော့ဘူး.... သခင်လေး ဒါကိုဘယ်လို ဖြေရှင်းချင်လဲ ပြောပါ!"

စူးစူးဝါးဝါး မျက်လုံးများဖြင့် ကြည့်လိုက်ရင်း ဟန်ရောင်သည် တိုက်ပွဲ စိတ်ဓာတ်များဖြင့် တောက်လောင်နေသည်။

"ဒါပေါ့...ခွင့်မလွှတ်နိုင်ဘူး!! မုယန်ဖုန်း သူ့ရဲ့စွမ်းအင်တွေကို လုံးလုံးလျားလျား စုစည်းပြီးရင် ကျုပ်တို့ သူတို့နဲ့ စာရင်းသွားရှင်းမယ်"

လုရွှမ်က ပေါ့ပေါ့ပါးပါးသာ ပြန်ပြောသည်။

တစ်ဖက်လူဟာ သူ့ကို သတ်ပစ်ဖို့ လူတွေကို စေလွှတ်ပြီး ဒီအန္တရာယ်တွေကို မဖြေရှင်းဘဲ ပြိုင်ဘက်ကို မမေ့နိုင်တဲ့ သင်ခန်းစာကို မပေးနိုင်ခဲ့ရင် သူ့ကို အရူးဧကရာဇ်လို့ ခေါ်မှာ မဟုတ်တော့ဘူး။

"ကောင်းပြီ!" ဟန်ရောင်လည်း ခေါင်းညိတ်သည်။

ဒုန်း ဒုန်းဒုန်း!

ရုတ်တရက် အပြင်မှ အလောတကြီး တံခါးခေါက်သံကို ကြားရသော့ နှစ်ယောက်သား စကားပြောနေရာမှ ကြည့်လ်ုက်ကြသည်။

"ဝင်လာခဲ့!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

တံခါးပွင့်လာပြီး ဟန်ရွှယ်က စိုးရိမ်တကြီးနဲ့ လျှောက်ဝင်လာလေသည်။

"အဘိုး....လုရွှမ် နင်လည်း ဒီမှာရှိနေတာကိုး အရမ်းကောင်းတာပဲ....ငါ နင်တို့ကို ရှာနေတာ!"

ဟန်ရောင်ကိုပါ ဒီမှာ တွေ့လိုက်ရတော့မှ ဟန်ရွှယ် သက်ပြင်းချလိုက်သည်။

"ဘာကိစ္စရှိလို့ ဒီလောက်ထိတ်လန့်နေတာလဲ"

မြေးမလေး၏ အမူအရာကို ကြည့်ရင်း ဟန်ရောင်က မျက်မှောင်ကြုတ်လိုက်သည်။

"အိမ်တော် အကြီးအကဲတွေက အဘိုးကို ရှာခိုင်းလိုက်တယ်....ပြောတာတော့ အဘိုးရဲ့လတ်တလော လုပ်ဆောင်မှုတွေကို မကျေနပ်လို့ ဘိုးဘေးတွေက သူတို့ကိုလာတွေ့ပါတဲ့!"

ဟန်ရွှယ်က တုံ့ဆိုင်းသွားပြီး ပြောလိုက်၏။

All Chapters