ပေါက်ကွဲတော့မယ့် ဟန်ရွှယ်
Vol. 15 Ch. 2.75
"ငါ့ကိုဘိုးဘေးက ခေါ်တယ်?"
ဟန်ရောင် အံ့သြသွားသည်။
ဟန်မိသားစု၏ ဘိုးဘေးများသည် မိသားစုတစ်စုလုံး၏ အထွတ်အထိပ်နှင့် ပံ့ပိုးကူညီမှု၏ အုတ်မြစ်ဖြစ်သည်။ သူသည် သာမန်အချိန်များတွင် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး မြင့်မားသော အဓိပတိနယ်ပယ်များကို ဝင်ရောက်ကာ လောကီအရေးကို လျစ်လျူရှုခဲ့သည်။
သူ့ကို ဘာကြောင့် ရုတ်တရက် တွေ့ချင်လာသနည်း။ သူ့ကို ဘာမကျေနပ်သနည်း။
"ဘာအကြောင်းလဲလို့ ပြောသေးလား?"
ဘိုးဘေး၏ တင်းမာသော သတင်းစကားကို ကြားရတော့ ဟန်ရွှယ်သည် မဆိုင်းမတွ မနေနိုင်ဘဲ မေးလိုက်သည်။
အကြောင်းရင်းကို သိမှသာ ဖြေရှင်းနိုင်မှာလေ။
"အဲဒါက..... အဲဒါက...."
လုရွှမ်ကို စိုက်ကြည့်ပြီးနောက် ဟန်ရွှယ်သည် စကားပြောရန် တုံ့ဆိုင်းသွားခဲ့သည်။
"ပြောစမ်း!"
"အဘိုးက တခြားသူကို သခင်လေးအဖြစ် အသိအမှတ်ပြုတဲ့ အတွက် ဘိုးဘေးက အရမ်းဒေါသထွက် နေပုံပဲ.... ဟန်မိသားစုရဲ့ ဂုဏ်သိက္ခာကို အရှက်ကွဲစေတယ်လို့ ခံစားရပြီး အဘိုးရဲ့ အိမ်တော်သခင် ရာထူးကို ဖယ်ရှားဖို့ စီစဉ်နေတာ"
တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဟန်ရွှယ်သည် သူမသိထားသည့် သတင်းကို ဆက်လက်ပြောပြလိုက်သည်။
တကယ်တော့ ဘိုးဘေးကပါ ဒေါသထွက်ရုံတင်မကဘဲ မျိုးနွယ်စုထဲက လူတော်တော်များများက ဒါကို ဆန့်ကျင်ကြသည်။ သူမကိုယ်တိုင်က လုရွှမ်နဲ့ ဆက်ဆံရေးကောင်းပြီး သူ့မှာ အံ့သြစရာ ကောင်းလောက်အောင် အရည်အချင်း ရှိတယ်ဆိုတာ သိပေမဲ့ အဘိုးက သူ့ကို သခင်အဖြစ် အသိအမှတ်ပြုပြီး သူ့အပေါ် အလွန် ကောင်းမွန်နေခဲ့သည်။
အခြားသူများကို သခင်အဖြစ် အသိအမှတ် ပြုခြင်းသည် ကိုယ်ပိုင်ထင်မြင် ယူဆချက်များကို ဆုံးရှုံးစေခြင်းနှင့် ညီမျှသည်။ တစ်ဖက်လူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် (သို့) အဓိပတိနယ်ပယ်တွင် အထူးကျွမ်းကျင်သူ ဖြစ်ပါက ကောင်းပါသည်။
၎င်းသည် အကျိုးကျေးဇူးများကို ဆောင်ကြဉ်း ပေးနိုင်သော်လည်း အတုတံဆိပ်နယ်ပယ်မှ လူငယ်တစ်ဦးသာ ဖြစ်နေသည်။
ဟန်ရွှယ်တောင်မှ အဘိုးဘာကြောင့် ဒီလိုလုပ်တာလဲ နားမလည်ဘူး ဖြစ်နေသည်။
သူ့ရဲ့ မြင့်မားတဲ့ အရည်အချင်းတွေကြောင့်ပဲလား? အလားအလာ ကြောင့်လား?
အကယ်ဒမီမှာ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေရှိတဲ့ လူတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အဘိုးက သူ့ကိုပဲ သခင်အဖြစ် အသိအမှတ်ပြုဖို့ ဘာကြောင့် တောင်းဆိုခဲ့တာလဲ?
"ငါလည်း ဘိုးဘေးနဲ့ စကားပြောချင်တာနဲ့ အတော်ပဲ... သွားကြရအောင်!"
ဒီကိစ္စကို အနှေးနဲ့အမြန် သိမှာမို့ ဟန်ရောင်က မတုန်လှုပ်နေဘဲ လုရွှမ်ကို လှည့်ကြည့်လိုက်သည်။
"သခင်လေး....ကျုပ် ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ လုပ်ပြီးရင် ပြန်လာခဲ့ပါ့မယ်"
"ကျွန်တော်ခင်ဗျားနဲ့ အဲဒီကို လိုက်ခဲ့မယ်... ဒါဆို ကျုပ် တစ်ခုခု ရှင်းပြလို့ ရတာပေါ့!"
"ဒါလည်းကောင်းပါတယ်!"
သခင်လေးက သူနဲ့အတူ သွားချင်တာကို သိရတော့ ဟန်ရောင်သည် တခဏမျှ တုံ့ဆိုင်းသွားပြီး လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။
လုရွှမ်ကို သခင်လေးအဖြစ် အသိအမှတ် ပြုလိုက်ကတည်းက အဆိုပါသတင်းကို ဖုံးကွယ်ထား၍ မရသည့်အပြင် စိတ်ဝင်စားသူများမှ တွေ့ရှိပြီး မျိုးနွယ်သို့ ပျံ့နှံ့သွားမည်ကိုလည်း သိသည်။ သခင်ငယ်ကို ခေါ်ယူ၍ တွေ့ဆုံခွင့်ပေးပါက လူတော်တော်များများရဲ့ သံသယတွေကို ရပ်တန့်စေနိုင်သည်။
"သခင်လေး!"
ကျင်ကြံနေသော မုယန်ဖုန်းသည် ယခုအချိန်တွင် သူ၏စွမ်းအင်တွေကို စုစည်းပြီးပြီမို့ မတ်တတ်ထရပ်လိုက်သည်။
"ဒါဆို အတူတူသွားရအောင်!"
လေ့ကျင့်မှု ပြီးသွားသည်ကို မြင်တော့ သူတို့လေးယောက် အတူတူ ထွက်လာကြသည်။
"လုရွှမ်!"
ခြံဝန်းထဲမှ ထွက်လာပြီးနောက် ဟန်ရွှယ်သည် သူမ၏ နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခဏမျှ တုံ့ဆိုင်းသွားကာ လုရွှမ်နာမည်ကို ခေါ်လိုက်သည်။
မြေးငယ်သည် သခင်ငယ်အား ပြောစရာရှိပုံပေါ်သည်ကို မြင်လိုက်ရသဖြင့် ဟန်ရောင် နှင့် မုယန်ဖုန်းတို့သည် တစ်ယောက်ကို တစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး လျင်မြန်စွာ ရှေ့သို့ လျှောက်သွားလိုက်သည်။
"ဘာဖြစ်လို့လဲ" လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။
ထိုမေးခွန်းကို ကြားတော့ ဟန်ရွှယ် အနည်းငယ် ရှက်သွားသည်။
လူငယ်နှင့်အတူ သေခြင်းတရားကို တွေ့ကြုံခဲ့ရပြီး သူမ၏ခန္ဓာကိုယ်ကို တစ်ဖက်လူက ထိမိလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ထိုအချိန်က ကျွန်းငယ်လေးတွင် စိုးရိမ်ဖွယ် အခြေအနေမဟုတ်ဟု သူမထင်ခဲ့ဘဲ ယခုအခါတွင် အချို့အတွက် ရှက်ရွံ့မှုကို ခံစားနေရသည်။
"ငါတို့မိသားစုရဲ့ ဘိုးဘေးက အရမ်းတင်းကြပ်တယ်....သူက ချမှတ်ထားသမျှ စည်းကမ်းတွေကို အလေးထားတယ်....နင် မျက်နှာချင်းဆိုင်ဖို့ ရည်ရွယ်ထားရင် အရမ်းဂရုစိုက်ရမယ်။ အဘိုးက နင့်ကို သခင်ငယ်လေးလို့ အသိအမှတ်ပြုထားတော့ နင်သွားရင် သူစိတ်ဆိုးသွားမှာ သေချာတယ်..."
လုရွှမ်ကို မကြည့်ဝံ့ဘဲ ဟန်ရွှယ်က အသံကို လျှော့ပြီး ပြောလေသည်။
မိသားစု၏ ဘိုးဘေးသည် ရှေးရိုးစွဲသော စရိုက်ရှိပြီး မိသားစု၏ဂုဏ်သိက္ခာကို အထူးတန်ဖိုးထားသည်။ မိသားစု၏ အိမ်တော်သခင်၊ ဝူယန်အကယ်ဒမီ၏ ကျောင်းအုပ်ကြီးသည် အတုတံဆိပ်နယ်ပယ်မှ ကလေးငယ်အား သခင်အဖြစ် ခံယူထားသည်မှာ သူ့အတွက်တော့ အလွန် ရှက်စရာကောင်းလေသည်။
လုရွှမ်က မသွားဘူးဆိုရင်တော့ ကောင်းပါတယ်။ သူသွားရင်တော့ ဘိုးဘေးက သူ့ကိုစိတ်ဆိုးပြီး သေချာပေါက် ကြိမ်းမောင်းလိမ့်မယ်။
လုရွှမ်က စကားအများကြီး မပြောပေမယ့် ပြုံးရုံသာ ပြုံးလေသည်။
"ငါတို့ဘိုးဘေးတွေ အရမ်းဒေါသ ဆိုးကြတယ်... အရင်တုန်းကတော့ မိသားစုကို ထိခိုက်စေတဲ့ ကိစ္စကိုလုပ်ခဲ့လို့ မိသားစုထဲက အကြီးအကဲတစ်ဦးက သူ့ရာထူးကို တိုက်ရိုက် ဖျက်သိမ်းခံလိုက်ရတယ်။ အဲဒီအကြီးအကဲက ချို့တဲ့မှုကြောင့် နှစ်နှစ်မပြည့်ခင်မှာ ဖျားနာပြီး သေဆုံးသွားခဲ့တယ်"
သူဂရုမစိုက်တာကို မြင်တော့ ဟန်ရွှယ်က နည်းနည်း စိုးရိမ်သွားသည်။
"အဘိုးက အကြီးအကဲ ဖြစ်ပြီး... သူက ဘိုးဘေးကလွဲရင် မိသားစုထဲမှာ အသန်မာဆုံးဆိုတော့ အရမ်းပြင်းထန်တဲ့ ပြစ်ဒဏ်မျိုးတော့ မပေးလောက်ဘူး... ဒါပေမဲ့ နင်ကတော့ မတူဘူး။ အဲဒီကို သွားရင် အဘိုးနဲ့ နင့်ကို အဆက်အသွယ် ဖြတ်ခိုင်းပြီး ဒုက္ခပေးလိမ့်မယ်”
သူမ၏ စိုးရိမ်သောကအကြည့်ကို မြင်လိုက်ရသော်လည်း လုရွှမ်သည် ဂရုမစိုက်ဘဲ။
"ဒါဆို ငါဘာလုပ်ရမလဲ?"
"ငါ ငါလည်း ဘာမှ မလုပ်နိုင်ဘူး!"
ဟန်ရွှယ်က ခေါင်းခါပြီး နှုတ်ခမ်းကို ကိုက်ထားလျက်။
"နင်က ငါ့ချစ်သူလို့ ဘိုးဘေးကို ပြောလိုက်ရင်ရော? ဘိုးဘေးက ငါ့ကို အရမ်းချစ်တော့ သူနင့်ကို ပြဿနာ သိပ်မရှာလောက်ဘူး နောင်လည်း ဟန်မိသားစုဝင် ဖြစ်လာမှာဆိုပြီး လွှတ်ထားလိမ့်မယ်"
ဒါကိုပြောနေချိန် ဟန်ရွှယ်ရဲ့ မျက်နှာဟာ ပန်းသီးတစ်လုံးလို နီရဲနေပြီး သူမရဲ့အသံက ခြင်တစ်ကောင်လိုပဲ တိုးလှသည်။
လုရွှမ်သည် သူမ၏ ချစ်သူဖြစ်ကြောင်း ဝန်ခံလိုက်ရင် သူမပြောခဲ့သော စကားအရ ၎င်းတို့နှစ်ဦး လက်ထပ်ပြီးသည်နှင့် မိသားစုတစ်ခု ဖြစ်လာမည် ဖြစ်သည်။
"မလိုပါဘူး!" လုရွှမ် ခေါင်းခါလိုက်သည်။
ဟန်ရောင်ကသူ့ကို သခင်အဖြစ် သဘောထားကာ ဆိုးဆိုးရွားရွား မဆက်ဆံဘဲ နှစ်ဖက်စလုံး အကျိုးပြုကြသလို ဂုဏ်သိက္ခာ ဆုံးရှုံးသွားတာမျိုး မရှိပါဘူး။
တခြားဘာမှ ပြောမနေနဲ့။ အဆင့်၉ အဂ္ဂိရတ်ပညာရှင် တစ်ယောက်အနေနဲ့ သူ့ရဲ့အဆင့်အတန်းကို ချပြလိုက်ရင် ဂိုဏ်းဆရာနယ်ပယ် မပြောနှင့် အဓိပတိနယ်ပယ်က လူပင် အခြွေအရံအဖြစ် လာရောက်ဂါဝရပြုလိမ့်မည်။
ဒါက အဂ္ဂိရတ်ပညာရှင် တစ်ယောက်ရဲ့ အနေအထားပဲ။
"နင်!"
သူက မဟုတ်ဘူး၊ ဒီကိစ္စကို သိပ်ဒုက္ခပေးပြီး ရှုပ်ထွေးနေစရာ မလိုဘူးလို့ ခံစားမိပေမယ့် ဟန်ရွှယ်ရဲ့ နားထဲမှာတော့ တစ်ဖက်လူက သူမရဲ့ ဟန်ဆောက်ရည်းစားတောင် မဖြစ်ချင်ဘူးလို့ ခံစားလိုက်ရသည်။
သူမ၏ လှပသော မျက်နှာသည် ပန်းရောင်သန်းနေပြီး လက်သီးများကို တင်းတင်းဆုပ်ကာ အေးစက်စွာ ကြည့်နေတော့သည်။
"လုရွှမ် ငါကရုပ်ဆိုးနေလို့လား?"
"ရုပ်ဆိုးတာလား?"
လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ ဒီမိန်းကလေးက ဘာကြောင့် ဒီလိုမေးတာလဲ?
သံသယစိတ်တွေနဲ့ ထပ်ပြီး ပြန်ကြည့်လိုက်သည်။ ရိုးရိုးသားသား ပြောရရင် သူ့ရှေ့က တစ်ယောက်က ရုပ်မဆိုးရုံတင် မကဘဲ အရမ်းလှပါတယ်။ ဒါမှမဟုတ်ရင် ဝူယန်အင်ပါယာမှယ အလှဆုံးအမျိုးသမီး ဆိုတဲ့ ဘွဲ့ကို ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။
"နင်...."
ထိုလူငယ်က ပြန်မဖြေသောအခါ သူမကိုယ့်ကိုကိုယ် ပြန်ကြည့်ကာ မူးမေ့လဲလုနီးပါး ဖြစ်လာသည်။
သူတို့အတူတူ နေလာတာကြာပြီ။ နေ့တိုင်းအတူတူနေတာ။ အခုက ရုပ်ဆိုးလားလို့ပဲ မေးတာကို ဘာကို ဒီလိုကြည့်နေတာလဲ?
"နင်ဒါ ဘာသဘောလဲ?"
ဟန်ရွှယ် ပေါက်ကွဲတော့မယ်လို့ ခံစားနေရသည်။
ဝူယန်အင်ပါယာ၏ ဂုဏ်သိက္ခာရှိသော နံပါတ်တစ် အလှလေးအဖြစ် သူမသည် သွားလေရာရာ၌ ရာနှင့်ချီသော လူများ၏ အာရုံစိုက်မှုကို ဆွဲဆောင်လျက်ရှိပြီး သူမကို မည်သူကမျှ မျက်စိမလွှဲနိုင်ပေ။
"ဘာသဘောမှ မဟုတ်ဘူး... မင်းက ရုပ်မဆိုးပါဘူး ကြည့်ရတာ အဆင်ပြေတယ် မဆိုးဘူး..."
တစ်ဖက်လူ ဒေါသထွက်လာသည်ကို မြင်သော် လုရွှမ်သည် နောက်ဆုံးတွင် သဘောပေါက်လာပြီး လေးလေးနက်နက် ရှင်းပြလိုက်သည်။
"ကြည့် ရတာ အဆင် ပြေတယ်? မ ဆိုး ဘူး?"
ဟန်ရွှယ်သည် တစ်ယောက်ယောက်ကို သတ်ချင်သော လေသံဖြင့် စကားလုံး တစ်လုံးချင်းစီ ရေရွတ်လိုက်သည်။ ချင်ကန်နှင့် ချင်ရွှမ်းတို့ဆီက အရှက်ခွဲ ခံရသည့်တိုင် သူမသည် ဒီလောက်ကို ဒေါသမထွက်ခဲ့ဖူးပေ။
"အင်း! မဆိုးဘူး"
လုရွှမ် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
သူသည် အမျိုးသမီးများကို အမြဲတမ်း အာရုံမစိုက်ဘဲ အခြားသူ၏ လေသံတွင် နက်နဲသော အဓိပ္ပါယ်ကိုလည်း လုံးဝ မကြားခဲ့ရပါ။
"ဒါဆို ငါကနင်နဲ့ မလိုက်ဖက်ဘူးလို့ ဆိုလိုတာလား?"
ဟန်ရွှယ် အံကြိတ်ရင်း သွားများ ကြေမွသွားတော့မည့်နှယ်။
ငါ့ရဲ့ကြီးကျယ်ခမ်းနားတဲ့ အလှတရားက နင့်မျက်လုံးထဲမှာတော့ မလိုက်ဖက်ဘူးလို့ ထင်တယ်ပေါ့။ မုန်းစရာ ကောင်းလိုက်တာ။
"ငါနဲ့ မလိုက်ဖက်ဘူး?"
လုရွှမ် အံ့အားသင့်သွားပြီး တစ်ဖက်က ဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးလာမှန်း မသိဘဲ ခဏလောက်စဉ်းစားပြီး ခေါင်းခါလိုက်သည်။
"ငါနဲ့မလိုက်ဖက်တော့ ဘာလုပ်ရမှာလဲ? ငါတို့က ဘာပတ်သက်လို့လဲ?"
"ငါ"
ဟန်ရွှယ်သည် ဒေါသကြောင့် ပွဲချင်းပြီး သေဆုံးလုနီးပါးပင် ဖြစ်လာသည်။
ဒီသစ်သားကြီးကို မိုးကြိုးပစ်၍ သေပါစေ!
ဒီလိုလူကို ဘယ်လိုများ တွေ့ခဲ့တာလဲ?