တတိယပစ်မှတ်
Vol. 10 Ch. 136
အခန်း (၁၃၆) တတိယပစ်မှတ်
ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။ မီးပြင်းဖိုထဲသို့ ထည့်သွင်းရမည့် ဖြည့်စွက်ပစ္စည်းများကို ရယူစေခဲ့ပြီး ဂရုတစိုက်ဖြင့် လုပ်ဆောင်ခဲ့သည်။
သို့သော် ပျက်စီးသွားသည့် မှော်ဝင်ပစ္စည်းများသည် အတွင်းထဲ၌ နက်နဲသောဝိညာဉ်စွမ်းအားများပါရှိလေရာ အချိန်တိုအတွင်း ပြန်လည်ပြုပြင်ရန် မလွယ်ကူပေ။
ရန်ကျောက်ကဲက ဤဖြစ်စဉ်များနှင့်ပတ်သက်ပြီး အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို ထိန်းချုပ်ရန် နည်းလမ်းများကို လေ့လာခဲ့သည့်အပြင် မှော်ဝင်ပစ္စည်းများ အတွင်းထဲတွင်ပါဝင်သော နက်နဲသည့်ဝိညာဉ်စွမ်းအားများကိုလည်း သေသေချာချာ လေ့လာခဲ့သည်။ ထို့ပြင် များစွာသော လက်နက်ပစ္စည်းများ ပြုလုပ်သည့် နည်းပညာကိုလည်း သုတေသနပြုခဲ့၏။
ထို့နောက် ရန်ကျောက်ကဲက ရန်ရှုထံမှ ရရှိခဲ့သော သံချပ်ကာအင်္ကျီကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲသို့ ထည့်လိုက်သည်။
အချိန်အတန်ကြာပြီးနောက် မီးပြင်းဖိုထဲမှ တောက်ပသည့်အလင်းတန်းများ ထွက်ပေါ်လာပြီး သံချပ်ကာအင်္ကျီကို အောင်မြင်စွာ ပြုပြင်နိုင်ခဲ့သည်။
ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအားအသုံးပြုပြီး လက်တစ်ဖက်ဝှေ့ယမ်းလိုက်ရာ သံချပ်ကာအင်္ကျီက မီးပြင်းဖိုထဲမှ ထွက်လာသည်။
ဘေးမှ စိတ်ဝင်တစားကြည့်နေသည့်အားဟူမှာ ပျက်စီးသွားသည့် သံချပ်ကာအင်္ကျီ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ကြောင်း ခံစားသိရှိလိုက်သည်။ သို့သော် သံချပ်ကာ၏ အတွင်းပိုင်းဝိညာဉ်စွမ်းအားက သာမန်ထက် အနည်းငယ်နိမ့်ကျနေသည်။ အဆင့်နိမ့် မှော်ဝင်လက်နက်တစ်ခုသာ ဖြစ်ပြီး အဆင့်မြင့် မှော်ဝင်လက်နက်နှင့်တော့ မည်သည့်နည်းနှင့်မှ ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့နောက် အစိမ်းရောင်ခါးပတ်ကိုလည်း အောင်မြင်စွာပြုပြင်နိုင်ခဲ့ပြီး သူ့အခြေအနေကလည်း သံချပ်ကာအင်္ကျီအတိုင်းပင် ဖြစ်၏။
အားဟူက လျှာတစ်ချက်သပ်လိုက်ရင်း...
“သခင်လေး... ဒီလောက်ပြန်ကောင်းလာတာတောင် အတော်လေး အံ့သြစရာကောင်းနေပြီ ဆိုရမယ် ၊ အရင်ကဆိုရင် ဒီပစ္စည်း (၂)ခုလုံးက သုံးစားမရအောင် ပျက်စီးနေတာ မဟုတ်လား ၊ သက်ရှိတွေသာဆိုရင် သေရာပြန်ရှင်လာတယ်လို့တောင် ပြောလို့ရတယ်”
ရန်ကျောက်ကဲက မှော်ဝင်ပစ္စည်း (၂)ခုကို ခဏမျှ ဂရုတစိုက် အကဲဖြတ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
“အင်း... ဒီလောက်ဆိုရင် လုံလောက်ပြီ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ သံချပ်ကာအင်္ကျီနှင့် အစိမ်းရောင်ခါးပတ်တို့မှာ အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
ရန်ကျောက်ကဲက မီးပြင်းဖိုကို စူးစူးစိုက်စိုက်ကြည့်နေရင်း...
“အားဟူ... အရင်က ငါ မင်းကို သိမ်းခိုင်းထားတဲ့ပစ္စည်းတွေ အမြန်ပေးစမ်းပါ”
ထိုစကားကိုကြားသည်နှင့် အားဟူက ကြီးမားသည့် ကျောက်တုံးကြီးတစ်ခုကို အလျှင်အမြန် ထုတ်ယူလိုက်သည်။
ထိုကျောက်တုံးကြီးက လွန်းပြန်ယဉ်တစ်စင်းနှင့်ဆင်တူပြီး အရှည် (၂)ပေခန့်ရှိကာ လူတစ်ယောက်၏ လက်မောင်းလုံးခန့် ထုထည်ရှိသည်။
ထိုကျောက်တုံးကို ရသည်နှင့် ရန်ကျောက်ကဲက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းသို့ ထည့်လိုက်ပြီး ဂရုတစိုက်ဖြင့် စောင့်ကြည့်နေသည်။
ထို့နောက် အားဟူက ရန်ကျောက်ကဲထံသို့ ထူးဆန်းသည့် အိတ်တစ်လုံး ကမ်းပေးလိုက်သည်။
အိတ်ကိုဖွင့်လိုက်သည်နှင့် တောက်ပပူလောင်သည့် ရောင်ဝါတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။ ရောင်ဝါက မီးတောက်တစ်ခုထက်ပင် ပိုမိုတောက်ပနေပြီး အကြင်နာမဲ့စွာ ပူလောင်လွန်းသည်ဟု ခံစားရသည်။
အိတ်ထဲတွင်တော့ လုံးလုံးလျားလျား နီရဲနေသည့်ပစ္စည်းတစ်ခု ရှိနေပြီး ထိုပစ္စည်းက မီးတောက်လား ၊ ကျောက်တုံးလား ၊ စီးဆင်းနေသည့်ချော်ရည်လား မသဲကွဲပေ။
အမှန်တော့ ထိုအရာက ချော်ရည်များနှင့်ဆင်တူသည့်ပစ္စည်းတစ်ခုဖြစ်ပြီး ရန်တိ မီးနယ်မြေမှပြန်ရောက်လာစဥ် ရန်ကျောက်ကဲကို ပေးထားသည့် “မြေအောက်မီးအမြုတေ” ဖြစ်သည်။
ထိုပစ္စည်းက ရှားပါးပစ္စည်းတစ်ခုဖြစ်ပြီး နေထိုပစ္စည်းကို ပြင်ပဒေသများသို့ မရောက်ရှိစေရန် သူတော်စင်ဂိုဏ်းက ကန့်သတ်တားမြစ်ထားသည်။
မြေအောက်မီးအမြုတေက ကောင်းကင်မိုးကြိုးနန်းတော်၏ မိုးကြိုးဝိညာဉ်ကျောက်စိမ်းနှင့် အဆုံးမဲ့တောင်တန်း၏ ဘီလူးဝိညာဉ်သံလိုက်သတ္တုကဲ့သို့ နေသူတော်စင်ဂိုဏ်းအတွက် အရေးပါလှသည့် ပစ္စည်းတစ်ခု မဟုတ်ပေ။
သို့သော် ထွက်ရှိမှုနှုန်းက အလွန်နည်းပါးသည့်အတွက် ကန့်သတ်ထားခြင်းသာ ဖြစ်၏။
ဝါဒတောင်ကသာ အရှေ့ထန်တိုက်ပွဲတွင် မီးနယ်မြေကို မတိုက်ခိုက်ခဲ့ပါက ရန်ကျောက်ကဲသည်လည်း ဤသို့သောပစ္စည်းမျိုးကို ရရှိနိုင်မည် မဟုတ်ပေ။ အခြားနေရာများမှ ရရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ရန်ကျောက်ကဲက မြေအောက်မီးအမြုတေကို အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုအတွင်းသို့ ထည့်သွင်းလိုက်ပြီး ယခင်ကထက်ပိုပြီး သေသေချာချာ ဂရုစိုက်စောင့်ကြည့်နေသည်။ မကြခင် မီးပြင်းဖိုက ပြင်းထန်စွာ တုန်ခါလာ၏။
အချိန်အတန်ကြာပြီးနောက် တောက်ပသည့်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထိတိုင် တောက်ပသွားသည်။
ရန်ကျောက်ကဲက လက်ခုပ်တစ်ချက်တီးလိုက်ရင်း...
“သိပ်ကောင်းတယ်... မြေအောက်ထိုးခွင်းလွန်းပြန်ယာဉ် အောင်မြင်သွားပြီ”
အားဟူက အတွင်းပိုင်းသလင်းကျောက်မီးပြင်းဖိုကို စူးစူးစိုက်စိုက်ကြည့်ရင်း...
“ဒါက မှော်ဝင်ပစ္စည်းတစ်ခု မဟုတ်ပေမယ့် လုပ်ရတာ မလွယ်ဘူးနော် ၊ သူ့ကိုပြုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက အတော်ရှားပါးတာပဲ”
ရန်ကျောက်ကဲက...
“အေးလေ... ပြီးတော့ ဟို ရန်ရှုဆီကရတဲ့ မှော်ဝင်ပစ္စည်းတွေ မသုံးဘူးဆိုရင် ငါ့ရဲ့ ကျောက်စိမ်းနဂါးဓားနဲ့ မဟာနေမင်းဘီးကို အသုံးပြုရမှာ ၊ ငါ့ပစ္စည်းတွေ ဆုံးရှုံးမခံနိုင်ဘူးလေ ၊ မင်းလည်း မင်းရဲ့ အနက်ရောင်အိပ်မက်ဆိုးသံချပ်ကာဝတ်စုံကို ပေးချင်မှာမဟုတ်ဘူး ၊ ဟုတ်တယ်မလား”
အားဟူက ရိုးရိုးသားသားပင် ရယ်မောလိုက်ရင်း...
“အသုံးဝင်တဲ့ပစ္စည်းတွေထက် ပျက်စီးနေတဲ့ပစ္စည်း (၂)ခုကို သုံးလိုက်တာ ပိုကောင်းပါတယ်”
ရန်ကျောက်ကဲက...
“အမှန်ပဲ... ကဲ... အခု ရက်တွက်ကြည့်လိုက်တော့... တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့် ပွင့်ဖို့အချိန်တန်ပြီ ၊ အဲဒါက ဆရာဘိုးဘိုးအတွက် ကောင်းကင်ပြောင်းပြန်ဆေးလုံးဖော်ဆပ်ဖို့ နောက်ဆုံးလိုအပ်နေတဲ့ပါဝင်ပစ္စည်းပဲ”
ယခုတစ်ကြိမ် တောင်တန်းနယ်မြေသို့ လာရောက်ရာတွင် မမျှော်လင့်ဘဲ ဟန်လုန်အာကို ရရှိခဲ့ခြင်းအပြင် ရန်ကျောက်ကဲက ပစ်မှတ် (၃)ခု ထားရှိခဲ့သည်။
ပထမနှင့် ဒုတိယပစ်မှတ်မှာ အဆုံးမဲ့တောင်တန်းအတွက် ဘီလူးဝိညာဉ်သံလိုက်သွေးကြောကို ပြုပြင်ပေးရန်နှင့် ဖန်းယွင်ရှန်းကို ယင်ယန်တိမ်တိုက်စမ်းချောင်းတွင် ကျင့်ကြံစေရန် ဖြစ်သည်။ တတိယပစ်မှတ်ကတော့ “တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့်” ဖြစ်၏။
ထိုပန်းပွင့်က အလွန်ရှားပါးသော်လည်း အသုံးမဝင်သည့်အတွက် ကမ္ဘာပေါ်ရှိ လူအများက အထင်ကြီးခြင်း မရှိကြပေ။
သို့သော် ရန်ကျောက်ကဲအတွက်တော့ ဤပန်းပွင့်သည် ဆရာဘိုးဘိုးအတွက် ဆေးဖော်စပ်ရန် လိုအပ်သော အရေးတကြီး ပါဝင်ပစ္စည်းတစ်ခု ဖြစ်သည်။
တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့်မှာ မဟာကပ်ဘေးကျရောက်ပြီးနောက် မျိုးတုံးပျောက်ကွယ်သွားခြင်းမရှိသည့်အတွက် ရန်ကျောက်ကဲ စိတ်သက်သာရာရမိသည်။ ထိုပန်းပွင့်သည် တောင်တန်းနယ်မြေနှင့် မိုးကြိုးနယ်မြေနယ်စပ် ၊ အရှေ့နှင်းတောင်တန်းတွင် ရှားပါးစွာ ပေါက်ရောက်လေ့ရှိသည်။
ထိုပန်းမျိုးစေ့ကို ရန်ကျောက်ကဲ ရှာဖွေတွေ့ရှိချိန်တွင် ပန်းပွင့်ခြင်း မရှိသေးပေ။ ထို့ကြောင့် အရှေ့နှင်းတောင်တန်းတွင် ဝိဉာဉ်ပန်း ပွင့်လာမည့်အချိန်ကို စောင့်မျှော်ရင်း တိမ်လွှာတောင်တွင် ကျင့်ကြံနေခဲ့သည်။
အဆုံးမဲ့တောင်တန်းက ကောင်းကင်မိုးကြိုးခန်းမ၏ မိုးကြိုးဝိညာဉ်ကျောက်စိမ်းကို ခိုးယူလိုက်သည့်အတွက် နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ပျက်စီးသွားခဲ့သည်။
ထို့နောက် အဆုံးမဲ့တောင်တန်းက ဝါဒတောင်နှင့် တရားဝင်မဟာမိတ်အဖြစ် ကြေငြာလိုက်သည်။
ထိုသို့ စိတ်ချရသည့်အခြေအနေရောက်သည့်အခါ ရန်ကျောက်ကဲက မိုးကြိုးဒြပ်စင်နည်းပညာကို အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများအားလုံး သိရှိစေရန် ချပြလိုက်သည်။ ထို့ကြောင့် သတ္တုသွေးကြောပြန်လည်ကောင်းမွန်လာစေရန် ရန်ကျောက်ကဲကိုယ်တိုင် ဦးစီးစရာမလိုဘဲ အဆုံးမဲ့တောင်တန်းမှ အကြီးအကဲများကိုယ်တိုင် ပြုလုပ်နိုင်ကြပြီ ဖြစ်၏။
ခရီးမထွက်ခင် ရန်ကျောက်ကဲက ထုံးစံအတိုင်း ဖူအန်းစုကို သတင်းပို့ရသည်။
ဖူအန်းစုက ရန်ကျောက်ကဲ ပစ်မှတ်ထားသည့်အရာကို မေးခွန်းထုတ်မနေဘဲ ခေါင်းညိတ်သဘောတူလိုက်သည်။
“ငါတို့ဂိုဏ်းက အဆုံးမဲ့တောင်တန်းနဲ့ သဘောတူညီမှုတွေ ပြုလုပ်ပြီးဖြစ်သလို သင့်တော်တဲ့ ပြင်ဆင်မှုတွေလည်း ပြုလုပ်ပြီးပြီ ၊ ဆိုတော့... မင်းကို သိုင်းဆရာသခင်တွေ လုပ်ကြံသတ်ဖြတ်မှာကို စိတ်ပူစရာမလိုဘူး ၊ ဒါပေမဲ့ ရန်သူ့ဘက်က သိုင်းဆရာသခင်တွေ လျှို့ဝှက်လှုပ်ရှားမှာကိုတော့ သတိထားပါ”
သူမက ဆက်ပြောသည်။
“ပြီးတော့ ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကလည်း အချိန်နီးနေပြီ ၊ ရေကန်နယ်မြေမှာ ကျင်းပဖို့ ဆုံးဖြတ်ထားတယ်လို့ သတင်းကြားတယ် ၊ မင်း အဲဒီတွေ့ဆုံပွဲမှာ ပါဝင်ဖို့ဆုံးဖြတ်ထားတယ်ဆိုရင် အစစအရာရာ ကြိုတင်ပြင်ဆင်ထားဖို့လိုတယ် ၊ ဒီတစ်ခေါက် ခရီးထွက်ရင်း လမ်းမှာ အဲဒီကိုသွားမယ့် ငါတို့ဂိုဏ်းကလူတွေနဲ့တွေ့ရင် မင်း ရေကန်နယ်မြေကို တစ်ခါတည်း လိုက်သွားနိုင်တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“ကျွန်တော် နားလည်ပါပြီ ၊ ဆရာဒေါ်လေး’ဖူ’ စိတ်မပူပါနဲ့”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ ထွက်ခွာသွားသည်။
ဖူအန်းစုသည် လက်နှစ်ဖက်နောက်ပစ်ပြီး မတ်တတ်ရပ်လျှက် ကျန်ရစ်ခဲ့၏။
အချိန်မည်မျှကြာသည်မသိ ၊ ဖန်းယွင်ရှန်းနှင့် စစ်ခုန်ချင်းတို့ ယင်ယန်တိမ်တိုက်စမ်းချောင်းအတွင်းမှ ထွက်လာကြသည်။
ဖူအန်းစုက ဖန်းယွင်ရှန်းကိုကြည့်ရင်း ရုတ်တရက်မေးလိုက်သည်။
“ကျောက်ကဲပြောတာတော့ မင်းကို သူက ကူညီသင်ပြပေးတာမှာ ယောကျ်ားလေးနဲ့ မိန်းကလေးကြားက ဆက်ဆံရေးတွေ မပါဝင်ဘူးလို့ ပြောခဲ့တယ် ၊ ဒါဖြင့်... ယွင်ရှန်း... မင်းရော သူ့ကို ရင်မခုန်ဘူးလား”
ပွင့်လင်းလှသည့်မေးခွန်းကြောင့် အဖြေမပေးနိုင်ခင် ဖန်းယွင်ရှန်းမှာ ခဏမျှ အံ့အားသင့်သွားသည်။
ပြီးမှ...
“ကျွန်မ... ဂိုဏ်းတူအစ်ကိုကြီး’ရန်’ကို ကျေးဇူးတင်တာအပြင်... သူ့ကို အရမ်းလေးစားတယ် ၊ သူ့အပေါ်မှာလည်း မျှော်လင့်ချက်တွေ အမြဲတမ်းထားနေပါတယ် ၊ သူက ငယ်ရွယ်ပေမယ့် သူနဲ့ပတ်သက်ပြီး ရှင်းမပြနိုင်တဲ့ ခံစားချက်မျိုး ကျွန်မမှာ ရှိတယ် ၊ ဒါပေမဲ့ သူလည်း ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး”
သူမက ဆက်ပြောသည်။
“သူက တကယ်ပဲ ယုံကြည်အားကိုးထိုက်တယ် ၊ သူနဲ့အတူတူရှိနေရတာ အရမ်းစိတ်ချမ်းသာတယ် ၊ ပြီးတော့ အရမ်းလည်းပျော်တယ်”
ဖန်းယွင်ရှန်းက အရွယ်နှင့်မလိုက်အောင် ဘဝအတွေ့အကြုံများပြားခဲ့သည့်တိုင် အချစ်ရေးနှင့်ပတ်သက်ပြီး အစိမ်းသက်သက် ဖြစ်နေဆဲပင်။ ထို့ကြောင့် ရန်ကျောက်ကဲအပေါ်ထားရှိသည့် သူမ၏အတွေးများကို ဖော်ပြရန် အနည်းငယ်ခက်ခဲနေသည်။
သူမက ရယ်မောလိုက်ရင်း...
“အဲဒီလိုခံစားရတာက ကျွန်မ သူ့ကို ချစ်နေတာ မဟုတ်ဘူးမလား... ဆရာ”
ဖူအန်းစုက နူးညံ့သိမ်မွေ့စွာဖြင့်...
“အင်း... မဟုတ်သေးပါဘူး ၊ အတူရှိနေချိန်မှာ သူ့အကြောင်း အမြဲတွေးပြီးပျော်ရွှင်နေတာက ဘာမှမဖြစ်ပါဘူး ၊ ဒါပေမဲ့ အတူမရှိတော့ချိန်မှာ မင်း သူ့အကြောင်းဆက်တွေးနေဦးမယ်ဆိုရင်တော့ သတိထားရမယ့်အချိန် ရောက်လာပြီ”
ဖန်းယွင်ရှန်း မျက်တောင်လေးများ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ “ဘာကြောင့်သတိထားရမည်” ဆိုသည်ကိုတော့ သူမ နားလည်ခြင်းမရှိသလို မေးမြန်းခဲ့ခြင်းလည်း မရှိပေ။
ဖူအန်းစုက စစ်ခုန်ချင်းကို ကြည့်ရင်း...
“စစ်ခုန် ၊ မင်းရော ကျောက်ကဲကို ဘယ်လိုမြင်လဲ”
စစ်ခုန်ချင်းက ခဏမျှ စဉ်းစားလိုက်ရင်း...
“ကျွန်မ သူ့ကို အရမ်းသဘောကျတယ် ၊ ပြီးတော့ သူ့အကြောင်း သိချင်စိတ်လည်း ဖြစ်မိတယ်”
သူမက ဆက်ပြောသည်။
“အရှေ့ထန်မှာ ဖြစ်ခဲ့တဲ့ကိစ္စရယ် ၊ ပြီးတော့ ဒီတိမ်လွှာတောင်မှာ ဖြစ်တဲ့ကိစ္စတွေမှာ ကျွန်မ သူ့ကို အရမ်းလေးစားတယ် ၊ ဒါပေမဲ့ ကျွန်မ အလေးစားဆုံးကတော့ သူ အရှေ့ထန်ကနေ တောင်ပေါ်ပြန်ရောက်လာတော့ ဂိုဏ်းတူအစ်ကိုလုဝမ်ကို ခုနစ်စဉ်ကြယ်ဓားသိုင်းနဲ့ အနိုင်ယူခဲ့တာပါပဲ”
“အရင်က လူတွေပြောကြတာ... သူက ငယ်ရွယ်သလောက် မာနကြီးတယ် ၊ တိုးတက်မှုမရှိဘူးလို့ ယူဆရင် လွယ်လွယ်နဲ့ နောက်ပြန်ဆုတ်တတ်တယ်တဲ့ ၊ ဒါပေမဲ့ သူ့ကိုယ်ပိုင်ဓားသိုင်းတစ်ခု တီထွင်ထားတာကတော့ တကယ်ချီးကျူးထိုက်တာယ် ၊ ကျွန်မ အမြင်ကိုပြောရရင်တော့ သူက ဘယ်အချိန် နောက်ဆုတ်ရမလဲဆိုတာကို နားလည်တယ် ၊ ခက်ခဲတဲ့အချိန်မျာ မရမက ဆုပ်ကိုင်မထားဘဲ လွယ်ကူရိုးရှင်းစွာပဲ ပြုမူနေထိုင်တတ်တယ်”
“အရှေ့ထန်က ပြန်လာပြီးနောက်ပိုင်း သူ့အပေါ် တခြားသူတွေရဲ့အမြင် ပြောင်းလဲသွားတယ် ၊ တောင်ပေါ်ပြန်ရောက်တာနဲ့ ဂိုဏ်းတူအစ်ကို’လုဝမ်’ကို ခုနစ်စဉ်ကြယ်ဓားသိုင်းနဲ့ အနိုင်ယူခဲ့တယ် ၊ တကယ့်ကို ချီးကျူးထိုက်တာပါပဲ”
သူမ၏စကားများကိုကြားတော့ ဖူအန်းစုက အဝေးဆီသို့ ငေးမျှော်ကြည့်လိုက်ရင်း...
“စောစောစီးစီး နှင်းတွေကျတာ ရပ်သွားသလိုပဲ ၊ ငါ အခု ပိုပြီး မကျေမနပ် ဖြစ်လာပြီ”
***
ဖူအန်းစုတို့ (၃)ယောက် သူ့အကြောင်း ပြောဆိုနေကြစဉ် ရန်ကျောက်ကဲကတော့ ခရီးထွက်သွားပြီ ဖြစ်သည်။
သူက တောင်တန်းနယ်မြေ၏ အရှေ့ဘက်နယ်စပ် ၊ တိမ်လွှာတောင်တန်းပိုင်နက်နယ်မြေအတွင်းမှ အရှေ့နှင်းတောင်တန်းဆီသို့ ရောက်ရှိလာသည်။
နှင်းများဖုံးလွှမ်းနေသည့် တောင်တန်းကြီးက အစဉ်ထာဝရ ဖြူဖွေးနေလေသည်။ နှင်းများက အရည်ပျော်ကျနေပြီး ဤနေရာတွင် ထူးဆန်းသောသားရဲများ မကြာခဏ ကျက်စားလေ့ ရှိကြသည်။
ရန်ကျောက်ကဲက...
“ငါတို့လူတွေ ရောက်နေကြပြီလား”
အားဟူက...
"သူတို့ အစောကြီးကတည်းက ရောက်နေပါပြီ”
ထိုစကားကိုပြောပြီးနောက် အားဟူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
လျှင်မြန်သည့် ခြေလှမ်းများဖြင့် လမ်းလျှောက်နေသူ ရန်ကျောက်ကဲမှာလည်း ချက်ချင်းပင် မျက်မှောင်ကြုတ်သွား၏။
နှင်းများထူထပ်စွာကျဆင်းနေသည့် တောင်ထိပ်တစ်နေရာတွင် လူတစ်စုမတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုလူစု၏ရှေ့တွင် အနက်ရောင်ဝတ်သိုင်းသမား (၂)ယောက် မြေပြင်ထက် လဲကျနေပြီး သူတို့ရင်ဘတ်ကို လက်ဖြင့်ဖိထားကာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျနေသည်။
ရန်ကျောက်ကဲ ချဉ်းကပ်လာသည်ကို တွေ့သည့်အခါ သူတို့က အပြစ်ရှိသလို ခံစားရသည့်အမူအရာဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
“သခင်လေး...”
ရန်ကျောက်ကဲက သူတို့ကို ခေါင်းတစ်ချက်ညိတ်ပြလိုက်စဉ် အားဟူက သူတို့ကို ကူညီရန် ရှေ့သို့တက်သွားသည်။
မျက်နှာချင်းဆိုင်တွင်ရှိနေသည့် အုပ်စုကတော့ ရန်ကျောက်ကဲနှင့် အားဟူကို စူးစိုက်ကြည့်နေကြသည်။
ထိုသူများ၏အသွင်အပြင်ကိုကြည့်လိုက်ပြီး ရန်ကျောက်ကဲက အေးစက်စွာ ပြုံးလိုက်သည်။
“အိုး... ဘယ်သူတွေများလဲလို့ ၊ ကျောက်ကျိုးနယ် ၊ ‘ရန်’ အိမ်တော်က လူတွေပါလား”