အဓိကပြဿနာများကို ဆွေးနွေးခြင်း
Vol. 16 Ch. 2.78
အရာအားလုံး တိတ်ဆိတ်နေခဲ့သည်။
ခန်းမကြီးအတွင်းရှိ လူတိုင်းသည် အဓိပတိနယ်ပယ်က လူနှစ်ယောက် ပူးပေါင်းတိုက်ခိုက်လိုက်တဲ့ မြင်ကွင်းမှ မနိုးကြသေးပေ။
အဓိပတိနယ်ပယ် အထွတ်အထိပ်တိုင်းသည် ဝူယန်အင်ပါယာ၏ မှတ်တိုင်ဖြစ်ပြီး သာမာန်အချိန်များတွင် တစ်ယောက်ကိုပင် မြင်ရ ခက်သော်လည်း ယခုတစ်ကြိမ်တွင် နှစ်ယောက်ရှိသွားကာ ၎င်းတို့အားလုံးသည် အခြားလူ တစ်ယောက်၏ အစေခံများ ဖြစ်နေကြသည်။
တခဏအတွင်းမှာပဲ လူတိုင်းက ဒီလူငယ်လေးရဲ့ အစစ်အမှန် လက္ခဏာကို သံသယ ရှိလာခဲ့ကြသည်။
"ယန်ဇီမြစ်ရဲ့ နောက်ကွယ်က လှိုင်းတွေက လှိုင်းအသစ်တွေကို တွန်းပို့ပေးတယ်... မျိုးဆက်သစ်တွေက အဟောင်းတွေထက် ပိုကောင်းတယ် ဒီစကားက တကယ် မှန်တာပဲကိုး"
ဟန်မိသားစု၏ ဘိုးဘေးသည် မတ်တပ်ရပ်ကာ ဒဏ်ရာများကို ထိန်းကာ အသက်ရှုထုတ်ရင်း သက်ပြင်းချလိုက်သည်။
ဟန်ရောင် နဲ့ မုယန်ဖုန်းတို့ရဲ့ တစ်ချိန်တည်း တိုက်ခိုက်လာမှုကြောင့် နောက်ဆုံးမှာတော့ ကောင်လေးရဲ့ ထောက်ပံမှုဟာ ဘာလဲဆိုတာကို သူသိသွားခဲ့ပါပြီ။ ဘုရင်မင်းမြတ် ဟန်ချီတောင်မှ အဲဒီလောက်ကြီးတဲ့ လက်တစ်စုံကို မရနိုင်ဘူးလေ။
သူက ဘယ်သူများလဲ?
"အဟဲ... အဲဒါက အဲ့လောက်ထိလည်း မဟုတ်ပါဘူး! ကျုပ်က ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပဲ လုပ်နေတာပါ"
လုရွှမ်သည် အပြုံးမပျက်ဘဲ လက်ကိုဝှေ့ယမ်းကာ တစ်နေရာတွင် ဝင်ထိုင်လိုက်သည်။
သူ့မှာ အင်အားမလုံလောက်ရင် ဒီကိုရောက်လာရင် အနိုင်ကျင့်ခံရမှာ သေချာပေ၏။ သို့သော် သူ့မှာ ခွန်အားအလုံအလောက် ရှိတယ်ဆိုရင် ပြိုင်ဘက်က ဘိုးဘေး ဒါမှမဟုတ် အဓိပတိနယ်ပယ်က ဖြစ်နေရင်တောင် သူ့အပေါ် နာခံမှုရှိပြီး မချေပဝံ့အောင် လုပ်ရဲသည်။
"ဟန်ရောင်... မင်းငါ့ကို တိုက်ခိုက်လာတာ...အဓိပတိနယ်ပယ်ကို ထိုးဖောက်သွားတာက ဒီသခင်လေးကြောင့်လား?"
ဟန်မိသားစု၏ ဘိုးဘေးက တစ်ချက်ကြည့်လိုက်သည်။
ဟန်ရောင်ဟာ သူတို့ဟန်မိသားစု၏ အိမ်တော်သခင် ဖြစ်သည်။ သူ့မှာ ဒီလူငယ်လေးအပေါ် စိတ်ဝင်စားမှု အလုံအလောက် မရှိရင် လူငယ်လေးရဲ့ စကားကိုနာခံဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
ဒါကိုတွေးမိပြီး ဘိုးဘေးကြီးမှာ မယုံနိုင်လောက်အောင် အံ့သြနေမိသည်။
အဓိပတိနယ်ပယ်သည် ဖြတ်ကျော်ရန် ခက်ခဲသည်။ ဝူယန်အင်ပါယာ တစ်ခုလုံးတွင် လူအနည်းငယ်သာ ရှိသည်ဟူသည့် အချက်ဖြင့် မြင်တွေ့နိုင်သည်။ ဖြတ်ကျော်ရန် ခက်ခဲသော နယ်ပယ်တစ်ခုကို အတုတံဆိပ်နယ်ပယ်ရှိ ကလေးသည် မည်သို့ ကူညီနိုင်မည်နည်း?
"ဟုတ်ပါတယ်! ကျုပ်အဓိပတိနယ်ပယ်ကို ဖြတ်ကျော်သွားရတဲ့ အကြောင်းရင်းက သခင်လေးကြောင့်ပါ!"
ဟန်ရောင်က မငြင်းဘဲ တိုက်ရိုက်ပဲ ပြောလိုက်သည်။
"ဒီကောင်လေးကြောင့် အဓိပတိနယ်ပယ်ကို ထိုးဖောက်သွားတာလား?"
"သူက အရမ်း အစွမ်းထက်တယ်လား?"
"တကယ်လို့ ငါလည်း အဲ့လိုဖြစ်ရမယ် ဆိုရင် အဆင်ပြေပါတယ်...ငါအခုပဲသူ့ကို အစေခံလိုက်မယ်"
"ဟန်ယောင်က ကံကောင်းလိုက်တာ"
ခန်းမထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
အရင်ကတော့ အားလုံးက ဟန်ရောင်ဟာ လူငယ်ကို တလိုတလား အစေခံတာကြောင့် ရယ်မောခဲ့ကြပေမယ့် အခုအချိန်မှာတော့ သူတို့ရဲ့ မျက်လုံးတွေက မနာလိုမှုတွေ ပြည့်နှက်နေပါပြီ။
အဓိပတိနယ်ပယ်သည် ခွန်အားကို မြှင့်တင်ထားရုံသာမက ပို၍အရေးကြီးသည်မှာ ဤအခြေအနေသို့ ရောက်ရှိခြင်းသည် ကြီးမားသော ပမာဏဖြင့် သက်တမ်းကိုလည်း တိုးစေမည်ဖြစ်သည်။
အဓိပတိနယ်ပယ်သို့ ရောက်ပြီးနောက် လူ့ခန္ဓာကိုယ်၏ သက်တမ်းသည် သေမျိုးအသွင် ကူးပြောင်းခြင်း နယ်ပယ်က လူတို့၏ သက်တမ်းနှင့် အတူတူပင် ဖြစ်သည်။ သာမန်သူလည် အသက်၇၀ ၈၀ခန့်သာ ကန့်သတ်ချက် ရှိသည်။
အဓိပတိနယ်ပယ်သို့ ရောက်သောအခါ သင်၏ ခန္ဓာကိုယ်သည် တိုးလာ၍ သက်တမ်းလည်း တိုးလာမည် ဖြစ်ကာ အနည်းဆုံး နှစ် ၃၀ တိုးလာမည်။ တစ်နည်းဆိုရသော် အနည်းဆုံး အသက် ၁၂၀ နှစ်အထိ နေထိုင်နိုင်မည် ဖြစ်သည်။
သက်တမ်း၊ အဆင့်အတန်း၊ ခွန်အား။
ဘာပဲဖြစ်နေပါစေ လူတွေက ထိုအရာကို အဆမတန် လိုလား တောင့်တနေကြသည် မဟုတ်ပါလား။
"အတုတံဆိပ်နယ်ပယ်ရဲ့ စွမ်းအားနဲ့ မင်းကို ဖြတ်ကျော်ဖို့ ကူညီပေးနိုင်တယ်?"
ဟန်ရောင်၏ ဝန်ခံချက်ကို ကြားသော်လည်း ဟန်မိသားစု၏ ဘိုးဘေးက မယုံနိုင်သေးပေ။
"သခင်လေးက အတုတံဆိပ်နယ်ပယ်မှာ ရှိနေပေမယ့် သူက အဆင့်၉ အဂ္ဂိရတ်ပညာရှင်ပါ!"
ဟန်ရောင် ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလေ၏။
"အဆင့်၉ အဂ္ဂိရတ်ဆရာ?"
"ဝူယန်အင်ပါယာ တစ်ခုလုံးမှာ အပြင်းထန်ဆုံး အဂ္ဂိရတ်ဆရာကြီး ကူယတောင် အဆင့်၈ပဲ ရှိတယ်မလား"
"အဂ္ဂိရတ်ပညာရဲ့ အဆင့်၉ ပညာရှင်တစ်ယောက်မှာ အနည်းဆုံး ၀.၉၅ စွမ်းအား ရှိရမယ်လို့ ကြားဖူးတယ်... သူက ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်၉ ရောက်နေပြီ? ဟုတ်ရောဟုတ်ရဲ့လား"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ဟန်ရောင်ရဲ့ စကားကိုကြားတော့ လူတိုင်းက မယုံနိုင် ဖြစ်သွားကြသည်။
အဆင့်၉ အဂ္ဂိရတ်ပညာရှင်သည် အမြင့်ဆုံးသော စွမ်းအားရှင်များထက် ပို၍မွန်မြတ်သော တည်ရှိမှုတစ်ခု ဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၅ သို့မဟုတ် ထို့ထက်ပို၍ ရောက်ရှိနေပြီ ဖြစ်သည်။
ဒီလူငယ်က တကယ်ပဲ အဲဒီအဆင့်ကို ရောက်နေပြီလား?
ဟန်မိသားစု၏ ဘိုးဘေးသည်လည်း သူ့မျက်နှာ ပြောင်းလဲသွားတာကိုပင် မထိန်းထားနိုင်ခဲ့။
မတိုင်ခင်က သူ့ရှေ့က လူငယ်လေးဟာ အရေးမကြီးဘူးလို့ ခံစားမိတယ်လို့ ပြောမိခဲ့ရင် အခုအချိန်မှာ အဲဒီအတွေးမျိုး လုံးဝ ပျောက်ကွယ်သွားပြီး နက်နဲတဲ့ အကြောက်တရားက အစားထိုးလာတော့သည်။
အဆင့်၉ အဂ္ဂိရတ်ပညာရှင် ဆိုတာဟာ သူ မစော်ကားဝံ့တဲ့ တည်ရှိမှုကြီး တစ်ခုပင်။
"အဆင့်၉ အဂ္ဂိရတ်ပညာရှင်??"
သူ ထိတ်လန့်သွားရုံ သာမက ဟန်ရွှယ်လည်း လုံးဝကို ထိတ်လန့်သွားသည်။
၀.၉၅ ထက်ကျော်လွန်သော ဝိညာဉ်စွမ်းအား အတိုင်းအတာရှိသည့် အဆင့်၉ အဂ္ဂိရတ်ဆရာသည် ၎င်းသည် အဆင့်၉ အခင်းအကျင်း ပညာရှင် ဖြစ်သည်ဟု မဆိုလိုပါလား။
၁၆ ၁၇နှစ်အရွယ် လူငယ်လေးက အဆင့်၉ အဂ္ဂိရတ်ပညာရှင် နဲ့ အခင်းအကျင်း ပညာရှင်တဲ့လား။ တွေးကြည့်ရုံနဲ့ ကြောက်စရာ ကောင်းနေပြီ။
ဟိုအရင်က သူမဂုဏ်ယူခဲ့တဲ့ အရည်အချင်းက တစ်ဖက်လူရှေ့မှာ ကလေး ကစားစရာလို ရယ်စရာကောင်းနေပြီလေ။
"ကောင်းပြီ ဟန်မိသားစုရဲ့ ဘိုးဘေး....ကျုပ်ခင်ဗျားကို လာရှာတာက ဆွေးနွေးစရာ ရှိလို့ပဲ....ဒီလူတွေကို ထွက်သွားခိုင်းပေးနိုင်မလား!"
လူတိုင်း၏ ထိတ်လန့်မှုကို လျစ်လျူရှုပြီး လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
လုံလောက်တဲ့ လေးစားမှုကို ရချင်ရင် အရင်ဆုံး လုံလောက်တဲ့ ခွန်အားကို ပြသရမယ် မဟုတ်လား။
ဤနည်းဖြင့်သာလျှင် ဟန်မိသားစု၏ ဘိုးဘေးသည် လုံးဝယုံကြည် စိတ်ချနိုင်ပြီး နောက်အစီအစဉ်ကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
"အားလုံးထွက်သွားကြ!"
လုရွှမ်၏ ခွန်အားနှင့် အဆင့်အတန်းကို အတည်ပြုပြီး နောက်တွင် ဟန်မိသားစု၏ ဘိုးဘေးသည် အဓိပ္ပါယ်မဲ့စွာ မပြောဝံ့တော့ဘဲ လက်ကို ဝှေ့ယမ်းကာ ဟန်ရောင်အား ငြူစူသော မျက်လုံးများဖြင့် ကြည့်နေလေသည်။
ရိုးသားစွာ ပြောရလျှင် ငယ်ရွယ်ပြီး အလွန်ထက်မြက်သော အဆင့်၉ အဂ္ဂိရတ်ဆရာကြီး၏ အစေခံ ဖြစ်ရခြင်းမှာ မရေမတွက်နိုင်သော ထိပ်တန်း စွမ်းအားရှင်များ အိပ်မက်မက်သည်မှာ သေချာပါသည်။
ဟန်ရောင်ဟာ ဟန်မိသားစုကို ဂုဏ်သိက္ခာ ဆုံးရှုံးစေခဲ့တဲ့အတွက် အခုလေးတင် စိတ်ဆိုးမိခဲ့ပေမယ့် သူ ဘယ်လောက်တောင် ကံကောင်းတယ်ဆိုတာ သိလိုက်ပါပြီ။
မနာလို ဝန်တိုစိတ်တောင် မထားနိုင်တော့ပေ။
"ဆရာကြီးလုရွှမ်....ကျုပ်ကိုရှာတာ ဘာကိစ္စများ ရှိလို့လဲ?...ကျုပ်လုပ်နိုင်ရင် လုပ်ပေးပါ့မယ်!"
အားလုံးကို အခန်းထဲက ထွက်သွားခိုင်းပြီး ဘိုးဘေးကြီးက မေးလိုက်သည်။
တစ်ဖက်လူဟာ အဆင့်၉ အဂ္ဂိရတ်ပညာရှင် တစ်ဦးဖြစ်သည်ကို သိပြီးသဖြင့် မာနကြီးဟန်ဆောင်ရန် မဝံ့ရဲတော့ သူ့ကိုဆရာကြီးဟု တိုက်ရိုက်ခေါ်လိုက်သည်။
"ဟန်ရောင်က ကျုပ်ရဲ့နောက်လိုက်...အဲဒါကို စိတ်ဆိုးနေသေးလား?"
"ကျုပ် မပြောရဲပါဘူး!"
ဟန်မိသားစု၏ ဘိုးဘေးက ကမန်းကတန်း ပြောလိုက်သည်။
"ကောင်းပြီ!" လုရွှမ်က ခေါင်းညိတ်ပြီး
"ဒီတစ်ခါ ခင်ဗျားကိုရှာဖို့ ရောက်လာတာက လုပ်စရာကိစ္စ တစ်ခုရှိလို့ပါ! ခင်ဗျားရဲ့မိသားစုကြီး သုံးခုက အချင်းချင်း ပြိုင်ဆိုင်နေကြပြီး ဆက်ဆံရေး သိပ်မကောင်းဘူးဆို?"
ဒီမေးခွန်းကို ကြားတော့ ဟန်မိသားစုရဲ့ ဘိုးဘေးက သံသယစိတ်နဲ့ တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ပြန်ဖြေလေ၏။
"ရန်ပွဲတွေ ပြိုင်ဆိုင်မှုတွေက ရှိနေပါတယ်... ဒါကြောင့် ဆက်ဆံရေးက သိပ်မကောင်းပါဘူး!"
"ချင်မိသားစုကရော ဘယ်လိုလဲ?"
"အဓိက မိသားစုသုံးစုရဲ့ အကြီးအကဲအနေနဲ့ ချင်မိသားစုက သူတို့ရဲ့ ကိုယ်ပိုင်အင်အားကို အားကိုးပြီး ကျုပ်တို့ရဲ့ ဟန်မိသားစုကို နှိမ်ပါတယ်...ကျုပ်တို့သာ အဆင်ပြေအောင် မနေခဲ့ရင် အရင်ကတည်းက ရှေ့မတိုးနောက်မဆုတ် ဖြစ်သွားနိုင်ပါတယ်"
ဟန်မိသားစု၏ ဘိုးဘေးက ဘာမှ ဖုံးကွယ်မထားဘဲ ပြော၏။
"ချင်မိသားစုရဲ့ ဘိုးဘေးက ဘယ်လောက် အင်အားကြီးလဲ?"
လုရွှမ်က ဆက်မေးသည်။
"အဓိကတိနယ်ပယ် အလယ်အလတ် အဆင့်မှာပါ...ကျုပ်ကသူ့ပြိုင်ဘက် မဟုတ်ဘူး!"
ဟန်မိသားစုရဲ့ ဘိုးဘေးက ခါးသက်စွာပြုံး၍ ဆိုလိုက်သည်။
မိသားစုက ခိုင်ခံ့သည်ဖြစ်စေ မခိုင်ခံ့သည်ဖြစ်စေ သူ့နောက်ကွယ်က သန်မာသူရဲ့ ပံ့ပိုးမှုအပေါ် လုံးလုံးလျားလျား မူတည်နေပါတယ်။ ချင်မိသားစုဟာ တော်ဝင်မိသားစုကြီး (၃)ပါးရဲ့ အကြီးအကဲဖြစ်ရတဲ့ အကြောင်းရင်းကတော့ တစ်ဖက်က သန်မာလွန်းသော ဘိုးဘေးကြောင့်ပဲ ဖြစ်လေသည်။
တစ်ဖက်က အဓိပတိနယ်ပယ်၏ အလယ်အလတ် အဆင့်သည် အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့်ထက် ပိုမိုအားကောင်းပြီး ပြိုင်ဘက်လုံးဝ မဟုတ်နိုင်ပေ။
အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့်တွင် ခွန်အား ၁သိန်းရှိလျှင် အလယ်အလတ် အဆင့်တွင် ၂သိန်း ရှိသည်။
ဆိုလိုသည်မှာ ခွန်အား တစ်ခုတည်းဖြင့် ပြောရလျှင် အလယ်အလတ် အဆင့်သည် အစောပိုင်းအဆင့်ထက် နှစ်ဆပိုများသည်။ ပိုအရေးကြီးသည်မှာ အဆင့်ကွာခြားမှုသည် ခွန်အား၌သာမက ခန္ဓာကိုယ်တွင်း ပြောင်းလဲမှုများစွာကိုပါ ထင်ဟပ်စေပါသည်။
အစောပိုင်းအဆင့် ဆိုတာ အလယ်အလတ် အဆင့်ကို အမီလိုက်နိုင်တဲ့ စွမ်းအားရှင်တွေ မဟုတ်ပေ။
"အလယ်အလတ်အဆင့်က အစွမ်းထက်ပေမယ့် ဘာမှမဖြစ်ပါဘူး... ချင်မိသားစုကို ဖျက်ဆီးပြီး ချင်မိသားစုရဲ့ ဘိုးဘေးတွေကို သတ်ပစ်ဖို့ ကျုပ်ကူညီမယ်လို့ ပြောရင် ခင်ဗျားဘယ်လိုထင်လဲ?"
လုရွှမ်က အနည်းငယ် ပြုံးပြီး အပေါ်ကို ကြည့်လိုက်သည်။
"ချင်မိသားစုကို ဖျက်စီးမယ်?"
ဟန်မိသားစု၏ ဘိုးဘေးမှာ ရုတ်တရက် အသက်ရှူမဝသလို ဖြစ်သွားသည်။