ချင်မိသားစု၏ဘိုးဘေး (ပထမပိုင်း)
Vol. 16 Ch. 2.79
မိသားစုကြီး သုံးစုသည် အချင်းချင်း အမြဲပြိုင်ဆိုင်ခဲ့ကြသည်။ အပြင်ပန်းတွင် ဖော်ရွေကြသော်လည်း လျှို့ဝှက်စွာ ယှဥ်ပြိုင်သည့် နည်းလမ်းမျိုးစုံက တစ်မျိုးပြီးတစ်မျိုး ပေါ်ထွက်နေပါသည်။
အထူးသဖြင့် ချင်မိသားစုသည် ပထမမိသားစု၏ ခွန်အားကို အားကိုးကာ သူတို့နှင့် ကျောက်အိမ်တော်အား စက်ဆုပ်ဖွယ်ကောင်းသည့် အရာများစွာကို ပြုလုပ်ခဲ့သည်။ ချင်ဘိုးဘေးက အင်မတန် သန်မာတာကြောင့် သူတို့မှာ ဘာမှပြန်မပြောရဲခဲ့ပေ။
အဲဒီလူကိုသာ တစ်ရှိန်ထိုး သတ်ပစ်လိုက်နိုင်ခဲ့ရင် နှစ်ခါပြန် စဥ်းစားစရာ မလိုအောင် သဘောတူပြီးသား ဖြစ်သည်။ ဒီအရာဟာ ဟန်မိသားစုနဲ့ ကျောက်မိသားစုတို့ အိပ်မက်မက်ခဲ့လည်း ဖြစ်ပေ၏။
"ဆရာကြီး လုရွှမ်ရဲ့ အထောက်အပံ့ကို ရနိုင်ရင် ကျုပ် သေချာပေါက် လက်နှေးနေမှာ မဟုတ်ပါဘူး.."
ဟန်မိသားစု၏ ဘိုးဘေးက သူ၏စိတ်လှုပ်ရှားမှုကို နှိမ့်ချကာ ကမန်းကတန်း ပြောလိုက်သည်။
သူတစ်ယောက်တည်းက ချင်မိသားစုရဲ့ ဘိုးဘေးနဲ့ မယှဉ်နိုင်ပေမယ့် မုယန်ဖုန်း နဲ့ ဟန်ရောင်ကိုပါ ထည့်ပေါင်းလိုက်ရင် မတူတော့ဘူးလေ။
သူတို့ သုံးယောက်ပေါင်းလိုက်ရင် ၎င်းကို သတ်နိုင်ဖို့ ဖြစ်နိုင်ချေများသည်။
"ဒါနဲ့ ဆရာကြီးက ချင်မိသားစုကို ဘာကြောင့် သုတ်သင်ချင်တာလဲ?"
ဟန်မိသားစု၏ ဘိုးဘေးသည် လုရွှမ်အား ထူးဆန်းသော အမူအရာများ အပြည့်ဖြင့် ကြည့်နေတော့သည်။
တစ်ဖက်သားကို မယုံတာမဟုတ်ပေမယ့် ဒီကိစ္စက ကြီးလွန်းနေလို့ အဆင်မပြေရင် ဟန်မိသားစု ပျက်စီးသွားမှာမို့ တစ်ဖက်လူက နောက်ပြောင်တာ မဟုတ်ဘူးဆိုတာကို အတည်ပြုရမည်။
"ဘိုးဘေးကြီးကို တင်ပြပါတယ်...ချင်မိသားစုက လုရွှမ်ကို လိုက်သတ်ဖို့ လူတွေကို အကြိမ်ပေါင်းများစွာ စေလွှတ်ထားပြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူတို့က သမီးတို့ကို တိုက်ခိုက်ဖို့ ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်က လူနှစ်ယောက်ကိုတောင် စေလွှတ်ခဲ့တာ...ကံကောင်းလို့သာ မဟုတ်ရင် သမီးတို့ သေသွားတာကြာပြီ!"
လုရွှမ် မဖြေခင်မှာ ဟန်ရွှယ်မှာ ဒေါသတစ်ဝက်နဲ့ ပြောလိုက်လေသည်။
သူမသည် ချင်မိသားစုကို ပြင်းပြင်းထန်ထန် မကြိုက်သူလည်း ဖြစ်သည်။ လုရွှမ်သည် ပြင်းထန်သော အခိုက်အတန့်တွင် ချင်ရွှမ်းနှင့် ချင်ကန်ကိုသတ်ရန် သူ၏ဝိညာဉ်စွမ်းအားကို အသုံးမပြုခဲ့ပါက သူမသည် ယခုအချိန်တွင် အပျိုစင်ဘဝကို ထိန်းသိမ်းထားနိုင်မည် မဟုတ်တော့ပေ။
ထို့အတွက်ကြောင့် လုရွှမ်သည် ချင်မိသားစုကို သုတ်သင် ရှင်းလင်းပစ်မည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသောအခါ သူမ လုံးဝ အံ့ဩခြင်း မရှိခဲ့ပေ။
"လိုက်သတ်တယ်? လတ်စသတ်တော့ အဲ့လိုကိုး..."
ဟန်မိသားစု၏ ဘိုးဘေးလည်း နားလည်သွားသည်။
ချင်မိသားစုသည် အဆင့်၉ အဂ္ဂိရတ်ဆရာကို လိုက်ဖမ်း၍ သတ်ဖြတ်ခြင်းအတွက် အလွန်မိုက်မဲသည်ဟု ဆိုရလိမ့်မည်။ ၎င်းတို့ကို မဖျက်ဆီးလျှင် မည်သူက ဖျက်ဆီးမည်နည်း။
သူ့အဆင့်အတန်းနဲ့သူ ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် အဆင့်၉ အဂ္ဂိရတ်ပညာရှင်သည် ဘုရင်မင်းမြတ် ဟန်ချီထက်ပင် မနိမ့်ချေ။ ဒီလိုလူမျိုးကို ပြဿနာရှာမိရင် စဉ်းစားနေစရာ မလိုအောင် လက်စားချေသင့်သည်။
"ဆရာကြီး လုရွှမ်က ဘယ်လိုလုပ်ချင်တာလဲ? ဘာအစီအစဉ်ရှိလဲ? ကျုပ်သေချာပေါက် ပူးပေါင်းဆောင်ရွက်မှာပါ!"
တစ်ဖက်လူက ချင်မိသားစုကို စိတ်ရင်းမှန်ဖြင့် ဖျက်ဆီးလိုကြောင်း သိလိုက်ရသဖြင့် ဟန်မိသားစု၏ ဘိုးဘေးက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ရင်း လက်သီးများကို ဆုပ်ထားလိုက်သည်။
"အစီအစဥ်လား? မလိုဘူး!! တိုက်ရိုက်သွားချပြီး သွားဖြေရှင်းလိုက်မယ်"
မစတင်ခင်မှာ ချင်မိသားစုကို ဘယ်လို ဖျက်ဆီးရမလဲ ဆိုတာကို စဥ်းစားထားသင့်ပေမယ့် အခုချိန်မှာတော့ အဓိပတိနယ်ပယ်က စွမ်းအားရှင် သုံးယောက် ရှိနေတော့ ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး။ ပြေးဝင်ပြီး ပြိုင်ဘက်ရဲ့ ဘိုးဘေးကို သတ်ပစ်လိုက်ရုံပဲ။
ခွန်အားသည် အတိုင်းအတာ တစ်ခုအထိ ရောက်သွားသောအခါ တစ်ဖက်လူများ၏ ပူးပေါင်းကြံစည်မှု မှန်သမျှသည် အချည်းနှီး ဖြစ်လိမ့်မည်။
"တိုက်ရိုက်ပဲ သွားချမယ်?"
ဟန်မိသားစု၏ ဘိုးဘေးက ခေါင်းညိတ်လေသည်။
"ဒါက တကယ်ကို တိုက်ရိုက်အကျဆုံး နည်းလမ်းပဲ၊ ဒါပေမဲ့"
"ဒါပေမဲ့ ဘာလဲ?"
"တိုက်ပွဲစပြီးတာနဲ့ တော်ဝင်မိသားစုနဲ့ ကျောက်မိသားစုရဲ့ ဘိုးဘေးတွေ ဝင်ရောက်စွက်ဖက်မှာကို ကြောက်ရတယ်" ဟု ဟန်မိသားစု၏ ဘိုးဘေးက ပြောသည်။
"တော်ဝင်မိသားစုက ဝင်စွက်ဖက်မှာ သေချာတယ်... ကျောက်မိသားစုနဲ့ ပတ်သက်ပြီးတော့ သူတို့ကိုတားထားဖို့ ခင်ဗျားပဲ နည်းလမ်းရှာလိုက်ပါ....သူတို့ ကျုပ်တို့နဲ့ လာပူးပေါင်းရင် ကောင်းပါတယ်.... မလုပ်ချင်ရင်တော့ သူတို့ကို အရင်သတ်ပစ်မှာပဲ!"
လုရွှမ်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
တော်ဝင်မိသားစု၏ အုပ်စိုးမှုသည် ဟန်ချက်အမျိုးမျိုးရှိရန် လိုအပ်သည်။ အဓိက မိသားစုသုံးစု၏ ပေါင်းစပ်မှုကို သူတို့မြင်လိုသည်မှာ သေချာပါသည်။ ချင်မိသားစု ဖျက်ဆီးခံရပြီး ဟန်မိသားစု ကြီးစိုးသွားသည်နှင့် ၎င်းတို့အတွက် တော်ဝင်မိသားစု၏ အဆင့်အတန်းကို သေချာပေါက် ခြိမ်းချောက်လာမည် ဖြစ်သည်။
ထို့အတွက်ကြောင့် ချင်မိသားစုသည် သုတ်သင်ခံရသည်ကို သိပါက ၎င်းတို့သည် ရပ်တန့်သွားမည် ဖြစ်သည်။
အဓိက မိသားစုသုံးစုထဲက ကျောက်မိသားစုကတော့ ပူးပေါင်းဆောင်ရွက် လာရင် ကောင်းပါ၏။
"သခင်လေး...ကျုပ် ဘိုးဘေးနဲ့အတူ ကျောက်မိသားစုရဲ့ ဘိုးဘေးကို သွားတွေ့ပြီး သူ့ကို အနိုင်ယူဖို့ ကြိုးစားကြည့်မယ်... သူက မုယန်ဖုန်းရဲ့ တိုက်ခိုက်မှုလောက်နဲ့ အဆင်မပြေဘူး... ဒါကြောင့် ကျုပ်တို့ သုံးယောက်က သူ့ကို တရှိန်ထိုးသတ်ဖို့ ကြိုးစားကြရလိမ့်မယ်"
ဟန်ရောင်လည်း ဒီအချက်တွေကို တွေးပြီး ခြေတစ်လှမ်း ရှေ့တိုးရင်း စကားစလိုက်သည်။
"အင်း!"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
ကျောက်မိသားစု၏ ဘိုးဘေးနှင့် ဟန်မိသားစု၏ ဘိုးဘေးသည် အင်အားချင်း တူညီကြပြီး ၎င်းတို့ နှစ်ဦးစလုံးသည် အဓိပတိနယ်ပယ် အစောပိုင်းအဆင့်တွင် ရှိနေကြသည်။ ဟန်မိသားစု၏ ဘိုးဘေးသည် မုယန်ဖုန်း ဟန်ရောင်တို့နှင့် ပူးပေါင်းလိုက်ပါက သတ်ရတာ ပိုလွယ်သွားပြီ။
အဓိက မိသားစု သုံးခုအနက်မှ တစ်ဦးကို ချေမှုန်းခြင်းသည် ကြီးကြီးမားမား ဖြစ်ရပ်တစ်ခုဖြစ်ပြီး အမှားအယွင်း မရှိရသော ကိစ္စဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူသည် မဟာမိတ်ဖြစ်စေ ရန်သူဖြစ်စေ အမှားအယွင်း ရှိလို့မဖြစ်ပေ။
မဟုတ်ရင် သေးငယ်တဲ့ အမှားတစ်ခုက အစီအစဉ်ကို ပျက်စီးသွားနိုင်သည်။
"မုယန်ဖုန်း.... မင်း ဟန်ရောင်တို့နဲ့ လိုက်သွား ငါ ဒီမှာစောင့်နေမယ်!"
လုရွှမ်မှ ပြောလိုက်သည်။
"ဟုတ်ကဲ့!"
မုယန်ဖုန်းက ခေါင်းညိတ်ပြပြီး ဟန်ရောင်၊ ဟန်မိသားစု၏ ဘိုးဘေးတို့နှင့်အတူ ထွက်သွားလေသည်။
၎င်းတို့အားလုံးသည် အဓိကတိနယ်ပယ်က ထိပ်တန်း များဖြစ်ကြပြီး ယခုဆုံးဖြတ်ချက်ချပြီးပါက အချိန်မဆွဲတော့ပေ။
လုရွှမ်နှင့် ဟန်ရွှယ်တို့သည် ခြေသံများကို မကြားမီ ပင်မခန်းမတွင် နာရီဝက်ကျော်ကြာအောင် စောင့်ခဲ့ကြပြီး ဟန်မိသားစု၏ ဘိုးဘေးနှင့် အခြားသူများ ရှေ့သို့ ခန်းမဆောင်ထဲ ဝင်လာတာကို တွေ့လိုက်ရသည်။
"ကျောက်မိသားစုက.... ကျောက်ချွဲ့ ဆရာကြီးလုရွှမ်ကို ဂါဝရပြုပါတယ်!"
အဘိုးကြီး တစ်ယောက်က သူတို့သုံးယောက်နောက်ကနေ လိုက်လာခဲ့သည်။ လုရွှမ်ကိုတွေ့တော့ ချက်ချင်း လက်သီးဆုပ်လိုက်ရင်း တလေးတစား ဂါဝရပြုလိုက်လေ၏။
ကျောက်မိသားစုရဲ့ ဘိုးဘေး!
အခြေအနေကို သိပြီး လုံးလုံး လက်နက်ချသွားပုံပဲ!
"ဖြောင့်မတ်ခြင်း တရားကို နားလည်တဲ့ ညီနောင်ကျောက်က ချင်မိသားစုရဲ့ ဘိုးဘေးကို ဖြုတ်ချတော့မယ် ဆိုတာ ကြားတော့ ကျုပ်တို့ရဲ့အစီအစဉ်ကို ချက်ချင်းသဘောတူပြီး ကူညီဖို့ ဆန္ဒပြုလိုက်ပါတယ်!"
ဟန်မိသားစု၏ ဘိုးဘေးက ရယ်လျက် ဆိုလိုက်၏။
"အင်း အရမ်းကောင်းတယ်!"
လုရွှမ်လည်း ခေါင်းညိတ်သည်။
သူတို့လေးယောက် ပူးပေါင်းလိုက်ပါက ချင်မိသားစု၏ ဘိုးဘေးသည် အဓိပတိနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်လျှင်ပင် ပြိုင်ဘက်မဟုတ်တော့ဘဲ အလွယ်တကူ သတ်ပစ်နိုင်သည်မှာ သေချာပါသည်။
"ဟန်ရောင်....ချင်ကန် နဲ့ ချင်ရွှမ်းရဲ့ အလောင်းတွေကို အဆင်သင့်ပြင်ထားလိုက်.... အခုပဲ ချင်အိမ်တော်ကို သွားကြရအောင်!"
ဆွေးနွေးမှုအပြီးတွင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး လုရွှမ်နှင့်အတူ ခန်းမထဲမှ ထွက်လာခဲ့သည်။
ကလဲ့စားချေဖို့ ကန့်သတ်မထားပေမယ့် ချင်မိသားစုက သူ့ကို ထပ်ခါတလဲလဲ ဒုက္ခပေးခဲ့တယ်။ သူ့ရဲ့ ခွန်အားနဲ့ သတိထားမှုကြောင့်သာ မဟုတ်ရင် သူအရင်ကတည်းက အသတ်ခံနေရလောက်ပြီ။
ဒီလိုအခြေအနေမှာ ဘယ်လိုလုပ် ဒီအတိုင်း လွှတ်ထားရပါ့မလဲ?
သေချာပေါက် နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်မလာအောင် တိုက်ရိုက် ဖယ်ရှားပေးရမှာပေါ့!
ချင်အိမ်တော်တွင်။
ချင်မိသားစုက ပေးထားတဲ့ ကတိကိုတွေးရင်း ဆူးယာ စိတ်လှုပ်ရှားနေလေသည်။
သူမ အရင်က လုရွှမ်ကို အဆင့်နိမ့်တဲ့ နေရာမှာ ဘောင်ခတ်ချင်ပေမယ့် နောက်ဆုံးမှာတော့ သူမဟာ မြေပြင်ပေါ် အရိုက်ခံရပြီး အရှက်တရားမျိုးစုံကို ခံစားခဲ့ရလေသည်။
ဒီဘဝမှာ သူ့ကို လက်စားမချေ နိုင်တော့ဘူးလို့ ထင်ခဲ့ပေမယ့် ချင်မိသားစုနဲ့ အဆင်ပြေပြေ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။ ချင်မိသားစုရဲ့ အကြီးအကဲက သူမကို ချင်ဟွာနဲ့ လက်ထပ်ခွင့်ပြုဖို့ ဆုံးဖြတ်ချက် ချခဲ့သည်။
ချင်ဟွာသည် လုရွှမ်၏ ပြိုင်ဘက်မဟုတ်သော်လည်း သူသည် ခိုင်မာသော ဂိုဏ်းဆရာနယ်ပယ်က သခင်တစ်ဦးဖြစ်ပြီး အနာဂတ်တွင် ဘိုးဘေး၏ အမွေဆက်ခံသူလည်း ဖြစ်သည်။ သူ၏ဇနီးဖြစ်ခြင်းသည် ချင်မိသားစု၏ သခင်မ ဖြစ်လာခြင်းနှင့် ညီမျှလေသည်။
ဒီလိုကောင်းတဲ့ အချက်က ခွန်အားနဲ့ အဆင့်အတန်းကို နှစ်သက်တဲ့ သူမအတွက် အသင့်တော်ဆုံး နေရာတစ်ခုဆိုတာ သေချာပါ၏။
"ငါ ချင်မိသားစုရဲ့ သခင်မ ဖြစ်လာမယ့်နေ့ကို စောင့်နေလိုက်....နင့်ကို ၁၀ဆ မကဘူး ပြန်အရှက်ရစေမယ်!"
သူမ၏ လက်သီးများကို ဆုပ်ကိုင်ရင်း ဆူးယာ သွားများကို အံကြိတ်လိုက်သည်။
"မိန်းကလေးဆူးယာ.... ဘိုးဘေးကြီးက ဆင့်ခေါ်လိုက်ပါတယ်"
သွားတွေ ကိုက်နေတုန်း အစေခံတစ်ယောက် ရောက်လာ၍ သူမအား ချင်မိသားစု၏ ဘိုးဘေးကြီးက ခေါ်ခိုင်းလိုက်ကြောင်း ဆိုလေ၏။
"ဘိုးဘေးကြီး?"
"ဟုတ်ပါတယ်... ဘိုးဘေးက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပါပြီ....မိန်းကလေးက သခင်ငယ်နဲ့ လက်ထပ်တော့မယ် ဆိုတဲ့ သတင်းကြားတော့ မိန်းကလေးကို အထူးတလည် ဖိတ်ခေါ်ခိုင်းလိုက်တာပါ"
အစောင့်အကြပ်က လေးလေးစားစားနဲ့ ကြည့်တယ်။
"ရှေ့ကလမ်းပြ ပေးပါဦး!"
ဘိုးဘေးက ခေါ်တယ်ကြားတော့ ဆူးယာလည်း ကမန်းကတန်း လိုက်သွားသည်။
ချင်မိသားစုထဲသို့ ဝင်ရောက်ပြီးနောက် သူမသည် ဤဘိုးဘေးကြီးဟာ အမြင့်မြတ်ဆုံးသော အဓိပတိနယ်ပယ်ကို ရောက်နေသူဖြစ်ကြောင်း သိထားပြီး ၎င်းသည် ဝူယန်အင်ပါယာ တစ်ခုလုံးတွင် အပြင်းထန်ဆုံးထဲမှ တစ်ခုဖြစ်သည်။
သူ့ကို ကျေနပ်စေသရွေ့ ချင်မိသားစု တစ်ခုလုံးကို ထိန်းချုပ်တာနဲ့ ညီမျှပြီး မရေမတွက်နိုင်တဲ့ ဂုဏ်ကျက်သရေ၊ စည်းစိမ်နဲ့ အခွင့်အရေးတွေ ရလာလိမ့်မည်။
"ငါသေချာပေါက် သူနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို ထူထောင်ရမယ်... ဘိုးဘေးက စကားတစ်ခွန်း ပြောနေသမျှ အရှက်တရားတွေကို ပြန်ဆပ်ဖို့ဆိုတာ လုံးဝလွယ်ပါတယ်"
သူမ၏ မျက်လုံးများတွင် တင်းမာမှုတစ်ခု ပေါ်လာပြီး ဆူးယာသည် သူမ၏ နှလုံးသားထဲတွင် လျှို့ဝှက်ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။