ချင်မိသားစုဘိုးဘေးကို သတ်ခြင်း (ဒုတိယပိုင်း)
Vol. 16 Ch. 2.82
ဗုန်း ဗုန်းဗုန်း!
အဓိပတိနယ်ပယ် ၅ယောက်တို့အကြားက တိုက်ပွဲကြောင့် ချင်မိသားစု ခန်းမဆောင်ကြီးသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
"ပြေး!"
"ချင်းမိသားစု ပြီးသွားပြီ.... ပြေးတော့!"
သူတို့၏ ဘိုးဘေးသည် အပြင်းအထန် ဒဏ်ရာရကာ သွေးအန်တော့မည်ကို မြင်လိုက်ရသဖြင့် ချင်မိသားစုမှ လူတိုင်းသည် ချင်မိသားစု အမှန်တကယ် ပြီးဆုံးသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
ဘိုးဘေးရဲ့ ပံ့ပိုးကူညီမှုမရှိဘဲ တခြားမိသားစုကြီးနှစ်စုကို မပြောဘဲ တော်ဝင်မိသားစုကိုတောင် သူတို့ကို လွှတ်ထားမှာ မဟုတ်ဘူး။
ဘိုးဘေးရဲ့ အကာအကွယ်အောက်မှာ နှစ်တွေကြာလာတာနဲ့အမျှ သူတို့ဟာ တော်ဝင်မိသားစုကို လုံးဝဂရုမစိုက်ဘဲ မဆင်မခြင် ပြုမူခဲ့ကြသည်။ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖောက်တဲ့ ကြီးကြီးမားမားတွေ အလုပ်တွေလည်း အများကြီး လုပ်ခဲ့ကြသည်။
ဖူး!
ချင်မိသားစုမှ အားလုံး ထိတ်လန့် တုန်လှုပ်သွားကြသည်။
"ဘာလို့လဲ? ဘာလို့လဲ?"
ဟန်မိသားစု၏ ဘိုးဘေးနှင့် ကျောက်မိသားစု ဘိုးဘေးတို့သည် တစ်ယောက်ကို တစ်ယောက် ရိုးသားစွာ ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်ကြမည်ဟု မဆိုထားနှင့် တစ်ချိန်တည်းတွင် အဓိပတိနယ်ပယ် လေးယောက်ကပါ သူ့ကိုဝိုင်းထားမည်ဟု သူမထင်ထားခဲ့ပေ။
မိသားစု နှစ်စုကြားက ဆက်ဆံရေးက သိပ်ကောင်းတာ မဟုတ်ဘူးဆိုတာ သိထားရမည်။ ဒီတခေါက်မှာ သူတို့တွေ ပူးပေါင်းတိုက်ခိုက်လာခဲ့သည်။
ဘာတွေများ ဖြစ်နေတာလဲ။
သူ့အား ပို၍ပင် မယုံနိုင်စရာ ဖြစ်စေခဲ့သည်မှာ မြင့်မြတ်သော အဓိပတိနယ်ပယ် နှစ်ယောက်က မည်သည့်နေရာမှ ထွက်ပေါ်လာခြင်း ဟူသည့် အချက်ပင်။
"ဘာအကြောင်းပြချက်မှ မရှိဘူး.... မင်းအပြစ်ချင်ရင် အကောင်းအဆိုးကို မသိဘဲ သခင်ငယ်ကို စော်ကားနေတဲ့ မင်းရဲ့ချင်မိသားစုက လူတွေကိုပဲ အပြစ်တင်လိုက်!"
မုယန်ဖုန်းသည် တိုက်ခိုက်နေစဉ်တွင် အေးစက်စွာ ဟစ်အော်လိုက်သည်။
သူသည် အဓိပတိနယ်ပယ်၏ အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း ကောင်းကင်ဘုံကို သိမ်းပိုက်ခြင်း ဒြပ်စင်(၅)ပါး၏ အလွန်အစွမ်းထက်သော ကျင့်စဥ်ကို လေ့ကျင့်သုံးခဲ့ပြီး အစွမ်းသတ္တိမှာ သူ့ရှေ့ရှိလူထက် အားနည်းနေသည် မဟုတ်ပေ။
ထို့ပြင် သူ့ရဲ့တိုက်ခိုက်ရေး အတွေ့အကြုံက သက်တမ်း ပိုရှည်လေသည်။ တိုက်ပွဲနှင့်အတူ စွမ်းအင်ထိန်းချုပ်မှုတွင် ပိုမိုကျွမ်းကျင်လာကာ တိုက်ခိုက်ရေး စွမ်းရည်မှာလည်း ပိုမိုအားကောင်းလာပြီ ဖြစ်သည်။
"သခင်လေး? အဲဒါ လုရွှမ်လား?"
ထိုမှသာ ချင်မိသားစု၏ ဘိုးဘေးက နားလည်လာသည်။
"ဟုတ်တယ်! သခင်လေးကို လိုက်ရှာပြီး သတ်ပစ်ဖို့ လူတွေကို စေလွှတ်တာဟာ မင်းရဲ့ ချင်မိသားစု လုပ်ခဲ့တဲ့ အဆိုးဆုံးအရာပဲ!"
မုယန်ဖုန်းက အေးစက်စွာ အော်ဟစ်လိုက်ပြီး လှုပ်ရှားမှုတိုင်းတွင် သူ့လက်ထဲက ခွန်အားတွေက ပိုပြင်းထန်လာ၏။
ဝုန်း ဝုန်းဝုန်း
အဓိပတိနယ်ပယ် လေးယောက်ရဲ့ ပူးပေါင်းအားထုတ်မှု အောက်တွင် ချင်မိသားစု၏ ဘိုးဘေးက သန်မာနေလျှင်ပင် သူမည်သို့ ခုခံနိုင်မည်နည်း။ အချိန်တိုအတွင်း ပြင်းထန်စွာ ဒဏ်ရာရပြီး အချိန်မရွေး သေတော့မည် ဖြစ်သည်။
"ရပ်လိုက်!"
ချင်မိသားစု၏ ဘိုးဘေးကို အခင်းဖြစ်နေရာတွင်ပင် သတ်ခါနီးတွင် မိုးကြိုးပစ်သံကဲ့သို့ အရှိန်အဟုန်ပြင်းသည့် အသံတစ်သံ ထွက်ပေါ်လာပြီးနောက် အရပ်ရှည်သော အသွင်အပြင် တစ်ခုက ပြေးလာခဲ့သည်။
ဝူယန်အင်ပါယာ၏ နံပါတ်တစ်ပုဂ္ဂိုလ် ဘုရင်မင်းမြတ် ဟန်ချီပင်။
အဓိပတိနယ်ပယ် ၅ယောက်တို့အကြားက တိုက်ပွဲသည် အလွန် အာရုံခံစားမှု ဖြစ်စေ၍ ဘုရင်မင်းမြတ်အား စွဲဆောင်နိုင်ခဲ့သည်။
"ဟိုဘက်မှာ ဘာဖြစ်နေတာလဲ?"
"တစ်ယောက်ယောက် တိုက်ခိုက်နေကြပုံပဲ!"
ဘုရင်မင်းမြတ် ဟန်ချီသည် အထိတ်တလန့် ဖြစ်ရုံသာမက ဝူယန်ဘုရင်မြို့တော် တစ်ခုလုံးကလည်း ဤတိုက်ပွဲကို သတိပြုမိပြီး အားလုံးက ထိတ်လန့်သွားကြသည်။
အင်အားကြီးတပ်များသည် မြို့များကို ဖျက်ဆီးနိုင်စွမ်းရှိပြီး သန်းနှင့်ချီသော တပ်ဖွဲ့ဝင်များကြားတွင် စစ်ဗိုလ်ချုပ်များကို ခေါင်းဖြတ်နိုင်စွမ်းရှိသည်။
တန်ခိုးအကြီးဆုံး စွမ်းအားရှင်ငါးပါးသည် တစ်ချိန်တည်းတွင် တိုက်ခိုက်ပါက ၎င်းတို့၏ ပြောင်ပြောင်မြောက်သော ဖြန့်ကျက်မှုကို မထိန်းချုပ်နိုင်လျှင် ချင်မိသားစု တစ်ခုလုံးနှင့် တော်ဝင်တစ်ခုလုံးကိုပင် သာမက မြို့သည်လည်း ဒဏ်ခံနိုင်မည် မဟုတ်ပေ။
"အားလုံး ကျေးဇူးပြုပြီး ရပ်လိုက်ပါ.... ပဋိပက္ခ တစ်စုံတစ်ရာ ဖြစ်ပေါ်လာရင် ဖြေရှင်းဖို့ နည်းလမ်းတွေ ရှာနိုင်ပါတယ်...သေရေးရှင်ရေးကို ခွဲခြားနေဖို့ မလိုအပ်ပါဘူး"
ဘုရင်မင်းမြတ် ဟန်ချီသည် မရောက်မီ ကမန်းကတန်း ပြောလိုက်သည်။
"အရှင်မင်းကြီး စိတ်မပူပါနဲ့....သူ့ကို သတ်ပြီးတာနဲ့ ရှင်းပြပါ့မယ်"
မုယန်ဖုန်း မျက်ခုံးပင့်လိုက်ပြီး တစ်ဖက်ကို လျစ်လျူရှုကာ ဟန်ရောင် နှင့် အခြားလူများကို ကြည့်ကာ
"သခင်လေးက ချင်မိသားစုရဲ့ ဘိုးဘေးကို အမှားအယွင်းမရှိ သတ်ပစ်ဖို့ အမိန့်ပေးထားတယ်!"
ပြောပြီးတာနဲ့ ပြေးဝင်သွားပြန်သည်။
"မင်းတို့...."
မထင်မှတ်ဘဲ ဘုန်းတန်ခိုးကြီးသော ဘုရင်ကြီးသည် သူ့ကို ဆွဲဆောင်ရန် လာခြင်းသည် အသုံးမဝင်ခဲ့ပေ။ ဟန်ချီ၏ မျက်နှာသည် အုံ့မှိုင်းသွားသည်။
သူသည် သန်မာနေသော်လည်း သူ့ရှေ့တွင်ရှိ မြင့်မြတ်သော အဓိပတိနယ်ပယ် ငါးယောက်အား အနိုင်ယူရန် အခွင့်အလမ်း မရှိသည်ကို သူသိသည်။
ထို့အပြင် တစ်ဖက်လူကလည်း သခင်ငယ်အကြောင်း တစ်ခုခုပြောခဲ့သည်။
အဓိပတိနယ်ပယ် လေးယောက်ကို ကွပ်ကဲနိုင်သော ငယ်ရွယ်သော အရှင်သည် မည်သူဖြစ်မည်နည်း။ အင်ပါယာရှိ တန်ခိုးကြီးသော အင်အားစုတစ်ခုမှ ဆင်းသက်လာသူ ဖြစ်နိုင်ပါသလား။
ဒါကိုတွေးပြီး ဒေါသထွက်နေပေမယ့် ဆက်မစွက်ဖက်ရဲတော့ပေ။
သူသည် အင်ပါယာ၏ နံပါတ်တစ် ဘုရင်ဖြစ်သော်ငြားလည်း သူသည် မျက်စိစုံမှိတ်၍ မောက်မာလို့ မဖြစ်ပေ။ သူသည် ဝူယန်ဘုရင့်နိုင်ငံ၌ နံပါတ်တစ် ဆိုပေမယ့် အင်ပါယာ အပြင်ဘက်တွင်မူ ဘာမှမဟုတ်ပေ။
သေခါနီး ချင်မိသားစု၏ ဘိုးဘေးတစ်ဦးသည် အဘယ်သို့သော သခင်လေးကို စော်ကားမိသလဲ မသိ။ သူ၏ ဆုံးရှုံးမှုသည် အမြတ်ထက် သာလွန်နေသည်။
ဒါပေမဲ့ အဲဒီသခင်လေးက ဘယ်သူလဲ။
ဘုရင်မင်းမြတ် ဟန်ချီသည် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။
သူ့မျက်လုံးများသည် မဝေးလှသော နေရာက လုရွှမ်ကို လျင်မြန်စွာ တွေ့သွားသည်။
"ရွှမ်ဝမ် (ဘုရင်ရွှမ်) မင်းလည်း ဒီမှာဘဲ!"
သူ့ခန္ဓာကိုယ်ကို ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး လုရွှမ်ဆီကို ရောက်လာခဲ့သည်။
"ဘုရင်မင်းမြတ် ဟန်ချီ"
လုရွှမ်လည်း ပြန်နှုတ်ဆက်လိုက်သည်။
"အစောက အဲဒီအဓိပတိနယ်ပယ်က အစွမ်းထက်တဲ့လူက သခင်လေးဆိုတဲ့ စကားကို ပြောလိုက်တယ်....မင်းလာတာစောတော့ သူပြောခဲ့တဲ့ သခင်လေး ဘယ်မှာလဲဆိုတာ မင်းသိလား။ ငါလည်း သူ့ကို နှုတ်ဆက်ချင်လို့!"
ဘုရင်မင်းမြတ် ဟန်ချီက နှိမ့်ချစွာ အကြံဉာဏ်တောင်းလေသည်။
"ဟင်"
မထင်မှတ်ပဲ သူ့ကိုဒီလို မေးခွန်းမျိုး မေးလာလေတဲ့အခါ လုရွှမ် ခဏတာ အံ့ဩသွားပြီး ဘယ်လိုဖြေရမှန်း မသိတော့ချေ။
ဗုန်းဗုန်းဗုန်း!
သူတို့နှစ်ဦး စကားပြောနေချိန်တွင် ချင်မိသားစု၏ ဘိုးဘေးက ထိန်းမထားနိုင်တော့ဘဲ ခေါင်းကို ငုံ့ကာ အရှင်လေးပါး၏ ခေါင်းဖြတ်ခြင်းကို ခံလိုက်ရသည်။
ချင်မိသားစု၏ ဘိုးဘေးကို သတ်ပြီးနောက်တွင် မြင့်မြတ်သော အရှင်လေးပါးသည် လုရွှမ်ထံသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ ဟန်ရောင် နှင့် မုယန်ဖုန်းတို့သည် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြသည်။
"သခင်လေး!"
"အမိန့်အတိုင်း အဆုံးသတ်လိုက်ပါပြီ"
အသံက ကျယ်လောင်စွာ ထွက်ပေါ်လာရာ ပတ်ဝန်းကျင် တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"အာ?"
ဘုရင်မင်းမြတ် ဟန်ချီသည် နေရာတွင်ပင် အေးခဲသွားပြီး မျက်လုံးများသည် ကြမ်းပြင်ပေါ်အထိ ထွက်လုမတတ် ဖြစ်သွားသည်။
"မင်းက သူတို့ရဲ့ သခင်လေးလား?"
အခုလေးတင် အဓိပတိနယ်ပယ် လေးယောက်ကို အမိန့်ပေးနိုင်တဲ့ သခင်လေးက ဘယ်သူလဲလို့ မေးနေတုန်းပဲ ရှိသေး အဲဒီလူဟာ သူကိုယ်တိုင် ဘုရင်ရွှမ်ဘွဲ့ပေးခဲ့တဲ့ ဖြစ်နေမယ်လ်ို့တော့ မမျှော်လင့်ထားဘူး။
ဘုရင်မင်းမြတ် ဟန်ချီမှာ ခေါင်းမူးသွားပြီး မယုံနိုင်အောင် ဖြစ်သွားတော့သည်။
သူက သေးငယ်တဲ့ ကျန်းဝူအင်ပါယာကနေ လာတဲ့ လူငယ်လေး မဟုတ်ဘူးလား?
အဓိပတိနယ်ပယ်က လူတွေကို ဘယ်လိုလုပ် အမိန့်ပေးနိုင်တာလဲ?
ပြီးတော့ ဟန်ရောင်ကရော? သူက ဂိုဏ်းဆရာနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့် မဟုတ်ဘူးလား? ဘယ်တုန်းက အဓိပတိနယ်ပယ်ကို ဖြတ်ကျော်သွားတာလဲ။
စိတ်ထဲမှာ မေးခွန်းတွေ ဆက်တိုက် ပဲ့တင်ထပ်နေပေမယ့် သူတို့ကို ဘယ်လိုမေးရမှန်း မသိတော့ပေ။
"ထပါ!"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"သခင်လေး... ကျန်တဲ့ ချင်မိသားစုက လူတွေကို ဘယ်လိုလုပ်လိုက်ရမလဲ?"
မုယန်ဖုန်းက တစ်ချက်ကြည့်၍ မေးလိုက်သည်။
"ဂိုဏ်းဆရာနယ်ပယ် အထက်က လူအားလုံးကို သတ်လိုက်!"
လုရွှမ်သည် ပေါ့ပါးသော အမိန့်တစ်ခုကို ပေးလိုက်လေ၏။
မြက်ပင်များကို ခုတ်ထစ်ခြင်းတွင် အမြစ်များကို မဖယ်ရှားဘဲ ချန်ထားခဲ့ရင် နွေဦးလေညင်းက တိုက်ခတ်ပြီး ပြန်လည် အသက်ဝင်လာလိမ့်မည်။
သူဒီကိုလာတုန်းက ကျောင်းအုပ်ကြီး ဟန်ရောင်ကို အထူးတလည် မေးခဲ့သေးသည်။ ချင်မိသားစုက သူတို့ရဲ့ သြဇာကို အားကိုးပြီး မကောင်းမှုမျိုးစုံ လုပ်ခဲ့ကြသည်။ တခြားအရာတွေကို မပြောဘဲ နှစ်စဉ်နှစ်တိုင်း ရာနဲ့ချီတဲ့ အမျိုးသမီးတွေ နှိပ်စက်ညှဉ်းပန်း ခံနေရတာကိုပဲ ပြောရလျှင်ပင် ဒီလိုမိသားစုမျိုး ရှိလျှင် အနှေးနဲ့အမြန်ဆိုသလို ကပ်ဆိုးတစ်ခု ဖြစ်လာလိမ့်မည်။
အဲဒါကို ဖယ်ရှားပစ်လိုက်တာက ပိုကောင်းပါ၏။
"ဟုတ်!"
မုယန်ဖုန်း နှင့် ဟန်ရောင်တို့သည် ဆုတ်ခွာသွားကြပြီး ခဏအကြာတွင် တဖန်ပြန်လာကြသောအခါ ချင်မိသားစု၏ ဂိုဏ်းဆရာနယ်ပယ်နှင့် အထက် သခင်များအားလုံး အသတ်ခံခဲ့ရပြီး ချင်ဟွာပင် မနှမြောဘဲ အလောင်းအဖြစ် ပြောင်းလဲသွားခဲ့သည်။
"သခင်လေး... ဒီမိန်းမကရော?"
မုယန်ဖုန်း ဆူးယာကိုပါ ခေါ်ဆောင်လာခဲ့သည်။
ယခုအချိန်တွင် ဆူးယာ၏ မျက်နှာသည် ဖြူဖျော့နေပြီး သူမသည် ယခင်ကကဲ့သို့ မသန်စွမ်းတော့ပေ။
သူမကို ကောင်းကင်သို့ပျံတက်အောင် ကူညီပေးနိုင်သည့် ချင်မိသားစုကြီးသည် သူမ နှိမ့်ချခဲ့ဖူးသော လူငယ်လေး၏ သုတ်သင်ခြင်းကို ခံခဲ့ရပြီလေ။
"ငါတကယ် နောင်တရပါပြီ"
သူမသည် နောက်ဆုံးတွင် နောင်တရခြင်း၏ အဓိပ္ပါယ်ကို နားလည်ခဲ့ပြီး သူမ၏နှလုံးသားသည်လည်း ဓားတစ်ချောင်းကဲ့သို့ နာကျင်နေပါပြီ။
သို့သော် နောင်တရရန်မှာ အသုံးမဝင်တော့ကြောင်း သူမသိပါသည်။ ကောင်လေးနှင့် သူမသည် ကမ္ဘာနှစ်ခုရှိ လူများဖြစ်နေပြီ ဖြစ်ပြီး သူမတို့သည် ယခင်ကကဲ့သို့ မဖြစ်နိုင်တော့ပေ။
"လွှတ်ထားလိုက်.... သူ့ဘဝက သေသေရှင်ရှင် ငါနဲ့ဘာမှမဆိုင်ဘူး!"
ကောင်လေးက သူ့လက်ကို ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်လေ၏။
"လုရွှမ်"
ဆူယာအော်သံ ထွက်လာပေမယ့် တစ်ဖက်က ထွက်သွားလေပြီ။
လက်ရှိအချိန်ဟာ မည်သူ့ကိုမျှ လျှော့မတွက်ပါနှင့်ဟု သူမသဘောပေါက်သည့် အခိုက်အတန့်လေးပင် ဖြစ်သွားသည်။