← Chapters

ဖီးနစ်အမွှေးကိုလက်ဝယ်ရခြင်း (ဒုတိယပိုင်း)

Vol. 17 Ch. 2.92

ဖီးနစ်အမွှေးကိုလက်ဝယ်ရခြင်း (ဒုတိယပိုင်း)

Vol. 17 Ch. 2.92

"အဲဒါ ဖီးနစ်အမွေးပဲ!"

သူ ထိတ်လန့်သွားသလိုပဲ ကျီးကန်းရဲ့ အသံက သူ့စိတ်ထဲမှာ ပေါ်လာသည်။

"သေချာတယ်!"

တစ်ဖက်လူရဲ့ အတည်ပြုချက်ကို ကြားတော့ လုရွှမ်က ခေါင်းညိတ်ပြီး

"ဘယ်လိုသန့်စင်ရမလဲ?"

"ဖီးနစ်အမွေးက မီးတောက် ဂုဏ်သတ္တိရှိပြီး သေခြင်းက ပြန်လည်မွေးဖွား လာနိုင်ပေမယ့် ယွမ်ယန်ကျင့်စဥ်က ဘယ်ဒြပ်စင်ရဲ့ စစ်မှန်တဲ့ ဝိညာဥ်ချီကိုမဆို အတုယူနိုင်တယ်... ဆိုတော့ မင်းချဥ်းကပ်သွားနိုင်ဖို့ နည်းလမ်းရှာနိုင်ရင် သူ့ကို သန့်စင်နိုင်ပြီ"

ကျီးကန်းက ရှင်းပြလေသည်။

ယိပေါင်ဟုခေါ်သော ကောင်းကင်နဲ့ မြေကြီးရဲ့စွမ်းအင်က မွေးဖွားလာသော ရတနာများသည် ဝိညာဥ်ချီကျင့်စဥ် မကိုက်ညီပါက သန့်စင်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဝူယန် တော်ဝင်မိသားစုမှ ဤရတနာအား တံဆိပ်ခတ်ထားသော်လည်း သန့်စင်နိုင်ခြင်း မရှိခဲ့ပေ။

"ဘယ်လို ချဥ်းကပ်သွားရမလဲ?"

ပြဿနာက သူတို့ရှေ့ကို ရောက်နေပြီ။

သူ့ရှေ့က မီးတောင်ဝဟာ မီတာဆယ်ဂဏန်းလောက် ကျယ်လေသည်။ ဖီးနစ်အမွေးက မီးတောင်ဝရဲ့ အထက်မှာ တိုက်ရိုက် ရပ်တန့်နေ၏။ ခုန်ချပြီး ရှေ့ကိုရောက်လာနိုင်ပေမယ့် နောက်အခိုက်အတန့်မှာ တစ်ခါတည်း ပြာကျသွားလိမ့်မည်။

လုရွှမ်၏ ဆင်သံချပ်ရွှေကိုယ်ထည်သည် ခွန်အားတစ်ခုအထိ လေ့ကျင့်ထားသော်လည်း အဆ ထောင်ပေါင်းများစွာ ပူပြင်းသော ချော်ရည်ဒဏ်ကို မခံနိုင်သေးပေ။

ပြုတ်ကျသွားရင် သေချာပေါက် သေလိမ့်မည်။

ချော်ရည်ကို ဖြတ်ပြီး တံတားဆောက်ဖို့ ပစ္စည်းတွေ အများကြီးနဲ့ မရေမတွက်နိုင်တဲ့ အချိန်နာရီတွေ လိုအပ်ပြီး ဆူညံသံတွေက အရမ်းထွက်လာလိမ့်မည်။ သူ့မှာ လောလောဆယ် အဲဒီစွမ်းရည် မရှိဘူး။

"ပျံနိုင်ရင် ကောင်းမယ်"

ပျံသန်းနိုင်ရင် အဲဒီကို လွယ်လွယ်ကူကူနဲ့ ကူးသွားနိုင်ပြီ။

သနားစရာက သူဟာ အတုတံဆိပ်နယ်ပယ်က လူသားလေးသာ ဖြစ်လေသည်။ ပျံသန်းခြင်းသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ရှိ ကျင့်ကြံသူများသာ ပြုလုပ်နိုင်သော အရာဖြစ်ပေ၏။

"ဟင်? ပျံတာလား?"

သူ့အတွေးကို ခံစားလိုက်ရသည်နှင့် သူ့နှလုံးသားသည် ရုတ်တရက် လှုပ်ရှားသွားသည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုအောက်တွင် သစ်သားနီသည် သူ့ရှေ့သို့ ပျံသန်းလာခဲ့သည်။

"ငါ့ရဲ့ လက်ရှိခွန်အားနဲ့ သဘာဝအတိုင်း မပျံသန်းနိုင်ဘူး... ဒါပေမဲ့ ဝိညာဉ်သခင်ကရော? ဝိညာဉ်သခင်က ဒီလိုနေရာမှာ သန်မာတာပဲ"

ပြုံးရင်း စိတ်စွမ်းအားဖြင့် ထိန်းချုပ်လိုက်စဥ် သစ်သားနီသည် သူ့ခြေရင်းသို့ ပျံတက်သွားသည်။

ဝူ!

နောက်အခိုက်အတန့်တွင် လူတစ်ကိုယ်လုံး ဖြည်းညှင်းစွာ ပေါ့ပါးလာခဲ့သည်။

ဝိညာဥ်သခင် များသည် အထူး အရာဝတ္ထုများကို ထိန်းချုပ်နိုင်ပြီး သဘာဝကျကျ သစ်သားနီကနေ တစ်ဆင့်လည်း လူကိုပျံသန်းနိုင်အောင် ထိန်းချုပ်နိုင်သည်။

သူ့ရဲ့ ဝိညာဉ်စွမ်းအားက အခုထိ ၁ကို မရောက်သေးဘူး ဆိုတော့ အားတင်းပြီး ထိန်းချုပ်ရင်တောင် ခပ်ဝေးဝေးကို ပျံသန်းဖို့ တော်တော်ခက်လိမ့်မည်။

"ထားလိုက်တော့... ဖီးနစ်အမွေးဆီကိုပဲ အရင်သွားလိုက်ရအောင်"

သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး သစ်သားနီပေါ်မှ အချိန်မရွေး ပြုတ်ကျသွားတော့မည်ဟု ခံစားရသဖြင့် လုရွှမ်သည် တုံ့ဆိုင်းမနေဝံ့ဘဲ သူ့ရှေ့က မီးတောင်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။

မီးတောင်ဝထဲသို့ သူဝင်သွားသည်နှင့် တပြိုင်နက် တောက်လောင်နေသော မီးတောက်များ လျှံတက်လာသည်။ လုရွှမ်၏ ခန္ဓာကိုယ်ပေါ်ရှိ အဝတ်များသည် ချက်ချင်း ပြာများအဖြစ်သို့ ပြောင်းလဲသွားပြီး သူ့အရေပြားသည် ခြောက်သွေ့ အက်ကွဲကာ လောင်ကျွမ်းတော့မည်ဟု ထင်ရသည်။

ချော်ရည်နဲ့ ကွာဝေးနေတာတောင် အရမ်းပူနေတာ ပြုတ်ကျရင် တိုက်ရိုက်ပြာမှုန့် ဖြစ်သွားမလားတောင် မသိဘူး။

"ယွမ်ယန်ဝိညာဥ်ချီ.... မီးတောက်စွမ်းအင်ကို တုပစေ!"

အရင်က ကျီးကန်းပြောခဲ့တဲ့ စကားအတိုင် ယွမ်ယန်ရဲ့ စစ်မှန်တဲ့ ဝိညာဥ် စွမ်းအင်တွေဟာ ပျံ့နှံ့သွားလေသည်။ ယွမ်ယန်ဝိညာဥ်ချီက ချက်ချင်းပဲ တစ်ကိုယ်လုံးကို ဝန်းရံထားတဲ့ မီးတောက်အဖြစ် ပြောင်းလဲသွားပါတော့သည်။

ယွမ်ယန်ကျင့်စဥ်သည် သူတော်စင်အဆင့်ထက် သာလွန်သော ကျင့်စဥ်တစ်ခုဖြစ်သည်။ ယခင်က အဂ္ဂိရတ်ပညာကို သန့်စင်သောအခါတွင် ယွမ်ယန်ဝိညာဥ်ချီကို မီးတောက်အဖြစ် အသုံးပြုခဲ့သည်။ ယခုအခါ ၎င်းသည် ရှုပ်ထွေးလွန်းခြင်း မရှိဘဲ ကောင်းကောင်း အလုပ်လုပ်နေ၏။

ခန္ဓာကိုယ်မှ မီးတောက်များနှင့် စစ်မှန်သော ဝိညာဥ်ချီ၏ ကာကွယ်မှုဖြင့် ပူလောင်သော ခံစားမှုကို အမှန်တကယ် သက်သာလာစေသည်။

သစ်သားနီကို ထိန်းချုပ်ရင်း လျင်မြန်စွာ ချဉ်းကပ်လာပြီး ခဏအကြာတွင် သူသည် ရှေ့သို့ ရောက်လာပြီး လက်ဖဝါးကို မြှောက်ကာ ဖီးနစ်အမွေးကို လှမ်းထိလိုက်သည်။

ဟုန်းဟုန်း!

သူ့လက်ချောင်းတွေ ဖီးနစ်အမွေးဆီကို မရောက်ခင်မှာပဲ သူ့လက်ဖဝါးကို တံဆိပ်ခတ်ထားတဲ့ သံနဲ့တူတဲ့ အပူလှိုင်းတွေ ရိုက်ခတ်လာ၏။

"ပူလိုက်တာ!"

လုရွှမ်ချက်ချင်း သူ့လက်ကို ပြန်ရုတ်လိုက်ရသည်။

အောက်က ချော်ရည်ဟာ အရမ်းပူနေလို့ လူတွေကို ပြာဖြစ်အောင် မီးရှို့နိုင်မယ် ဆိုရင် သူ့ရှေ့က အမွေးတွေက ပိုပြီးတော့ အစွမ်းထက်မှာ သေချာလေသည်။

ဤအရာသည် အပူ၏ အတိုင်းအတာထက် ကျော်လွန်၍ ပူလောင်နေပြီး မည်သည့်အရာမဆို နီးကပ်လာသည်နှင့်အမျှ ၎င်းသည် ပြာမှုန့်အဖြစ် ပြောင်းလဲပစ်မည့်ပုံရသည်။

ကြောက်စရာပဲ!

ရုပ်ခန္ဓာသာမကဘဲ စစ်မှန်သော စွမ်းအင်ကိုပင် လောင်ကျွမ်းစေနိုင်သည်။

"ဖီးနစ်အမွေးက ဘယ်အရာကိုမဆို ပြာဖြစ်အောင် လုပ်ပစ်နိုင်တယ်... ရတနာစာရင်းမှာ အဆင့် ၁၈ ရှိတယ်... မင်းကလက်နဲ့ ကိုင်ချင်တယ်ပေါ့ သူတော်စင် အဆင့်တောင် မလုပ်နိုင်ဘူးကွ!"

သူ့လှုပ်ရှားမှုတွေကို မြင်လိုက်ရတော့ ကျီးကန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဘယ်လိုလုပ်မလဲ?"

မထိနိုင်ဘူးဆိုရင် ဘယ်လို သန့်စင်ရမလဲ။

"ရေခဲသွေးဆေး?"

"မင်း 'အ'တော့ မ'အ'သေးဘူးပဲ"

ကျီးကန်းက နှာမှုတ်၍

"ရေခဲသွေးဆေးက ရေခဲမုန်တိုင်းလို သွေးဆေးပဲ...သွေးကြောတွေကို ပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်...ဆေးကိုသုံးပြီး ဖီးနစ်အမွေးကို အာကာသ မှော်လက်နက်ထဲ အရင်ထည့်လိုက်....ငါ မင်းအတွက် သန့်စင်ဖို့ နည်းလမ်းစဥ်းစားထားပေးမယ်!"

"အင်း!"

လုရွှမ်လည်း ခေါင်းညိတ်ပြပြီး ကျောက်စိမ်းပုလင်းကို ထုတ်ကာ ပုလင်းထဲက ရေခဲသွေးဆေးကို မျိုချလိုက်သည်။

ဗုန်း!

အဂ္ဂိရတ်ဆေး ခန္ဓာကိုယ်ထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံးရှိ သွေးများသည် ချက်ချင်း အေးခဲသွားသလို ခံစားလိုက်ရသည်။ ထိုအအေးဒဏ်ကြောင့် သူ့စိတ်ဝိညာဥ်ပင် ရေခဲတုံးကြီး ဖြစ်သွားတော့မလိုပင်။

ဆေး၏ အကျိုးသက်ရောက်မှုကို ခံစားမိလိုက်သည်နှင့် လုရွှမ်သည် သူ၏ခွန်အားကို ထိန်းကာ ဖီးနစ်အမွေးကို လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။

ဖီးနစ်အမွေးကို ထပ်မံထိမိသော်လည်း ရေခဲသွေးဆေး၏ အကူအညီဖြင့် ယခင်က ခံနိုင်ရည်မရှိသော ပူလောင်သော အပူကို ယခုတော့ ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။

ချက်ချင်းပင် ဖီးနစ်အမွေးသည် သူ့လက်ဖဝါးထဲသို့ ကျလာသည်။

"သိမ်း!"

တုံ့ဆိုင်းမနေဘဲ ဖီးနစ်အမွေးကို ရလိုက်ပြီဆိုတာ သိလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းပြားထဲကို ချက်ချင်း ထည့်သိမ်းလိုက်သည်။

အာကာသ မှော်လက်နက်သည် တိမ်ပင်လယ် နယ်ပယ်တွင်ပင် မရှိသည့်အပြင် ကြီးမားလှသော စွမ်းအားလည်း ပိုင်ဆိုင်ထားသည်။ ဖီးနစ်အမွေးသည် ရှားပါးရတနာ တစ်ခုဖြစ်သလို အလွယ်တကူ ရှာမတွေ့နိုင်ချေ။

ဖီးနစ်အမွေးများကို ကျောက်စိမ်းပြား၏ နေရာထဲကို ထည့်လိုက်ပြီးနောက် လုရွှမ်သည် ချက်ချင်းပင် အရှိန်ပြင်းပြင်းနှင့် မီးတောက်များထက်မှ ပြေးထွက်လာခဲ့သည်။

ဝှစ်!

မီးတောင်ဝရဲ့ အကွာအဝေး အတွင်းကနေ ထွက်သွားတာနဲ့ သူ့ခေါင်းမှာ ရုတ်တရက် မူးဝေသွားပြီး သစ်သားနီပေါ်ကနေ ပြုတ်ကျသွားလေ၏။

စိတ်ဝိညာဉ်သခင်သည် သစ်သားနီကို ထိန်းချုပ်ခြင်းဖြင့် ပျံသန်းနိုင်သော်လည်း သူ၏လက်ရှိ ဝိညာဉ်စွမ်းအား အတိုင်းအတာမှာ အလွန်နည်းပါးလွန်းလှသည်။ ဤမျှ အချိန်အကြာကြီး ထိန်းထားနိုင်ခဲ့တာ အံ့ဖွယ်တစ်ခုပင် ဖြစ်နေပြီ။

"အရမ်းအေးတာပဲ"

မီးတောင်ခံတွင်းဝမှ ဝေးကွာ သွားသောအခါ အဂ္ဂိရတ်ဆေး၏ အာနိသင်သည် မပြီးဆုံးသေးဘဲ နှင်းခဲအလွှာတစ်ခုသည် ခန္ဓာကိုယ်ပေါ်တွင် ချက်ချင်း ဖုံးလွှမ်းသွားပြီး သွေးများသည်လည်း အေးခဲလာသည်။

"စကားမပြောခင် ဒီကနေအရင် ထွက်သွားရအောင်"

လုရွှမ်သည် သူ့သွားများကို အံကြိတ်ကာ ယွမ်ယန် ဝိညာဥ်ချီကို ဖြန့်ကျက်လိုက်ပြီးနောက် မတ်တပ်ရပ်လိုက်သည်။

ဖီးနစ်အမွေး လက်ထဲတွင် ရှိနေသဖြင့် သူသည် ဤနေရာတွင် ကြာကြာမနေနိုင်တော့ အမြန်ထကာ ထွက်သွားရမည်။

မြေကြီးပေါ် ခြေနင်းမိသည်နှင့် ချက်ချင်းပင် လှေကားဆီသို့ ပြေးသွားခဲ့သည်။ သို့သော် လှေကားထစ်တွေရဲ့ အပြင်ကို မရောက်သေးခင်မှာပဲ ခြေသံတစ်သံကို ကြားလိုက်ရ၏။

ရှပ် ရှပ်ရှပ်!

အပေါ်မှ တစ်စုံတစ်ယောက် ဆင်းလာပုံရသည်။

"သွားပြီ! တစ်ဖက်လူက ဖီးနစ်အမွေးမှာ အထူးလှည့်ကွက်တစ်ခု ထားခဲ့ရမှာပဲ... အဲဒါ ပျောက်သွားတာနဲ့ သူတို့ သိသွားလိမ့်မယ်"

လျင်မြန်သော ခြေသံကို ကြားလိုက်ရသော် လုရွှမ် ချက်ချင်းသဘော ပေါက်သွားပြီး သူ့မျက်နှာကလည်း မည်းမှောင်သွားသည်။

အပေါ်ကနေ ဆင်းလာတဲ့ လမ်းက တစ်လမ်းတည်းဖြစ်တာကြောင့် အခုချက်ချင်း တက်သွားရင် သေချာပေါက် တွေ့သွားလိမ့်မည်။

အကယ်၍ ယခင်က ဝိညာဉ်သခင်၏ စွမ်းအင် အကူအညီဖြင့် ပြိုင်ဘက်သည် အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်ဖြစ်လျှင်ပင် သူသည် ခိုးဝင်တိုက်ခိုက် သတ်ဖြတ်နိုင်သော်လည်း ယခုအခါ ဝိညာဉ်နီသစ်သားဖြင့် ဝိညာဉ်စွမ်းအားများ ကုန်ဆုံးလုနီးပါးဖြစ်နေပြီ။

ခေါင်းကလည်း မူးဝေနေပြီမို့ လုံးဝ မတိုက်နိုင်တော့ပေ။ ပြီးတော့ သူ့မှာ ခွန်အားတွေ ရှိသေးတယ် ဆိုရင်တောင် သူဟာ တစ်ဖက်လူရဲ့ ပြိုင်ဘက် မဟုတ်ဘူး။

ခေါင်းကို လှည့်ကြည့်လိုက်ရင်း သူ့မျက်နှာက ပို၍ပင် လေးနက်လာသည်။

သူ့နောက်က နေရာလွတ်ကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မီးတောင်ဝတစ်ခုပဲ ရှိပြီး တခြား ပုန်းအောင်းစရာ နေရာလည်း မရှိဘူး။ အပြင်ကလူဟာ ဖီးနစ်အမွေး ပျောက်ကွယ်သွားကြောင်း သိတာနဲ့ သေသေချာချာ ရှာဖွေမှာဖြစ်လို့ ပုန်းနေလည်း တွေ့သွားနိုင်သည်။

"ဘယ်လိုလုပ်မလဲ?"

စိုးရိမ်စိတ်တွေ အပြည့်နဲ့ ပုန်းနေရာ နေရာများကို လှည့်ကြည့်လိုက်သည်။

"ချော်ရည် အတွင်းပိုင်း"

ရုတ်တရက်ပင် ရဲရဲတင်းတင်း အကြံတစ်ခု ပေါ်လာ၏။

ဤနေရာ၌ ပုန်းအောင်းရန် တစ်ခုတည်းသော နေရာမှာ ချော်ရည်ထဲပင် ဖြစ်သည်။ အတွင်း၌ ပူလွန်းလို့ တစ်စုံတစ်ယောက် ပုန်းအောင်းနေသည်ဟု တစ်ဖက်လူက ဘယ်သောအခါမှ ထင်ထားမည်မဟုတ်။

ဝုန်း!

အချိန်က ဘယ်သူ့ကိုမှ မစောင့်ပေ။ တစ်ဖက်လူက သူ့ဆီ ချက်ချင်း ရောက်လာမယ်ဆိုတာ သိလိုက်ပြီမို့ လုရွှမ် မဆိုင်းမတွဘဲ ချော်ရည်ပူထဲ တည့်တည့် ခုန်ဆင်းသွားတော့သည်။

ချော်ရည်သည် ပူသော်လည်း သူ့တွင် ရေခဲသွေးဆေးက ခန္ဓာကိုယ်ကို အကာအကွယ် ပေးသောကြောင့် အချိန်တိုအတွင်း ကြီးကြီးမားမား ပြဿနာ မရှိနိုင်ပေ။

ချော်ရည်ပြင် တစ်ခဏ လှုပ်ခတ်သွားပြီး လူလည်း ပျောက်ကွယ်သွား၏။

သူဝင်သွားသည်နှင့် လှေကားထိပ်မှာ လူအရိပ် တစ်ခု ရုတ်တရက် ပေါ်လာသည်။ တော်ဝင်မိသားစုရဲ့ ဘိုးဘေးသည် လွတ်နေတဲ့ မီးတောင်ဝကို ကြည့်ပြီး ဒေါသတကြီး အော်ဟစ်လိုက်ပါတော့သည်။

All Chapters