အဓိပတိနယ်ပယ်
Vol. 17 Ch. 2.94
"အခု ငါမင်းကို နန်းတော်ပင်လယ်နဲ့ ရှားပါးရတနာတွေ သန့်စင်ဖို့ နည်းလမ်းကို သင်ပေးမယ်"
ကျီးကန်းသည် အပိုစကားတွေ ဆက်မပြောတော့ဘဲ စိတ်လှုပ်ရှားစွာဖြင့် အလင်းတန်း တစ်ခုကို လုရွှမ်ဆီသို့ ပစ်လွှတ်လိုက်လေသည်။
တခဏချင်းမှာပဲ လုရွှမ်ခေါင်းထဲမှာ နန်းတော်ပင်လယ်ရဲ့ ရတနာတွေကို သန့်စင်နိုင်တဲ့ အပိုနည်းလမ်းတစ်ခုက ပေါ်လာခဲ့၏။
"ဒါက...."
တစ်ချက် ကြည့်လိုက်ပြီးနောက် လုရွှမ် အံ့သြသွားသည်။
သူ၏ယခင်ဘဝတွင် အဓိကဂိုဏ်းကြီးခြောက်ခု၏ မရေမတွက်နိုင်သော လျှို့ဝှက်စာအုပ်များကို ဖတ်ရှုခဲ့ပြီး လေ့ကျင့်ရေး နည်းလမ်းများစွာကို အလွတ်ကျက်ခဲ့ရာ လူသား စာကြည့်တိုက်ဟုပင် ခေါ်ဆိုနိုင်ခဲ့သည်။ လက်ရှိအတွေးထဲက အရာနဲ့တော့ နှိုင်းယှဉ်စရာပင် မရှိပါ။
၎င်းတွင်ရှိသော စိတ်ကူးယဉ်ဆန်သော နည်းလမ်းများသည် လူသားများ၏ စိတ်ကူးယဉ်ထားတာထက် ကျော်လွန်နေမည်မှာ သေချာပါသည်။
အမှတ် ၃၆ခုကို သွေးကြောတစ်ခုတည်းနဲ့ ချိတ်ဆက်ထားခဲ့သလိုပဲ။ သူ့ကိုသာ အဖြေရှာခိုင်းမယ်ဆိုရင် အနှစ်၁၀၀ သို့မဟုတ် အနှစ် ၁၀၀၀ ကြာသွားရင်တောင် စဥ်းစားနိုင်မှာ မဟုတ်တဲ့ နည်းလမ်းတစ်ခုပဲ။
ဒါပေါ့ လုရွှမ်က တုံးနေလို့ပဲ လို့တော့ မဆိုလိုပါဘူး။ သူ မတ်တပ်ရပ်နေတဲ့ အရပ်က သူ့အကြည့်တွေကို ဆုံးဖြတ်ပေးသလိုပါပဲ။ သူကဘယ်လောက်ပဲ ထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါစေ ပြီးပြည့်စုံတဲ့ ကျင့်စဥ်တစ်ခုကိုတော့ မတီထွင်နိုင်ဘူးလေ။
သို့သော် ဤနည်းလမ်းကိုမြင်လျှင် သူ့စိတ်ထဲတွင် တံခါးတစ်ခု ပွင့်သွားသလိုပင်။ သူသည် ယခုအချိန်တွင် ဖီးနစ်အမွေးများကို မသန့်စင်ထားသော်လည်း ဉာဏ်အလင်းဖြင့် သူ၏အနာဂတ် ကျင့်ကြံမှုသည် ပိုမိုမြင့်မားသောအဆင့်သို့ ခုန်တက်သွားမည်မှာ သေချာပါသည်။
"စလိုက်ရအောင်!"
သူ့စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင်ထိန်းပြီးနောက် လုရွှမ်သည် ယင်းအကြောင်းကို တွေးမနေတော့ဘဲ သူ့အခြေအနေကို ထိန်းညှိရန် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူ မတ်တတ်ထရပ်လိုက်သည့် အခိုက် မျက်လုံးများက ရွှေရောင်တောက်နေလေသည်။
သစ်သားနီကို ထိန်းချုပ်ထား၍ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအားကို အပြည့်အဝ ပြန်လည်ရရှိသွားပြီ ဖြစ်သည်။ လုရွှမ်သည် ဖီးနစ်အမွေးထံသို့ ခြေလှမ်းအနည်းငယ်ဖြင့် ရောက်လာပြီး ၎င်းကို ဖမ်းရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ဗုန်း!
ဖီးနစ်အမွေးသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်မှ မွေးဖွားလာသော ရှားပါးရတနာ တစ်ခုဖြစ်သည်။ သေမျိုးအသွင် ကူးပြောင်းခြင်းနယ်ပယ်က လူတစ်ယောက် ထိလိုက်လျှင်ပင် ချက်ချင်း စူးရှတောက်ပသော အလင်းတန်း တစ်ခုကို ထုတ်လွှတ်လိမ့်မည်။
လုရွှမ်သည် ထိုအကြောင်းအား သိထားတာကြောင့် ရေခဲသွေးဆေးကို ထုတ်၍ သောက်ထားပြီးသား ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ယွမ်ယန်၏ ဝိညာဥ်ချီ စွမ်းအင်သည် အရှိန်အဟုန်ဖြင့် လွှမ်းသွားသည်။
"ဒီကိုလာစမ်းပါ!"
လုရွှမ် ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်ပြီး စွမ်းအားတွေ ပေါက်ကွဲထွက်လာကာ ဖီးနစ်အမွေးကို ရုတ်တရက် ဖမ်းလိုက်ပြီး သူ့ပါးစပ်ထဲကို ထည့်၍ မျိုချလိုက်တော့သည်။
အလွန်ပူလောင်သော ဖီးနစ်အမွေးသည် သူ့ခန္ဓာကိုယ်ထဲသို့ မီးတောက်များအဖြစ် ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လုရွှမ်၏ တစ်ကိုယ်လုံး ချက်ချင်း အရည်ပျော်သွားတော့မလို ဖြစ်သွား၏။
ရေခဲသွေးဆေး၏ ကောင်းမှုကြောင့်သာ မဟုတ်ပါက သူ့တစ်ကိုယ်လုံး နီရဲနေပြီး မည်သည့်အချိန်တွင် မဆို လောင်ကျွမ်း ပြာကျသွားပေလိမ့်မည်။
ပြင်းထန်သော ဝေဒနာသည် သူ့အား လက်မခွဲချင်း ထိုးခွဲနေသလိုပင်။ အခြားသူဆိုလျှင်တော့ ကြာရှည်စွာ မထိန်းထားနိုင်ဖို့က သေချာသော်လည်း လုရွှမ်သည် သူ့မျက်နှာတွင် အနည်းငယ်သော အမူအရာမျှ မရှိပေ။ သူ၏ရုပ်ခန္ဓာသည် သူ့မဟုတ်သကဲ့သို့ပင်။
"သန့်စင်မယ်!"
မျက်လုံးများသည် လျှပ်စီးကြောင်းများ ကဲ့သို့ တဖျတ်ဖျတ် ခတ်လျက် ကျီးကန်းသင်ပေးသော နည်းလမ်းသည် ချက်ချင်းပင် အလုပ်ဖြစ်လေသည်။
သူ၏ယခင်ဘဝတွင် သူသည် ကမ္ဘာ၏ထိပ်ပိုင်းသို့ တက်လှမ်းနိုင်ခဲ့သည်။ မရေမတွက်နိုင်သော စမ်းသပ်မှုများနှင့် ဒုက္ခများကို ဖြတ်သန်းခဲ့ဖူးသည်။ ထိုအချိန်က ကြယ်တစ်သောင်းမြစ်တွင် ခံစားခဲ့ရသော နာကျင်မှုသည် ယခုအချိန်ထက် ပိုမိုပြင်းထန်ခဲ့သည်။
ထို့အတွက်ကြောင့် မည်မျှပင် နာကျင်နေပါစေ သူသည်းခံနိုင်သည်။
ဝူ!
သန့်စင်နည်း အလုပ်လုပ်လာသည်နှင့် အမျှ သူ့တစ်ကိုယ်လုံး မလှုပ်မယှက် ကျောက်ရုပ်အဖြစ် ပြောင်းလဲသွားသည်။
ဟုန်းဟုန်း!
ခဏအကြာတွင် လုရွှမ်၏ ခန္ဓာကိုယ်သည် မီးတောက်များကဲ့သို့ လောင်ကျွမ်းလာသည်။ သူ့ခန္ဓာကိုယ် မျက်နှာပြင်သည် ခြောက်သွေ့အက်ကွဲကာ အရေပြားသည် ကျောက်မီးသွေးကဲ့သို့ နီရဲလာသည်။
နောက်အခိုက်အတန့်တွင် အရေပြားသည် ဖောက်ထွင်းမြင်လာရပြီး အေးစက်သော လေသည် လွှမ်းခြုံသွားပြန်ရာ နှစ်ထောင်ပေါင်းများစွာကြာအောင် ဘယ်တော့မှ မပျော်နိုင်သော ရေခဲအဖြစ် ပြောင်းလဲသွားသည်။
အပူအအေးက သူ့ခန္ဓာကိုယ်ထဲ ၉ကြိမ်တိတိ တစ်လှည့်စီ ပြောင်းလဲနေ၏။
လုရွှမ်သည် ကမ္ဘာပေါ်တွင် အနာကျင်ဆုံး ညှဉ်းပန်းနှိပ်စက်မှုကိုလည်း ကြုံတွေ့ခဲ့ဖူးသည်။ယခင်က ကွင်းကိုးကွင်းနယ်ပယ်၏ ရိုက်ခတ်မှုသည် အလွန်နာကျင်သည်ဟု ဆိုရလျှင် ဤအရာနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့်မြေကြီးလို ကွာခြားပြီး တူညီမည် မဟုတ်ပေ။
ဝုန်း!
ပူလောင်သော အပူဒဏ်နှင့် အေးခဲသော အအေးဒဏ်ကို ကိုးကြိမ်မြောက် ခံနိုင်ရည်ရှိပြီးနောက် ခန္ဓာကိုယ်တွင်းမှ ကျားဟိန်းသံနှင့် ဆင်တူသည့် အသံတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်၏ တုန်ခါမှုနှင့်အတူ အမှတ်၃၆ခုဟာ ပွင့်ထွက်လာ၏။
ကျောက်စိမ်းပြား အတွင်းမှ ထူထဲသော ဝိညာဥ်ချီသည် သူ့ခန္ဓာကိုယ်ဆီသို့ အာရုံကြောများတစ်လျှောက် ပြင်းထန်စွာ တိုးဝင်လာသည်။
တိမ်ဆွဲမျှော်စင်ရဲ့ ကိုးထပ်ကို ဖြတ်သွားတဲ့အခါက မရေမတွက်နိုင်တဲ့ ဝိညာဥ်ချီကို ဆုလာဘ်တွေအဖြစ် ပေးခဲ့သည်လေ။ ထိုအရာများကို ကျောက်စိမ်းပြား အတွင်းမှာ သိမ်းဆည်းထားရာ အားလုံးဟာ ဒီအချိန်မှာပဲ အသုံးဝင်လာခဲ့ပြီ။
ဝိညာဥ်ချီများသည် အမှတ် နှင့် သွေးကြောတစ်လျှောက် ဝမ်းဗိုက်အောက်ပိုင်းသို့ တဖြည်းဖြည်း စီးဆင်းလာသည်။
ဤအခိုက်အတန့်တွင် လုရွှမ်၏ ဒန်တန်တွင် နန်းတော်ပင်လယ် နှစ်စင်းသည် မျောပါနေပြီး ၎င်းတို့သည် စိတ်ဝိညာဉ်စွမ်းအင်ကို ရူးသွပ်စွာဝါးမျိုကာ စစ်မှန်သော ဝိညာဥ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနေသည်။
ဒုတိယ နန်းတော်ပင်လယ် အောင်မြင်ပြီ။
ပုံပန်းသဏ္ဌာန်အားဖြင့် ဤနန်းတော်ပင်လယ်သည် ဖီးနစ်ငှက်နှင့် အတိအကျ တူလေသည်။ နယ်ကယ်က အမွေးများနှင့်တူပြီး အလွန်ကျယ်ဝန်းသည်။
ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် စိမ့်ဝင်မှုနှင့်အတူ ပထမအဆင့် နန်းတော်ပင်လယ်ကြီး နှစ်စင်းသည်လည်း ဝိညာဉ်စွမ်းအင်များ အရှိန်ပြင်းပြင်းကြားတွင် ပိုမိုကြီးမားလာပြီး ပိုမိုထူထဲလာသည်။
ဘယ်လောက် ကြာသွားသလဲ မသိ။
လုရွှမ် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"အောင်မြင်ပြီ"
သူဟာ နာကျင်မှုအောက်မှာ ခံနိုင်ရည် မရှိတော့ဘူးလို့ တွေးခဲ့မိပြီး နောက်ဆုံးအထိ ခံနိုင်ရည်ရှိမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးချေ။
ထိုကဲ့သို့ နာကျင်ရသော တန်ကြေးအတွက် ဆုလာဘ်မှာလည်း အလွန်ရက်ရောလှသည်။ ပထမဆုံးအနေနဲ့ ကျီးကန်းပြောသလိုပဲ ဒုတိယနန်းတော်ပင်လယ်ဟာ ဖီးနစ်အမွေးရဲ့ အကူအညီနဲ့ အမှန်တကယ် ပွင့်သွားခဲ့သည်။
ပထမအဆင့် နန်းတော်ပင်လယ် နှစ်စင်းသည် တစ်ခုနှင့်တစ်ခု ဝန်းရံထားပြီး တစ်ခု ယစီတွင် စစ်မှန်သော ဝိညာဥ်စွမ်းအင် အမြောက်အမြားကို သိမ်းဆည်းထားသည်။ စစ်မှန်သော စွမ်းအင် တစ်ခုတည်းအရ သူသည် တူညီသော အဆင့်တွင်ရှိ လူများကို အသာလေး အနိုင်ယူနိုင်မှာ ဖြစ်ပေ၏။
ဒုတိယအနေနှင့် ဖီးနစ်အမွေးကို သန့်စင်ခြင်းဖြင့် ကောင်းကင်ကို အံတုနိုင်သော စွမ်းရည်အချို့ကို ရရှိခဲ့သည်။
မသေနိုင်တဲ့ ကိုယ်ခန္ဓာက မဖြစ်နိုင်သေးပေမယ့် ဖီးနစ်အမွေးတွေနဲ့ ပေါင်းစပ်ထားတဲ့ နန်းတော်ပင်လယ်ထဲမှာ စီးဆင်းနေတဲ့ မီးတောက်တွေက ယွမ်ယန်ရဲ့ စစ်မှန်တဲ့ ဝိညာဥ်စွမ်းအင်က ပြောင်းလဲသွားတဲ့ မီးတောက်တွေထက် ဆယ်ဆ ပိုပြင်းထန်ပါသည်။
"ဒါက ကျီးကန်းပြောတဲ့ ဖီးနစ်မီးပဲ ဖြစ်မယ်!"
သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
ဤမီးတောက်၏ ပြင်းထန်သော စွမ်းအားကို သူ ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ အဓိပတိနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်က လူတို့နှင့် တွေ့ဆုံလျှင်ပင် ၎င်းတို့သည် တခဏချင်း မီးလောင် ကျွမ်းသွားပေလိမ့်မည်။
ဝူး!
သူတွေးနေစဉ်မှာပင် နန်းတော်ပင်လယ်မှ မီးတောက်များ ချက်ချင်း ခုန်ထွက်လာပြီး သူ့နောက်ကျောကို ပျံ့နှံ့သွားကာ တောင်ပံပုံသဏ္ဌာန်ကြီး ထွက်ပေါ်လာ၏။
ဖီးနစ် အတောင်ပံတွေ!
ဝူ!
လူတစ်ကိုယ်လုံး အနည်းငယ် ရပ်တန့်သွားပြီး လေထဲတွင် ငြိမ်သက်စွာ ပျံသန်းသွားခဲ့သည်။
"တကယ်ကြီး ပျံသန်းနိုင်တာပဲ"
လုရွှမ် ကျေနပ်စွာ ရယ်မောလိုက်သည်။
ပျံသန်းနိုင်တာကို အသက်ကယ်တဲ့ အရင်းအနှီးတစ်ခုလို့ ယူဆကြသည်။ ပြိုင်ဘက်က ဘယ်လောက်ပဲ ပြင်းထန်နေပါစေ မပျံသန်းနိုင်သရွေ့တော့ အနိုင်ယူနိုင်ပါလိမ့်မည်။
ဖီးနစ် အတောင်များကို ရုတ်သိမ်းကာ လုရွှမ်သည် သူ့ကိုယ်ပိုင် ကျင့်ကြံမှုကို ကြည့်လိုက်သည်။
ဖီးနစ်အမွေးကို သန့်စင်ဖို့ပဲ တွေးနေခဲ့တာ ဒီကာလအတွင်းမှာ သူ့ရဲ့ ခွန်အားတွေ တိုးလာမလား မသိဘူး။ ခဏအကြာမှာ သူ့နှုတ်ခမ်းများ အံ့သြစွာ ပွင့်ဟသွားသည်။
"အဓိပတိနယ်ပယ်? ငါအဓိပတိနယ်ပယ် အစောပိုင်းအဆင့်ကို ရောက်သွားပြီ?"
ဖီးနစ်အမွေးကို အောင်မြင်စွာ သန့်စင်ပြီး ဒုတိယနန်းတော်ပင်လယ်ကို ဖွင့်လှစ်ပြီးနောက် သူ၏ ခွန်အားသည် အတုတံဆိပ်နယ်ပယ်၏ အလယ်အဆင့်မှ အမှန်တကယ် ခုန်တက်သွားပြီး ဂိုဏ်းဆရာနယ်ပယ်ကို ကျော်သွားကာ အဓိပတိနယ်ပယ် အစောပိုင်းအဆင့်သို့ တိုက်ရိုက် ရောက်ရှိသွားပေသည်။
ကြီးမားသော အဆင့်နှစ်ခုကို ကျော်တက်သွားခဲ့ခြင်း။
"ဒါက မြန်လွန်းတယ်!"
လုရွှမ် မယုံနိုင် ဖြစ်သွားသည်။
အဆင့်မြင့်လာတာနဲ့ အမျှ တဖြည်းဖြည်း နှေးကွေးလာပါသည်။ သူမွေးဖွားပြီးကတည်းက အရှိန်အဟုန်နဲ့ တိုးတက်လာပေမယ့် အဆင့်တစ်ခုကို မကျော်သွားဖူးဘဲ အဆင့်တိုင်းကို စုစည်းဖို့ ကြိုးစားခဲ့သည်။
ရှားပါးရတနာ တစ်ခုအနေဖြင့် ဖီးနစ်အမွေးကို သန့်စင်ပြီးပါက သူ၏ ကျင့်ကြံမှုသည် ကျိန်းသေပေါက် တိုးလာမည်ကို သိထားသည်။ ဂိုဏ်းဆရာနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်လျှင်ပင် ကံကောင်းပြီဟု သူထင်ခဲ့သော်လည်း သူသည် တိုက်ရိုက်ဖြတ်ကျော်ကာ အဓိပတိနယ်ပယ်သို့ပင် ရောက်ရှိသွားခဲ့သည်။
အဓိပတိနယ်ပယ်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် နှင့် အကန့်အသတ်မရှိ နီးကပ်နေပြီ။
အဓိပတိနယ်ပယ် အထိရောက်ဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမယ်လို့ ထင်ခဲ့ပေမယ့် ဖီးနစ်အမွေးကို သန့်စင်ပြီး ဒီအထိ အောင်မြင်သွားဖို့တော့ မမျှော်လင့်ထားဘူး။
"ဒါက မြန်တယ်? ဒါက အဆင့်၁၈ ရှိတဲ့ ရှားပါးရတနာ ဖီးနစ်အမွေး!! တခြားသူသာဆိုရင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို တိုက်ရိုက် ဖြတ်ကျော်သွားဖို့တောင် ပြဿနာမရှိဘူး!"
သူ့စကားကြားတော့ အဝေးက ကျီးကန်းက ဟစ်အော်လိုက်၏။
လုရွှမ်က ပြန်မဖြေပေမယ့် တစ်ဖက်လူပြောတာက မှန်ကန်တယ် ဆိုတာကို သိသည်။
သူသည် ကျင့်ကြံသူတစ်ဦး ဖြစ်လာအခါ ကွင်းကိုးကွင်းကို ထိုးဖောက်သည်။ တန်းတိနယ်ပယ်မှာ တန်းလိစွမ်းအင် ၉ခုရအောင် လုပ်သည်။ အမှတ်၃၆ခုကို သွေးကြောတစ်ခုတည်းနဲ့ ချိတ်ဆက်ခဲ့ပြီး ကျင့်ကြံမှု ကန့်သတ်ချက်များကို စိန်ခေါ်ခဲ့သည်။
သူ၏ ကျင့်ကြံမှုသည် သာမန်ကျင့်ကြံသူများထက် အဆများစွာ သာလွန်နေပြီ ဖြစ်သည်။
သူသည် ဖီးနစ်အမွေးကို သန့်စင်ခြင်းဖြင့် အဓိပတိနယ်ပယ်သို့ တိုက်ရိုက် ရောက်ရှိနိုင်သော်လည်း အခြားသူတစ်ဦးသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ထိမှန်ရန် ဖြစ်နိုင်ချေလည်း ရှိသည်။
ဘာသာပြန်သူ - မူရင်းစာရေးသူက ဒီအပိုင်း ၉၄မှာ Arc 2 ကို အဆုံးသတ်ပြီး နောက်ပိုင်းကို ၁ က ပြန်စထားပါတယ်။ စာဖတ်သူတွေအနေနဲ့ အပိုင်းတွေကို လျစ်လျူရှုပြီး ဇာတ်လမ်းကိုပဲ ဆက်ဖတ်နိုင်ပါတယ်