← Chapters

နှုတ်ဆက်ပါတယ် ချန်တုံး

Vol. 18 Ch. 3.15

နှုတ်ဆက်ပါတယ် ချန်တုံး

Vol. 18 Ch. 3.15

"သခင်လေး... အခု စာရင်းသွင်းဖို့ ယင်းယန်အကယ်ဒမီကို သွားမှာလား"

ဆိုင်မှ ထွက်လာပြီးနောက် မုယန်ဖုန်းက မေးသည်။

"စာရင်းသွင်းဖို့ မလောပါဘူး.... ငါနောက်မှသွားလိုက်မယ်။ အခု ငါ့ကို ဘယ်သူက အနှောင့်အယှက် ပေးနေတာလဲဆိုတာ ကြည့်ရအောင် မင်းကို ခေါ်သွားပေးမယ်!"

လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။

"အနှောင့်အယှက် ပေးတဲ့သူလား?"

မုယန်ဖုန်း အနည်းငယ် စိတ်ရှုပ်သွားသည်။

"အဲ့ဒီကောင်နောက်ကို လိုက်ကြည့်လိုက်ရင် တစ်ခုခု တွေ့ရလိမ့်မယ်!"

လုရွှမ်က မထိန်းနိုင်ဘဲ ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးပြရုံသာ ပြလိုက်သည်။ သူ့လက်ချောင်းတွေ သွားရာနောက်မှာ သူတို့နဲ့ လောင်းကစား လုပ်ခဲ့တဲ့ လူလတ်ပိုင်း အရွယ်ပဲ ဖြစ်သည်။

တစ်ဖက်လူက သူတို့နဲ့ အလောင်းအစားလုပ်ပြီး သင်ခန်းစာတစ်ခု ပေးပြီးမှ လွှတ်လိုက်ပေမယ့် လူကိုတော့ မသတ်ခဲ့ဘူး။

"သခင်လေး... ဒီလူမှာ တစ်ခုခု မှားနေပြီ" မုယန်ဖုန်း အံ့ဩသွားသည်။

"ငါတို့က လှံရှည်တစ်ချောင်းကို ဝယ်ချင်လာတဲ့ အချိန်မှာ သူရုတ်တရက် ပေါ်လာပြီး လေလံဆွဲတာ ထူးဆန်းတယ်လို့ မထင်ဘူးလား? သူငါတို့ကိုမသိရင် ငါတို့မှာ ပိုက်ဆံမရှိဘူး ဆိုတာ ဘယ်လိုသိလဲ? ပြီးတော့ ဂိုဏ်းဆရာနယ်ပယ် တစ်ယောက်က ရွှေစသန်း ၆၀ ကို ကြုံသလို ပေးနိုင်မယ် ထင်လို့လား?

လုရွှမ် ပြုံး၍ ဆိုလိုက်သည်။

"ဒါ...."

မုယန်ဖုန်း ခဏလောက် ထိတ်လန့်သွားပြီး ချက်ချင်း သဘောပေါက်သွားသည်။

ဒါပေါ့ သူတို့နှစ်ယောက်ကို မသိရင် သူတို့မှာ ပိုက်ဆံမရှိလို့ လောင်းဖို့ သတ္တိမရှိဘူးဆိုတာ သူဘယ်လိုလုပ် သိနိုင်မလဲ?

မောက်မာတယ် ဆိုရင်တောင် ပြောင်ပြောင်တင်းတင်း ပြဿနာလာ မရှာသင့်ပေ။ ထို့အပြင် ၎င်းသည် ရွှေစသန်း ၆၀ ဖြစ်သည်။ လုံလောက်သော စွမ်းအားနှင့် စွမ်းရည်မရှိပါက ၎င်းတို့ကို အလွယ်တကူ ထုတ်နိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

သူ့အား တစ်စုံတစ်ဦးမှ ညွှန်ကြားထားသည်မှာ သေချာပါ၏။

"ငါတို့ ပေရွှီးအင်ပါယာကို အခုမှရောက်တာဆိုတော့ ဒီမှာဘယ်သူ့ကိုမှ မသိသေးဘူး!"

မုယန်ဖုန်းမှာ ထူးဆန်းနေသည်။

သူတို့နှစ်ဦးသည် ပေရွှီးအင်ပါယာသို့ ရောက်ရှိခဲ့သည်မှာ တစ်နာရီပင် မပြည့်သေးတာကြောင့် မည်သူကိုမျှ မသိကြပေ။

"သိတဲ့လူဟုတ်လား မဟုတ်လားဆိုတာ သွားကြည့်ရင် ရှင်းပြီ!"

လုရွှမ်က သိပ်ရှင်းပြမနေပါ။

ရိုးရိုးသားသား ပြောရရင် ဒီလူကို ဘယ်သူ ပို့လိုက်တာလဲ ဆိုတာ ထိုလူရဲ့ မူမမှန်တဲ့ ပုံစံကိုကြည့်ပြီး သိနိုင်သည်။

သူတို့နှစ်ဦးသည် လူလတ်ပိုင်းအရွယ် အမျိုးသားနောက်သို့ အနီးကပ်လိုက်ကာ ခုနစ်လမ်း သို့မဟုတ် ရှစ်လမ်း ဆက်တိုက် လျှောက်လာကာ လမ်းကြားတွင် ရပ်လိုက်ကြသည်။

ဝှစ်!

ထိုလူသည် ဇတ်ကနဲ လှည့်ကြည့်လိုက်သော်လည်း လုရွှမ် နှင့် အခြားလူများကို မတွေ့ခဲ့ပါ။ လူလတ်ပိုင်းအရွယ် အမျိုးသားသည် လမ်းကြားထဲသို့ တိုးဝင်လာသည်။

"ဘယ်လိုလဲ?"

လမ်းကြားမှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။

"သခင်လေးကို ဒီလက်အောက်ငယ်သားက သတင်းပို့ပါတယ်... လက်အောက်ငယ်သားက သခင်လေးရဲ့ မျှော်လင့်ချက်တွေကို မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး!"

လူလတ်ပိုင်းအရွယ်က ရှက်ကိုးရှက်ကန်းနဲ့ ခပ်မြန်မြန်ပဲ ပြောလိုက်သည်။

"အဆင်မပြေဘူးလား? ဘာဖြစ်တာလဲ?"

အသံက ဒေါသသံထွက်နေပြီး အနည်းငယ်လည်း အံ့သြနေပုံရသည်။

"အဲဒါက....."

ဖြောင်း ဖြောင်းဖြောင်း!

လူလတ်ပိုင်းအရွယ် အမျိုးသား ရှင်းပြရန် အချိန်မရသေးမီ လမ်းအ၀င်ဝတွင် လက်ခုပ်သြဘာသံများ ထွက်ပေါ်လာပြီး လုရွှမ်နှင့် မုယန်ဖုန်းတို့ ဖြတ်ဝင်လာခဲ့သည်။

"သခင်လေးချန်တုံး ဟုတ်တယ်မလား ငါရောက်တာနဲ့ မင်းကိုတွေ့မယ်လို့ မမျှော်လင့်ထားဘူး။ ဒီအစီအစဉ်က အံ့သြစရာ ကောင်းတယ်... တော်လိုက်တာ တော်လိုက်တာ!"

လမ်းကြားထဲကို ဝင်လိုက်တာနဲ့ လုရွှမ်က အသံပိုင်ရှင်ကို ချက်ချင်း မှတ်မိလိုက်သည်။

ချန်တုံး။ လန်ရော့ရှင်းကို နှောင့်ယှက်လို့ သူ့ဆီကနေ အတွယ်ခံလိုက်ရတဲ့ အန်းဝူအင်ပါယာက သခင်လေး ချန်တုံးပဲ ဖြစ်သည်။

ဤလူသည် ယင်းယန်အကယ်ဒမီမှ ရွေးချယ်ခြင်းကို မခံခဲ့ရသော်လည်း ယခု ရောက်ရှိနေပြီ ဖြစ်သည်။ သူထွက်သွားပြီးနောက်တွင် အရာများစွာ ဖြစ်ပျက်သွားပုံရသည်။

"လုရွှမ်...."

သူပေါ်လာတာကို မြင်တော့ ချန်တုံးရဲ့အမူအရာက ရုပ်ဆိုးသွားတော့သည်။ သူဘယ်လောက်ပဲ မိုက်မဲနေပါစေ သူ့လက်အောက် ငယ်သားရဲ့ နောက်ကနေ လိုက်လာခဲ့တယ်ဆိုတာ သဘောပေါက်သည်။

ဖြောင်း!

တစ်ဖက်လူရဲ့ မျက်နှာကို ရိုက်ချလိုက်သည်။

"အမှိုက်ကောင်!"

"ဟုတ်ကဲ့... သခင်လေး"

လူလတ်ပိုင်း၏ အသားအရေမှာလည်း ရုပ်ဆိုးသွားသည်။ သူပြန်လာသောအခါတွင် ကြိမ်ဖန်များစွာ လှည့်ပတ် ကြည့်သော်လည်း သူ့နောက်ကို လိုက်လာသူ မည်သူမျှ မတွေ့ခဲ့ပေ။

"ငါ သိချင်နေတာက... ငါပေရွှီးမြို့ကို ရောက်တာ မင်းဘယ်လိုသိတာလဲ!"

လုရွှမ်က တစ်ချက်ကြည့်လိုက်သည်။

"ငါလည်း အခုနက ပစ္စည်းတစ်ခု ဝယ်နေတာလေ... မင်းနဲ့တွေ့တာ အံ့သြစရာတော့ မဟုတ်ဘူး!" ချန်တုံးက ဟစ်အော်လိုက်သည်။

"ကောင်းပြီ...ငါယုံလိုက်မယ် မုယန်ဖုန်း ဒီကောင်က ငါ့ကို ဝင်နှောင့်ယှက်ရဲတယ် ဆိုတော့ နည်းနည်းလောက် သင်ခန်းစာပေးလိုက်!"

အဓိပ္ပါယ်မဲ့ စကားတွေပြောဖို့ ပျင်းလွန်းတဲ့ လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက မကောင်းတာမို့ ဟန်ဆောင်နေစရာ မလိုပါဘူး။

"ဟုတ်ကဲ့ သခင်လေး!"

ပါးစပ်ထောင့်များ ကွေးညွတ်သွားကာ မျက်လုံးများ အေးစက်လာတဲ့ မုယန်ဖုန်းက စိတ်လှုပ်ရှားစွာ ပြုံး၍ တစ်ဖက်ကို လှမ်းကြည့်လိုက်သည်။

ဆယ်မိနစ်လောက် ကြာတော့ သူတို့နှစ်ယောက် လမ်းကြားထဲကနေ ထွက်လာတဲ့အထိ သူတို့နောက်မှာ အော်သံတွေ ဆက်တိုက် ထွက်ပေါ်လာနေဆဲပင်။

"ဒီကောင် တော်တော်ချမ်းသာမယ်လို့ မမျှော်လင့်ထားဘူး။ သူ့မှာ ရွှေစသန်း ၂၀၀ လောက် ရှိတယ်"

သူ့လက်ထဲက ရွှေရောင်ကတ်ပြားကို ကိုင်ထားရင်း မုယန်ဖုန်း၏ မျက်လုံးများက တောက်ပနေသည်။ သူက တစ်ဖက်လူကို သင်ခန်းစာတစ်ခု သင်ပေးရင်း တစ်ဖက်က ပစ္စည်းအားလုံးကို သဘာဝကျကျ လုယူလာခဲ့သည်။

သူနှင့်အတူ ရွှေစ သန်း ၂၀၀ တန် ရွှေကဒ်ပြားကို ယူဆောင်လာခဲ့သည်။

"သခင်လေး... သူက အန်းဝူအင်ပါယာက မဟုတ်ဘူးလား? အန်းဝူအင်ပါယာက ကျန်းဝူအင်ပါယာနဲ့ သိပ်မကွာဘူး...ဒီလောက် ပိုက်ဆံအများကြီး လွယ်လွယ်သုံးနိုင်တဲ့ မိသားစုမျိုး မရှိနိုင်ဘူး"

ရွှေကတ်ကို ကိုင်ထားလျက် နည်းနည်း ထူးဆန်းသလို ခံစားလာရ၏။

ရွှေစသန်း ၂၀၀ဆိုတာ ကျန်းဝူအင်ပါယာတွင် ကိုင်ဆောင်နိုင်သူ မိသားစုမရှိသလို အန်းဝူအင်ပါယာသည် ကျန်းဝူအင်ပါယာ ကဲ့သို့ အဆင့်နိမ့်သော နိုင်ငံတစ်ခုမျှသာ ဖြစ်သည်။ မိသားစုငယ်လေးများထဲမှ သခင်လေးသည် ငွေများစွာကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း။

"ဂိုဏ်းဆရာနယ်ပယ်က မိသားစုငယ်လေးမှာ ကျွန်ခံနိုင်မလား" လုရွှမ် ရယ်လိုက်သည်။

"အင်း ဒါအမှန်ပဲ!"

ထိုမှသာ မုယန်ဖုန်း တုံ့ပြန်ခဲ့သည်။

လူလတ်ပိုင်းအရွယ်က ဂိုဏ်းဆရာနယ်ပယ်ပင်။ ဒီခွန်အားရှိတဲ့လူက သူ့အတွက် ဘာမှမဟုတ်ပေမယ့် အန်းဝူအင်ပါယာမှာတော့ လုံးဝမဖြစ်နိုင်ဘူး။

ကျန်းဝူအင်ပါယာ၏ ဘုရင်မင်းမြတ်သည်ပင် အတုတံဆိပ်နယ်ပယ်သာ ရှိသေးသည် အလားတူ အဆင့်ရှိ နိုင်ငံတစ်ခု အနေဖြင့် အန်းဝူအင်ပါယာသည် ဤမျှတောက်ပလိမ့်မည် မဟုတ်ပေ။

ဘုရင်ကြီးတောင် ဂိုဏ်းဆရာနယ်ပယ် မရောက်သေးရာ မိသားစုငယ်လေးထဲက သခင်လေး တစ်ယောက်က ဂိုဏ်းဆရာနယ်ပယ်ကို သူ့ကျွန်ဖြစ်ခွင့်ပေးပြီး အလိုရှိတိုင်း ရိုက်နှက်ဆုံးမ နိုင်ပါ့မလား။

"အတိအကျတော့ ငါလည်း မသိဘူး... ဒါပေမဲ့ သူက ပေရွှီးအင်ပါယာမှာ နောက်ခံရှိရမယ် မဟုတ်ရင် ပေရွှီးမြို့ကို ရောက်တာနဲ့ ငါတို့အကြောင်း သူသိမှာ မဟုတ်ဘူး!" လုရွှမ်က ခေါင်းခါလိုက်ပြီး

"ကောင်းပြီ သူဘယ်သူလဲ ဂရုမစိုက်ဘူး... ငါ့ကို နှောင့်ယှက်လို့ကတော့ ဘယ်လောက် ပြန်ပေးဆပ်ရမယ် ဆိုတာတော့ သူ့ကိုသိအောင် ငါပြောပြရမယ်"

ပေရွှီးအင်ပါယာတွင် မည်သူမဆို သူ့နောက်ခံအခြေအနေ မည်သို့ပင်ရှိစေကာမူ၊ သူ့ကို မစော်ကားမိဖို့ အကောင်းဆုံးပါပဲ၊ မဟုတ်ရင် သူ့ဆီကို ကြီးကြီးကျယ်ကျယ် ပြန်ပေးဆပ်ရလိမ့်မည်။

လုရွှမ်၏ မျက်လုံးများတွင် အလင်းတန်းများကို မြင်လိုက်ရတော့ လုရွှမ်က မကူညီနိုင်ဘဲ ခေါင်းယမ်းလိုက်သည်။

ဤသခင်လေးသည် နုပျိုနေသော်လည်း သူ့ကို စော်ကားရန် သေချာစွာ တွေးတောသင့်သည်။ မဟုတ်ပါက သူသည် မည်သို့မည်ပုံ သေဆုံးမည်ကိုပင် မသိလိုက်ဘဲ ဖြစ်သွားမည်။

အခြားမည်သည့်အရာမျှ မပြောနှင့် ချင်မိသားစုက ဥပမာတစ်ခု ဖြစ်သည်။

ထိုအချိန်တွင် ချင်မိသားစုသည် ဝူယန်အင်ပါယာ၌ ပထမအဆင့် ရှိခဲ့သည်။ မည်သူမျှ မထိဝံ့ဘဲ တော်ဝင်မိသားစုသည်ပင် သတိထား၍ ဆက်ဆံခဲ့ရသည်။ နောက်ဆုံးတွင် သခင်ငယ်ကို စော်ကားသောကြောင့် ၎င်းတို့သည် ဘယ်သူမှ မကျန်ဘဲ သုတ်သင်ခံလိုက်ရသည်။

"ကံကောင်းလိုက်တာ... ငါက သူ့အစေခံဖြစ်ဖို့ ရွေးချယ်ခဲ့ပြီး သူ့ရန်သူ မဖြစ်ခဲ့ဘူး"

တစ်ချိန်တည်းမှာပင် မုယန်ဖုန်းသည် တိတ်တဆိတ် ဝမ်းမြောက်သွားသည်။

ကံကောင်းထောက်မစွာ ဟိုတုန်းကတည်းက သူသည် တစ်ဖက်လူနဲ့ ရန်သူ မဖြစ်ခဲ့ပေ။ မဟုတ်ရင် အဓိပတိနယ်ပယ်ကို မပြောနဲ့ အခုအချိန်မှာ သူအလောင်း ဖြစ်နေမှာတောင် ကြောက်ရသည်။

သခင်လေးကို ဆန့်ကျင်ရင် ဘာဖြစ်မယ်ဆိုတာ စဥ်းစားစရာ မလိုအပ်ဘဲ မိုက်မဲသော အဆုံးသတ်သာ ရရှိမည်ကို သိထားရမည်။

"သခင်လေး... ကျုပ်တို့အခု ဘာလုပ်ကြမလဲ?"

သူ့စိတ်ထဲတွင် သက်ပြင်းချပြီးနောက် မုယန်ဖုန်း မေးလိုက်သည်။

"ယင်းယန်အကယ်ဒမီကို သွားရအောင်!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒီကိုလာရတဲ့ ရည်ရွယ်ချက်က ယင်းယန်အကယ်ဒမီ ဆိုတော့ သွားကြည့်ဖို့ အချိန်ရောက်ပြီ။

ပေရွှီးမြို့တော်၏ နယ်မြေဧရိယာသည် အလွန်ကြီးမားပြီး ယင်းယန်အကယ်ဒမီသည် မြို့တစ်ခုလုံး၏ အလယ်ဗဟိုအနီးတွင် တည်ရှိသည်။ သူတို့နှစ်ဦးသည် အလျင်စလို မရှိဘဲ ရှေ့သို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့ကြသည်။

သုံးနာရီနီးပါး လမ်းလျှောက်ပြီးနောက်တွင် ကြီးကျယ် ခမ်းနားထည်ဝါသော ခြံဝင်းတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ဤခြံဝင်းသည် မိုင်တစ်ရာထက် မနည်း ကျယ်ဝန်းပြီး အမည်မသိ ဧကပေါင်းများစွာ၏ ဧရိယာကို လွှမ်းခြုံထားသည်။ ဝူယန်အကယ်ဒမီ၊ ကျန်းဝူအကယ်ဒမီတို့နှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် သေးငယ်သော နေရာတွင်ရှိပြီး စားပွဲပေါ် တင်၍ပင် မရချေ။

All Chapters