ကြက်မွေးဖုန်သုတ်တံ
Vol. 19 Ch. 3.23
"ဓားမရှိဘူး? လူနဲ့ဓား ပေါင်းစပ်မှုနယ်ပယ်ကို ဘယ်လို လေ့ကျင့်ခဲ့တာလဲ?"
လူတိုင်း တုန်လှုပ်သွားကြသည်။
တခြားသူတွေရဲ့ မွေးဖွားမှု နောက်ကွယ်က စွမ်းအားက ထိပ်တန်းဓားနဲ့ လိုက်ဖက်ပြီး လူသားနဲ့ ဓား ပေါင်းစည်းမှုနယ်ပယ်ရဲ့ အကွာအဝေးကို သိကြသည်။ ဒီလူငယ်က သူ့မှာ ဓားတစ်ချောင်းတောင် မရှိဘဲ ဒီလို နားလည်မှုမျိုး ရှိနေတယ်ဆိုတော့ လူတွေကို ပိုဒေါသထွက်လာစေသည်။
"မင်း လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ရမှာ ကြောက်လို့ မပြရဲတာမလား!"
အကြီးအကဲ တစ်ဦးက လက်ဖဝါးကို ခါယမ်းလိုက်ပြီး
"ဒီချင်မင်ဓားက တစ္ဆေအဆင့်နိမ့် လက်နက်တစ်ခုပဲ...ငါ့မှာရှိနေတာ နှစ်ပေါင်း သုံးဆယ်ကျော်ပြီ အလွန်ထက်မြက်ပြီး သူ့အစွမ်းပ ရပ်တန့်လို့ မရဘူး။ မင်းကို ခဏငှားပေးလို့ ရတယ်... ဒါပေမဲ့ ပေါက်ကရတွေ ဝေ့ယမ်းပြီး ဒီဓားရှည်ကြီးကို အရှက်မခွဲနဲ့!"
"မေ့လိုက်ပါ... ကျုပ်ဒါကိုပဲ သုံးမယ်!"
ဤမာနကြီးသော လူကြီးကို အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် သူ့လက်ဖဝါးကို ဆန့်လိုက်ပြီး အခန်းထဲတွင် ထည့်ထားသည့် အမွေးအမှုန်အမွှားလေး လွင့်လာသည်။
"ဖုန်သုတ်တံလား? ဟားဟား ဓားပညာကို စွမ်းဆောင်ဖို့ ဒီအရာကို သုံးမယ်တဲ့လား? ဓားစွမ်းအင်တွေ မထွက်လာခင်မှာ အပိုင်းပိုင်းကွဲသွားမှာကို ငါကြောက်တယ်"
မျက်နှာသာ ပေးတာကို အငြင်းခံလိုက်ရတဲ့ အကြီးအကဲက အေးစက်စွာ လှောင်ရယ်လိုက်သည်။
သန်မာသော လူသည် သူ၏ဓားကျွမ်းကျင်မှုကို ချပြလိုက်သောအခါ ဓားစွမ်းအင်သည် ဖောက်ထွက်လာမည် ဖြစ်သည်။ ကြက်မွေး ဖုန်သုန်တံ သည် သာမန်ဝါးတိုင် တစ်ခုသာ ဖြစ်ပြီး ထိုကဲ့သို့ ထက်မြက်သော ဓားစွမ်းအင်ကို ခံနိုင်ရည် မရှိနိုင်ပေ။ အသက်တောင် မရှူရသေးခင် အမှုန့်အဖြစ်သို့ ကွဲသွားပေလိမ့်မည်။
"အိုး? ဒီလူကြီး... ခင်ဗျားက ချင်မင်ဓားကို ဘာလို့မသုံးတာလဲ? ကျုပ်ဒီဖုန်သုတ်တံကို သုံးမယ်.. ကျုပ်တို့တစ်ပွဲလောက် ပြိုင်ကြည့်ရင်ရော?"
လုရွှမ် မျက်ခုံးပင့်၍ ဆိုလိုကိသည်။
"ပြိုင်ပွဲလား? ဟားဟား ဒါက မင်းဘာသာ စိတ်လှုပ်ရှားနေတာနော် ငါ့ကို အပြစ်မတင်နဲ့!"
သူပြောတာကို ကြားတာနဲ့ အဘိုးကြီးရဲ့ မျက်လုံးတွေက လင်းလတ်လာသည်။ သူ့ရှေ့က လူငယ်လေးက မာနကြီးလွန်းလို့ ရှင်းချင်နေတာ ကြာပြီ။ အကြီးအကဲလုံယွမ်၏ စဉ်ဆက်မပြတ် ထိန်းသိမ်း တားဆီးမှုကြောင့်သာ မဟုတ်ပါက သူ မည်သို့ ခံနိုင်ရည် ရှိမည်နည်း။
ဒီအချိန်မှာ တစ်ဖက်လူက အမှန်တကယ် ယှဉ်ပြိုင်ချင်နေပြီမို့ အဲဒါက သူလိုချင်တဲ့ အချက်နဲ့ အတိအကျပဲ။
"လုရွှမ်... ဒါက အကြီးအကဲချောင်ရွှင်း အဓိပတိနယ်ပယ် အလယ်အလတ်အဆင့်... သူက လေခွင်းဓားသိုင်းကို ဓားနှလုံးသားနယ်ပယ် ပြီးပြည့်စုံခြင်း အဆင့်အထိ လေ့ကျင့်ထားပြီးပြီ"
လုရွှမ်သည် အဘိုးအိုကို အမှန်တကယ် စိန်ခေါ်ခဲ့သည်ကို ကြားလိုက်ရသည်နှင့် အကြီးအကဲ ဟူယွင်၏ အမူအရာမှာ ပြောင်းလဲသွားကာ လျင်မြန်စွာ ပြောပြလိုက်သည်။
ကျောင်းသား စုဆောင်းရသော အကြီးအကဲများသည် အကြီးအကဲဟူယွင် ကဲ့သို့သော ဂိုဏ်းဆရာနယ်ပယ် အဆင့်များချည်း မဟုတ်ပါ။ အဓိပတိနယ်ပယ်တွင် အားကောင်းသူများလည်း ရှိသည်။
"လေခွင်းဓားသိုင်း?"
"လေခွင်းဓားသိုင်းက ပြင်ပဂိုဏ်း တပည့်တွေကြားမှာ အစွမ်းထက်ဆုံး ဓားသိုင်းတစ်ခုပဲ... သူက အဆင့်နိမ့်သော တစ္ဆေအဆင့် ကျင့်ကြံရေးနည်းလမ်း.... ဓားပညာက နှလုံးသားကို လိုက်နာပြီး ဓားရဲ့ ရည်ရွယ်ချက်က လေညင်းလိုမျိုး စီးဆင်းနေတာ..."
အကြီးအကဲ ဟူယွင် အမြန်ရှင်းပြသည်။
လေခွင်းဓားသိုင်း၏ ဓားရေးကျွမ်းကျင်မှုက အလွန် အစွမ်းထက်သည်။ ထို့အတူ အကြီးအကဲချောင်ရွှင်းသည် လွန်ခဲ့တဲ့ သုံးလလောက်ကမှ အဓိပတိနယ်ပယ် အလယ်အလတ်အဆင့်ကို ရောက်ရှိထားပြီး သုံးလအတွင်း ထုံးရွှမ်နယ်ပယ်ကို ရောက်ရှိခဲ့တဲ့ လုရွှမ်လို ကလေးတစ်ယောက် အတွက် ယှဉ်ပြိုင်နိုင်တဲ့ အရာမဟုတ်ဘူး။
ထို့ကြောင့် လုရွှမ်သည် မဆင်မခြင်ဖြစ်ပြီး ဒဏ်ရာဒဏ်ချက် ခံရမည်ကို ကြောက်ရွံ့နေပြီဟု ထင်မိသည်။
"အခုနကတော့ ကြွားလုံးထုတ်နေတာ မဟုတ်ဘူးလား? လေခွင်းဓားသိုင်း နာမည်ကို ကြားလိုက်တာနဲ့ ကြောက်ပြီး မပြိုင်ရဲတော့ဘူးလား?"
သူ့လက်ကို ဝှေ့ယမ်းလိုက်ခြင်းဖြင့် အကြီးအကဲ ချောင်ရွှင်းသည် ဟူယွင်၏စကားကို တည်ငြိမ်စွာ ဖြတ်ပြောလိုက်သည်။ သူသည် ပြိုင်ဘက်အား သင်ခန်းစာတစ်ခုပေးရန် အခွင့်အရေးယူနိုင်ရန် အတွက် ယခုပင် ပြိုင်ဘက်အား အတင်းအကြပ် ယှဥ်ပြိုင်လိုသည်။
"ဒါက အမှိုက်လို ကိုယ်ခံပညာပါပဲ... ငါ့မှာမင်းနဲ့ ယှဉ်လို့ မရနိုင်တဲ့ အရာတစ်ခုမှ မရှိဘူး!"
လုရွှမ်ကလည်း ပေါ့ပေါ့ပါးပါး ခွန်းတုံ့ပြန်လိုက်သည်။
တစ္ဆေအဆင့်နိမ့် သိုင်းပညာဟာ ကျန်းဝူအင်ပါယာ၊ ဝူယန်အင်ပါယာ တို့မှာ ထိပ်တန်းဟု ယူဆနိုင်သော်လည်း သူ့မျက်လုံးထဲမှာတော့ အရေးမပါတဲ့ အရာကလေးမျှသာ။
"ရူးနေတာပဲ!! လာစမ်းပါ... လေခွင်းဓားသိုင်းကို အမှိုက်လို့ ပြောရအောင် မင်းရဲ့ဓားသိုင်းက ဘယ်လောက် ကောင်းနေလဲ ကြည့်ရအောင်!"
အကြီးအကဲ ချောင်ရွှင်းမှာ သူ့ကို ဒီလိုပြောလာမယ်လို့ မမျှော်လင့်ထားခဲ့ဘဲ ကြားလိုက်ရတဲ့အခါ သူ့မျက်နှာက ဒေါသတွေကြောင့် နီရဲလာခဲ့ပြီး ကျယ်လောင်စွာ အော်လေ၏။
ရွှင်း!
ချင်မင်ဓားသည် ၎င်း၏အဖုံးမှ ပြေးထွက်၍ အကြီးအကဲ ချောင်ရွှင်း၏ စိတ်နေစိတ်ထား အတိုင်း ပြောင်းလဲသွားသည်။ ထက်ရှရှည်လျားသော ဓားတစ်လက်ကဲ့သို့ အရှေ့ရှိ အရာအားလုံးကို သုတ်သင်ပယ်ရှင်းနိုင်ပြီး မည်သူမျှ မခုခံနိုင်ပေ။
ဓားသိုင်း ထွက်ပေါ်လာသည်နှင့် ရာနှင့်ချီသော ဓားအရိပ်များသည် လေထဲတွင် အဆက်မပြတ် ပေါ်ထွက်လာပြီး တစ်ခုစီသည် လေညင်းကဲ့သို့ ပျံ့နှံ့သွားကာ ခံနိုင်ရည်မရှိသော စွမ်းအင်များကို ထုတ်လွှတ်နေ၏။
လေသည်ပင် မည်သည့်နေရာမှ လာ၍ ရှောင်လိုက်ရန် မဖြစ်နိုင်တော့ပေ။ လေခွင်းဓားပညာသည် ဤစွမ်းအားဖြင့် ပေါင်းစပ်ထားရာ ကမ္ဘာကြီးထဲ မည်မျှ ပုန်းကွယ်နေစေကာမူ လွတ်မြောက်ရန် ခက်ခဲစေနိုင်သည်။
"လုရွှမ် သတိထား!"
အကြီးအကဲ ချောင်ရွှင်း၏ ဓားသိုင်းကို မြင်လိုက်ရသဖြင့် ဟူယွင်၏ တစ်ကိုယ်လုံး အေးစက်သွားသည်။ အကယ်၍ သူသည် ဤဓားသိုင်းကို တွေ့ကြုံရပါက ၎င်းကို ပြုလုပ်ရန် နည်းလမ်းတစ်ခုသာ ရှိ၏။ ၎င်းမှာ လှည့်ထွက်ပြေးရန် ဖြစ်သည်။ အကြောင်းမှာ ခုခံရန် မဖြစ်နိုင်သလောက် စွမ်းအားကြီးနေလို့ပင်။
မုယန်ဖုန်းသည် သူ၏ ကြောက်ရွံ့မှု နှင့် မတူဘဲ တစ်ဖက်မှ နှုတ်ခမ်းများကို ကွေးညွတ်လိုက်သည်။ သခင်လေးသည် တစ္ဆေအဆင့် သိုင်းပညာကို အသုံးပြုသည့် သေခြင်းအသွင်ပြောင်းခြင်း နယ်ပယ်မှ သန်မာသောလူကိုပင် သတ်နိုင်သည်။
အဓိပတိနယ်ပယ် အလယ်အလတ်အဆင့်က လှည့်ကွက်လောက်နဲ့လား။ ဘယ်မှာ သင်ယူခဲ့မှန်း မသိတဲ့ အရာနဲ့ သခင်လေးကို အရှုံး ဝန်ခံခိုင်းမယ်လား။ ဘယ်လို ဟာသမျိုးပါလိမ့်!
ပြိုင်ဖက်သည် လှုပ်ရှားလိုက်သည်နှင့် အစွမ်းထက်ဆုံး လှုပ်ရှားမှုကို အသုံးပြုနေသည်ကို တွေ့လိုက်ရသဖြင့် လုရွှမ်က ခေါင်းယမ်းကာ သူ့လက်ထဲက ဖုန်သုတ်တံကို ရှေ့သို့ မြှောက်လိုက်သည်။
ဝူ!
ကြက်မွေးဖုန်သုတ်တံသည် အခန်းတွင်းရှိ ဖုန်မှုန့်များကို ဖယ်ရှားရာတွင် အသုံးပြုသည့် အရေးမပါသော ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။ မည်သည့် လက်နက်မဆို ထိတွေ့လိုက်သောအခါ ကွဲအက်သွား နိုင်သော်လည်း လုရွှမ်၏ လက်ထဲတွင်ရှိသော ဤအခိုက်အတန့်မှာ ကြောက်မက်ဖွယ်ကောင်းသော လက်နက်တစ်ခု ဖြစ်သွားပုံရသည်။
ဓားအရိပ်များ ထိုးဖောက်ခံလိုက်ရပြီး အကြီးအကဲ ချောင်ရွှင်း ရှေ့မှာ ပေါ်လာသည်။
"ဓားသည် နှလုံးသားမှ ပေါက်ဖွားလာပြီး လူနှင့်ဓားသည် တစ်ခုတည်း ဖြစ်သည်..."
တစ်ဖက်မှ အကြီးအကဲ လုံယွမ်သည် မျက်ခုံးပင့်လိုက်ပြီး ဓားလမ်းစဥ်မှ စကားလုံးတချို့ကို ရေရွတ်လိုက်သည်။ လုရွှမ်က ဓားရှည်ကို မသုံးပေမယ့် သူ့လက်ထဲက ဖုန်သုတ်တံနဲ့ သာမန်လူတွေရဲ့ ဓားရှည်တွေမှာ မပြနိုင်တဲ့ စွမ်းအားကို ထုတ်ပြခဲ့သည်။
ဤအချိန်မှစ၍ သူ့ရှေ့မှလူငယ်သည် လူနှင့်ဓား၏ ပေါင်းစည်းမှုအဆင့်အထိ ကျွမ်းကျင်ထားကြောင်း နားလည်လိုက်ရုံ သာမက သူ၏ကိုယ်ပိုင်အစွမ်းမှာ အကြီးအကဲ ချောင်ရွှင်းထက်သာ၍ အားကောင်းနေနိုင်သည်ကို သူသိခဲ့သည်။
"ဒါ...."
အံ့အားသင့်ဆုံးသူမှာ အကြီးအကဲ ဟူယွင် ဖြစ်ပေ၏။ လွန်ခဲ့တဲ့ သုံးလလောက်က ဒီလူငယ်လေးဟာ သူ့ဆီကနေ တစ်ချက်လောက် ခုခံထားဖို့ ခွန်အားတွေ အများကြီးယူခဲ့ရပြီး အပြင်းအထန် ကာကွယ်ထားခဲ့ရသည်။ အခုတော့ သူက အကြီးအကဲ ချောင်ရွှင်းကိုတောင် အနိုင်ယူနိုင်နေပြီ။
ဒါက ဘယ်လိုဖြစ်ရတာလဲ!
ဝုန်း!
လူတိုင်း၏ အတွေးများ မဆုံးမီတွင် လုရွှမ်၏ ဖုန်သုတ်တံသည် လေခွင်းဓားသိုင်း ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ချောင်ရွှင်း၏ လည်ချောင်းဆီသို့ ရောက်လာခဲ့သည်။
"မင်း"
ဖုန်သုတ်တံမှ ယူဆောင်လာသော ဝိညာဥ်စွမ်းအင်ကို အာရုံခံမိလိုက်ရာ အကြီးအကဲချောင်ရွှင်းသည် သူနောက်တစ်ကြိမ် ထပ်မလှုပ်ဝံ့ဘဲ တစ်ဖက်လူသည် ပေါ့ပေါ့တန်တန် ထပ်တိုးလိုက်ပါက သူ့ရှေ့ရှိ ဝါးချောင်းသည် သူ့လည်ချောင်းကို ဖောက်ဝင်ကာ သေဆုံးသွားမည်မှာ သေချာပေ၏။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?"
တစ်ကိုယ်လုံး တောင့်တင်းနေပေမယ့် စိတ်ထဲမှာ မယုံနိုင်လောက်အောင် တုန်လှုပ်နေမိသည်။
သူ၏ ခွန်အားသည် အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ဖြစ်ပြီး ယင်းယန်အကယ်ဒမီ၏ အကြီးအကဲများတွင် ဘာမှမဟုတ်သော်လည်း သူ၏ဓားပညာသည် အထူးကောင်းမွန်သည်။ အထူးသဖြင့် လုံ့လစိုက်ထုတ်မှုများစွာ ပါဝင်သည့် လေခွင်း ဓားရေးစွမ်းရည်မှာ အလွန်ကောင်းမွန်ပါသည်။
အဓိပတိနယ်ပယ် နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ် အဆင့်ကိုပင် တိုက်ခိုက်နိုင်ရာ ဆယ်ကျော်သက်အရွယ် ကောင်လေးရဲ့ လက်ထဲက ဖုန်သုတ်တံကြောင့် ရှုံးနိမ့်သွားရမယ်လို့ မထင်ထားချေ။
ထို့အပြင် သူ့ကိုယ်ပိုင် လေခွင်းဓားသိုင်း၏ ဓားအရိပ်များသည် အမွေးတစ်ပင်မှ မကျန်အောင် ဖယ်ရှားပစ်ခဲ့ပေသည်။
သူ့ကို မထိမိရင်တောင်မှ တစ်ဖက်လူက သူ့ရဲ့ လှုပ်ရှားမှုတွေကို နက်နက်နဲနဲ နားလည်ရုံသာမက အချိန်ကို ဆုပ်ကိုင်ကာ ဓားသိုင်းကို ထိန်းချုပ်နိုင်တာကြောင့် တုန်လှုပ်ချောက်ချားစရာ ခံစားချက်ကို ခံစားစေနိုင်ကြောင်း ပြသလိုက်ပါ၏။
အကြီးအကဲ လုံယွမ်သည် သူ၏ စွမ်းအင်ကို လျှော့ချလိုက်လျှင်ပင် သူ ဒါကို လုပ်နိုင်လိမ့်မည် မဟုတ်ကြောင်း သေချာသည်။ ဒီကောင်လေးက အမိဝမ်းထဲ သန္ဓေစဥ်ကတည်းက ကျင့်ကြံလာခဲ့လေသလား။
"မှန်တယ်... ဒါက လူနဲ့ဓားရဲ့ ပေါင်းစပ်မှု နယ်ပယ်ပဲ!"
အကြီးအကဲ လုံယွမ်က မတ်တပ်ထရပ်ပြီး သူ့မျက်လုံးများက တောက်ပစွာဖြင့်။
"ယင်းယန်ရေကန်ကို ဝင်နိုင်မယ့် အခွင့်အရေးကိုရဖို့ မင်းကို ငါကူညီမယ်! အကယ်ဒမီက မင်းကို အသင့်တော်ဆုံး ကျင့်ကြံရေး နည်းလမ်းကို ပေးလိမ့်မယ်။ ဒီလို အရည်အချင်းမျိုးနဲ့ ဟူရိတောက်ကို ကျော်တက်ဖို့ အချိန်ကြာမှာ မဟုတ်ဘူး။ အကယ်ဒမီမှာ နံပါတ်တစ် ဖြစ်လာဖို့က ပြဿနာ မရှိနိုင်ဘူး!"