← Chapters

အချိန်ဖြုန်းခြင်း

Vol. 19 Ch. 3.28

အချိန်ဖြုန်းခြင်း

Vol. 19 Ch. 3.28

လျောက်ချင်းသည် ထိုအချိန်က ကျန်းဝူအကယ်ဒမီ၏ ဥပဒေအဖွဲ့ခေါင်းဆောင် ဖြစ်သည်။ လုရွှမ်သည် သူ့ခန္ဓာကိုယ်က ဒဏ်ရာကို ကိုင်တွယ်ဖြေရှင်း ပေးပြီးနောက်တွင် သူ့နောက်လိုက် ဖြစ်လာခဲ့ပြီး သူ၏အဆင့်အတန်းသည် မုယန်ဖုန်းထက် အနည်းငယ် နိမ့်ကျခဲ့သည်။

သို့သော် သူ၏ ကန့်သတ်အင်အားကြောင့် လုရွှမ်သည် အလွန်အကျွံ မတောင်းဆိုခဲ့ပေ။ သူရောက်လာတယ် ဆိုတဲ့ သတင်းကြားတာနဲ့ ချက်ချင်း လာတွေ့ခြင်း ဖြစ်သည်။

မင်းသမီးလော့ရုံနဲ့ လင်ရှောင်းရှောင်းတို့ကတော့ လုရွှမ်အတွက် အသိအကျွမ်း ဟောင်းများ ဖြစ်ကြပြီး လမ်းတစ်ဝက်မှာ လျောက်ချင်းကို တွေ့တာကြောင့် အတူတူ ထွက်လာခဲ့ကြသည်။

ပေါ့ပေါ့ပါးပါး ရေဆေးချပြီး သန့်ရှင်းတဲ့အဝတ်အစားတွေ ပြောင်းဝတ်ပြီးနောက် လုရွှမ် ဧည့်ခန်းထဲကို လျှောက်ဝင်သွားသည်။

"မဆိုးဘူး... ကြည့်ရတာ ဒီအတောအတွင်း တော်တော်လေး ကြိုးစားခဲ့တာပဲ"

အခန်းထဲကို ဝင်လိုက်တာနဲ့ လျောက်ချင်းကို ပထမဆုံး တွေ့လိုက်ရပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

အစပိုင်းတွင် လျောက်ချင်းသည် ထုံးရွှမ်နယ်ပယ်တွင်သာ ရှိခဲ့သော်လည်း ယခုအခါ အတုတံဆိပ်နယ်ပယ်၏ အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဒီလိုခွန်အားမျိုးက သူ့မျက်လုံးထဲမှာ ဘာမှမရှိပေမယ့် လျောက်ချင်း အတွက်ကတော့ ကြီးကျယ်တဲ့ တိုးတက်မှုတွေ ရခဲ့တာပဲ ဖြစ်သည်။ နောက်ဆုံးတော့ ဒါက သုံးလပဲ ရှိသေးတယ် မဟုတ်လား။

သူ လျင်မြန်စွာ တိုးတက်လာရခြင်း အကြောင်းရင်းမှာ လေ့ကျင့်ရေး နည်းလမ်းများ ပြောင်းလဲခြင်းကြောင့် ဖြစ်သည်။ လုရွှမ်မှ အဆင့်မြင့် လေ့ကျင့်ရေး နည်းလမ်းများကို လေ့ကျင့်ပြီးနောက် ပေရွှီးအင်ပါယာကဲ့သို့ နေရာကို လာခဲ့သည်။ သူ၏လေ့ကျင့်မှု ထပ်ပြီး နှေးကွေးပါက သူ့ခေါင်းကိုသာ အသေ ထုသတ်ရုံသာ ရှိတော့သည်။

ဒုတိယအနေနဲ့ ဒဏ်ရာရထားခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှု တိုးတက်လာအောင် ဆက်လေ့ကျင့်ထားရာ ခွန်အားတွေ စုစည်းလာခဲ့သည်။ အခုတော့ သူ့ရဲ့ဒဏ်ရာက နဂိုအတိုင်း ကောင်းသွားပြီမို့ ခုန်ပျံကျော်လွှား၍ သဘာဝကျကျ တိုးတက်လာခဲ့သည်။

ဤအခြေအနေသည် မုယန်ဖုန်း နှင့် ခပ်ဆင်ဆင် တူသော်လည်း သူ့ဘေးတွင် လုရွှမ် မရှိလေရာ တိုးတက်မှုမှာ ထင်ထင်ရှားရှား မရှိပေ။

"သခင်လေးကို ဂါဝရပြုပါတယ်!"

လျောက်ချင်း စိတ်လှုပ်ရှားစွာဖြင့် မတ်တပ် ထရပ်လိုက်သည်။ သခင်လေးသည် တခြားသူများနှင့် မတူကြောင်း၊ လူတို့ကြားတွင် နဂါးနှင့် ဖီးနစ်ကဲ့သို့ ဖြစ်ကြောင်း စောစောစီးစီး သိခဲ့ရသော်လည်း ဤမျှ အလွန်အစွမ်းထက်မည်ဟု စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ယင်းယန်အကယ်ဒမီသို့ သူရောက်လာသည်နှင့် တပြိုင်နက် အကြီးအကျယ် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်။ ပြင်ပအခန်း၌ ထိပ်တန်းဆယ်ယောက်တွင် အဆင့်သတ်မှတ်ခံရသော ဟွမ်ချောင်သည်ပင် သေသည်အထိ ရိုက်နှက်ခံခဲ့ရပြီး ဒူးထောက်သွားခဲ့ရသည်။

"ကောင်းပြီ ဒီမှာ ဝိညာဥ်စွမ်းအင်တွေ အများကြီး ရှိတယ် အခုကစပြီး ဒီမှာလေ့ကျင့်!"

လုရွှမ်က ဆို၏။

ဤနေရာသည် အလွန်ကျယ်ဝန်းပြီး ဤနေရာ၌ နေထိုင်သူ ဒါဇင်ပေါင်းများစွာအတွက် ပြဿနာမဟုတ်ပေ။ ဤလူများအားလုံးသည် ကျန်းဝူအကယ်ဒမီမှ ဖြစ်ပြီး သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ ဤနေရာတွင် လေ့ကျင့်နေထိုင်ခြင်းသည် များစွာ တိုးတက်လာနိုင်သည်။

"ကျေးဇူးအများကြီး တင်ပါတယ်။ လက်နက်သန့်စင်မှု အကြောင်း အများကြီး မသိသေးတဲ့အတွက် ရှင့်ဆီက အကြံဉာဏ်တောင်း လိုပါတယ်"

မင်းသမီးလော့ရုံသည် ဖိတ်ကြားချက်ကို မငြင်းဆန်ခဲ့ပေ။ ရိုးရိုးသားသား ပြောရရင် သူမနဲ့ လင်ရှောင်းရှောင်းတို့ဟာ သူမတို့ရှေ့က လူငယ်လေးအကြောင်း သိချင်စိတ်တွေ အပြည့်နဲ့ ဖြစ်နေသည်။

တစ်ဖက်လူရဲ့ ဘဝအတွေ့အကြုံနဲ့ ပတ်သတ်ပြီး သူမဟာ အရင်က အထူးစုံစမ်း စစ်ဆေးမှုတွေလုပ်ခဲ့ပြီး အများကြီး သိခဲ့သည်။ အသက် ၁၆နှစ် မတိုင်ခင်မှာ သူဟာ ဘာမှမဟုတ်ခဲ့ပေ။ မှောင်ခိုဈေးကွက်က ပြန်လာပြီးနောက် သူ့အဆင့်တွေ ခုန်တက်သွားတာ သူမတို့ နှစ်ယောက်စလုံးထက် အများကြီး ပိုမြန်လေသည်။

သာဓက အဖြစ်တင်ပြရပါက သူမသည် ကျန်းဝူအင်ပါယာ၏ မရေမတွက်နိုင်သော ရတနာများကို အသုံးပြုခဲ့ပြီးမှ နန်းတော်ပင်လယ် နယ်ပယ်မှ ထုံးရွှမ်နယ်ပယ်သို့သာ ရောက်ရှိခဲ့ပြီး အတုတံဆိပ်နယ်ပယ်သို့ အလှမ်းဝေး နေသေးသည်မှာ လင်ရှောင်းရှောင်း နှင့် အလားတူပင်။ သို့သော် တစ်ဖက်လူက အဓိပတိနယ်ပယ်ကိုတောင် ရောက်သွားပြီ။

ကွာဟချက်သည် အလွန်ကြီးမားသောကြောင့် လူများကို စိတ်ပျက်စေသည်။

"အဂ္ဂိရတ်ပညာ အကြောင်းလည်း မေးချင်ပါတယ်"

လင်ရှောင်းရှောင်းကလည်း ကမန်းကတန်း ပြောလိုက်သည်။

"အင်း!"

လုရွှမ် သူ့လျှို့ဝှက်ချက်ကို ဖုံးကွယ်မထားဘူး။ သူတို့နှစ်ယောက် နားမလည်တဲ့ အရာကို အသေးစိတ် ရှင်းပြလိုက်သည်။ နောက်ဆုံးမှာတော့ လျောက်ချင်းကို ကြည့်လိုက်ပြီး ရွှေကတ်ကို ထုတ်ပေးလိုက်သည်။

"လျောက်ချင်း... ဒီထဲမှာ ရွှေစ၂၀၀ ရှိတယ်။ ဒီကတ်ထဲက ရွှေစတွေကို သုံးပြီး အချက်အလက်အားလုံးကို နားလည်ဖို့ အတိုဆုံးအချိန်ကို အသုံးပြုပြီး သတင်းအကြောင်း အမြန်မေးမြန်းနိုင်တဲ့ အဖွဲ့ကို လေ့ကျင့်ပေးစေချင်တယ် ပြီးတော့ လူတိုင်းကို သစ္စာရှိစေချင်တယ်"

ယခင်ဘဝက ဧကရာဇ်ကျိုးရန်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အကယ်၍ သူသည် ဤဘဝတွင် လက်စားချေလိုလျှင် တစ်ယောက်တည်း လုပ်နိုင်မည် မဟုတ်ပေ။ သူ့တွင် သူ့အဖွဲ့တစ်ဖွဲ့ ရှိရမည်။ အမှန်ကန်ဆုံးသော သတင်းများကို မေးမြန်းနိုင်မည် ဖြစ်သည်။ အရာအားလုံးကို သူ့လက်ထဲမှာ ချုပ်ကိုင်နိုင်ရမည်။

လျောက်ချင်းသည် ယခင်က ကျန်းဝူအကယ်ဒမီတွင် ဥပဒေအဖွဲ့ကို တာဝန်ယူခဲ့သည်။ ဆိုလိုသည်မှာ သူသည် ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် ၎င်းကို လုပ်ဆောင်ရာတွင် အလွယ်ကူဆုံး ဖြစ်သည်။

"ဟုတ်ကဲ့!" လျောက်ချင်းက ခေါင်းညိတ်ပြီး နောက်ပြန်ဆုတ်ကာ ထွက်သွားသည်။

မင်းသမီးလော့ရုံ နှင့် လင်ရှောင်းရှောင်းတို့ကို စီစဉ်ပေးပြီးနောက် လုရွှမ်သည် လေ့ကျင့်ချင်စိတ် မရှိတော့ရာ မုယန်ဖုန်းနှင့် အတူ ခြံဝင်းထဲမှ ထွက်လာခဲ့သည်။

ယင်းယန်အကယ်ဒမီကို ဝင်ပြီးနောက်တွင် သူသည် တံခါးပိတ် လေ့ကျင့်ဖြစ်ခဲ့သည်။ ရက်ပေါင်းများစွာ ဆက်တိုက် လေ့ကျင့်လာခဲ့ရာ သူ့တစ်ကိုယ်လုံး သံချေးတက်နေသလိုတောင် ဖြစ်လာသည်။

လမ်းတစ်လျှောက် ဖြည်းညှင်းစွာ လျှောက်လာရင်း လုရွှမ်သည် အလျင်စလို မဟုတ်ပဲ ခြေလှမ်းတိုင်းသည် တိကျသော တိုင်းတာမှု တစ်ခုလိုပင်။

"တကယ်ပဲ ဒီလိုကိုး...."

ကျယ်ပြောလှသော ဝင်္ကပါခြံကြီးသည် သူ့ခြေဖဝါးအောက်တွင် သူ့အိမ်နောက်ဖေးနှင့်တူသည်။ ခြံဝင်းထဲတွင် လမ်းလျှောက်ရင်း လမ်းမရှိဟု ထင်ရသည့် ထောင့်သေ များစွာရှိသော်လည်း သူ့အတွက်ကတော့ အနည်းငယ် ကွေ့ပြီး ထွက်လမ်းကို ရှာနိုင်သည်။

"သခင်လေး ဒီကိုရောက်ဖူးတာလား?"

မုယန်ဖုန်းသည် အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားလိုက်ရသည်။ သူသည် သခင်လေးနှင့်အတူ ဤနေရာသို့ လာခဲ့ပြီး လမ်းကြောင်းများစွာ ရှိကာ ပြန်ထွက်သွားရန် ခက်ခဲသော်လည်း သခင်လေးသည် လမ်းကို သိပုံရသည်။

"ဒီကို တစ်ခါမှ မရောက်ဖူးပေမယ့် အလားတူ နေရာတွေကိုတော့ မြင်ဖူးတယ်"

လုရွှမ်က သိပ်မရှင်းပြပေ။

ရက်အတော်ကြာထိ ဆက်တိုက်ဆိုသလို လုရွှမ်သည် မုယန်ဖုန်းအား အကယ်ဒမီကျောင်း အတွင်း အေးအေးဆေးဆေး လမ်းလျှောက်ရန် ခေါ်သွားကာ အကယ်ဒမီ တစ်ခုလုံးရှိ လမ်းတိုင်းသည် သူ့ခြေရာများဖြင့် ထပ်နေ၏။

ဤကဲ့သို့ လမ်းလျှောက်ခြင်းသည် ကျောင်းသားများစွာ၏ စိတ်ကို သဘာဝအတိုင်း နှိုးဆွပေးလိုက်သည်။

"အဲဒါက လုရွှမ်လို့ ခေါ်တဲ့ အကြီးအကဲလုံယွမ်က အသစ်ခန့်အပ်လိုက်တဲ့ ကောင်လေးမလား?"

"အကယ်ဒမီကို ပထမဆုံး ရောက်တဲ့နေ့မှာပဲ စီနီယာဟွမ်ချောင်ကို ရိုက်နှက်ပြီး ဒူးထောက်ခိုင်းခဲ့တယ်လည်း ကြားတယ်"

"ဟားဟား ပြောရရင် ဒါက ဒီကလေးလုပ်ဖူးသမျှထဲမှာ အဆိုးဆုံးပဲ"

"ဘာဖြစ်လို့လဲ? မင်းသိထားတာ တစ်ခုခုရှိလို့လား?"

"ဒါပေါ့ စီနီယာဟွမ်ချောင်က ဘယ်သူလဲဆိုတာ မင်းတို့ မသိနိုင်ပေမယ့် စီနီယာပိုင်ရှောင်းကိုတော့ အားလုံး သိတယ်မလား!"

"ဘယ်လိုလုပ် မသိဘဲနေမှာလဲ? စီနီယာပိုင်ရှောင်းက အပြင်ခန်း ပြိုင်ဆိုင်မှုတွေထဲမှာ အဆင့်၃လေ သူက အဓိပတိနယ်ပယ် ဖြစ်ရုံတင်မကဘူး သားရဲထိန်းသူလည်း ဖြစ်တယ်... လူတွေပြောနေကြတာ သူက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ဝိညာဥ်သားရဲတွေကိုတောင် အမဲလိုက်ခဲ့တာတဲ့.. ဒါပေမဲ့ စီနီယာဟွမ်ချောင်ကို သွားထိတာ လုရွှမ်နဲ့သူနဲ့ ဘာဆိုင်သွားလို့လဲ?"

"မင်း နားမလည်ဘူး ထင်တယ်! ဟွမ်ချောင် နဲ့ စီနီယာပိုင်ရှောင်းက အတူကြီးပြင်းခဲ့တာလေ ပြီးတော့ သူတို့က အခင်ဆုံး သူငယ်ချင်းတွေ... စီနီယာပိုင်ရှောင်းက လေ့ကျင့်ဖို့ ထွက်သွားတာကို ဒီနေ့ ပြန်လာတယ်ဆိုတော့ သူ့သူငယ်ချင်း အရိုက်ခံရပြီး ဒူးထောက်လိုက်ရလို့ ဆိုတဲ့ ကိစ္စကိုကြားလို့ မဟုတ်ရင် ဘာဖြစ်မယ်ထင်လဲ"

"အာ? တိုက်ပွဲဖြစ်မှာ သေချာပြီပေါ့... စီနီယာပိုင်ရှောင်းက သူ့ရဲ့လူတွေကို ကာကွယ်တဲ့ နေရာမှာ အမြဲနာမည်ကြီးတယ်။ နောက်ပြီး သူ့ရဲ့ ခွန်အားက အရမ်းသန်မာတဲ့ အတွက် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်မှာ သန်မာတဲ့ သူတစ်ယောက်ကိုတောင်မှ ခုခံနိုင်စွမ်းရှိတယ်။ ဒီကောင်လေးတော့ ဒုက္ခရောက်တော့မယ်!"

"ဘယ်သူကို အပြစ်တင်ရမှာလဲ? မာနကြီးလွန်းတဲ့ အတွက် သူ့ကိုပဲ အပြစ်တင်ရမှာပေါ့... လူသစ်ဖြစ်နေပြီး နှိမ့်ချပြီးနေတာ ပိုကောင်းတာကို"

လုရွှမ်ကိုတွေ့တော့ ဆွေးနွေးမှုတွေ ဆက်တိုက် ထွက်ပေါ်လာ၏။ လုရွှမ်ကတော့ ဤဆွေးနွေးမှုများကို ဂရုမစိုက်ပါ။

ပြိုင်ဘက်ကင်း အဓိပတိနယ်ပယ်ပဲ ဖြစ်ဖြစ် သူ့ကို မနှောင့်ယှက် သရွေ့တော့ ပျင်းလွန်းလို့ တစ်ဖက်လူကို နေရာအနှံ့ ရိုက်ပုတ်ဖို့ စိတ်ကူးတောင် မရှိပေ။

စိတ်ဝိညာဥ် စွမ်းအား ၀.၉၉။ ဤအခိုက်အတန့်တွင် သူသည် အနီရောင် သစ်သားကို အသုံးမပြုသော်လည်း အဓိပတိနယ်ပယ်က လူတွေသူ့ကို အနိုင်ယူရန် ခက်ခဲလိမ့်မည်။

ဤကာလ အတောအတွင်းတွင် သူသည် သူ၏ဝိညာဉ်စွမ်းအားကို ပိုမို ထိန်းချုပ်နိုင်စေရန် စွမ်းအားကို ဆက်လက် ထိန်းထားနိုင်ခဲ့သည်။ ယခင်က သူ၏ဝိညာဉ်စွမ်းအားကို အသုံးချရန်အတွက် အနီရောင် သစ်သားကိုသာ အသုံးပြုနိုင်ခဲ့၏။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ရဲ့ အရှိန်နဲ့ ခွန်အားတွေ ပြင်းထန်လာသည်။

ဤစွမ်းရည်နှင့် ပြုပြင်ပြီးသော လျှိုဝှက်မှော်အခင်းအကျင်း နှင့်အတူ သူသည် ကျီးကန်းနှင့် နီသောသစ်သား မပါဘဲတောင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က သက်လတ်ပိုင်းလူကို သတ်ပစ်နိုင်မည်ဟု ယုံကြည်သည်။

ကျီးကန်းသည် အကယ်ဒမီသို့ ရောက်သည်နှင့် ပျံထွက်သွားသည်။ သူ့စကားအရ သူသည် ဤနှစ်များအတွင်း လှည့်လည်သွားလာခြင်း မရှိသောကြောင့် သူ၏ပျင်းရိ ငြီးငွေ့မှုကို ပြေပျောက်စေရန်အတွက် ကျီးကန်းမလေး တချို့ကို မြှူဆွယ်ဖို့ရန် သွားလေ၏။

"သခင်လေး... အဲဒီချန်တုံးရဲ့ အမေက ပေရွှီးအင်ပါယာက အရမ်းဂုဏ်သိက္ခာရှိပြီး သြဇာကြီးတဲ့ စစ်ဗိုလ်ချုပ်ကြီးရဲ့ သမီးပါ... အဲဒါကြောင့် သူက နည်းလမ်းပေါင်းစုံနဲ့ သခင်လေးနဲ့ အစ်ကိုမု မြို့ထဲကို ဝင်လိုက်တာနဲ့ သတင်းရသွားတာ"

လဝက်မပြည့်မီတွင် လျောက်ချင်းသည် သတင်းစုဆောင်းရေး အဖွဲ့တစ်ခုကို တည်ထောင်ပြီး တိတ်တဆိတ် လာရောက် သတင်းပို့ခဲ့သည်။

All Chapters