အလယ်ပိုင်းကောင်းကင်ဒေသ "ရန်"အိမ်တော်နှင့် ကျောက်ကျိုးနယ် "ရန်"အိမ်တော်
Vol. 10 Ch. 137
အခန်း (၁၃၇) အလယ်ပိုင်းကောင်းကင်ဒေသ "ရန်"အိမ်တော်နှင့် ကျောက်ကျိုးနယ် "ရန်"အိမ်တော်
လေက အေးစိမ့်လျှက် မြေပြင်တစ်ခုလုံး နှင်းများဖုံးလွှမ်းနေသည်။
ထိုသို့ နှင်းများဖုံးလွှမ်းနေသည့် မြေပြင်ထက်တွင် ဝိညာဉ်ပန်းပွင့်တစ်ပွင့် ငွားငွားစွင့်စွင့် ပွင့်လန်းနေသည်။ ထိုပန်းပွင့်၏ ပွင့်ချပ်များက အလွှာလိုက်ရှိနေပြီး တိမ်တိုက်တစ်ခုအလား ထင်မှတ်ရကာ သင်းပျံ့သည့်မွှေးရနံ့ကိုလည်း ထုတ်လွှတ်လျှက် ရှိ၏။
ပန်းပွင့်လွှာများ၏ မျက်နှာပြင်တွင် အလင်းရောင်များတောက်ပနေပြီး ရှုတ်ထွေးနက်နဲသည့် အစီအရင်တစ်ခု ပေါင်းစပ်ဖွဲ့စည်းထားသည့်အလား ထင်မှတ်ရသည်။
ထိုပန်းပွင့်က ရန်ကျောက်ကဲ ပစ်မှတ်ထားသည့် တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့်ပင် ဖြစ်သည်။
သို့သော် လောလောဆယ်တွင် ရန်ကျောက်ကဲသည် ထိုဝိညာဉ်ပန်းပွင့်အပေါ် အာရုံမစိုက်နိုင်သေးပေ။ ထိုအစား သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် လူတစ်စုကို အကဲခတ်လိုက်သည်။
အုပ်စုခေါင်းဆောင်က လူငယ်လေးတစ်ယောက်ဖြစ်ပြီး အေးစက်စွာပြုံးရင်း သူ့ကို စိုက်ကြည့်နေသည်။ သူတို့ဝတ်ဆင်ထားသည့် အဝတ်အစားများက မြောက်ပိုင်းဒေသတွင် ဝတ်လေ့ရှိသည့် အဝတ်အစားများဖြင့် ဆင်တူသည်။
ထိုသူများက မည်သည့်နေရာက ရောက်လာကြသူတွေလဲ။
မိုးကြိုးနယ်မြေမှ ‘ရန်’အိမ်တော်။
ဟုတ်ပေ၏။ မိုးကြိးနယ်မြေ ၊ ကျောက်ကျိုးနယ်မှာ ရန်ကျောက်ကဲတို့ ဘိုးဘေးများနေထိုင်ရာ နယ်မြေဖြစ်သည်။ ကျောက်ကျိုးနယ် ’ရန်’အိမ်တော်သည်လည်း ကောင်းကင်မိုးကြိုးခန်းမ၏ လက်အောက်ခံစွမ်းအားစုတစ်ခု ဖြစ်သလို မဟာကပ်ဘေးကြီး ပြီးဆုံးသွားပြီးနောက် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် သမိုင်းအရှည်ကြာဆုံးသော အိမ်တော်ကြီးတစ်ခုလည်း ဖြစ်၏။
ကောင်းကင်နယ်မြေ ၊ အလယ်ပိုင်းကောင်းကင်ဒေသရှိ ရန်ကျောက်ကဲတို့၏ ‘ရန်’ အိမ်တော်က ထို မိုးကြိုးနယ်မြေ ၊ ကျောက်ကျိုးနယ်ရှိ ‘ရန်’ အိမ်တော်မှ ခွဲထွက်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ထိုအချိန်က သူတို့၏ ဆက်ဆံရေးက အလွန်ဆိုးရွားခဲ့သည်။
ရန်ကျောက်ကဲတို့ မိသားစု ကောင်းကင်နယ်မြေသို့ အပြီးတိုင်ထွက်ခွာလာခဲ့ကြသည့်တိုင် လမ်းခရီးတွင် ကြီးမားသည့် အန္တရယ်တစ်ခုနှင့် ကြုံတွေ့ခဲ့ရသည်။ ထို လုပ်ကြံမှုက ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်နှင့် ဆက်စပ်နေပြီး ရန်ရှုသည်ပင် ပါဝင်ပတ်သက်ခဲ့သေးသည် မဟုတ်ပါလား။
ထိုစဉ်က ရန်ကျောက်ကဲ၏ဖခင် ရန်တိမှာ အသက်ငယ်ရွယ်သေးသည်ဖြစ်ရာ မိဘများဆုံးပါးသွားသည့်အခါ ကြီးစွာသော ဘေးဒုက္ခနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်နှင့် အလယ်ပိုင်းကေင်းကင်ဒေသ ‘ရန်’ အိမ်တော်တို့ အချင်းချင်းဆုံတွေ့ကြလျှင် ဆွေမျိုးမိတ်သင်္ဂဟများ သွေးသစ်လောင်း ပြန်လည်တွေ့ဆုံကြခြင်းမျိုးမဟုတ်ဘဲ သွေးဆာနေသည့် ရန်သူများ တွေ့ဆုံကြသည့်အလား ဖြစ်ကြရသည်။
ဤကမ္ဘာတွင် လူပြန်ဝင်စားသော ရန်ကျောက်ကဲအနေဖြင့် ကျောက်ကျိုးနယ် ‘ရန်’အိမ်တော်အပေါ် အထူးတလည် ခံစားချက် မရှိပေ။ သွေးသားရင်းချာများ ဖြစ်ပါလျှက် သူတို့သည်ပင် ရန်ကျောက်ကဲတို့မိသားစုကို အမြစ်ပြတ်သုတ်သင်ရန် ကြိုးစားခဲ့ကြလေရာ ယခု သူတို့နှင့် ပဋိပက္ခဖြစ်ရမည်ကို ပြဿနာတစ်ခုဟု မယူဆခဲ့ပေ။
ထို့ပြင် လက်ရှိတွင် ရန်ကျောက်ကဲ မည်သူမည်ဝါြဖစ်သည်ဆိုခြင်းက သူ၏ ရပ်တည်ချက်ကို ဆုံးဖြတ်ခဲ့ပြီး ဖြစ်၏။
နောက်တစ်ချက်မှာ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်သည် ဤနေရာသို့ ကောင်းသည့်ရည်ရွယ်ချက်ဖြင့် ရောက်လာခြင်း မဟုတ်ပေ။ သို့ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် သူတို့အပေါ် ယဉ်ကျေးနေစရာ မလိုပေ။
“သခင်လေး... သူတို့က ဝိညာဉ်ပန်းပွင့်ကို လုယူဖို့ ကြိုးစားကြတယ် ၊ ဒီငယ်သားတွေ အရည်အချင်းမရှိလို့ သခင်လေးသာ အချိန်မီ ရောက်မလာရင် ကျွန်တော်တို့ သူတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး”
လဲကျနေသည့် အနက်ရောင်ဝတ် သိုင်းကျင့်ကြံသူက ပါးစပ်မှသွေးများကိုသုတ်လိုက်ပြီး ကြိုးစားမတ်တတ်ရပ်ရင်း ရှင်းပြသည်။
ရန်ကျောက်ကဲက...
“ကိစ္စမရှိဘူး ၊ မင်းတို့က ဒီဝိညာဉ်ပန်းပွင့်ကို စောင့်ရှောက်ရင်း ဒဏ်ရာရခဲ့ကြတာပဲ ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ကြနဲ့”
ထို့နောက် ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး လက်နှစ်ဖက်ကို နောက်ပစ်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။
“ဒါပေမဲ့ သူတို့ကတော့...”
သူ ရှေ့သို့ လျှောက်လာသည်နှင့် သူ့ရှေ့မှလူစုမှာ တောင်ကြီးတစ်လုံး သူတို့အနား ချဉ်းကပ်လာသကဲ့သို့ ခံစားကြရသည်။
ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်မှလူများက ရန်ကျောက်ကဲနှင့် အားဟူတို့ ဤမျှအလျှင်အမြန်ရောက်လာမည်ဟု မထင်ထားကြသဖြင့် ခေါင်းများပင်ကိုက်လာကြသည်။
အုပ်စုခေါင်းဆောင်လူငယ်လေးက...
“မင်း ဘယ်သူလဲဆိုတာ ငါသိတယ် ရန်ကျောက်ကဲ”
သူက ဆက်ပြောသည်။
“ဒီဝိညာဉ်ပန်းပွင့်က မင်းတို့ ဝါဒတောင်က စိုက်ပျိုးထားတာ မဟုတ်ဘူး ၊ ပိုင်ရှင်မရှိတဲ့ ပန်းတစ်ပွင့်ပါ ၊ မင်း လိုချင်တယ်ဆိုရင် ငါတို့က တားဆီးမှာ မဟုတ်ဘူး ၊ ဒါပေမဲ့ ဒီနှစ်ယောက်က ဝါဒတောင်က မဟုတ်ဘဲ မင်းတို့ အလယ်ပိုင်းကောင်းကင်ဒေသ ‘ရန်’ အိမ်တော်က အစေခံတွေလေ ၊ ဝိညာဉ်ပန်းပွင့်ကို ငါတို့လိုချင်ရင် သူတို့အနေနဲ့ တားဆီးပိုင်ခွင့် မရှိဘူး”
“ဒီတော့ ခွဲထွက်သွားတဲ့ ‘ရန်’ အိမ်တော်က အစေခံတွေက ငါတို့ ပင်မ ‘ရန်’ အိမ်တော်ကို မလေးမစားလုပ်လို့ သူတို့ကို ဆုံးမလိုက်တာ ၊ ဘာလဲ... မင်းက သူတို့အတွက်နဲ့ ငါ့ကို တိုက်ခိုက်ချင်တာလား”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ဟာသတစ်ပုဒ်ကြားရသည့်အလား ကျယ်လေင်စွာရယ်မောလိုက်ပြီး ခေါင်းတစ်ချက်ခါယမ်းလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲ မည်သို့လှုပ်ရှားလိုက်သည်ကို မတွေ့မြင်ရဘဲ ကျယ်လောင်သည့်အသံတစ်သံ ထွက်ပေါ်လာကာ ထိုလူငယ်လေးမှာ အထိန်းအချုပ်ကင်းမဲ့စွာဖြင့် အနောက်သို့ လွင့်ထွက်သွားသည်။
ထိုလူငယ်လေး၏ မျက်နှာထက်တွင် လက်ငါးချောင်းရာကြီး ထွက်ပေါ်လာပြီး သူ့မျက်ဝန်းများထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နက်သွားသည်။
သူ၏မျက်နှာထက်မှ လက်ငါးချောင်းရာကြီးက သေရာပါအမှတ်အသားတစ်ခု ဖြစ်သွားပြီး သူ့ဘဝတွင် ရန်ကျောက်ကဲကြောင့် မည်သို့လွင့်ထွက်သွားခဲ့သည်ကို လူတိုင်း သိရှိစေရန် အမြဲတမ်း ဖော်ပြနေတော့မည် ဖြစ်သည်။
ရန်ကျောက်ကဲက ညင်သာစွာဖြင့်...
“မင်း အိပ်မက်က မနိုးသေးဘူးဆိုရင်လည်း ငါ ပြောပြမယ် ၊ ကျောက်ကျိုးနယ်က ‘ရန်’ အိမ်တော်နဲ့ ကောင်းကင်နယ်မြေက ‘ရန်’ အိမ်တော်က မိသားစုတစ်ခုတည်းမဟုတ်တော့တာ ကြာခဲ့ပြီ ၊ မင်းပြောသလို ပင်မ ‘ရန်’ အိမ်တော်တွေ ၊ ခွဲထွက် ‘ရန်’ အိမ်တော်တွေလို့ ပြောလို့မရဘူး”
“ဒီတော့ မင်း ငါ့လူတွေကို ရိုက်ရင် ငါလည်းမင်းကို ပြန်ရိုက်မှာဘဲ ၊ ဘာ အိမ်တော်ကိုမှ အရေးစိုက်နေမှာ မဟုတ်ဘူး”
အဘိုးအိုတစ်ယောက်က လူငယ်လေးအား ချက်ချင်းဖေးမထားလိုက်ပြီး ရန်ကျောက်ကဲကို စူးစိုက်ကြည့်လိုက်သည်။
“ရန်ကျောက်ကဲ... မင်းက ဘိုးဘေးတွေ သင်ပြပေးထားတာတွေကို မေ့သွားပြီပေါ့ ၊ ရန်တိကရော မင်းကို ဘယ်လိုသင်ပြပေးထားသလဲ ၊ မင်းအနေနဲ့ မင်းရဲ့မျိုးနွယ်ဘာလဲဆိုတာ မမေ့နဲ့ ၊ မင်းရဲ့မူလဇာစ်မြစ်က ဘယ်ကလဲဆိုတာ မမေ့နဲ့”
ရန်ကျောက်ကဲက ရယ်မောလိုက်သည်။
ဤကမ္ဘာတွင် ဆိုရိုးတစ်ခု ရှိခဲ့သည်ကို သူ အရင်က သတိမထားခဲ့မိပေ။
“ရန်ကျောက်တွင် ကြေကွဲဖွယ်ရာတေးကဗျာများဖြင့် ပြည့်နက်နေသည်” ဆိုသည့် ဆိုရိုးစကားဖြစ်သည်။
(T/N - မူရင်းဆိုရိုး - 燕赵多慷慨悲歌之士 – “ရန်ကျောက်တွင် ကြေကွဲဖွယ်ရာတေးကဗျာများဖြင့် ပြည့်နက်နေသည်” ၊ ရန်တိုင်းပြည်မှ ‘တန်’ မင်းသားနှင့် ကျောက်တိုင်းပြည်မှ ‘ဟွေ့ဝမ်’ဘုရင် ကျောက်ဟယ်တို့အကြောင်း ရေးသားထားသည့်ဆိုရိုးဖြစ်ပြီး - ဇာတ်လမ်းထဲမှ “ရန်ကျောက်ကဲ” ဆိုသည့်နာမည်မှာ ထိုဆိုရိုးစကားမှ ယူထားသည့် နာမည်ဖြစ်သည် ။ “ရန်ကျောက်ကဲ (燕赵歌)” – “ရန်ကျောက်နယ်မှတေးကဗျာ” ဟု အဓိပ္ပါယ်ရ)
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် “ရန်ကျောက်နယ်”ဆိုသည်မှာ မိုးကြိုးနယ်မြေ၏ ဒေသ (၆)ခုတွင်ရှိသော “ယိုကျိုး”နယ်နှင့် “ကျောက်ကျိုး”နယ်ကို ကိုယ်စားပြု ခေါ်ဝေါ်ခြင်း ဖြစ်သည်။ “ယိုကျိုး”နယ်ကို “ရန်ကျိုး”နယ်ဟုလည်း ခေါ်ကြသည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...
“ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်ဟာ ‘ရန်ကျောက်နယ်’ကို ကိုယ်စားပြုတယ်ဆိုရင် တကယ်တမ်း သူတို့အနေနဲ့ ရှက်သင့်ပါတယ် ၊ ငါတို့ အလယ်ပိုင်းကောင်းကင်ဒေသက ‘ရန်’ မျိုးနွယ်တွေကလည်း ဖြစ်နိုင်မယ်ဆိုရင် ‘ရန်ကျောက်နယ်’ကို လာရောက်လည်ပတ်ချင်ပါတယ် ၊ ဒါပေမဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ တွေ့ဆုံဖို့တာ့မဟုတ်ဘူး ၊ သွေးကြွေးပြန်ယူဖို့...”
သူက ဆက်ပြောသည်။
“အဲဒီတုန်းက မင်းတို့ ကျောက်ကျိုးနယ်က ‘ရန်’မျိုးနွယ်တွေ ဘာလုပ်ခဲ့လဲဆိုတာ မင်းက ရှင်းရှင်းလင်းလင်း မသိနိုင်ပေမယ့် မင်းတို့အိမ်တော်က အထက်အရာရှိတွေ ကောင်းကောင်းသိပါတယ်”
ရန်ကျောက်ကဲက လက်နှစ်ဖက်နောက်ပစ်လိုက်ရင်း...
“အဲဒီသွေးကြွေးကို မင်းတို့နဲ့ ရှင်းရမယ်ဆိုရင် မင်းတို့နောက်ကွယ်မှာဘာရှိလဲ ငါ နားမလည်ဘူး ၊ မင်းတို့ အကြိုက်လိုက်လုပ်ဖို့လဲ စိတ်မဝင်စားဘူး”
“ဒါပေမဲ့... လောလောဆယ် မင်းတို့ ငါ့လူတွေကို တိုက်ခိုက်ပြီး လွယ်လွယ်နဲ့ ထွက်သွားလို့ရမယ် ထင်နေသလား ၊ လက်နဲ့တိုက်ခိုက်တဲ့ကောင် လက်ဖြတ်ပစ် ၊ ခြေထောက်နဲ့တိုက်တဲ့ကောင် ခြေထောက်ချန်ထားခဲ့ ၊ မင်းတို့ကိုယ်တိုင် မလုပ်ဖူးဆိုရင်တော့ မင်းတို့ကိုကူညီပေးမယ့်သူတွေ အများကြီးရှိတယ်”
သူ့စကားဆုံးသွားသည်နှင့် အားဟူက သွားများကို တကျွိကျွိမြည်အောင်ကြိတ်လိုက်ပြီး မြင်မြင်သမျှကို ရက်စက်စွာ သတ်ဖတ်ပစ်တော့မည့်အလား သူ၏မျက်နှာအမူအရာကလည်း ရက်စက်ကြမ်းတမ်းလာကာ မျက်ဝန်းများကလည်း တောက်ပလာသည်။ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်မှလူများမှာ အားဟူကိုကြည့်ပြီး ကျောက်ဒူးတုန်သွားကြသည်။
ထို့နောက် ပတ်ဝန်းကျင်မှ များပြားလှစွာသော အနက်ရောင်ဝတ် သိုင်းသမားများ ထွက်ပေါ်လာကြသည်။
အဘိုးအိုက မုန်းတီးစွာဖြင့် အော်ဟစ်လိုက်သည်။
“မင်း ဘယ်သူ့ကို တိုက်ခိုက်နေတယ်ထင်သလဲ... ရန်ကျောက်ကဲ ၊ ဒီလူငယ်က ငါတို့အိမ်တော်အကြီးအကဲရဲ့ တိုက်ရိုက်မျိုးဆက် သခင်လေး’ရန်မင်’ပဲ”
ရန်ကျောက်ကဲက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း...
“ဒီလို ‘မင်’ ဆိုတဲ့ နာမည်စာလုံးပေးထားတဲ့သူက... အဟက်... ကျောက်ကျိုးနယ်က ‘ရန်’မျိုးနွယ်တွေရဲ့ တိုက်ရိုက်မျိုးဆက် ဖြစ်သင့်ပါတယ် ၊ ဒါပေမဲ့ သူ့အဆင့်နဲ့ဆိုရင် အရည်အချင်းကတော့ ဖွတ်ပဲ ၊ စကားမပြောခင်မှာ အနည်းဆုံးတော့ သူရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကို အရင်လေ့လာသင့်တယ် မဟုတ်လား”
ထိုအချိန်...
“သူ့ရဲ့ အရည်အချင်းက နိမ့်ပါးတယ်ဆိုပေမယ့် မင်းလို ခွဲထွက် ‘ရန်’အိမ်တော်က လူတစ်ယောက်အနေနဲ့ ထုတ်ဖော်ပြောရမယ့် အရာ မဟုတ်ဘူး ၊ စကားမပြောခင် မင်းအဆင့်က ဘာလဲဆိုတာ အရင်ဆုံး ရှင်းရှင်းလင်းလင်းသိအောင် လုပ်သင့်တယ်”
အဝေးဆီမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲက ပျင်းရိပျင်းတွဲလေသံဖြင့်...
“ဘယ်သူများလဲလို့... မင်းက ‘ရန်ရှန်း’ မဟုတ်လား”
ရန်မင်မှာ မျက်နှာထက်တွင် သွေးနီရောင်လက်ဝါးရိုက်ချက်ထိမှန်ထားသဖြင့် သတိရတစ်ချက် မရတစ်ချက် ဖြစ်နေသော်လည်း သူ့ကိုဖေးမထားသည့် အဘိုးအိုနှင့် ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်မှ သိုင်းသမားများအားလုံး မျက်နှာများ ရွှင်လန်းသွားကြသည်။
“သခင်လေးရန်ရှန်း ရောက်လာပြီ”
လျှပ်စီးတစ်ချက်လက်သွားပြီး နှင်းများကျဆင်းနေသည့် တောင်ထွတ်ထက်တွင် အသက် (၂၆) (၂၇) ခန့်ရှိမည့် လူငယ်တစ်ယောက် ပေါ်လာသည်။ သူ့ပုံစံက ရန်မင်နှင့် ဆင်တူသော်လည်း သူ့ခန္ဓာကိုယ်မှထွက်ပေါ်နေသည့် ရောင်ဝါက ရန်မင်ထက်ပိုပြီး စွမ်းအားမြင့်မားသည်။
သူ့မျက်နှာထက်တွင် ပြတ်သားသည့်အမူအရာရှိပြီး သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းတန်းက မိုးကုပ်စက်ဝိုင်းနှင့်ချိတ်စက်နေကာ လျှပ်စီးကြောင်းများပမာ တောက်ပနေသည်။ ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း ပြောနေစရာပင် မလိုပေ။
ရန်ကျောက်ကဲက ထိုလူငယ်ကို အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်ရင်း...
“ရန်ရှန်း... မင်းလည်း အိပ်မက်မက်နေတုန်းပဲလား ၊ ငါကတော့ မင်းကို လူနဲ့နာမည်တွဲမိဖို့ အတော်ခက်နေတာ”
ရန်ရှန်းနှင့် တွေ့ဆုံခြင်းက ရန်ကျောက်ကဲအတွက် ပထမဆုံးအကြိမ်ဖြစ်သော်လည်း နာမည်ကိုတော့ ရင်းနှီးနေသည်မှာ ကြာပြီ ဖြစ်သည်။
ရန်ရှန်း ၊ ကျောက်ကျိုးနယ် ‘ရန်’အိမ်တော်၏ အပြောင်မြောက်ဆုံး သိုင်းပါရမီရှင်တစ်ယောက်။
ကျောက်ကျိုးနယ် ‘ရန်’အိမ်တော်က သူ့ကို ပျိုးထောင်ပေးရာတွင် များစွာအားအင်စိုက်ထုတ်ခဲ့ကြသည်။ လက်ရှိတွင် ရန်ရှန်းက ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ရိုက်ပင်မတပည့်တစ်ယောက်လည်း ဖြစ်၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ မင်းသား (၄)ပါးတွင် ရန်ကျောက်ကဲနှင့်အတူပါဝင်သည့် မိုးကြိုးသခင်လေး’လင်ကျိုး’နှင့် ရန်ရှန်းက ပြိုင်ဘက်ဖြစ်ပြီး မျိုးဆက်တူတပည့်များကြားတွင် လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက် ဖြစ်သည်။
ရန်ရှန်းက ရန်ကျောက်ကဲကို စိုက်ကြည့်နေသည်။
ဝိညာဉ်ပန်းပွင့်ကိုလုယူပြီး ရန်ကျောက်ကဲ၏လူများကို တိုက်ခိုက်ရန် ရန်မင်နှင့် အခြားသူများကို သူကိုယ်တိုင် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။ သူကတော့ လုပ်စရာကိစ္စတစ်ခု ရှိသည့်အတွက် ခဏမျှ ထွက်သွားခဲ့ခြင်းပင်။
ရန်ရှန်းက ရန်ကျောက်ကဲထက် အသက်ကြီးသလို ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားသည်။ ထို့ကြောင့် သူက ကိစ္စအတော်များများကို မျက်စိထဲမထားခဲ့ပေ။
သို့သော် မကြာသေးမီရက်များအတွင်း ရန်ရှန်း၏ပြိုင်ဘက်ဖြစ်သော မိုးကြိုးသခင်လေး’လင်ကျိုး’ က ရုတ်ချည်းပင် ကျင့်ကြံခြင်းအဆင့် မြင့်တက်လာခဲ့ပြီး သူ့ကိုကျော်တက်သွားခဲ့သည်။ ထိုသို့ဖြစ်ရခြင်းက ရန်ရှန်းကို စိတ်ပျက်အားလျော့သွားစေသလို စိတ်ဓာတ်လည်းကျသွားစေသည်။
ထိုအချိန်တွင် ရန်ကျောက်ကဲက သိသိသာသာ တိုးတက်လာပြီး တိုက်ပွဲတိုင်းအောင်မြင်မှုရရှိကာ လွန်ခဲ့သည့်နှစ်မှစတင်ပြီး ထင်ရှားကျော်ကြားလာသည်။
ရန်ကျောက်ကဲက တိမ်တိုက်ဝင်္ကပါပန်းပွင့်ကို စောင့်ကြပ်ရန် သူ၏လူများကို စေလွှတ်လိုက်သည့်သတင်းကို ကြားသည့်အခါ ရန်ရှန်းစိတ်ထဲမှနတ်ဆိုးက ထကြွလာပြီး ရန်ကျောက်ကဲ၏ အစီအစဉ်များကို ဖျက်စီးရန် ရန်မင်ကို ညွှန်ကြားခဲ့သည်။
အဆုံးမဲ့တောင်တန်းမှ ထွက်ပေါ်လာသည့် ရန်ကျောက်ကဲ၏သတင်းများကြောင့် ကောင်းကင်မိုကြိုးခန်းမက သူ့ကို အသားထဲနစ်ဝင်နေသည့် စူးတစ်ချောင်းပမာ ရှုမြင်ခဲ့သည်။
ကောင်းကင်မိုးကြိုးခန်းမ၏ ပင်မတိုက်ရိုက်တပည့်လည်းဖြစ် ၊ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်၏ အနွယ်တော်တစ်ယောက်လည်းဖြစ်သော ရန်ရှန်းသည် ရန်ကျောက်ကဲကို ပို၍ပင် ရန်သူသဖွယ် သဘောထားခဲ့သည်။
ရန်ကျောက်ကဲကိုကြည့်ရင်း ရန်ရှန်းက အေးစက်စွာ စကားဆိုသည်။
“အဲဒီတုန်းက ငါတို့ ပင်မ ‘ရန်’ အိမ်တော်က မင်းတို့မိသားစုကို နယ်နှင်ဒဏ်ပေးခဲ့တာ ၊ ပြီးတော့ စုတ်တံတစ်ချောင်းတည်းနဲ့ ‘ရန်’ ဆိုတဲ့စာလုံးနှစ်လုံးရေးလို့မရသလို ‘ရန်’ အိမ်တော်ဆိုတာလည်း နှစ်ခုရှိလို့ မရဘူး ၊ ဒီတော့ မင်းတို့ ကောင်းကင်နယ်မြေက ‘ရန်’ အိမ်တော်ဟာ ငါတို့ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်က ခွဲထွက်သွားတဲ့ အိမ်တော်တစ်ခုပဲ ဖြစ်နေလိမ့်မယ်”
သူက ဆက်ပြောသည်။
“မင်း မပြောနဲ့... မင်းအဖေ ရန်တိက ဝါဒတောင်ဂိုဏ်းချုပ်နေရာကို ဆက်ခံမယ်ဆိုရင်တောင်မှ ငါတို့ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်က နှင်ထုတ်ခံရတဲ့သူတစ်ယောက်ပါပဲ”
“ဒီတော့... ပင်မ ‘ရန်’ အိမ်တော်နဲ့ ခွဲထွက် ‘ရန်’ အိမ်တော်ဆိုတာ ဘိုးစဉ်ဘောင်ဆက် မျိုးရိုးနဲ့ကြည့်ရင် အဆင့်အတန်းခြင်း ကမ္ဘာခြားနေတယ် ၊ မင်းက အခု လူ့ကျင့်ဝတ်ကို ဖီဆန်ပြီး အကြီးတွေကို ဆန့်ကျင်ပုန်ကန် ချင်တာလား ၊ မင်းရဲ့ ဘိုးဘေးတွေက မင်းကို ဘယ်လိုသွန်သင်သလဲဆိုတာ မေ့သွားပြီလား ၊ ဒီလိုဆိုရင်တော့ ဘိုးဘေးတွေကိုယ်စား ငါကမင်းကို ထိုက်ထိုက်တန်တန် အပြစ်ပေးရလိမ့်မယ်”