မော့ချုံလှုပ်ရှားခြင်း
Vol. 20 Ch. 3.42
လုရွှမ်၏ မျက်လုံးများတွင် တစ်ဖက်လူ၏ လုပ်ဆောင်ချက် များစွာသည် လူရွှင်တော်နှင့် တူသောကြောင့် သူ အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ ကောင်းကင်ကျားကို လွှတ်ပေးရန် လှောင်အိမ်ဖက်ကို လှည့်ကြည့်လိုက်သည်။
သူ့လုပ်ရပ်ကိုမြင်တော့ ပိုင်ရှောင်းရဲ့မျက်နှာက မည်းမှောင်သွား၏။
"အသိတရား မရှိတဲ့ကောင်!"
မျက်နှာဖြူ ကျားကြီး၏ နောက်ကျောတွင် ထိုင်နေခဲ့သည့် ပိုင်ရှောင်းသည် တန်ခိုးရှင်နှင့် အစွမ်းထက်မြက်သော တန်ခိုးရှင် တစ်ယောက်ကဲ့သို့ အသက်ရှူသံများကို ထုတ်လွှတ်နေသည်။
"လစ်စမ်း!"
အသံသာ ထုတ်လွှင့်၍ လုရွှမ် ခေါင်းပင်လှည့်ကြည့်မလာချေ။
"မင်း ဘာပြောလိုက်တယ်?"
ပိုင်ရှောင်းရဲ့ မျက်နှာက နီရဲလာပြီး ဦးရေပြား ရုတ်တရက် ပေါက်ကွဲသွားတော့မလို ဖြစ်လာသည်။
"မင်း နားမကြားဘူးလား? မျက်စိကန်းနေတာလား? ငါတို့ရဲ့ သခင်လေးက မင်းကို ထွက်သွားဖို့ ပြောနေတယ်လေ မင်းမကြားဘူးလား"
လျောက်ချင်း ဟစ်အော်လိုက်သည်။
"ကောင်လေး... မင်းက သေချင်နေတာပဲ!"
ပိုင်ရှောင်းဟာ ဒီလို အပြောခံရဖို့ မမျှော်လင့်ထားပါဘူး။ ဒါဟာ အဓိပ္ပါယ်မဲ့တဲ့ စကားပဲ။ လူပြက်အဖြစ် ပုံသွင်းခံလိုက်ရတဲ့အခါ ဒေါသတွေ ထွက်ပေါ်ပြီး အဆုတ်တွေပင် ဖောင်းပွလာခဲ့သည်။
"ဟေး အဲဒါကို စိတ်ပူစရာ မလိုတော့ဘူး ထင်တယ်"
ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဟွမ်ချောင်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားစွာ တောက်ပသွားသည်။
အခုလေးတင် ပိုင်ရှောင်းဟာ ကောင်လေးက နူးညံ့တဲ့ စကားလုံးတွေ ပြောပြီး လွှတ်ပေးလိုက်မှာကို ကြောက်နေခဲ့တာ။ အခုတော့ ပိုင်ရှောင်း လုံးဝ ဒေါသထွက်လာပြီ ဆိုတော့ ဒီကောင်လေး မသေဘူးလား ကြည့်လိုက်ရအောင်။
"အကောင်ငယ်လေး... မင်းရဲ့ပထမဆုံး ပြစ်မှုအတွက် ငါက ခွင့်လွှတ်ချင်ခဲ့တာ.... ယင်းယန်အကယ်ဒမီရဲ့ အပြင်ဘက်မှာ ဘယ်သူက အင်အားရှိလဲ အခုပြောပြမယ်!"
ဒေါသကြီးလာသော ပိုင်ရှောင်းသည် ဧရာမမျက်နှာဖြူ ကျားကြီး၏ နောက်ကျောမှ မတ်တပ်ထရပ်ကာ ခန်းမတစ်ခုလုံးကို တွန်းလှန်နိုင်သော အရိပ်အယောင်များ ချက်ချင်း လွှမ်းသွားသည်။
"သူ့ကိုနှင်လွှတ်လိုက်!"
ဤကဲ့သို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရသောအခါ လုရွှမ်သည် ၎င်းကို မကြည့်ဘဲ မော့ချုံအား လက်ဝေ့ယမ်းပြလိုက်သည်။
"ဟုတ်ကဲ့!"
မော့ချုံသည် ခန်းမသခင်ဖုန်း၏ ညွှန်ကြားချက်ကို နာခံပြီး လူငယ်၏ မြင့်မြတ်သော အဆင့်အတန်းကို သိရှိခဲ့သည်။ ဘယ်ကရောက်လာမှန်း မသိသော ကောင်လေးက လူကြီးမင်းကို လာရောက် စော်ကားနေကတည်းက သူမက ဒေါသထွက်နေပြီ ဖြစ်သည်။
"အခုချက်ချင်း ထွက်သွားစမ်း!"
ဆူပူကြိမ်းမောင်းသော အသံနှင့်အတူ မော့ချုံသည် သူမ၏လက်ကို မြှောက်လျက် လေထဲတွင် စွမ်းအင်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ဗုန်း!
ကောင်းကင် တစ်ခွင်လုံးတွင် လက်ဖဝါးပုံများ၏ ထူထဲသော ဝိညာဥ်ချီသည် ခန်းမတစ်ခုလုံးကို ဖုံးအုပ်ထားကာ ပိုင်ရှောင်းထံသို့ တိုက်ရိုက် ပြေးဝင်လာသည်။
မလှုပ်ခင်က မထင်ရှားပေမယ့် လှုပ်ရှားပြီးတာနဲ့ မော့ချုံရဲ့ စစ်မှန်တဲ့ ခွန်အားကို ချက်ချင်း ပြသလာသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်! သူမဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်ကို ရောက်နေလေပြီ။
လျောက်ချင်း မထင်မှတ်ထားရာ အံ့သြစွာ မျက်လုံးများ ပြူးကျယ်သွားကာ သခင်လေးကို လှည့်ကြည့်လိုက်သော်လည်း ပြိုင်ဘက်၏ အင်အားကို အစောကတည်းက သိထားသကဲ့သို့ သူ့တွင် အေးအေးဆေးဆေး အနေအထိုင် ရှိနေသည်ကို မြင်လိုက်ရသည်။
မော့ချုံက ဘယ်လောက်ပဲ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပါစေ အရူးဧကရာဇ် လုရွှမ်ဆီက ဘယ်လိုမှ ဖုံးကွယ်ထားနိုင်မှာ မဟုတ်ပါဘူး။
"မင်း"
ပိုင်ရှောင်းသည် ကြုံသလို ပေါ်လာတဲ့ စားပွဲထိုးလေးဟာ ဒီလိုမျိုး ခွန်အားတွေ တကယ်ရှိလိမ့်မယ်လို့ မမျှော်လင့်ထားဘဲ သူ့မျက်နှာက အရမ်းရုပ်ဆိုးလာပြီး လက်သီးတစ်ချက်ဖြင့် ခုခံထားလိုက်သည်။
လက်သီးနှင့် လက်ဖဝါးပုံရိပ်များ ထိမှန်ကာ ပြင်းထန်သော ရောင်ဝါသည် နေရာတိုင်းတွင် ပြန့်ကျဲသွားပြီး ထူထပ်သော အက်ကြောင်းများ မြေပြင်ပေါ်တွင် ပေါ်လာသည်။
ဗုန်း!
အသက်ရှူချိန်ကို ဖိနှိပ်ထားနိုင်သော မော့ချုံ၏ လက်ဖဝါးသည် ပိုပိုပြီး ကြီးလာသည်။ ပိုင်ရှောင်း၏ မျက်နှာသည် ဖျော့တော့သွားပြီး သူမထိန်းမရတော့ဘဲ ဖြူဖွေးသော ကျားကြီး၏ ကျောပေါ်မှ တိုက်ရိုက် ပြုတ်ကျသွားသည်။
သူသည် အဓိပတိနယ်ပယ်တွင် ဘယ်သူမှ အနိုင်ယူနိုင်စွမ်း မရှိဟု ဆိုသော်လည်း ၎င်းနှင့် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အကြား ကြီးမားသော ကွာဟချက်မှာ တူညီမှု မရှိပါ။
"သေစမ်း သေစမ်း!! စားပွဲထိုးလေးကများ! မင်းက ငါ့ကို လက်ပါရဲတယ်ပေါ့! ငါဘယ်သူလဲ မင်းသိလား?"
မြေပြင်မှထရင်း ပိုင်ရှောင်း လုံးဝ ဒေါသတကြီး ထွက်သွားသည်။ မော့ချုံသည် သားရဲခန်းမစောင့် တစ်ဦး၏ အဝတ်အစားကို ၀တ်ဆင်ထားပြီး တစ်ဖက်လူ၏ အမြင်တွင် သူမသည် သာမန် စားပွဲထိုးတစ်ဦး ဖြစ်သည်။
မာနကြီးပြီး ကောင်းကင်၏သား ဖြစ်သူ၊ ယင်းယန်အကယ်ဒမီ၏ ပြင်ပအခန်းတွင် ထိပ်တန်းကျောင်းသား အဆင့်၃ကို စားပွဲထိုးက မြေပြင်ပေါ်သို့ အရိုက်ပစ်ခြင်း ခံလိုက်ရတာကြောင့် ဒေါသထွက်ကာ ရူးသွပ်သွားခဲ့သည်။
"မင်းက ဘယ်သူလဲ?"
မော့ချုံ ရပ်လိုက်သည်။
"ဒီသခင်လေးက သားရဲခန်းမရဲ့ အဆင့်၆ တရားဝင် သားရဲလေ့ကျင့်ရေးဆရာပဲ ငါ့ဆရာက ပထမတန်းစား သားရဲလေ့ကျင့်ရေး ဂိုဏ်းဆရာတစ်ယောက်ပဲ... မင်းလို စားပွဲထိုးလေးက ငါ့အပေါ်ကို ခွေးလို ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲတယ်... မင်းက သားရဲခန်းမနဲ့ သားရဲလေ့ကျင့်ရေးမှူးကို ပေါ်ပေါ်တင်တင် စော်ကားနေတာပဲ!! ယုံချင်ယုံ မယုံချင်နေ ငါ အခုပဲ သားရဲခန်းမကို သတင်းပို့ပြီး မင်း ဘယ်တော့မှ ပြန်မကောင်းနိုင်အောင် အပြစ်ပေးခိုင်းလိုက်မယ်"
သားရဲလေ့ကျင့်ရေး ဆရာများသည် အဂ္ဂိရတ်ပညာရှင်နှင့် လက်နက်သန့်စင်သူများနှင့် ယှဉ်နိုင်သော လေးစားဖွယ်ကောင်းသည့် အဆင့်အတန်း ရှိသည်။ ဤခေတ်တွင် အဆင့်၆ ဂိုဏ်းဆရာအဆင့် သားရဲထိန်းသူများသည် ပေရွှီးမြို့ သားရဲခန်းမတွင်ပင် ရှားပါးလှသည်။
စားပွဲထိုး သေးသေးလေးသည် သူ့ကို ရိုက်နှက်ရန် သတ္တိရှိခြင်းက သေမင်းကို ရှာဖွေနေခြင်းပင် ဖြစ်ပေ၏။
"အိုး!" မော့ချုံ ခေါင်းညိတ်လိုက်ပြီး
"ပြောလို့ပြီးပြီလား?"
"အမ်?"
သူမကို အထောက်အထား ပြလာတာတောင် တစ်ဖက်လူက ဒီလိုသဘောထား ရှိနေဦးလိမ့်မယ်လို့ မမျှော်လင့်ထားတဲ့ ပိုင်ရှောင်းမှာ အံ့အားသင့်သွားသည်။
"ပြောပြီးရင် ငါဆက်ရိုက်တော့မယ်!"
စကားများပြီးသည်နှင့် မော့ချုံသည် သူမလက်ကို ထပ်မံ လှုပ်ရှားလိုက်ပြန်သည်။ သူမလက်ဖဝါးသည် လေနှင့်အတူ ရွှဲရွှဲရွှဲမြည်သံ ထွက်ပေါ်လာပြီး လျှပ်စီးကြောင်းကဲ့သို့ ပြင်းထန်သော အသက်ရှုသံက သူ့ဆီသို့ ဝင်ရောက်လာသည်။
ပိုင်ရှောင်း မတုံ့ပြန်မီတွင် သူ့မျက်နှာတွင် ပူလောင်သော နာကျင်မှုကို ခံစားလိုက်ရပြီး သူ့တစ်ကိုယ်လုံး ချက်ချင်း လွင့်ထွက်သွားသည်။
ဖုန်း!
သူသည် မီတာဆယ်နှင့်ချီ အကွာရှိ ကြမ်းပြင်ပေါ်ကို ဦးခေါင်းနှင့် ဇောက်ထိုးလွင့်ကျကာ အပေါက်ကြီးတစ်ခု ဖြစ်သွားသည်။
"စီနီယာပိုင်ရှောင်း!"
သူတို့၏ အစွမ်းအစ ရှိသော စီနီယာဟာ အမျိုးသမီးတစ်ဦး၏ နှင်ထုတ်ခြင်းကို ခံလိုက်ရသည်အား မြင်လိုက်ရသောအခါ ဟွမ်ချောင် နှင့် အခြားသူများမှာ အံသြသွားကြသည်။
စီနီယာသည် သားရဲထိန်းသူဖြစ်ပြီး ဆရာသည် ကျွမ်းကျင်သော သားရဲကို ထိန်းကျောင်းသူဖြစ်သောကြောင့် ၎င်း၏ အထောက်အထားကို ပြောပြတာတောင် ရိုက်နှက်ဝံ့လောက်အောင် ရက်စက်လွန်းလှသည်။
"ငါမင်းကို သတ်မယ်!"
သူ့ပတ်ဝန်းကျင်က အံ့အားသင့်နေတဲ့ မျက်လုံးတွေကို မြင်လိုက်ရသော် ပိုင်ရှောင်းက သူ့ဂုဏ်သရေကို ထိပါးလာပြီမှန်း သိလိုက်ရသည်။ ရူးသွပ်တဲ့ ဟောက်သံနဲ့အတူ သူ့ခန္ဓာကိုယ်ဟာ လျင်မြန်စွာ လှုပ်ရှားသွားပြီး မနီးမဝေးရှိ သံလှောင်အိမ်ရှေ့ကို ရောက်ရှိသွား၏။
လှောင်အိမ်ထဲတွင် မကြာသေးခင်က ဖမ်းမိလာတဲ့ ပထမအဆင့် ဝိညာဉ်သားရဲ နတ်ဆိုးအရိပ်ဝံပုလွေ ရှိနေသည်။
ချွင်း!
အကျိုးဆက်များ မည်သို့ပင်ရှိစေကာမူ ဒေါသတကြီး ဖြစ်နေသော ပိုင်ရှောင်းသည် လှောင်အိမ်၏ သံသော့ကိုဖွင့်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး
"အဲဒီခွေးမနဲ့ ခွေးကောင်ကို ငါ့အတွက် သတ်ပေးစမ်း!"
နတ်ဆိုးအရိပ်ဝံပုလွေမှာ မယဉ်ပါးသေးပေမယ့် ပိုင်ရှောင်းနဲ့ ပေါင်းသင်းပြီး နောက်ပိုင်း ဆက်ဆံရေးက ရင်းနှီးသွားတယ်လို့ ယူဆနိုင်သည်။ အမိန့်ကိုကြားတဲ့အခါ သူ့ရဲ့ရုပ်သွင်ပြင်က လှုပ်ရှားသွားပြီး လှောင်အိမ်ထဲက ခုန်ဆင်းကာ ဦးတည်ချက် တည့်တည့်ကို ပြေးသွားသည်။
"ဟင့်!"
မထင်မှတ်ပဲ ဒီကောင်က နောင်တရပြီး နောက်ပြန်မလှည့်ဘဲ ဝိညာဥ်သားရဲကိုပါ အသုံးချလာ၏။ မော့ချုံ မျက်မှောင်ကြုတ်၍ သူ့လက်တွေကို လေထဲမှာ တင်းတင်းကြပ်ကြပ် ပင့်မြှောက်၍ နတ်ဆိုးအရိပ်ဝံပုလွေကို ရိုက်ချလိုက်သည်။
ပထမအဆင့် ဝိညာဉ်သားရဲသည် ကြောက်မက်ဖွယ် ကောင်းသော်လည်း သားရဲခန်းမထဲတွင် တစ်ချန်လုံး ရှိနေခဲ့သော သူမအတွက် ဘာမှမဟုတ်ပါ။
လက်ဖဝါး၏ လေနှင့်အတူ သူလှုပ်ရှားလိုက်သည်နှင့် သူ့ပတ်ဝန်းကျင်ရှိ ရောင်ဝါသည် လေဟာနယ် တစ်ခု ဖြစ်သွားသည်။
သေမျိုးအသွင်ကူးပြောင်းခြင်း နယ်ပယ်တွင် သန်မာသူများသည် ရုပ်ခန္ဓာ၏ ကန့်သတ်ချက်များကို ကျော်လွန်ပြီး ဖြစ်သည်။ ၎င်းတို့၏ ရုပ်ခန္ဓာနှင့် စစ်မှန်သော စွမ်းအင်ကို ၎င်းတို့ အသုံးပြုနိုင်ရုံ သာမက လေထဲတွင် ဝိညာဉ်စွမ်းအင်ကို အသုံးပြုရန်အတွက် ကောင်းကင်နှင့် မြေကြီး ပုံစံကိုလည်း အသုံးပြုနိုင်သည်။
ဝူး!
ဝံပုလွေသည် ဤအမျိုးသမီး၏ ထိတ်လန့်ဖွယ်ကောင်းမှုကို မြင်တွေ့ရပြီး လေထဲတွင် ဟိန်းဟောက်ကာ ရုတ်တရက် လေထဲသို့ ခုန်တက်သွားခဲ့သည်။
ဝှစ်!
မော့ချုံ၏ တိုက်ခိုက်ခြင်းမှ လွတ်မြောက်သွားပြီး နောက်ထပ် ဦးတည်ချက်မှာ လုရွှမ် ဖြစ်သည်။
၎င်းသည် ပထမအဆင့် ဝိညာဉ်သားရဲ တစ်ကောင်သာ ဖြစ်သော်လည်း နတ်ဆိုးအရိပ်ဝံပုလွေသည် ကြံ့ခိုင်သော ခန္ဓာကိုယ် ရှိနေပြီဖြစ်သည်။ ၎င်းသည် မော့ချုံက ပြိုင်ဘက်မဟုတ်မှန်း သိသဖြင့် လုရွှမ်ကို ခိုးဝင်တိုက်ခိုက်ရန် ဤရှောင်တိမ်းမှုကို အသုံးပြုခဲ့သည်။
ဤလှုပ်ရှားမှုများသည် ချောမွေ့လွန်းသဖြင့် မော့ချုံပင် မတုံ့ပြန်နိုင်ခဲ့ပေ။
တကယ်တော့ သူမရဲ့ နှေးကွေးတဲ့ တုန့်ပြန်မှုအတွက် အပြစ်မတင်လို့ မရချေ။ သူမဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်က ကျင့်ကြံသူဖြစ်သော်လည်း သူမရဲ့ အဆင့်အတန်းကြောင့် သူမဟာ အခြားသူတွေနဲ့ ရန်ဖြစ်ခဲပြီး တိုက်ပွဲအတွေ့အကြုံ အနည်းငယ်သာ ရှိပါသေးသည်။
သို့သော်လည်း နတ်ဆိုးအရိပ်ဝံပုလွေသည် တောင်များနှင့် သစ်တောများတွင် ကျင်လည်ကျက်စားခဲ့ပြီး နေ့တိုင်းနီးပါး အမဲလိုက် တိုက်ခိုက်၍ ရိုးတွင်းခြင်ဆီများပင် ပေါင်းစည်းနေပြီ ဖြစ်သည်။
ဒါဟာ တိုတောင်းတဲ့ လှုပ်ရှားမှု တစ်ခုပေမယ့် တကယ့် တိုက်ပွဲ အတွေ့အကြုံ အရတော့ မော့ချုံက နောက်ကျနေဆဲ ဖြစ်သည်။
"သတိထား!"
မထင်မှတ်ပဲ ဝိညာဥ်သားရဲတစ်ကောင်က ဒီလို အတွေးမျိုးရှိပြီး တိုက်ခိုက်သည့် ပစ်မှတ်ကို ခဏတာ ပြောင်းလဲသွားခဲ့ရာ မော့ချုံ ကမန်းကတန်း အော်လိုက်ရ၏။
နောက်ကျသွားပြီ။ သူမဟာ လုရွှမ် နဲ့ အနည်းဆုံး ဆယ်မီတာအကွာမှာ ရှိနေပြီး အရိပ်ဝံပုလွေရဲ့ အရှိန်အဟုန်နဲ့ အင်မတန် မြန်လို့ အသာစီးမရရင် လူကို ကယ်တင်ဖို့ အချိန်နှောင်းသွားပြီ။
ဤလုရွှမ်သည် ခန်းမသခင်ဖုန်း၏ ထူးခြားသော ဧည့်သည်ဖြစ်သည်။ တစ်ခုခု တကယ်ဖြစ်သွားမှာကို သူမ တွေးတောင်မတွေးရဲဘူး။
"ဟမ့်!"
သူမ၏ တုန်လှုပ်ချောက်ချားမှုမှ ခြားနားစွာ နတ်ဆိုးအရိပ် ဝံပုလွေသည် သူ့ဆီသို့ အပြေးအလွှား ပြေးလာသည်ကို မြင်လိုက်ရသော လုရွှမ်သည် မျက်ခုံးပင့်ကာ သူ့တစ်ကိုယ်လုံး ဝိညာဥ်စွမ်းအင်ဖြင့် ဖုံးလွှမ်း၍ ရိုက်ချဖို့ ပြင်လိုက်သည်။
သို့သော် သူ မလှုပ်ရှားမီတွင် သူ့နောက်မှ ဟိန်းဟောက်သံတစ်ခု ကြားလိုက်ရပြီး အဖြူရောင် အရိပ်ကြီးတစ်ခုက သူ့ပေါ်မှ ခုန်ကျော်သွား၏။
ဝေါင်း!
မြေပြင်သည်ပင် တုန်ခါသွား၏။
နတ်ဆိုးအရိပ် ဝံပုလွေသည် ချက်ချင်းပင် လွင့်ထွက်သွားကာ အသေကောင်ကဲ့သို့ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့သည်။
ဘာသာပြန် = ကောင်းကင်ကျားကို ကောင်းကင်အူသံကျားဟု ဘာသာပြန်သွားပါမယ်