ပြိုင်ဘက်ကင်းသော မှော်ဝိဇ္ဇာရှင်
Vol. 68 Ch. 886
ချုံဧကရာဇ်ရှစ်ပါးစလုံးသည် အမိကမ္ဘာမြေ၏ မျိုးဆက်များ ဖြစ်သော်လည်း အမျိုးအနွယ် မတူကြပေ။ တစ်ယောက်က ကမ္ဘာဦးဘုံထဲရှိ ရှေးဟောင်းနဂါးသွေးကြောနှင့် အမိကမ္ဘာမြေ ဆုံတွေ့သည့်အခါတွင် မွေးဖွားလာသူဖြစ်သည်။ သူ့တွင် နဂါးခေါင်း၊ လူကိုယ် ရှိပြီး ချုံဧကရာဇ် လုံရှီအဖြစ် ထင်ရှားကျော်ကြား၏။
တစ်ယောက်က အမိကမ္ဘာမြေနှင့် လေ ဆုံသည့်အခါ မွေးဖွားလာသဖြင့် ဇာမဏီခေါင်း၊ လူကိုယ် ရှိကာ တောင်ပံတစ်စုံ ပေါက်နေသည်။ သူမကား ချုံဧကရာဇ်ဖုန့်ရုံအဖြစ် အမည်တွင်သည်။
တစ်ယောက်သည် အမိကမ္ဘာမြေနှင့် ကောင်းကင်နတ်မြစ် တွေ့ဆုံသည့်အချိန်တွင် မွေးဖွားလာခဲ့၏။ သူ့တွင် လိပ်ခွံနှင့် လူခန္ဓာရှိကာ ချုံဧကရာဇ် ဟယ်လော့အဖြစ် လေးစားခံရသည်။
တစ်ယောက်က အမိကမ္ဘာမြေနှင့် ကမ္ဘာဦးဘုံထဲရှိ အကြီးမားဆုံးတောင်ဖြစ်သော မြင့်းမိုရ်တောင်နှင့် ဆုံတွေ့သည့်အခါ မွေးဖွားလာခဲ့သည့်အလျောက် သံမဏိကျောက်ခနဲတမျှ မာကြောသော ရုပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားသည်။ သူကား ချုံဧကရာဇ် ကျားမို ဖြစ်ချေသည်။
တစ်ယောက်မှာ အမိကမ္ဘာမြေနှင့် ယိုတု တွေ့ဆုံပြီးနောက် ဖွားမြင်လာသော မျက်လုံးသုံးလုံးပါ နွားခေါင်းနှင့် လူကိုယ်ရှိသူ ဖြစ်သည်။ ချုံဧကရာဇ် ယဲ့ပို အဖြစ် နန်းတက်ခဲ့သည်။
တစ်ယောက်သည် အမိကမ္ဘာမြေနှင့် ရွှမ်တု ဆုံသည့်အချိန်၌ မွေးဖွားလာခဲ့၏။ သူမတစ်ကိုယ်လုံးက နှင်းကဲ့သို့ ဖြူဆွတ်ပြီး သူ့မျက်လုံးများမှာလည်း သူငယ်အိမ်ကင်းမဲ့လျက် အဖြူရောင်တောက်နေသည်။ သူမ၏နာမည်သည် ချုံဧကရာဇ် ရွှမ်န ဖြစ်သည်။
ချုံဧကရာဇ်ယွမ်ကျွင်းက အမိကမ္ဘာမြေနှင့် အဆုံးသတ်မြို့ပျက် ဆုံသည့်အချိန် မွေးလာခဲ့သည်။ သူ့ခန္ဓာကိုယ်သည် ခရုရစ်အမှတ်အသားများဖြင့် မည်းနက်နေ၏။
အမိကမ္ဘာမြေ၏ အကြီးဆုံးသမီးတော်၊ ချုံဧကရာဇ် မိန့်ယင်သာလျှင် အမိကမ္ဘာမြေ၏ ကမ္ဘာမြေမှုန်တာအိုသစ်သီးမှ ဖန်ဆင်းခံထားရခြင်း ဖြစ်သည်။
အထက်ပါ ချုံဧကရာဇ်များနှင့် ဖုန့်ချိုးယွင် သယ်ဆောင်သွားသော တစ်ယောက်မှအပ ကျန်ချုံဧကရာဇ်များသည် ဝိညာဉ်ပြိုကွဲ၍ သေဆုံးသွားကြ၏။ ကောလဟာလများအရ တချို့ကို ရတနာများအဖြစ် သွန်းလုပ်ထားသည်ဟု ကြားရသည်။
မိခင်တစ်ဦးတည်းမှ မွေးဖွားလာကြသည့်တိုင် အမိကမ္ဘာမြေတွင် မတူညီသော သဘာဝများ ရှိသည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ရုပ်ချင်းမတူကြပေ။ သို့သော် အားလုံး သန်မာအားကောင်းစွာ မွေးဖွားလာကြပြီး ကောင်းကင်နတ်သိုင်းများစွာ တတ်မြောက်ထားကြ၏။
သူတို့၏ ကောင်းကင်နတ်သိုင်းများက အမိကမ္ဘာမြေနှင့် သူမ ကြုံတွေ့ခဲ့ရသည့် သဘာဝများနှင့် သက်ဆိုင်သည်။ ကောင်းကင်နယ်စားမင်း နှင့် မြေအောက်ဘုံအရှင်သခင်နှင့် မဆိုင်ပေ။
ချုံဧကရာဇ်ခေတ်သည် အကြမ်းတမ်းဆုံး ခေတ်ကာလ ဖြစ်ခဲ့၍ ဤချုံဧကရာဇ်အားလုံး ထူပေနာပေခံအောင် ကျင့်ကြံအားထုတ်ထားကြသည်။ သူတို့ ကောင်းကင်နတ်အရှင်ယွီဆီ ပျံတက်သွားသည့်အချိန်တွင် သူတို့အနောက်၌ ကောင်းကင်နန်းဆောင်များက ဖရိုဖရဲ ဖွဲ့တည်လာကြသော်လည်း အပြည့်အစုံ ထုတ်လွှတ်ခံထားရသည်။
ချုံဧကရာဇ်ရွှမ်နက သူမ၏ဧရာမခန္ဓာကိုယ်ကြီးဖြင့် နေရာဟင်းလင်းပြင်ကို ပုံပျက်ရှုံ့တွစေလျက် ကောင်းကင်ဆီသို့ လက်လှမ်းပြီး နေ၊ လနှင့် ကြယ်တို့အား ခူးဆွတ်သည်။ သူမသည် ကြောက်မက်ဖွယ်ရာ ခွန်အားဖြင့် နေလုံးကြီး၏ အူတိုင်ကို ဆွဲဖြဲကာ ကောင်းကင်နတ်အရှင်ယွီဆီ ပြေးဝင်သွားသော စစ်သည်တော်တစ်ဦး ဖန်ဆင်းလိုက်၏။
ကြယ်တာရာများက အစစ်ဖြစ်ပေါ်သော်လည်း သူမလက်ထဲတွင် ကစားစရာလေးများသဖွယ် ဖြစ်နေသည်။ ကြယ်များက သံလိုက်ဆွဲအားဖြင့် လောင်ကျွမ်းတောက်လောင်နေပြီး ကြယ်ရောင်လည်း ဖျပ်ဖျပ်လက်နေသည်။
ချုံဧကရာဇ်ဟယ်လော့က ကောင်းကင်နတ်မြစ်၏ အပိုင်းတစ်ပိုင်းကို လက်နက်တစ်လက်အသွင် ပြောင်းထားသည်။ နှိုင်းဆမရသော ကောင်းကင်နတ်မြစ်ကား ခံ့ညားထည်ဝါသည့် ကြာပွတ်သဖွယ်... ဧရာမနဂါးကြီးတစ်ကောင်သဖွယ် လူးလွန့်လှုပ်ရှားနေတော့သည်။
ချုံဧကရာဇ်ယဲ့ပို လက်ဝှေးယမ်းလိုက်သည့်အခါ ပတ်ပတ်လည်ရှိ နတ်ဘုရားတစ်ပိုင်းတို့၏ အသားများ ပေါက်ကွဲကုန်သည်။ သူက သူတို့၏သွေးများကို ဝမ်းဗိုက်ထဲသို့ စုပ်ယူရင်း သိုင်းစွမ်းအား မြှင့်တင်နေသည်။ သူ၏ချိုကြီးများသည် မီးရဲရဲတောက်နေပြီး ကောင်းကင်ထက်မှ ဆင်းသက်လာနေသော အဝါရောင်စမ်းချောင်းနှစ်စင်းပမာ ထင်ရ၏။ သူ့ခွာများ နင်းလိုက်သည့်နေရာတွင် ပင်လယ်များ ဖြစ်ပေါ်လာသည်။
ချုံဧကရာဇ်ကျားမိုက ကမ္ဘာ၏အလယ်တွင် ဗုဒ္ဓရှင်တော်မြတ်တစ်ပါးသဖွယ် ထိုင်နေပြီး ဓမ္မအရှိန်အဝါကို ဖြန့်ကျက်နေသည်။ မဟာမြတ်ဗုဒ္ဓတစ်ပါး အမျက်တော်ရှနေသကဲ့သို့ သူ့တွင် ကရုဏာတရားနှင့် အမျက်ဒေါသနှစ်ခုလုံး ကိန်းဝပ်နေသည်။
ချုံဧကရာဇ်ဖုန့်ရုံက ရောင်စုံခြယ်သော တောင်ပံများကို ခတ်လျက် မိုင်တစ်သောင်း ရှည်လျားသော အလင်းဓားသွားတစ်လက် ဖွဲ့တည်လိုက်သည်။ ဤဓားသွားသည် ချုံဧကရာဇ်ခေတ်တွင် မည်သည့်အရာကိုမဆို ပိုင်းဖြတ်နိုင်သော အထက်ဆုံးဓားသွား ဖြစ်၏။ သန်မာအားကောင်းသည့် သိုင်းပညာရှင်များပင် ဓားသွားအား ထိပ်တိုက်ရင်ဆိုင်နိုင်မည်မဟုတ်ပေ။
ချုံဧကရာဇ်လုံရှီသည် အသွင်ကူးပြောင်းစွမ်းရည်များကြောင့် ထင်ရှား၏။ သူ့ခန္ဓာကိုယ်က ကောင်းကင်နတ်အရှင်ယွီ၏ အရွယ်အစားနှင့် သိပ်မကွာတော့သည့်တိုင်အောင် ကြီးမားလာသည်။ သူ့အနောက်တွင် အစိမ်းရောင်မိုးကြိုးများနှင့်အတူ ကောင်းကင်ဘုံတစ်ဘုံ ဖွဲ့တည်လာသည်။ သူက မိုးကြိုးသွားကို ဓားသဖွယ် သုံး၍ ကမ္ဘာပျက်မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်နေ၏။ လျှပ်စီးပင်လယ်မှာ သူ့လက်ဝါးအပေါ်တွင် စုဝေးလာပြီးသော် ချုံဧကရာဇ်ခေတ်တွင် အထက်ဆုံးသော ဓားတစ်လက် ဖြစ်လာသည်။
ဧရာမဝဲကြီးတစ်ဝဲက ချုံဧကရာဇ်ယွမ်ကျွင်း၏အပေါ်တွင် ဖွဲ့တည်လာရင်း မည်သည့်အရာကိုမဆို ဝါးမြိုနေသည်။ ချုံဧကရာဇ်ခေတ်တုန်းက ချုံဧကရာဇ်ယွမ်ကျွင်းသည် ရန်သူတို့၏ ကောင်းကင်နတ်သိုင်းများနှင့် စစ်တပ်များအား ဤဝဲကြီးဖြင့် ဖြိုခွင်းဖျက်စီးပစ်ခဲ့၏။
ချုံဧကရာဇ်မိန့်ယင်က အမိကမ္ဘာမြေအသေးစားသဖွယ် ကမ္ဘာဦးဘုံ၏ အားအကောင်းဆုံး မြေစွမ်းအားကို ကိုင်စွဲထားသည်။ သူမ၏သွေးက အသန့်ဆုံး၊ အစစ်ဆုံး ဖြစ်သည့်အတွက် သံလိုက်ဆွဲအားအပေါ် နားအလည်ဆုံး ဖြစ်သည်။
ချုံဧကရာဇ်ရှစ်ပါးစလုံး ကောင်းကင်နတ်သိုင်းများအား ပြိုင်တူထုတ်ဖော်လိုက်သည့်အခါ မိုးပြိုကျ၍ မြေပြင်အက်ကွဲလာသည်။ မြင်ကွင်းကြီးသည် အမှန်ပင် တုန်လှုပ်ချောက်ချားစရာ ကောင်းလှပေသည်။
ကောင်းကင်နယ်အရှင်ယွီက ရယ်နေ၏။ “ပုရွက်ဆိတ်တွေ”
သူ၏ခန္ဓာကိုယ်က သံလိုက်ဆွဲအား ကောင်းကင်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး လက်ဝါးကြီးဖြင့် ချုံဧကရာဇ်မိန့်ယင်အပေါ် ရိုက်ချလိုက်သည်။ ချုံဧကရာဇ်မိန့်ယင်မှာ ရုပ်ခန္ဓာအကြံ့ခိုင်ဆုံးဖြင့် ဧကရာဇ်ပလ္လင်အဆင့် ကောင်းကင်နတ်သိုင်းပညာရှင် ဖြစ်သော်လည်း မည်သို့မျှ မခုခံနိုင်ပေ။ သူမ၏အရိုးများ စိစိညက်ညက် ကြေသွားကာ မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားသည်။
သူမ ထရန် ရုန်းကန်နေသည့်အချိန်မှာပဲ ဧရာမခြေဝါးကြီးက သူမအပေါ် ဖိနင်းလိုက်တော့သည်။
ကောင်းကင်နတ်အရှင်ယွီ၏ လက်ဝါးနောက်တစ်ဖက်က ယိုတုကောင်းကင်နတ်သိုင်းတစ်ခုဖြင့် တိုက်ခိုက်နေသော ချုံဧကရာဇ်ယဲ့ပိုကို ရိုက်ထုတ်လိုက်သည်။ ချုံဧကရာဇ်ယဲ့ပို၏ချိုများ ကျိုးပဲ့သွားပြီး သူ့အောက်ရှိ ပင်လယ်များ ပွက်ပွက်ဆူလာသည်။ ကောင်းကင်နတ်အရှင်ယွီ၏ လက်ဝါးတစ်ချက်တည်းဖြင့် သူ့ရုပ်ခန္ဓာမှာ တစစစီ ဖြစ်ပေတော့မည်။
“မြေအောက်ဘုံအရှင်သခင်ရဲ့ မဟာတာအို သင်္တေကအမှတ်အသားတွေက မင်းကို ကယ်ပေးလိုက်မယ် မထင်ထားဘူး”
ကောင်းကင်နတ်အရှင်ယွီက တဟားဟား အော်ရယ်နေသော်လည်း ချုံဧကရာဇ်ယဲ့ပိုအနောက် မလိုက်ပေ။ သို့သော် သူ တစ်ဖက်လှည့်လိုက်စဉ် သူ့ဆံပင်များ လှုပ်ခတ်သွားပြီး ဆံမျှင်တစ်ထောင်က ဓားရှည်များသဖွယ် ချုံဧကရာဇ်ယဲ့ပိုကို ထိုးဖောက်သွားသည်။
ချုံဧကရာဇ်ယဲ့ပို မှင်သက်နေသည့်အချိန်မှာပင် သူ၏ခန္ဓာကိုယ်မှာ သပ်သပ်ရပ်ရပ် ညီညီညာညာ လှီးဖြတ်ခံထားရသော အသားတုံးတစ်ထောင်အဖြစ် ကွဲထွက်သွားချေပြီ။
“ဒီနေ့ကစပြီး ဧကရာဇ်ပလ္လင်အဆင့်က ပြိုင်ဘက်ကင်းအဆင့် မဟုတ်တော့ဘူး”
ကောင်းကင်နတ်အရှင်ယွီက ဆံပင်များ ပြန်ခေါ်ပြီး ချုံဧကရာဇ်လုံရှီကို ရိုက်ထုတ်ရင်း မည်သည့်အရာကို ပိုင်းဖြတ်နိုင်သည်ဟု ကျော်ကြားသော ကမ္ဘာပျက်မိုးကြိုးကပ်ဘေးဓားကို ဖြိုခွင်းလိုက်သည်။ လုံရှီ၏ ခေါင်းမှာ လည်တိုင်ထက်တွင် လည်သွားပြီး သူ့မျက်လုံးများမှ မိုးကြိုးတန်းများက ရောက်တက်ရာရာသို့ ပစ်ချနေတော့သည်။
ကောင်းကင်နတ်အရှင်ယွီ၏ မျက်လုံးများက လင်းလာကာ အလင်းတန်းနှစ်တန်းအား ယွမ်ကျွင်း၏ ကောင်းကင်နတ်သိုင်း၊ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်ထဲသို့ ပစ်လွှတ်လိုက်သည်။ အလင်းတန်းများသည် အသူရာချောက်ကို ခွင်း၍ ယွမ်ကျွင်း၏ ဦးခေါင်းကို ထိုးဖောက်သွား၏။
ထိုစဉ် ကောင်းကင်နတ်မြစ်က ကောင်းကင်နတ်အရှင်ယွီကို ရစ်ပတ်လျက် ဖမ်းချုပ်လိုက်သည်။ ရုတ်တရက် ကောင်းကင်နတ်မြစ်ကြာပွတ် ဖောင်းခနဲ ပေါက်ကွဲသွားကာ ချုံဧကရာဇ်ဟယ်လော့၏ လက်တစ်ဖက်လုံး စုတ်ပြတ်သပ်သွားသည်။
ကောင်းကင်နတ်အရှင်ယွီက ကောင်းကင်နတ်မြစ်ကို ပြန်စုဝေး၍ အသစ်ပြန်တည်ဆောက်ကာ ချုံဧကရာဇ်ဟယ်လော့၏ ခန္ဓာကိုယ်ဆီသို့ ရိုက်ချလိုက်သည်။ ဟယ်လော့၏ ခန္ဓာကိုယ်မှာ ရုပ်ပျက်ဆင်းပျက် စုတ်ပြတ်သွားပြီး အသားစိုင်များ အရိုးဆီမှ ကွာထွက်လုဆဲဆဲ ဖြစ်သွား၏။
ချုံဧကရာဇ်ဖုန်းရုံ၏ အထက်ဆုံးဓားသွားသည် ကောင်းကင်နတ်အရှင်ယွီကို အပေါ်ယံမျှ ဒဏ်ရာစေခဲ့သော်လည်း ခန္ဓာကိုယ်ကို မထိုးဖောက်နိုင်ပေ။ ချုံဧကရာဇ်ရွှမ်န၏ သံလိုက်ဆွဲအားနှင့် ကြယ်ရောင်တိုက်ပွဲဝင်္ကပါသည်လည်း သူ့ကို ချုပ်ထားနိုင်ခြင်းမရှိ။
ကောင်းကင်နတ်အရှင်ယွီက ချုံဧကရာဇ်ရှစ်ပါးကို ရှင်းထုတ်နိုင်တော့မည်ဖြစ်ကြောင်း သိသဖြင့် တဟားဟား ရယ်မောနေသည်။ သူက ကြီးထွားသထက် ကြီးထွားလာနေသည့် ကမ္ဘာဦးသစ်ပင်ကို လှမ်းဆုပ်ကိုင်လိုက်၏။ သစ်ပင်နှင့် သူ့လက်ဝါးအကြား ပွတ်တိုက်မှုသည် မီးတောက်မီးလျှံများ တဟုန်းဟုန်း တောက်လာစေ၏။
ချင်မူက ကမ္ဘာဦးသစ်ပင်ကို ဝိုင်းရံလျက် အမိကမ္ဘာမြေ၏ ဝိညာဉ်ကို တည်ဆောက်ရန် အစီအရင်ရွတ်ဖတ်နေဆဲ ဖြစ်သည်။ ကောင်းကင်နတ်အရှင်ယွီ၏ လက်ဝါးကြီးဆီမှ သူ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်၏ စွမ်းအား ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်အလိုတော်မုခ်ဝမှတစ်ဆင့် ချင်မူ၏စွမ်းအားကို အဆတစ်ရာ မြင့်တက်လာစေသည်။
ဤမျှအားကောင်းပြင်းထန်သော စွမ်းအားသည် ကမ္ဘာဦးသစ်ပင်ထဲသို့ စီးဆင်းလျက် အမိကမ္ဘာမြေ၏ ဝိညာဉ်ကို ပြန်တည်ဆောက်ပေးနေ၏။
ချင်မူ တွေးမိသည်။ ‘ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင် ရပ်မကြည့်နေနိုင်တော့ဘူးမလား”
ကောင်းကင်နတ်အရှင်ယွီ၏ လက်ဝါးက သူ့ဆီ ရောက်လာ၍ ကမ္ဘာဦးသစ်ပင်နှင့်အတူ သူ့ကို ဖမ်းဆုပ်ပေတော့မည်။ “ချင်မူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်... မင်းက သေလူတွေကိုလည်း အသက်ပြန်သွင်းပေးနိုင်တဲ့ ပြိုင်ဘက်ကင်းမှော်ဝိဇ္ဇာရှင်လို့ ဆိုကြတယ်... မှော်ဝိဇ္ဇာရှင်ကြီးချင်မူ နောက်ဆုံးတော့ ငါတို့ တွေ့ကြပြီပေါ့”
ကမ္ဘာဦးသစ်ပင်က မြေကြီးထက်မှ ထူထွက်လာပြီး အဆုံးမဲ့အလင်းတန်းများသည် သစ်ရွက်များ၊ သစ်ကိုင်းသစ်ခက်များနှင့်အတူ ဖြာထွက်လာ၏။ ကောင်းကင်နတ်အရှင်ယွီမှာ အလင်းတန်းတို့၏ တွန်းထုတ်မှုကြောင့် နောက်ရောက်သွားသည်။
“နောက်ဆုံးတော့”
မရေမတွက်နိုင်သော အမြစ်များသည် ထောင်ထွက်လာနေသော ကမ္ဘာဦးသစ်ပင်နှင့်အတူ မြေကြီးအောက်မှ မြင့်တက်လာကြ၏။ အမိကမ္ဘာမြေက ကမ္ဘာဦးသစ်ပင်အောက်တွင် ပေါ်လာပြီး ရယ်မောနေသည်။ “နောက်ဆုံးတော့ ဒီနေ့ကို မြင်ရပြီပဲ... နင် ငါ့ဆီက ယူသွားတာကို ဒီနေ့ ငါ့ဆီ ပြန်ပေးရမယ်”
သစ်ပင်ထဲနှင့်အတူ ပိတ်မိနေသော ချင်မူလည်း အမိကမ္ဘာမြေနှင့်အတူ လိုက်ပါသွားရသည်။
အမိကမ္ဘာမြေ ပျံသန်းနေသော အမြန်နှုန်းက ချင်မူအတွက် အလွန်ပြင်းထန်လွန်းသည်။ ခန္ဓာကိုယ်အပေါ် ဖိစီးနေသော ဖိအားကြောင့် သူ့အရေပြား စုတ်ပြဲလာ၏။
“အမိကမ္ဘာမြေ၊ မင်း ဘာလုပ်နိုင်ဦးမှာမလို့လဲ”
ကောင်းကင်နတ်အရှင်ယွီ၏ မျက်နှာကြီးက ကမ္ဘာဦးဘုံ၏ ကောင်းကင်ပြင်တွင် ပေါ်လာသည်။ သူသည် အားအင်ပြည့်ဝလာသော အမိကမ္ဘာမြေ၏ တိုက်ခိုက်မှု ခံလိုက်ရသော်လည်း မည်သို့မျှ ထိခိုက်မသွားပုံရ၏။ သူက တဟားဟား ရယ်နေသည်။ “မင်းက အသက်ပြန်ရှင်လာလည်း ပြန်သေရမှာပဲ... ဒါပေမဲ့ ဒီတစ်ခေါက်ကတော့ အကြောင်းမဲ့သက်သက် သေရမှာမဟုတ်ပါဘူး”
သူ့ခန္ဓာကိုယ်က ကျုံ့သွားသည်။ နောက်ဆုံးအကန့်အသတ်တွင်ပင် ၎င်းသည် ပေတစ်ရာ မြင့်မားသေး၏။
အမိကမ္ဘာမြေကလည်း အလားတူ ခန္ဓာကိုယ်ချုံ့လိုက်သည်။ အားနည်းသူနှင့် ဆုံတွေ့လျှင် ဧရာမခန္ဓာကိုယ်ကြီးက ထိုအားနည်းသူအား ကြောက်လန့်သွားစေနိုင်သည်။ သို့သော် တန်းတူသူနှင့် ဆုံတွေ့ပါက ဧရာမခန္ဓာကိုယ်ကြီးသည် အားနည်းချက်များ ပေါ်လွင်စေလိမ့်မည်။
အမိကမ္ဘာမြေက ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံး ချုံ့လိုက်သော်လည်း ပေရှစ်ရာ မြင့်မားသေးသည်။ ကမ္ဘာဦးသစ်ပင်လည်း ကျုံ့လာပြီး မရေမတွက်နိုင်သော အမြစ်များက လျင်မြန်စွာ နောက်ဆုတ်သွားကာ ဧရာမအလုံးကြီးတစ်လုံးအဖြစ် ထွေးယှက်နေကြသည်။
ပင်စည်ကျုံ့သွားသည့်အခါ ချင်မူလည်း ဖိညှပ်ခံလိုက်ရသည်။ ထိုစဉ် သူ့ကိုယ်ထဲသို့ စီးဆင်းလာသော စွမ်းအားတစ်ရပ်ကို ခံစားလိုက်ရ၏။ ချင်ဖုန်းကျင့် သူ့ဆီ စွမ်းအားကူးပြောင်းပေးနေခြင်း ဖြစ်သည်။
ချင်မူက ပင်စည်ကြီးတစ်လျှောက် တက်သွားရင်း သစ်ပင်ထိပ်ဖျားသို့ ရောက်သွားသည်။ သစ်ပင်ထိပ်တွင် အရောင်အဝါတောက်ပနေသော ဇာမဏီငှက်သိုက် ရှိသည်။ ၎င်းက ဖရိုဖရဲအခြေအနေများကြားထဲ၌ ဘေးကင်းလုံခြုံသော နေရာဖြစ်ဟန်တူ၏။
ချင်မူ တမုဟုတ်ချင်း အသိုက်ထဲ၌ ခိုလှုံလိုက်သည်။
“အမိကမ္ဘာမြေ ခင်ဗျား ကောင်းကင်နတ်အရှင်ဟောင်ကို အနိုင်မယူနိုင်ဘူး.... ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ပေးမယ်...”
ချင်မူ၏ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က အသိုက်ထဲမှ ထွက်လာပြီး အမိကမ္ဘာမြေ၏ နားထဲ ဝင်ရောက်သွားသည်။ “ကျွန်တော် သူနဲ့ တိုက်ခိုက်ဖူးတော့ သူ့အားနည်းချက်က ဘာလဲ သိတယ်”
ထိုအခိုက်အတန့်တွင် အမိကမ္ဘာမြေသည် ကမ္ဘာဦးသစ်ပင်ကို ကိုင်မြှောက်လျက် ကောင်းကင်နတ်အရှင်ယွီကို မျက်နှာမူလိုက်၏။ သူတို့နှစ်ယောက်စလုံး ကောင်းကင်ထဲတွင် ဝင်တိုက်သွားသည့်အခါ ကမ္ဘာပျက်အားလှိုင်း ထွက်ပေါ်လာပြီး ကမ္ဘာမြေမျက်နှာပြင်တစ်လျှောက် ပေါက်ကွဲဖြာထွက်သွားတော့သည်။
အမိကမ္ဘာမြေက နှာခေါင်းရှုံ့သည်။ ကောင်းကင်နတ်ဘုံအဆင့် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်၏ ကြောက်မက်ဖွယ်ရာစွမ်းအားကို သူမ ပထမဆုံးအကြိမ် ကြုံတွေ့ခြင်း ဖြစ်၏။
ဤအဆင့်မြင့်သိုင်းပညာရှင်ကား ကောင်းကင်ဘုံအောက်ရှိ တာအိုပေါင်းထောင်သောင်းချီကို အသုံးပြုနိုင်သူဖြစ်သည်။ ကောင်းကင်နတ်အရှင်ဟောာင်၏ ကောင်းကင်နတ်ဘုံက ကောင်းကင်နန်းဆောင် ၃၂ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ခု မတည်ဆောက်ရသေးသဖြင့် မပြည့်စုံသော်လည်း သူ၏မှော်စွမ်းအင်သည် သူမအောက် မနိမ့်ကျပေ။
ပို၍ပင် ကြောက်စရာကောင်းသည်မှာ ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းများနှင့် မဟာတာအိုက သူမလို ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် မယှဉ်နိုင်သောအရာ ဖြစ်သည်။
အမိကမ္ဘာမြေနှင့် ကောင်းကင်နတ်အရှင်ယွီ ထပ်မံဝင်တိုက်ပြန်သည်။ ကမ္ဘာဦးသစ်ပင်လို အစွမ်းထက်လက်နက်ပင်လျှင် သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သူမသာ အဆက်မပြတ် ထိခိုက်ဒဏ်ရာရနေသည်။
အမိကမ္ဘာမြေသည် သန်မာအားကောင်းပါသော်လည်း သူမ၏မဟာတာအိုကို ကောင်းကင်နတ်ဘုံက နှံ့နှံ့စပ်စပ် လေ့လာထားပြီး ဖြစ်၏။ ကောင်းကင်နတ်အရှင်ယွီ ထုတ်လွှတ်နေသည့် သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းက သူမထက် များစွာသန်မာအားကောင်းပေသည်။
သူမ မည်သည့်သိုင်းကွက်သုံးသုံး၊ ဟာကွက်ပြည့်နေသည်။ ကောင်းကင်နတ်အရှင်ယွီကို အနိုင်ယူနိုင်မည့် အခွင့်အရေးမရှိပေ။
ဤသည်ကား ကြောက်စရာကောင်းလွန်းသည်။
သူမတွင် လှည့်ကွက်များလည်း မရှိတော့ပေ။
သူမ၏ဦးနှောက်လှိုင်းများက ချင်မူ၏ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် ဆက်သွယ်နေသည်။ “သူ့အားနည်းချက်က ဘာလဲ”
ထာဝရနတ်ဘုရားအသိစိတ်အလျဉ်က အတွေးများကို ပြသလိုက်သည့်အခါ အမိကမ္ဘာမြေသည် ဖျတ်နဲ မြင်လိုက်ရပြီး နဂါးဟန်ခေတ်၏ အစောပိုင်းကောင်းကင်နတ်ဘုံသို့ ပြန်ရောက်သွား၏။ သူမက ကောင်းကင်နတ်အရှင်ဟောင်ကို မျက်နှာမူလျက် နဂါးသွဲ့ရေကန်ထက်တွင် ရပ်နေသည်။
သူမက ဆယ်ကျော်သက်လေးတစ်ယောက် ဖြစ်လာဟန်တူပြီး အမျက်ဒေါသအပြည့်ဖြင့် ကောင်းကင်နတ်အရှင်ယွီအစစ်အတွက် တရားမျှတမှု ဆောင်ယူပေးချင်နေပုံရသည်။
“ကျွန်တော့်ကောင်းကင်နတ်သိုင်းကို ကြည့်”
ချင်မူက ပြောနေသည်။ “မှတ်ထား ခင်ဗျားမှာ အခွင့်အရေးတစ်ကြိမ်ပဲ ရှိတယ်”
ကောင်းကင်နတ်အရှင်ယွီက ခမ်းနားထည်ဝါသော ကောင်းကင်နတ်သိုင်းများဖြင့် တိုက်ခိုက်နေသော်လည်း အမိကမ္ဘာမြေသည် သတိထားမိပုံမရပေ။ သူမအတွေးများက ချင်မူ၏ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်နှင့် ပေါင်းစည်းနေသည်။
သူမက ကမ္ဘာဦးသစ်ပင်ကို လက်တွင် ကိုင်လျက် သံလိုက်ဆွဲအား မထုတ်လွှတ်ဘဲ ဓားတစ်လက်သဖွယ် အသုံးချကာ ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်။
သူမ၏ဓားသည် ကောင်းကင်နတ်အရှင်ယွီ၏ ပြီးပြည့်စုံသော ကောင်းကင်နတ်သိုင်းကို ဖြိုခွင်း၍ သူ၏ရင်ဘတ်ဆီ ထိုးဖောက်သွား၏။
ကောင်းကင်နတ်အရှင်ယွီ၏ အမူအရာက အံ့အားသင့်နေရာမှ ကြောက်လန့်သွားသော အမူအရာဖြစ်လာသည်။
ကမ္ဘာဦးသစ်ပင်၏ အကိုင်းအခက်များက လျှို့ဝှက်ဆန်းကြယ်သော စည်းချက်အတိုင်း လှုပ်ရှားလျက် သူ၏ပြီးပြည့်စုံသော ရုပ်ခန္ဓာအတွင်းသို့ စိုက်ဝင်လာသည်။
ဤသည်က အကိုင်းအခက်တိုင်း၊ အရွက်တိုင်းမှ ထုတ်ဖော်နေသည့် ဓားကွက်ဖြစ်ပြီး သူ့ကို နှစ်ပေါင်းများစွာ ကြောက်လန့်စေခဲ့သည့် ဓားကွက်ဆိုလည်း မမှားချေ။
“ကောင်းကင်နတ်အရှင်မူ”
သူက ကမ္ဘာဦးသစ်ပင်ထဲမှ သွေးအလိမ်းလိမ်းဖြစ်နေသော သူ့ရုပ်ခန္ဓာကို ရုန်းထွက်ရင်း အော်ဟစ်နေသည်။ “မတွေ့ရတာ ကြာပြီ”
ချင်မူက အသိုက်ထဲတွင် ရပ်လျက်ရှိပြီး သူ၏အဝတ်စတို့သည် နတ်ရောင်နတ်ဝါများဖြင့် တဖတ်ဖတ် လှုပ်ခတ်နေ၏။ သူက ပြုံးလေသည်။ “မတွေ့ရတာ ကြာပြီ”