ကမ္ဘာဦးဘုံ၏ ဒုက္ခိတဘိုးဘွားကျေးရွာ
Vol. 68 Ch. 889
“ဝေစွေ့ဖုန်း ... သိပ်ထူးဆန်းတဲ့ နာမည်လည်း မဟုတ်ပါဘူး... အခုလို ဆက်တိုက်အော်နေတာ ဘာကြောင့်များ ဖြစ်မလဲ”
လူသားဧကရာဇ်ချီကန်းမှာ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ လှောင်အိမ်နှင့် လူထူးဆန်းကို မြစ်ထဲ ချနေသော မြင်ကွင်းအား စောင့်ကြည့်ရင်း တစ်ချက်ကလေးမှ မလှုပ်ရဲပေ။ အနက်ရောင်အခိုးအငွေ့များ နှင့် သံကြိုးများ ခြုံလွှမ်းနေသည့် သင်္ဘောက မာန်ဟုန်မြစ်၏အောက်မှ ဗွမ်းခနဲ ထွက်လာသဖြင့် လှိုင်းလုံးကြီးများ မြောက်တက်သွားသည်။
အနက်ရောင်အခိုးအငွေ့များအကြားရှိ သင်္ဘောကုန်းပတ်အပေါ်တွင် လူရိပ်များ တရိပ်ရိပ် ဖြတ်ပြေးနေသည်ကို ဝိုးတိုးဝါးတား မြင်နေရသည်။
ဤတစ္ဆေသင်္ဘောကြီးကို မာန်ဟုန်မြစ်ကမ်းဘေးတွင် လူသားဧကရာဇ်ချီကန်း တစ်ခါမြင်ခဲ့ဖူးသည်။ ထိုစဉ်တုန်းက ချင်မူသည် အခြားသူများ သင်္ဘောအပေါ် မတက်နိုင်အောင် တားခဲ့ပြီး ကောင်းကင်နတ်ဘုံမှ မင်းသားတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။
“ဝေစွေ့ဖုန်း၊ မင်းက ဒီတစ္ဆေသင်္ဘောနဲ့ အင်မတန် ရင်းနှီးတယ်... ဒီသင်္ဘောရဲ့ အရှင်သခင်၊ ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ တပ်မှူးချုပ်ဖြစ်ခဲ့တာ မဟုတ်လား... နောက်ပိုင်း မင်း ထွက်ပြေးသွားပြီး နှစ်ပေါင်းများစွာကြာမှ ပြန်ပေါ်လာခဲ့တယ်... ဒါပေမဲ့ မင်းရဲ့လက်အောက်က ယွီလင်နန်းစောင့်တပ်ဖွဲ့ကတော့ သင်္ဘောအပေါ်မှာ သင်္ဘောရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ”
ကောင်းကင်ထဲတွင် ကောင်းကင်နတ်ဘုံအတွင်းရှိ ဧကရာဇ်ပလ္လင်အဆင့်နတ်ဘုရားက တဟားဟား ရယ်နေသည်။ “မင်းရဲ့ လက်အောက်ငယ်သားတွေ မင်းကို ဘယ်လောက်လွမ်းနေလဲ ကြည့်စမ်း... သူတို့အားလုံး ထွက်လာကြပြီ... မင်းက မင်းကိုယ်မင်း ဟုတ်လှပြီ၊ မင်းကို ဘယ်သူမှ မသိဘူး အထင်နဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ထဲ ဝင်လာခဲ့ပြီး ကောင်းကင်နတ်ဘုံရဲ့ မဟာအစီအစဉ်တွေကို အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ဖျက်စီးခဲ့တယ်... မင်းရဲ့ ပြစ်မှုက အကြိမ်တစ်ထောင် သေဖို့ တန်တယ်... ဒါပေမဲ့ မင်းက အသုံးဝင်နေတုန်းပဲ”
လှောင်အိတ်သည် မာန်ဟုန်မြစ်အထဲ နစ်မြုပ်သွားပြီး တစ္ဆေသင်္ဘောက မြစ်ပြင်ထက်သို့ အပြည့်အဝ ပေါ်ထွက်လာသည်။ ထူးဆန်းသော အားလှိုင်းတစ်ရပ်က ကောင်းကင်နတ်မြစ်အတွင်းရှိ ဒြပ်ထုများကို အစားထိုးနေလေသည်။
ဤအခိုက်အတန့်တွင် လှောင်အိမ်ထဲရှိ လူက ရုတ်တရက် လှုပ်ရှားသည်။ ပေါက်ကွဲသံကြီးများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သူ့ကို ချည်နှောင်ထားသော သံကြိုးများသည် တဂျောင်းဂျောင်း ပြတ်ထွက်ကုန်၏။
သံကြိုးများက တစ္ဆေသင်္ဘောကို ရစ်ပတ်၍ ဆောင့်ဆွဲလိုက်သည့်အခါ လှောင်အိမ်ကား မြစ်ထဲမှ မြောက်တက်သွားပြီး တစ္ဆေသင်္ဘော၏ ကုန်းပတ်အပေါ် ဆင်းသက်သွားတော့သည်။
ဂျုန်း
သံကြိုးများက ပျံတက်လာကာ တစ္ဆေသင်္ဘော၏ ပတ်ဝန်းကျင်ရှိ သံကြိုးများနှင့် ပေါင်းစည်းသွားသည်။ ဤသံကြိုးများနှင့် တစ္ဆေသင်္ဘောများက အစကတည်းက အတူတူ ဖြစ်ဟန်တူ၏။
“ခွေးမသား”
နတ်ဘုရားတစ်ပါးက ကောင်းကင်ထဲရှိ သင်္ဘောတစ်စင်းဆီမှ ဆင်းသက်လာသည်။ သင်္ဘောမှ မရေမတွက်နိုင်သော သံကြိုးများ ပျံဆင်းလာပြီး တစ္ဆေသင်္ဘောဆီသို့ ဦးတည်နေ၏။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများကလည်း သင်္ဘောများကို အသက်သွင်းလျက် တစ္ဆေသင်္ဘောကို သံကြိုးများဖြင့် ချည်နှောင်၍ ဆွဲတင်နေသည်။
“အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်း၊ သင်္ဘောကို မင်း တကယ် မောင်းနှင်ရဲသလား”
လှောင်အိမ်ထဲရှိ လူထူးဆန်း မတ်တပ်ထရပ်သည်နှင့် လှောင်အိမ်သည် ဘုန်းခနဲ ပေါက်ကွဲပွင့်ထွက်ကာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွား၏။ သူ၏ကြံ့ခိုင်သန်မာသော ခန္ဓာကိုယ်က အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှတ်နေပြီး သူ့တစ်ကိုယ်လုံးက အခိုးအငွေ့များ ဖြစ်လာကာ တစ္ဆေသင်္ဘောနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။
များစွာမကြာလိုက်ဘဲ သူကား တစ္ဆေသင်္ဘောကို လွှမ်းခြုံထားသည့် အနက်ရောင်အခိုးအငွေ့များ ဖြစ်သွားချေပြီ။ ကောင်းကင်ထဲရှိ သင်္ဘောများမှာ ဤတစ္ဆေသင်္ဘောကို မရွှေ့နိုင်တော့သည့်အပြင် အောက်သို့ ဆွဲချခံလာကြရသည်။
အနက်ရောင်အခိုးအငွေ့များအထဲမှ ဝေစွေ့ဖုန်း၏ ရယ်သံ ထွက်ပေါ်လာည်။ “မင်းတို့ ဒီသင်္ဘောပေါ် တက်လာရင် ငါ့လိုပဲ ဒီသင်္ဘောနဲ့ တစ်သားတည်း ဖြစ်သွားလိမ့်မယ်... မင်းတို့ကတော့ မသိပေမယ့် တစ္ဆေသင်္ဘောက ငါ့အတွက် သံသရာတစ်ခုပဲ.. မင်းတို့ ငါ့ကို ဒီပို့လိုက်တာက ဒီသံသရာရဲ့ စမှတ်ပဲ ရှိသေးတယ်”
တစ္ဆေသင်္ဘောက မြစ်ထဲ နစ်မြုပ်သွားသည်။ အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက ခုန်ဆင်း၍ ပြေးလိုက်သော်လည်း တစ္ဆေသင်္ဘော၏ သံကြိုးများက သူ့ကို တရစပ် တိုက်ခိုက်လေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်ဘုံ၏ သင်္ဘောများမှာလည်း မြစ်ပြင်ထက်နှင့် တိုက်မိသွားသည့်တိုင်အောင် ဆွဲချခံလိုက်ရသည်။
ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များက အနက်ရောင်မြူခိုးအထဲထိ ရောက်မသွားအောင် သံကြိုးများကို အလျင်အမြန် ဖြေနေကြသည်။
ဧကရာဇ်ပလ္လင်အဆင့် နတ်ဘုရားနှစ်ပါး... တစ်ပါးက ရေပြင်ထက်တွင်၊ တစ်ပါးက ရေပြင်အောက်တွင် ... သိုင်းကွက်ချင်း ဖလှယ်နေကြ၍ လှိုင်းလုံးကြီးများ ရိုက်ခတ်လာတော့သည်။ မာန်ဟုန်မြစ်မှာ အားလှိုင်းများကြောင့် တုန်ခါနေပြီး လေပေါ် မြောက်တက်သွားသဖြင့် နဂါးနန်းတော်များ၊ နဂါးခန်းမများ ရှင်းလင်းပြတ်သားစွာ ပေါ်လွင်လာ၏။
လူသားဧကရာဇ်ချီကန်းက တာအိုသခင်လင်းရွှမ်ကို သယ်လျက် အားလှိုင်းများနှင့်ဝေးရာ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ဆီ ပြေးထွက်သွားသည်။ ထို့နောက် မာန်ဟုန်မြစ်အတွင်းမှ လူထူးဆန်း အော်ဟစ်နေသည်ကို ကြားလိုက်ရ၏။ “ငါ့နာမည်က ဝေစွေ့ဖုန်း၊ မြေပုံအတိုင်း လိုက်လာပြီး ငါ့ကို ကယ်ပါ”
“သူ ငါ့ကို ပြောနေတာလား” လူသားဧကရာဇ်ချီကန်း ဇဝေဇဝါ ဖြစ်နေသည်။
ဖရိုဖရဲအခြေအနေများအကြား၌ နတ်ဘုရားများက သူတို့ကို ရှာတွေ့သွား၍ ချက်ချင်း လိုက်ဖမ်းကြသည်။ လူသားဧကရာဇ်ချီကန်းက သရော်တော်တော် ပြော၏။ “ငါ အလဟဿ ပြန်ရှင်လာတယ်ထင်လား... ဒီအဘိုးကြီးက နတ်ခြေထောက်ဆီက သင်ထားပြီးသားကွ”
သူ့ခြေထောက်များက လေလို လျင်မြန်စွာ ရွေ့လျားသွားပြီး တရှိန်ထိုး ပြေးနေသည်။ လမ်းတစ်လျှောက်တွင် မိုးထစ်ချုန်းသံများသာ မြည်ဟည်းပေါက်ကွဲလျက် ကျန်ခဲ့သည်။
‘အဲဒီလူက သူ့ကိုယ်သူ ထော့ကျိုးလို့ ခေါ်ပေမယ့် သူ့နတ်ခြေထောက်တွေက အင်မတန် အသုံးဝင်တယ်... ဒါပေမယ့် ကြွားရတာ ကြိုက်တော့ ပြေးတိုင်း မိုးခြိမ်းသံတွေ ချန်ရစ်ခဲ့တော့တာပဲ...”
လူသားဧကရာဇ်ချီကန်းမှာ မည်သို့မျှ မတတ်နိုင် ဖြစ်နေတော့သည်။ သူက ထော့ကျိုးဆီမှ ကောင်းကင်ခိုးယူနေမင်းလဲလှယ်သိုင်းကို သင်ယူခဲ့ပြီး ကောင်းကင်ခိုးယူခြေထောက်များတွင် အားနည်းချက်တစ်ခုသာ ရှိသည်။ ယင်းက ပြေးတိုင်း မိုးခြိမ်းသံ ထွက်ပေါ်လာခြင်းပင်။
ရှေးတုန်းက ထော့ကျိုးသည် ကမ္ဘာအနှံ့ ပတ်ခိုးခဲ့ပြီး မည်သူမှ သူ့ကို မဖမ်းနိုင်ခဲ့ပေ။ ထို့ကြောင့် ကြွားလုံးထုတ်တတ်သော အကျင့် ဖြစ်လာခဲ့၏။ ကံမကောင်းသောလူတစ်ယောက် သူ၏အခိုးခံလိုက်ရပြီးနောက် လိုက်ဖမ်းသည့်အခါ ထော့ကျိုးက မိုးခြိမ်းသံများ ချန်ခဲ့လျက် ပျောက်ကွယ်သွားတတ်သည်။ သူ့နောက် လိုက်ဖမ်းကြသူများမှာ သူချန်ရစ်ခဲ့သော အဖြူရောင်အငွေ့တန်းကိုသာ မြင်ကြရ၏။
သို့သော် လက်ရှိအချိန်တွင် နတ်ဘုရားများစွာ လူသားဧကရာဇ်ချီကန်းနောက် လိုက်ဖမ်းနေရာ မိုးခြိမ်းသံများ ချန်ရစ်ခဲ့လျှင် သူ၏တည်နေရာကို ဤနတ်ဘုရားများအား ပြသမိလိမ့်မည်။
လူသားဧကရာဇ်ချီကန်း နှစ်ပတ်နီးပါး တရှိန်ထိုး ပြေးလာခဲ့သည်။ ဤအချိန်တွင် သူ့မှာ ခြေကုန်လက်ပန်းကျ၍ ချီစွမ်းအင်လည်း ကုန်ခမ်းနေချေပြီ။ ဆက်မပြေးနိုင်တော့ပေ။ ထိုနတ်ဘုရားများဆီမှ ယခုအချိန်အထိ လွတ်မြောက်နေသေးခြင်းကပင် သူ့အတွက် မှတ်တမ်းတင်စရာ ဖြစ်နေသည်။
“ကောင်းကင်တန်ခိုးရှင်ဂိုဏ်းက ဒီနားမှာပဲ”
သူက အားဆက်မထည့်နိုင်တော့သဖြင့် ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။ အရှေ့တွင် အဖြူရောင်မြူခိုးများ လွှမ်းခြုံထားသော ကောင်းကင်တန်ခိုးရှင်တက္ကသိုလ် ရှိနေသည်။
လူသားဧကရာဇ်ချီကန်းက မြူခိုးများအတွင်း ဆင်းသက်ပြီး အားအင်အကုန်ထည့်လျက် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်သို့ လမ်းလျှောက်သွားသည်။ မြူခိုးများအတွင်းတွင် မလှုပ်မယှက် ရပ်တန့်နေကြသော အရိပ်များ မြင်တွေ့ရ၏။
သူ အရိပ်တစ်ခု၏ ဘေးမှ ဖြတ်လာသည့်အခါ ကျောမချမ်းမိဘဲ မနေပေ။ ထိုလူ၏ ခေါင်းသည် လည်တွင် ပျောက်နေပြီး ၎င်းနေရာမှ ပန်းပွင့်တစ်ပွင့် ထွက်နေသည်။
သူ၏အဝတ်အစားများအရ ကောင်းကင်နတ်ဘုံ၏ နတ်စစ်သူကြီးတစ်ဦး ဖြစ်လောက်မည်။
အရှေ့တွင် အစိမ်းရောင်နွယ်များ တစ်ကိုယ်လုံး ပေါက်နေသော တစ်ယောက်လည်း ရှိသည်။ အစိမ်းရောင်နွယ်များသည် သူ့အရိုးများကို ရစ်ပတ်ထားပြီး သူ့တွင် အသွေးအသား မရှိပေ။ အရိုးစု၏ မျက်တွင်းပေါက်များမှ သစ်ရွက်နှစ်ရွက်က ထိုးထွက်နေသည်။
လည်တိုင်မှ ဧရာမမှိုပွင့်ကြီး ထွက်နေသည့် နတ်ဘုရားနောက်တစ်ပါးလည်း တွေ့ရသည်။ လူသားဧကရာဇ်ချီကန်း ရောက်လာသည်ကို သတိထားမိသည်နှင့် မှိုပွင့်က နတ်ဘုရား၏လည်တိုင်ထဲမှ အမြစ်များကို ဆွဲနုတ်ကာ သူ့ဆီသို့ ဖြည်းညင်းစွာ ပျံသန်းလာသည်။
မှိုပွင့်သည် အဖြူရောင်အငွေ့များကို ရှူထုတ်လျက် ဆူညံ့သံများ ပြုနေ၏။
‘မြူခိုးထဲမှ အဆိပ်ရှိနေတယ်’
လူသားဧကရာဇ်ချီကန်းမှာ ရုတ်တရက် တစ်ကိုယ်လုံး ထုံကျင်တောင့်တင်းလာသည်ကို ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော အရာများက သူ၏လည်ချောင်းဝသို့ ထိုးဖောက်လာည်ကို ခံစားရလေသည်။
“ကျောက်စိမ်းမျက်နှာ အဆိပ်ဘုရင်” သူက လှမ်းအော်ခေါ်ရန် ပြင်သော်လည်း သူ့အသံမှာ အလွန်တိုးနေသည်။
သူ့အနောက်တွင် သူ့ကို လိုက်ဖမ်းနေခဲ့သည့် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက သူ့ဆီသို့ လျှောက်လာကာ သရော်တော်တော် ပြောနေကြ၏။ “ပြေးလေ... ဘာလို့မပြေးတော့တာလဲ”
လူသားဧကရာဇ်ချီကန်း၏ ခန္ဓာကိုယ်မှာ လုံးလုံးလျားလျား တောင့်တင်းနေ၍ တစ်လက်မလေးပင် လှုပ်မရတော့ပေ။ သူ့ကျောပေါ်ရှိ တာအိုသခင်လင်းရွှမ်၏ နှာခေါင်းဝထဲမှ အစိမ်းရောင်အပင်တစ်ပင် ထွက်လာသည်။
“ငါတို့တော့ သေပြီ...” လူသားဧကရာဇ်ချီကန်းမှာ သူ့ပေါင်ရိုးတစ်လျှောက် တစ်စုံတစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။ အဆိပ်ပင်၏အမြစ်က သူ့ကိုယ်ထဲ ထိုးဖောက်ဝင်ရောက်လာခြင်းဖြစ်မည်။
မြူခိုးများအတွင်း၌ နတ်ဘုရားတို့၏ ခြေသံများလည်း တစတစ နှေးကွေးလာသည်။ ရုတ်တရက် နတ်ဘုရားတစ်ပါးက ချောင်းတဟွတ်ဟွတ် ဆိုးကာ မှိုပွင့်များ ထွေးထုတ်လိုက်၏။ မှိုပွင့်များက သူ့ဘေးမှ တိတ်ဆိတ်စွာ ဖြတ်သွားကြသည်။
“မြူထဲမှာ အဆိပ်ရှိနေတယ်” သူက ဒေါသတကြီး အော်ဟစ်သည်။
ရုတ်တရက် သူ၏မျက်လုံးနှစ်လုံးသည် မျက်တွင်းအိမ်ထဲမှ ထွက်ကျလာပြီး ၎င်းတို့နေရာတွင် မှိုပွင့်ကြီးနှစ်ပွင့် အစားထိုးဝင်ရောက်လာ၏။
သို့သော် ထိုနတ်ဘုရားမှာ သတိမထားမိသေးပေ။
သူ့ခြေထောက်အပေါ်ရှိ အသွေးအသားများမှာလည်း နွယ်များဖြင့် အစားထိုးခံလိုက်ရသည်။ သို့တိုင်အောင် သူ မည်သည်ကိုမျှ မခံစားရသေး။
အမြစ်များသည် သူ့ခြေထောက်ထဲတွင် တွယ်ကယ်နေပြီး သူ့တစ်ကိုယ်လုံးက ထူးဆန်းသောအပင်များ အဖြစ် ပြောင်းလဲလာသည်။ သူ၏အပေါင်းအဖော်များလည်း အလားတူပင်။ သူတို့၏ခန္ဓာကိုယ်များ တောင့်တင်းသွားကြကာ မူလဝိညာဉ်များနှင့် ကောင်းကင်ရတနာများလည်း အဆိပ်အပင်များဖြင့် ကူးစက်ခံလိုက်ရသည်။
မြူခိုးအတွင်းမှ အလွန်အရပ်အမောင်းမြင့်မားသော လူတစ်ယောက်က လမ်းလျှောက်လာပြီး သူ့အနောက်ရှိ လူများအား ရယ်ရယ်မောမောဖြင့် ပြောနေသည်။ “အဘွားကြီး၊ ဖန်ဆင်းပညာကို ဆေးပညာနဲ့ ပေါင်းစည်းလိုက်တာက တယ်အံ့မခန်းပဲဟ... ဟိုခွေးကောင်လေးမူအာက ဖန်ဆင်းပညာမှာ ကျွမ်းကျင်ပေမယ့် ဒီဆေးပညာနယ်ပယ်မှာတော့ ငါ့အောက် နိမ့်ကျနေသေးတယ်”
“အေးပါ အေးပါ”
သူ့အနောက်မှ အမျိုးသမီးတစ်ယောက်သည် စိတ်မရှည်ဟန်ဖြင့် ပြောနေ၏။ “စောစောက မြူထဲမှာ နင့်နာမည်ကို ခေါ်နေတဲ့တစ်ယောက် ရှိသလိုပဲ... နင် သွားမကြည့်ရင် သူ သေနေဦးမယ်”
“မသေပါဘူးဟ... စောစောက သူ ခေါ်တာ ကြားလိုက်ရလို့ အဆိပ်တွေ သူကိုယ်ထဲမှ မပေါက်တော့အောင် တားထားပြီးပါပြီ... အာ ချီကန်းနဲ့ တာအိုရသေ့လင်းပါလား”
လူသားဧကရာဇ်ချီကန်းမှာ စိတ်သက်သာရာရသွားပြီး သတိလစ်သွားတော့သည်။ သတိပြန်လည်လာသည့်အခါ ဆူဆူညံညံ ပြေးလွှားနေသော ပင့်ကူကြီး၏ ကျောပေါ်တွင် လဲနေရကြောင်း သတိထားမိသွားသည်။
တာအိုသခင်လင်းရွှမ်မှာ အကောင်းပကတိအတိုင်း သက်သာနေ၍ သူ့ဘေးတွင် ထိုင်နေသည်။ ချီကန်း ထရပ်ပြီး ပတ်ဝန်းကျင်ကို ကြည့်သည့်အခါ သူ့တပည့်က ဓားတစ်လက်ကို ကျော၌ လွယ်လျက် ပျံသန်းနေကြောင်း မြင်လိုက်ရ၏။
“ခွေးကောင်လေးစု ဒါက...” လူသားဧကရာဇ်ချီကန်း သူ့ဘေးရှိ လူများကို မြင်လိုက်ရသည်။ ကျောက်စိမ်းမျက်နှာဘုရင်၊ သူ့ကိုယ်သူ မျက်ကန်းဟု ခေါ်သော နတ်မျက်လုံး လှံနတ်ဘုရား၊ အလွန်အပြေးမြန်သည့် စောရနတ်ဘုရား၊ ပန်းချီနတ်ဘုရား ကောင်းကင်ပန်းချီအိမ်ရှေ့မင်းသား၊ ပန်းပဲဆရာအိုကြီး၊ အလှဆုံး အဘွားစစ်နှင့် ကျန်ရှိသူများလည်း ရှိနေကြသည်။
“ကျွန်တော်တို့ လူတွေ လိုက်ကယ်နေတာ”
ရွာလူကြီးက သူ့ကို ကြည့်သည်။ “ဆရာသာ အရောက်နောက်ကျသွားရင် ကျွန်တော်တို့ ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်ကနေ ထွက်သွားကြပြီ... တက္ကသိုလ်ပတ်ပတ်လည်က မြို့တွေကိုလည်း ကျွန်တော်တို့ ကယ်တင်ပြီးပြီ”
လူသားဧကရာဇ်ချီကန်းမှာ ဟိုဟိုသည်သည် ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေသည်။ “မင်းတို့ ကယ်ခဲ့တဲ့ လူတွေက ဘယ်မှာလဲ”
ရုတ်တရက် ပင့်ကူကြီးက ရပ်လိုက်၏။ သူတို့ ရောက်သွားသော မြို့ထဲတွင် အချိန်မှီ ထွက်မပြေးနိုင်ခဲ့သော လူအိုများ ရှိနေသည်။ ရွှေအက ကျယ်လောင်စွာ အော်ရင်း မြို့ထဲရှိ လူတိုင်း အပြင်ထွက်လာရန် ခေါ်နေသည်။
နားကန်းသည် ပင့်ကူကြီး၏ ကျောပေါ်မှ ခုန်ဆင်း၍ ပန်းချီကားတစ်ချပ်အား ဖြန့်ချလိုက်၏။ သူက မြို့သားများဘက်သို့ ခါလိုက်သည့်အခါ ထိုမြို့သားအားလုံး သူ့ပန်းချီထဲ ရောက်သွားကြလေည်။
ချီကန်း ပန်းချီကားဆီသို့ ကြည့်လိုက်မိသည်။ မြို့ထဲမှ လူများသည် ပန်းချီကားထဲတွင် လျှောက်သွားနေကြပြီး အခြားမြို့များမှ လူများလည်း ရှိနေရာ အရေအတွက်က သောင်းဂဏန်း ဖြစ်လောက်၏။
ချီကန်း မှင်သက်သွားသည်။ ရွှေအ၏ သေတ္တာထဲတွင်လည်း ထိုကဲ့သို့ စာလိပ်ပေါင်းရာချီ တွေ့လိုက်ရ၏။
“ဆရာ နိုးလာတာ ကောင်းတယ်”
ရွာလူကြီးက ဆက်ပြောသည်။ “ကျွန်တော်တို့ ခရီးမှာ နားကန်းက လွဲလို့ ဘယ်သူမဆို သေလို့ရတယ်... ဘယ်လိုအခြေအနေပဲ ဖြစ်လာပါစေ နားကန်း ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နန်းစိုက်မြို့တော်ဆီ အသက်ရှင်ရက် ရောက်နိုင်အောင် ကျွန်တော်တို့ ကာကွယ်ပေးရမယ်”
လူသားဧကရာဇ်ချီကန်း တိတ်ဆိတ်စွာ ခေါင်းညိတ်မိသည်။ ရုတ်တရက် သူက အက်ကွဲနေသောအသံတစ်သံဖြင့် မေးလေသည်။ “နန်းစိုက်မြို့တော်ဆီ ရောက်ရင် ဘာဖြစ်မှာလဲ”
ရွာလူကြီးမှာ အတန်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ ဆို့နင့်နေသော အသံဖြင့် ပြန်ဖြေသည်။ “ကျွန်တော်လည်း မသိဘူး... ကျွန်တော်လည်း မသိဘူး....”
“ကောင်းကင်ဆရာသခင်လေးပါး၊ ကောင်းကင်နတ်မင်းလေးပါး.. သူတို့ ဘယ်ရောက်သွားလဲ” လူသားဧကရာဇ်ချီကန်းက မေးပြန်သည်။
“သူတို့က ခိုင်ဧကရာဇ်ရဲ့အင်အားတွေလေ... ကျွန်တော်တို့ကမှ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အင်အား”
အဘွားစစ်က နွေးထွေးစွာ ပြုံးနေသည်။ “သူတို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မကူညီတာလည်း သဘာဝကျပါတယ်... ငါတို့ သူတို့ဆီက အကူအညီတောင်းနေရင် သူတို့အတွက် အန္တရာယ် ရှိတယ်”
အားလုံး ခေါင်းညိတ်လိုက်ကြကာ ဆက်မပြောတော့ပေ။
“ဒါနဲ့ မင်းတို့ထဲက တစ်ယောက်ယောက် ဝေစွေ့ဖုန်းကို သိကြလား” လူသားဧကရာဇ်ချီကန်းသည် လှောင်အိမ်ထဲရှိ လူထူးဆန်းကို သတိရလိုက်၍ မေးလေသည်။
အဘွားစစ် အံ့အားသင့်သွား၏။ “ဝေစွေ့ဖုန်းက ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်၊ တန်ခိုးရှင်သစ်ခုတ်သမားရဲ့ တပည့်အကြီးဆုံးပါ.... လူသားဧကရာဇ်ချီက ဘယ်လိုလုပ်ပြီး သူ့ကို သိနေတာလဲ... မူအာ သူ့ကို လိုက်ရှာနေတာ ကြာပြီ... လျှို့ဝှက်ချက်တွေ အများကြီး နစ်မြုပ်နေတဲ့ မြေပုံတွေကိုလည်း ချန်ထားခဲ့တယ်တဲ့”
လူသာားဧကရာဇ်ချီကန်းက ကြောင်နေရာမှ ထအော်သည်။ “ကောင်းကင်တန်ခိုးရှင်ဂိုဏ်းရဲ့ တည်ထောင်သူဂိုဏ်းသခင်ဟုတ်လား... သူ အဲဒီလောက် မိစ္ဆာဆန်နေတာ အံ့ဩစရာမရှိဘူးပဲ... အရှေ့ကောင်းကင်ဘုံရဲ့ အစိမ်းနတ်မင်း သူ့ကို မြစ်ထဲ နှစ်လိုက်တော့ သူက တစ္ဆေသင်္ဘောနှင့် တစ်သားတည်း ပေါင်းစည်းသွားတယ်... မြေပုံအတိုင်း လိုက်လာပြီး သူ့ကို ကယ်ပါလို့လည်း ရေးထားတော့ ငါ ထင်တာ...”
သူက တခဏ တိတ်ဆိတ်နေပြီးသော် ဆက်ပြောသည်။ “ငါ ထင်တာတော့ သူက ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းပြီးတဲ့နောက်ပိုင်းကနေ ဒီနေ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာအထိ အသန်မာဆုံး ဖြစ်လောက်တယ်... အခုခေတ်မှာ သူ နတ်ဘုရားတစ်ပါးအဆင့်အထိ ကျင့်ကြံထားနိုင်ရင်တော့ အင်မတန် အဆန်းတကြယ် ဖြစ်နေမှာပဲ...”
လူသားဧကရာဇ်ချီကန်းက အံ့အားသင့်သွားပြီး ခေါင်းကုတ်သည်။ “သူ့ကြည့်ရတာတော့ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံပြီးလောက်ပြီ.... သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တစ်ယောက်တည်းသော ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင် ဖြစ်လောက်တယ်”
အားလုံး အံ့ဩသွားကြ၏။
ရွာလူကြီးက ရှင်းအောင် မေးသည်။ “ဆရာပြောတာက အရှေ့ကောင်းကင်ရဲ့ အစိမ်းရောင်နတ်မင်းက သူ့ကို မြစ်ထဲ နစ်လိုက်တဲ့အချိန်မှာ သူ တစ္ဆေသင်္ဘောနဲ့ တစ်သားတည်း ဖြစ်သွားတယ်.... အဲ့လိုလား”
လူသားဧကရာဇ်ချီကန်း ခေါင်းညိတ်မိသည်။
ရွာလူကြီးက အလေးအနက် ပြော၏။ “ဒါဆို သူ့ကို ကယ်လို့မရဘူး”
အားလုံး ကြောင်တောင်တာင် ဖြစ်နေကြ၍ ရွာလူကြီးက ရှင်းပြသည်။ “မူအာ တစ္ဆေသင်္ဘောအကြောင်း ပြောပြထားဖူးတယ်... သူက ရှေးဟောင်းနတ်မင်းလေးပါးရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ နတ်ဘုရားမိစ္ဆာစစ်တပ်ရဲ့ စွမ်းအားကို အားကိုးပြီးတော့မှ တစ္ဆေသင်္ဘောရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းပြီး အသက်ရှင်ရက် ထွက်လာနိုင်တာတဲ့... ဝေစွေ့ဖုန်းက တစ္ဆေသင်္ဘောနဲ တစ်သားတည်း ဖြစ်သွားပြီဆိုတော့ နတ်မင်းလေးပါးကို ဘယ်မှာ သွားရှာနိုင်တော့မလဲ... သူ့ကို ကယ်ဖို့ မတွေးနဲ့... သူ သေသွားတာ သေချာတယ်”
အဘွားစစ် မျက်မှောင်ကြုတ်သွားသည်။
သားသတ်သမားက ပြုံးလိုက်သည်။ “ဒီကိစ္စကို မူအာ့ဆီ ပြောသင့်သေးတယ်... ကယ်တာ၊ မကယ်တာက သူ့အပိုင်းပေါ့”
အဘွားစစ်မှာ သက်ပြင်းချ၍ စိုးရိမ်ပူပန်စွာ မေးပြန်လေသည်။ “မူအာ ဘယ်ပြေးသွားလဲ တစ်ယောက်ယောက် သိကြသေးလား”
လူသားဧကရာဇ်ချီကန်းက ပြန်ဖြေသည်။ “သူ မဟာမြို့ပျက်မှာပဲ ရှိသေးတယ်... နယ်စပ်နဂါးမြို့အနားမှာ ဖြစ်လောက်တယ်... ငါတို့ အဲဒီကနေ ဖြတ်လာတုန်းက ကောင်းကင်နတ်ဘုံစစ်တပ်တစ်တပ်က ယိုတုသားတော်ကို သွားသတ်ဖို့ အမိန့်ရတဲ့အကြောင်း ကြားခဲ့ရတယ်”
ရွာလူကြီးသည် စဉ်းစားပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်၏။ “ထော့ကျိုး၊ မူအာ့ကို သွားအကြောင်းကြားချည်.... မင်းက အမြန်ဆုံးနဲ့ သတ္တိအနည်းဆုံးပဲ... တိုက်ပွဲတစ်ပွဲဖြစ်တာနဲ့ ထွက်ပြေးသွားတတ်တဲ့ကောင်ဆိုတော့ ဒီမှာ မင်းလုပ်နိုင်တာ များများစားစား မရှိဘူး”
ရိုးသားသော ထော့ကျိုးက ဘဝင်မကျသကဲ့သို့ နှာခေါင်းရှုံ့လေသည်။
မျက်ကန်းက စိုးရိမ်စိတ်ဖြင့် ဖြည့်ပြော၏။ “ထော့ကျိုး၊ လမ်းမှာ ဂရုစိုက် မသေစေနဲ့”
“အခုထက်ထိ ကောင်းကင်နတ်ဘုံကနေတောင် မခိုးရသေးတာ သေစရာလား”
ထော့ကျိုးသည် တဟားဟား အော်ရယ်ပြီးနောက် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။ အဝေးမှ မိုးခြိမ်းသံများ ထွက်ပေါ်လာလေသည်။ သိသိသာသာပင် သူကား မိုင်ပေါင်းရာချီ ကွာဝေးသွားချေပြီ။
“ဒီခွေးသူတောင်းစားက တော်တော်အပြေးမြန်တာပဲ” အားလုံး တလေးတစား စုတ်သပ်မိကြသည်။
ထော့ကျိုးက တောက်လျှောက် ပြေးနေပြီး ရက်အနည်းငယ်ကြာသော် နယ်စပ်နဂါးမြို့ ပတ်ဝန်းကျင်သို့ ရောက်လာသည်။ သူ ပတ်ဝန်းကျင်၌ လျှောက်ပတ်ကြည့်သော်လည်း ချင်မူ့အရိပ်အယောင်အား မမြင်ရပေ။ ကောင်းကင်ထဲတွင် ကြယ်တာရာများ တောက်ပနေသည်ကိုသာ မြင်တွေ့လိုက်ရပြီး နောက်တခဏတွင် လင်းလက်နေသော ကြယ်အစုအဝေးတစ်စု ပေါ်ထွက်လာ၏။
ထော့ကျိုး အံ့အားသင့်သွားသည်။ ကောင်းကင်ထဲရှိ ကြယ်များက ကြီးမားသထက် ကြီးမားလာပြီး စစ်ဗုံသံများလည်း ခပ်သဲ့သဲ့ ကြားနေရသည်။
များစွာမကြာလိုက်ဘဲ ကြယ်တာရာများအား ပကတိမျက်စိဖြင့်ပင် သဲကွဲစွာ မြင်လာရသည်။ သူတို့ကား သေမျိုးများနှင့် မတူညီသော ရှေးဟောင်းနတ်ဘုရားများ ဖြစ်လေသည်။ ဒဏ္ဍာရီထဲမှ ထွက်လာသော ရှေးဟောင်းနတ်ဘုရားများ ဖြစ်၍ သူတို့ခေါင်းနောက်ရှိ ရောင်ခြည်တော်စက်ဝန်းများက ကြယ်တာရာများပမာ တောက်ပနေခြင်း ဖြစ်ချေ၏။
“မလွတ်မြောက်နိုင်တဲ့ ပိုက်ကွန်တစ်ခု ဖြန့်ပြီး ယိုတုသားတော်ကို ဖမ်းစို့” မိုးခြိမ်းသံကဲ့သို့ အသံတစ်သံသည် ဟိန်းထွက်လာကာ လျှပ်စီးများ စီးဖြာလာသည်။
ထော့ကျိုး ရင်ထဲ လေးလံသွားပြီး ကြယ်တာရာများနောက် လိုက်သွားသည်။ သူ အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ အမှောင်ထုကို လှမ်းမြင်လိုက်ရသည်။ အမှောာင်ထုသည် ကမ္ဘာဦးဘုံအပေါ် မှောက်လျက် ဖုံးအုပ်ထားသော အနက်ရောင်အိုးကြီးသဏ္ဍာန် ရှိနေ၏။
ကောင်းကင်နတ်ဘုံ၏ စစ်သည်တော်များနှင့် စစ်သူကြီးများက စစ်သင်္ဘောများကို မောင်းနှင်လျက် အမှောင်ထုကို ဖြတ်ခွင်းနေကြသည်။ ကောင်းကင်နတ်သိုင်းအမျိုးမျိုးဆီမှ အလင်းတန်းများသည် အမှောင်ထုကို ထိုးဖောက်သွားနေသည်။
အမှောင်ထဲတွင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နတ်ဘုရားတစ်ပါးက ရက်ရက်စက်စက် သတ်ဖြတ်နေသည်။ သူက အောက်ဘုံသို့ ဆင်းသက်လာခဲ့သည့် ကောင်းကင်နတ်ဘုံစစ်တပ် အင်အား၏ သုံးပုံတစ်ပုံနီးပါးအား ထိန်းပေးထား၏။
ထော့ကျိုး အံ့အားသင့်သွားသည်။ “အဲဒါ မူအာလား... ကလေးအရွယ်တုန်းက ငါနဲ့ သိကြားတုတ်ထိုး လုစားခဲ့တဲ့ မူအာလား”