← Chapters

လှောင်အိမ်ထဲက လူထူးဆန်း

Vol. 68 Ch. 888

လှောင်အိမ်ထဲက လူထူးဆန်း

Vol. 68 Ch. 888

“ဟေး ရန်သူတော်ကြီး”

မာန်ဟုန်မြစ်အစပိုင်းတွင် ‌ချောချောလှလှ ယောက်ျား၊ မိန်းကလေးများ ပါသည့် တစ္ဆေတစ်အုပ်က မဟာမြို့ပျက်သားထောင်သောင်းချီကို ဦးဆောင်လျက် မြစ်ကမ်းပါးဆီသို့ လာနေကြသည်။ ထိုနေရာတွင် ဒုက္ခသည်များအား ခေါ်ဆောင်လာနေသော ယောက်ျား၊ မိန်းမ နောက်တစ်အုပ်စုနှင့် ပက်ပင်းတိုးကြသည်။

ချောချောလှလှ ယောက်ျား၊ မိန်းကလေးအုပ်စုထဲတွင် အသက်အရွယ်အိုမင်းသော အဘိုးအို၊ အဘွားအိုများလည်း ပါသည်။ သူတို့က အရပ်အမောင်း၊ အရွယ်အစား၊ ပုံပန်းသွင်ပြင် မျိုးစုံရှိသော လူငငယ်များကို မြင်လျှင် ဝမ်းသာပျော်ရွှင်သွားကြပြီး ရယ်မောစနောက်ကြ၏။ “လူသားဧကရာဇ်ခန်းမရဲ့ သောက်တစ္ဆေအိုကြီးတွေက ဒီမှာ စော်ကဲ မင်းဖြစ်နေတာပဲ”

ပုံပန်းသွင်ပြင် မတူညီသော ဤလူငယ်များသည် လူသားဧကရာဇ်ခန်းမ၏ လူသားဧကရာဇ်ဟောင်းများ ဖြစ်ကြ၏။ ချီကန်း၊ ရီရှန်း၊ လန်ပို၊ ဒုတိယဘိုးဘေးကြီး၊ တတိယဘိုးဘေးကြီးနှင့် ကျန်ရှိသူများက ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်ဘုံ၏ တစ္ဆေများ ဆင်းသက်လာသည့်အချိန်တွင် မဟာမြို့ပျက်သို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့အားလုံး မဟာမြို့ပျက်၌ နေထိုင်နေသူများကို လိုက်ရှာခဲ့ပြီးနောက် မာန်ဟုန်မြစ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ သွားရန် လိုက်ပါစောင့်ရှောက်ပေးကြသည်။

သူတို့ ဤနေရာသို့ ရောက်သည့်အခါ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဟောင်းများနှင့် တိုက်တိုက်ဆိုင်ဆိုင် ပက်ပင်းတိုးသည်။ ဤတစ္ဆေများကလည်း မဟာမြို့ပျက်သားတို့ကို စောင့်ရှောက်လျက် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ခိုလှုံနိုင်‌အောင် လိုက်ပို့ပေးနေကြ၏။

ရီရှန်းက ပုပုတိုတိုနှင့် ခပ်ဝဝ ဖြစ်သည်။ သူက လက်နှစ်ဖက်ကို ခါးတွင် ထောက်၍ သရော်တော်တော် ပြောသည်။ “သောက်တစ္ဆေအိုကြီးတွေဆိုတာ ငါတို့ကို ပြောတာလား... ငါတို့ အခု အသက်ရှင်နေပြီနော်... မင်းတို့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တွေကမှ သောက်တစ္ဆေအိုကြီးတွေကွ... မင်းတို့တစ်ယောက်မှာမှ ရုပ်ခန္ဓာမရှိကြဘူး... ဘာလို့ ဒီလိုလျှောက်သွားနေကြသေးတာလဲ... ဒီလူတွေကို ငါတို့ဆီ အပ်ထားခဲ့... မင်းတို့ဝိညာဉ်ပါ ပြိုကွဲမသွားအောင် ဖုန်းတုဆီ မြန်မြန်ပြန်ကြတော့”

ချီကန်းသည် ‌အေးစက်စက် ရယ်နေ၏။ “ရုပ်ခန္ဓာမရှိလို့ကတော့ မင်းတို့ ဘယ်လိုသေသွားမှန်းတောင် သိနိုင်မှာမဟုတ်ဘူး”

“ဖွဟဲ့ လွယ်ပါစေ ဖယ်ပါစေ နိမိတ်မရှိ နမာမရှိ”

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အားလုံး တဟားဟား အော်ရယ်ကြသည်။ “လူသားဧကရာဇ်ခန်းမရဲ့ သောက်နလပိန်းတုံးလေးတွေ... ငါတို့လူသေတွေက သိပ်သဘောထားကြီးမြတ်တာမလို့ မင်းတို့စိတ်ဓာတ်အတိုင်း လိုက်အောက်တန်းကျနေမှာမဟုတ်ဘူး.... မင်းတို့လို လူအရှင်တွေရဲ့ နံစော်နေတဲ့ ဝိညာဉ်အနံ့တွေက ငါတို့ကို အော်ဂလီဆန်စေတယ်”

လူသားဧကရာဇ်ခန်းမနှင့် ‌ကောင်းကင်နတ်ဆိုးဂိုဏ်းကား တစ်ယောက်ကိုတစ်ယောက် မဲ့ရွဲ့စောင်းချိတ်၍ ရန်ဖြစ်နေကြတော့သည်။

သူတို့သည် ဖုန်းတုမှာကတည်းက တစ်ဖက်နှင့်တစ်ဖက် မတည့်ခဲ့ကြပေ။ အသက်ရှိစဉ်တုန်းကလည်း တစ်ယောက်ကိုတစ်ယောက် အမြင်ကပ်ခဲ့ကြသည်။ လူသားဧကရာဇ် လူသားဧကရာဇ်တံဆိပ်တော် ထုတ်သည့်အခါမှ ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်များအား ထိန်းနိုင်ခြင်း ဖြစ်ပေသည်။

သို့သော် လူသားဧကရာဇ်တံဆိပ်တော် မပါလျှင်တော့ တစ်ယောက်ကိုတစ်ယောက် အမြဲတိုက်ခိုက်နေတတ်သည်။

လူငယ်ဂိုဏ်းချုပ်က သူတို့ကို ကပျာကယာ တား၍ ပြောလေသည်။ “အားလုံး မဟာမြို့ပျက်သားတွေကို ကူညီဖို့ ရောက်လာတာပဲ မဟုတ်လား... ရန်ဖြစ်မနေကြပါနဲ့... အခု ကမ္ဘာဦးဘုံမှာ တိုက်ပွဲတွေ နေရာတိုင်းလိုလို ဖြစ်နေတယ်... ဒီသေမျိုးတွေကို ဘေးကင်းရာ ခေါ်သွားဖို့က ပိုအရေးကြီးပါတယ်”

ပဥ္စမဘိုးဘေးကြီးဆီမှ သရော်သံ ထွက်လာသည်။ “ဝမ်ယွမ် မင်းတို့အားလုံးက တစ္ဆေတွေလေ... ဘယ်လိုလုပ်ပြီး ဒီလောက် လူတွေအများကြီးကို ပြောင်းရွှေ့ပေးနိုင်မှာလဲ”

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အားလုံး တဟားဟား ရယ်၍ သိုင်းကွက်များ ထုတ်ဖော်ကာ ပြိုင်တူ ပြန်ဖြေကြသည်။ “ငါတို့မှာ မိစ္ဆာငါးပါးကူးပြောင်းကျင့်စဉ် ၊ နေရာ‌ရွှေ့ပြောင်းဝင်္ကပါတွေနဲ့ မြေပြင်တွေကို ရွှေ့နိုင်တဲ့ နည်းလမ်းတွေ၊ ရေပေါ် ဖြတ်ပြေးနိုင်တဲ့ နည်းလမ်းတွေအပြင် တောင်တွေပါ ရွှေ့နိုင်တဲ့ နည်းလမ်းတွေပါ ရှိတယ်... ငါတို့ဂိုဏ်းသခင်ဟောင်းအားလုံး အတူတူလှုပ်ရှားကြရင် လူတစ်သောင်းအသာထား၊ လူပေါင်းသန်းနဲ့ချီတောင် ရွှေ့ပြောင်းပေးနိုင်တယ်... မင်းတို့ လူသားဧကရာဇ်ခန်းမကကောင်တွေက တော်တော်တုန်းတာပဲကွ... တုံးလည်းတုံးသေး၊ ဝလည်း ဝသေး၊ အသားကလည်း မည်းသေး... မင်းတို့လူသားဧကရာဇ်ခန်းမရဲ့ သိုင်းကွက်တွေကလည်း တုံးအပြီး စုတ်ပြတ်နေတာပဲ... မင်းတို့မှာ ဘယ်လိုအစွမ်းအစတွေ ရှိမှာမလို့လဲ”

လူသားဧကရာဇ်များက ညစ်ကျယ်ကျယ် ရယ်၍ ကောင်းကင်နတ်သိုင်းများ ကိုယ်စီ ထုတ်လွှတ်ကြသည်။ တစ်ယောက်က သစ်ရွက်တစ်ရွက် ထုတ်ပြီး လေပေါ် မှုတ်လိုက်သည့်အခါ သစ်ရွက်သည် မိုင်ပေါင်းရာချီ ရှည်လျားသော အစိမ်းရောင်သင်္ဘောတစ်စင်းအဖြစ် ပြောင်းလဲသွား၏။ နောက်တစ်ယောက်သည် ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ နဂါးတစ်ကောင် ဖြစ်လာသည်။ တစ်ယောက်ကမူ တိမ်တိုက်များကို စီးနင်း၍ သေမျိုးများအား တိမ်တိုက်များအပေါ်တွင် သယ်ဆောင်ထားသည်။ ကောင်းကင်နတ်သိုင်းအမျိုးမျိုးက အားလုံးကို အံ့အားသင့်လာစေသည်။

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များလည်း တစ်ယောက်ကိုတစ်ယောက် တအံ့တဩ လှည့်ကြည့်မိကြသည်။

“ဒီ အသားမည်း ဖက်တီးငတုံးတွေက အသက်ပြန်ရှင်လာပြီး ကောင်းကင်နတ်သိုင်းတွေကလည်း ပိုလို့တောင် ဆန်းကြယ်လာပါလား”

နှစ်ဖွဲ့စလုံး မြစ်ကြောင်းတစ်လျှောက် ခရီးနှင်ရင်း မဟာမြို့ပျက်၌ နေထိုင်သူများကို ပြောင်းရွှေ့ပေးနေကြပြီး လမ်းတစ်လျှောက်လုံး နှစ်ဖွဲ့လုံး တစ်ဖက်နှင့်တစ်ဖက် မနားမနေ ဆဲဆိုရန်ဖြစ်နေကြ၏။

လူငယ်ဂိုဏ်းချုပ်မှာ လက်မြှောက်အရှုံးပေးထားရလေသည်။

လမ်းတွင် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် ဆုံတွေ့သည့်အခါ လူသားဧကရာဇ်များနှင့် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များ စကားမများကြတော့ပေ။ ရန်သူ့အရေအတွက်က သူတို့အောက် နည်းလျှင် အတူတူ တိုက်ခိုက်တတ်ကြသည်။ လူသားဧကရာဇ်များက ထိပ်တိုက်ရင်ဆိုင်သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များက လှည့်ကွက်ပရိယာများ သုံးကြ၏။ ရန်သူ့အင်အားက ပိုများလျှင် နေရာ‌ရွှေ့ပြောင်းကောင်းကင်နတ်သိုင်းများ ထုတ်ဖော်၍ မဟာမြို့ပျက်သားများကို ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးကြသည်။

ခရီးသည် အတော်‌လေး အန္တရာယ်ကင်းခဲ့သော်လည်း ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်တို့၏ မူလဝိညာဉ်များမှာ မှေးမှိန်သထက် မှေးမှိန်လာခဲ့ကြသည်။

“မင်းတို့အားလုံး ဖုန်းတုမှာ နေတာ ကြာသွားပြီ”

လူသားဧကရာဇ်ချီကန်းက ဆက်ပြောသည်။ “ဂိုဏ်းချုပ်ဝမ်ယွမ်၊ မင်းတို့အားလုံး ပြန်သင့်ပြီ... ဒီအတိုင်း ဆက်သွားနေရင် ဝိညာဉ်တွေ ပြိုကွဲသွားလိမ့်မယ်”

လူငယ်ဂိုဏ်းချုပ်သည် ခေါင်းယမ်းလိုက်ပြီး သူ စကားမပြောနိုင်ခင် ကျူယန်၊ ယွီလျန်၊ စစ်ယွမ်ဝေ့နှင့် ကျန်ဂိုဏ်းသခင်အားလုံး သူ့ကို ပူညံပူညံ ပြောနေကြ၍ ဆူညံသံများကြောင်း လူသားဧကရာဇ်ချီကန်းမှာ ခေါင်းမူးလာတော့သည်။

ရုတ်တရက် မြစ်ပြင်ထက်သို့ ကောင်းကင်နဂါးအလောင်းများ၊ နတ်ဘုရားမိစ္ဆာအလောင်းများ ပေါလောမြောက်တက်လာသည်။ မြစ်ကြမ်းပြင်ရှိ နဂါးနန်းတော်မှာ စိစိညက်ညက် ခြေမွခံထားရ၏။ ကောင်းကင်နတ်ဘုံ၏ စစ်တပ်က မာန်ဟုန်မြစ်နဂါးနန်းတော်အထိ စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ထင်ရှားပေသည်။ ထိုနတ်ဘုရားမိစ္ဆာအလောင်းတို့က တိုက်ပွဲကျသွားသော စစ်သည်တော်များ၊ စစ်သူကြီးများ ဖြစ်လိမ့်မည်။

မြစ်ပြင်ထက်တွင် လောင်ကျွမ်းနေသော နတ်မီးလျှံတချို့ ရှိနေသေးသည်။ မြစ်ရေမှာ မီးတောက်များကို မငြှိမ်းသတ်နိုင်ပေ။

ကမ်းစပ်တွင်လည်း ပျက်စီးနေသော သင်္ဘောများ ပုံနေသည်။ ကောင်းကင်နတ်ဘုံစစ်တပ်သည် နဂါးမျိုးနွယ်၏ အဆင့်မြင့်သိုင်းပညာရှင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး အကျအဆုံးများခဲ့ဟန် တူ၏။

ကောင်းကင်နတ်ဆိုးဂိုဏ်း၏ ဂိုဏ်းသခင်များက ဤကောင်းကင်နတ်စစ်သူကြီးများနှင့် စစ်သည်တော်တို့၏ အလောင်းများတွင် ပူးကပ်လိုက်ကြသည်။ သူတို့က ထူးဆန်းသော ကိုယ်ဟန်အနေအထားများဖြင့် လျှောက်သွားနေကြပြီး ဧရာမကောင်းကင်နတ်သင်္ဘောကြီးတစ်စင်းအား ခြံရံကာ ဆူဆူညံညံ ထုရိုက်နေကြသည်။

သူတို့အားလုံး ကောင်းကင်နတ်သင်္ဘောကြီးကို လျင်မြန်စွာ ပြုပြင်နိုင်ကြသဖြင့် လူသားဧကရာဇ်များမှာ တအံ့တဩဖြင့်သာ ငေးကြည့်မိတော့သည်။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များက သင်္ဘောဦးတွင် ရပ်လျက် သိုင်းကွက်များ ထုတ်ဖော်ကာ မဟာမြို့ပျက်သားများအား သင်္ဘောအပေါ် ရွှေ့ပြောင်းပေးကြ၏။

“ငါတို့အားလုံး ဘုရားမ,တာပဲ”

သူတို့က တောက်ပစွာ ပြုံးရွှင်နေကြသည်။ “ငါတို့က ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်လုပ်မယ်... မင်းတို့က ငါတို့ရဲ့အကျဉ်းသားတွေလုပ်... ငါတို့က မင်းတို့ကို ဖမ်းဆီးထားသလိုမျိုး ဟန်ဆောင်ကြစို့”

သင်္ဘောသည် ကောင်းကင်နတ်ဘုံ၏ အလံကို လွှင့်ထူလျက် အရှေ့အရပ်သို့ ပျံသန်းသွား၏။ လမ်းတစ်လျှောက်တွင် အသွေးအသားများ ပူဇော်ထားသည့် ယဇ်ပလ္လင်များဆီမှ ထုတ်လွှင့်နေသော အလင်းတန်းများအထဲ၌ ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများ ပေါ်လွင်လာသည်ကို မြင်ကြရသည်။ ထိုမြင်ကွင်းက သူတို့ကို ရင်လေးသထက် လေးလာစေ၏။

ပြောင်းရွှေ့နေသော လူတစ်အုပ်နှင့်လည်း ပက်ပင်းတိုးကြသည်။ ထိုသူတို့က သေမျိုးများကို စောင့်ရှောက်ပေးနေသည့် ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှ ကောင်းကင်နတ်သိုင်းပညာရှင်များ ဖြစ်ကြလေသည်။

ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က သူတို့ကို ပြောပြသည်။ “လင်းကျင့်ဆိုတဲ့ ဝိညာဉ်တစ်ခုကြောင့်သာ ကျွန်တော်တို့ ဒီအထိ အသက်ရှင်ရက် ရောက်လာခဲ့တာပါ”

“တာအိုရသေ့ကြီးလင်းကျင့် ဘယ်မှာလဲ”

ကျောင်းသားများ တိတ်ဆိတ်သွားကြသည်။

သူတို့သည် ဤဒုက္ခသည်များကို ခေါ်၍ ခရီးဆက်ကြ၏။ လမ်းတွင် မဟာမြို့ပျက်မှ လူများကို ဦးဆောင်၍ ခက်ခက်ခဲခဲ ရွေ့လျားနေသော ရသေ့ငယ်တစ်ယောက်နှင့် ဆုံသည်။ ထိုရသေ့ငယ်က တာအိုသခင်လင်းရွှမ် ဖြစ်နေသည်။

“နံစော်နေတဲ့ တာအိုရသေ့တွေ... သူတို့က အသားမည်း ဖက်တီးငတုံး၊ လူသားဧကရာဇ်တွေထက်တောင် ရွံစရာကောင်းသေးတယ်”

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များသည် တာအိုဂိုဏ်း၏ တာအိုရသေ့များကို လွန်စွာအထင်သေးသော်လည်း တာအိုသခင်လင်းရွှမ်နှင့် ဒုက္ခသည်များအား သင်္ဘောအပေါ်သို့ တက်လာခွင့်ပေးကြသေး၏။

“ခင်ဗျားတို့ ဒီလူတွေကို ကျွန်တော့်တာအိုဂိုဏ်းတက္ကသိုလ်ဘေးက မက်မွန်တောအုပ်ဆီ ပို့ပေးလို့ရတယ်”

တာအိုသခင်လင်းရွှမ်က သွေးစွန်းနေသော တာအိုဒေါက်ချာကို ချွတ်၍ ဆက်ပြောသည်။ “မက်မွန်တောအုပ်ထဲမှာ ကောင်းကင်နတ်အရှင်ယွဲ့ရှိတယ်.... သူက ကျွန်တော်တို့ကမ္ဘာရဲ့ ကိစ္စတွေမှာ ဝင်မပါလိုပေမယ့် မက်မွန်တောအုပ်ထဲမှာတော့ သူတို့ ဘေးကင်းပါလိမ့်မယ်... ချင်းယွင်ကောင်းကင်ဘုံဆီလည်း ပို့လို့ရတယ်... ချင်းယွင်ကောင်းကင်ဘုံက ကောင်းကင်နတ်ဘုံ တာအိုဂိုဏ်းရဲ့ အခွဲဆိုတော့ အဲဒီမှာ အတော်လေး အန္တရာယ်ကင်းသေးတယ်... ကျွန်တော် တာအိုဂိုဏ်းသားတွေကိုတော့ ချင်းယွင်ကောင်းကင်ဘုံဆီ ပို့ပြီး မာန်ဟုန်မြစ်အနားက လူတွေကိုလည်း ကပ်ဘေးရှောင်ဖို့ ချင်းယွင်ကောင်းကင်ဘုံဆီ ခေါ်သွားခိုင်းထားတယ်.... ချင်းယွင်ကောင်းကင်ဘုံမှာ သူတို့ကို စောင့်ရှောက်ပေးမယ့် နတ်ဘုရားနိုင်ငံ ၂၄ နိုင်ငံ ရှိပါတယ်”

“ဒီတာအိုရသေ့က မဆိုးဘူးပဲ”

ဂိုဏ်းသခင်စစ်ယွမ်ဝေ့က သူ့ကို အကြီးအကျယ် လေးစားသွားပြီး ပြုံးနေသည်။ “တာအိုသခင်အနေနဲ့ အခုလို အသက်ကိုမမှုဘဲ အနစ်နာခံပေးနေတာက စိတ်ကောင်းစေတနာ ရှိမှန်း သက်သေပြနေတာပဲ.... တစ်ယောက်တည်း ထွက်လာတာလား”

“နှစ်ယောက်ပါ”

တာအိုသခင်လင်းရွှမ် ဆက်ပြောသည်။ “တာအိုရသေ့ချာလည်း ပါတယ်”

“သူ ဘယ်မှာလဲ”

လင်းရွှမ်၏ နှုတ်ခမ်းများ တင်းတင်းစေ့သွား၏။ “သူက လမ်းကို ဖျက်စီးဖို့ နေကျန်ခဲ့တယ်... ကျွန်တော်တို့ ဝေးဝေးရောက်ရင် အမှီလိုက်လာခဲ့မယ်တဲ့... နှစ်နာရီနေလို့ မှီမလာရင် သူ့ကို မစောင့်ဖို့လည်း မှာခဲ့တယ်”

“အဲဒါ ဘယ်တုန်းကလဲ”

“လွန်ခဲ့တဲ့ ခြောက်ရက်က”

တာအိုသခင်လင်းရွှမ်က ဒေါက်ချာကို ပြန်ဆောင်း၍ ငေးငေးငိုင်ငိုင်ဖြင့် ပြောနေသည်။ “သူ လမ်းလွဲသွားလို့ ကျွန်တော့်ကို လိုက်မမှီတာ နေမှာ... ကျွန်တော်လည်း သူ့ကို ဆက်မစောင့်နိုင်ခဲ့ဘူး... သူ မက်မွန်တောအုပ်ဆီတောင် ရောက်နေလောက်ပြီ.. သူ ပြေးတာ တကယ်မြန်ပါတယ်”

မည်သူမှ သူ့ကို ဆက်မမေးမိတော့ပေ။

သူတို့အားလုံး ရှေ့ဆက်သွားကြသည်နှင့်အမျှ သင်္ဘောပေါ်ရှိ အရေအတွက်မှာလည်း တစတစ တိုးပွားလာသည်။ ကောင်းကင်နတ်ဘုံသင်္ဘောက ဧရာမကြီးမားပါသော်လည်း ဒုက္ခသည်များအား အယောက်စေ့သယ်ဆောင်ရန် မလုံလောက်ပေ။

ရုတ်တရက် သင်္ဘောက အရှိန်ကျလာသည်။ လူသားဧကရာဇ်ချီကန်းက သင်္ဘောဦးသို့ အလျင်အမြန် လျှောက်သွားပြီး မေးလေသည်။ “ဘာဖြစ်တာလဲ”

ဂိုဏ်းသခင်ယန်ကျီမှာ တုန်ရီနေသော လက်ဖြင့် ရှေ့သို့ ညွှန်ပြသည်။ အရှေ့တွင် သင်္ဘောများသည် အတန်းလိုက် စီလျက် လေလယ်၌ ပျံဝဲနေပြီး သင်္ဘောအပေါ်တွင် အနားယူနေသော ကောင်းကင်နတ်ဘုံမှ နတ်ဘုရားများ‌ထောင်ချီ ရှိနေကြ၏။

နတ်ဘုရားတစ်ပါးက သူတို့ဆီ ပျံသန်းလာကာ အဝေးမှ လှမ်းအော်သည်။ “မင်းတို့က ဘယ်သူ့လက်အောက်ကလဲ”

သင်္ဘောပေါ်ရှိ လူတိုင်း မည်သို့လုပ်၍ ၊ မည်သို့ကိုင်ရမှန်း မသိတော့ပေ။

နတ်ဘုရားက အနားရောက်လာသည့်အခါ ထပ်အော်ပြန်သည်။ “မင်းတို့ရဲ့ ခေါင်းဆောင်စစ်သူကြီးက ဘယ်သူလဲ”

“ငါတို့ ဘာလုပ်ရမလဲ”

လူသားဧကရာဇ်ရီရှန်းက အက်ကွဲနေသောအသံဖြင့် မေးသည်။ “ထိပ်တိုက် တိုက်ခိုက်ရမလား”

ဤအခိုက်အတန့်တွင် သင်္ဘောများဆီမှ စစ်ခရာသံများ ဆူညံလာပြီး ရွှေ‌ရောင်ချပ်ဝတ်နှင့် နတ်ဘုရားတစ်ပါးက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ “ယိုတုသားတော်ကို ခြေရာခံမိပြီ... အဖြူနတ်မင်းက သူ့ကို နှိမ်နင်းဖို့ ငါတို့ကို ဆင့်ခေါ်နေတယ် ... သွားကြစို့”

သူတို့ဆီ ချဉ်းကပ်လာနေသော နတ်ဘုရားက တခဏ တွန့်ဆုတ်သွားပြီးနောက် သင်္ဘောတစ်စင်းဆီ ပြန်သွားသည်။ ဧရာမသင်္ဘောကြီးများ တစ်စင်းပြီးတစ်စင်း ထွက်ခွာသွားကြသည်။

သင်္ဘောပေါ်ရှိ လူတိုင်း ချွေးပြန်နေကြလေသည်။

“ဘယ်သူက ယိုတုသားတော်လဲ... ကောင်းကင်နတ်ဘုံရဲ့ အဖြူနတ်မင်းတောင် သူ့ကို သတ်ဖို့ ကောင်းကင်နတ်ဘုံစစ်တပ်ကို ခေါ်ရတယ်တဲ့လား” ဒုတိယဘိုးဘေးကြီးက ခပ်တိုးတိုး ရေရွတ်နေသည်။

“သူက ဂိုဏ်းသခင်ချင်ပါ”

တာအိုသခင်လင်းရွှမ်က ဆက်ပြောသည်။ “ကျွန်တော် ထိုက်ဧကရာဇ်ကောင်းကင်ဘုံမှာ ရှိနေတုန်းက သူ့ကို ယိုတုသားတော်လို့ ခေါ်တာ ကြားဖူးတယ်”

ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်များ ရယ်မောနေကြ၏။ “ငါတို့နတ်ဂိုဏ်းရဲ့ လက်ရှိဂိုဏ်းသခင်ဆိုတဲ့အတိုင်း သူ့ဂုဏ်သတင်းက အင်မတန် ခမ်းနားကြီးကျယ်တာပဲ”

သူတို့အားလုံး ရန်ဖြစ်ကြပြန်သည်။ တာအိုသခင်လင်းရွှမ်က သူတို့ကို လောနေသည်။ “မက်မွန်တောအုပ်က ရှေ့နားလေးဆို ရောက်ပြီ... မြန်မြန်သွားကြစို့”

သူက တစ်ယောက်တည်း ရေရွတ်နေ၏။ “တာအိုရသေ့ချာ မက်မွန်တောအုပ်ကို ရောက်နေပြီး ကျွန်တော့်ကို ‌စောင့်နေလောက်တယ်”

အားလုံး အနည်းငယ် ဇဝေဇဝါ ဖြစ်လာကြသည်။ ဤရသေ့ငယ်လေး၏ စိတ်အခြေအနေမှာ တစ်ခုခု မှားနေပုံရလေသည်။

လူငယ်ဂိုဏ်းချုပ်က ရှေ့တက်လာပြီး တာအိုသခင်လင်းရွှမ်၏ တာအိုဒေါက်ချာကို ဖယ်လိုက်သည်။ ဓားကျိုးတစ်လက်သည် လင်းရွှမ်၏ ဆံထုံးထဲ စိုက်ဝင်၍ ဦးနှောက်အထဲထိ ထိုးဖောက်နေ၏။

သွေးများက စီးကျလာသည်။

လူငယ်ဂိုဏ်းချုပ်သည် ကျန်ဂိုဏ်းသခင်များကို တား၍ တာအိုဒေါက်ချာကို လင်းရွှမ်၏ခေါင်း‌ပေါ် အသေအချာ ပြန်စွပ်ပေးလိုက်၏။ “ဒါကို မဖယ်နဲ့... ဖယ်လိုက်ရင် သူ သေသွားလိမ့်မယ်... ဒီတိုင်းစွပ်ထားလို့ ဆေးပညာကျွမ်းကျင်တဲ့သူနဲ့ တွေ့ရင် သူ့ကို ကယ်နိုင်သေးတယ်”

သင်္ဘောက မက်မွန်တောအုပ်ဆီသို့ ဆက်သွားနေသည်။ မက်မွန်ပန်းပွင့်များ မိုင်ထောင်ချီစီတန်းလျက် ဖူးပွင့်နေသည်မှာ အလွန်လှပလေသည်။ သူတို့အားလုံး လူသူကင်းမဲ့နေသည့် တာအိုဂိုဏ်းတက္ကသိုလ်သို့ ရောက်သည်နှင့် လင်းရွှမ်က တာအိုရသေ့ချာကို သွားရှာသည်။ သို့သ်ော မတွေ့ပေ။

မဟာမြို့ပျက်သားများက သင်္ဘောအပေါ်မှ ဆင်း၍ မက်မွန်တောအုပ်ထဲ ဝင်သွားကြသည်။

လက်ရှိအချိန်တွင် ကောင်းကင်မှာ မှောင်နေသော်လည်း ရုတ်တရက် မက်မွန်တောအုပ်ထဲ၌ အလင်းရောင်တစ်ရောင် ထွန်းလင်းလာသည်။ ဒုက္ခသည်များက အလင်းရောင်နောက်မှ လိုက်သွားရင်း မက်မွန်တောအုပ်အတွင်းသို့ ဝင်ရောက်သွားကြ၏။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်က ဆေးကုကျွမ်းတယ်... ငါ သူ့ကို ကျောက်စိမ်းမျက်နှာအဆိပ်ဘုရင်ဆီ ခေါ်သွားလိုက်မယ်”

လူသားဧကရာဇ်ချီကန်းက လင်းရွှမ်ကို ကျောပေါ် တင်၍ ပြောသည်။ “အားလုံး ဂရုစိုက်ပါ”

အကုန်လုံး ဦးညွှတ်အရိုအသေပေးလိုက်ကြသည်။ “ဂရုစိုက်ပါ”

လူသားဧကရာဇ်ချီကန်းက ပျံသန်းနေသကဲ့သို့ အလျင်အမြန် ပြေးလွှားနေသော်လည်း ‌ခြောက်ရက်၊ ခုနစ်ရက်ကြာမှ မာန်ဟုန်မြစ်သို့ ရောက်လာသည်။ သူက မြစ်ဆီ ရောက်သည့်အခါ လှိုင်းလုံးများကို စီးနင်းလျက် ဆက်သွား၏။ ကောင်းကင်ထဲတွင် ဧရာမသင်္ဘောကြီးများ ပျံသန်းသွားလာနေကြပြီး ရုတ်တရက် သင်္ဘောတချို့က လေလယ်၌ ရပ်လိုက်ကြသည်။

လူသားဧကရာဇ်ချီကန်း အမှောင်ရိပ်တွင် ကပျာကယာ ပုန်းခိုလိုက်သည်။ သင်္ဘောများက သံကြိုးများကို တဂျောင်း‌‌ဂျောင်း တဂျုန်းဂျုန်း ဆွဲလာကြပြီး သင်္ဘောအကြား၌ ဧရာမလှောင်အိမ်ကြီးတစ်ခု ရှိနေသည်။

“ငါ့နာမည်က ဝေစွေ့ဖုန်း ၊ ငါ့နာမည်က ဝေစွေ့ဖုန်း”

လှောင်အိမ်အတွင်း၌ ကြောက်မက်ဖွယ်ရာ နတ်ဘုရားတစ်ပါး ရှိနေသည်။ သံကြိုးများက သူ၏ရုပ်ခန္ဓာ၊ မူလဝိညာဉ်၊ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကိုပင် ထိုးဖောက်လျက် သူ့အား ချုပ်ထားကြ၏။

“ပိတ်ထားစမ်း”

နတ်ဘုရားတစ်ပါးက သင်္ဘောတစ်စင်းဆီမှ ထွက်လာပြီး အင်အားကြီးမားသော အရှိန်အဝါအပြည့်ဖြင့် အေးစက်စက် ပြောနေသည်။ “ဝေစွေ့ဖုန်း၊ မင်းက ကောင်းကင်နတ်အရှင်လင်နဲ့ ဆက်သွယ်ဲ့ဖူးတယ်... မင်းမှာ သူ့ဆံထိုးတောင် ရှိခဲ့သေးတယ်... မင်း အဲဒီဆံထိုးကို သိမ်းထားပြီး ‌ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို လေ့လာနေခဲ့တာ ကြာပြီ... မင်းရဲ့ ရုပ်ခန္ဓာနဲ့ မူလဝိညာဉ်မှာ အပြောင်းအလဲတစ်ခုခုတော့ ရှိနေလိမ့်မယ်.. မင်းကို တစ္ဆေသင်္ဘောနဲ့ လဲလှယ်လိုက်ရင် အရှုံးမရှိဘူးမဟုတ်လား”

လူသားဧကရာဇ်ချီကန်းသည် အမှောင်ရိပ်ထဲ၌နေ၍ လှောင်အိမ်ထဲရှိ လူ အော်ဟစ်နေသည်ကို ကြည့်နေ၏။ “ငါ့နာမည်က ဝေစွေ့ဖုန်း”

လူသားဧကရာဇ်ချီကန်း အံ့အားသင့်သွားသည်။ “ဒီတစ်ယောက်က သူက ဝေစွေ့ဖုန်းဖြစ်တဲ့အကြောင်း ငါ့ကို အော်ပြောနေသလိုပဲ ... ဘာအဓိပ္ပါယ်ပါလိမ့်”

ဤအခိုက်အတန့်တွင် သူ့ခြေထောက်အောက်ရှိ မာန်ဟုန်မြစ်ထဲတွင် ဖြည်းညင်းစွာ ရွက်လွှင့်နေသော ဧရာမသင်္ဘောကြီးတစ်စင်း ပေါ်လာသည်။

“ငါ့နာမည်က ဝေစွေ့ဖုန်း” လှောင်အိမ်ထဲရှိ လူထူးဆန်းက လူသားဧကရာဇ်ချီကန်းဆီသို့ လှမ်းအော်နေ၏။

All Chapters