ကမ္ဘာဦးဘုံ မှော်ဆရာသခင်
Vol. 68 Ch. 887
အမိကမ္ဘာမြေက သူတို့ကို နောက်ကြောင်းပြန်နေရန် အချိန်မပေးပေ။ သူမက ကမ္ဘာဦးသစ်ပင်ကို ထိန်းချုပ်လျက် အမြစ်များကို ဧရာမတူကြီးများအသွင် ဖွဲ့တည်ကာ အံ့အားသင့်နေသော ကောင်းကင်နတ်အရှင်ယွီ၏ ရင်ဘတ်ဆီသို့ ထုနှက်လိုက်၏။
ကောင်းကင်နတ်အရှင်ယွီမှာ ဒလိမ့်ခေါက်ခွေး လည်ထွက်သွားကာ ကမ္ဘာဦးဘုံ၏ အတားအဆီးနံရံအား ဝင်တိုက်သွားသည်။ သူ့ခန္ဓာကိုယ်သည် ရေပေါ် လျှပ်ပြေးသွားသော ကျောက်တုံးသဖွယ် အတားအဆီးနံရံဆီမှ ပြန်ကန်၍ မြေကြီးပေါ် ပြုတ်ကျလာသည်။
ကောင်းကင်နတ်အရှင်ယွီ၏ အရှိန်နှင့် ပစ်တိုက်လိုက်ခြင်းက ကမ္ဘာဦးဘုံအတားအဆီးနံရံထဲတွင် အပေါက်များ ပြည့်နှက်လာစေ၏။
ဤအပေါက်များက ကမ္ဘာဦးဘုံ၏ ဒဏ်ရာများ ဖြစ်သည့်အတွက် ပြန်ကုသရန် အချိန်ယူရလိမ့်မည်။
အမိကမ္ဘာမြေက လက်နှစ်ချောင်းဖြင့် အပေါ်သို့ ညွှန်ရင်း ကျယ်လောင်စွာ အော်သည်။ ကမ္ဘာဦးသစ်ပင်၏ အမြစ်ထွေးထဲမှ အမြစ်များစွာ ထွက်ပေါ်လာကာ ကောင်းကင်နတ်အရှင်ယွီ၏ ဒဏ်ရာများထဲ ထိုးဝင်သွားသည်။
သူမတွင် အခွင့်အရေးတစ်ခုတည်းသာ ရှိသောကြောင့် ဤအခွင့်အရေးကို လက်လွှတ်ခံမည်မဟုတ်ပေ။ ယခုတွင် ကောင်းကင်နတ်အရှင်ယွီမှာ ဒဏ်ရာအပြင်းထန်ရနေပြီ ဖြစ်၍ သူ့ကို ရှင်းပစ်ရန် အကောင်းဆုံးအခွင့်အရေး ဖြစ်ပေသည်။
မအောင်မြင်လျှင် သူမ သေရလိမ့်မည်။
ကမ္ဘာဦးဘုံ၏ အမြစ်များက ကောင်းကင်နတ်အရှင်ယွီ၏ ဓားဒဏ်ရာများအထဲ ထိုးဖောက်၍ ကျောနောက်ဘက်မှ ထွက်သွားသည်။ သံလိုက်ဆွဲအားက အမြစ်များနှင့်အတူ ပေါင်းစည်းလျက် တောက်ပလင်းထိန်လာသည်။
အမြစ်များသည် ကောင်းကင်နတ်အရှင်ယွီကို ပင့်မြှောက်၍ လေထဲတွင် တစ်ချောင်းနှင့်တစ်ချောင်း ထွေးယှက်ကာ “∞” အဖြစ် ဖွဲ့တည်သွား၏။
ချင်မူ အမြစ်များကို ကြည့်သည်။ အမြစ်များအပေါ်ရှိ သံလိုက်ဆွဲအား သင်္ကေတများက မရေမတွက်နိုင်သော ရောင်ခြည်တော်စက်ဝန်းများ ဖွဲ့တည်လျက် အမြစ်များကို လှည့်ပတ်နေသည်။ ထို့နောက် အမြစ်များသည် သံလိုက်ဆွဲအား သင်္ကေတအမှတ်အသားများနှင့်အတူ အလုံးကြီးအဖြစ် ပြန်ထွေးသွားကြ၏။
အားကောင်းပြင်းထန်သော သံလိုက်ဆွဲအားက ကောင်းကင်နတ်အရှင်ယွီ၏ အဆီအနှစ်များကို စုပ်ယူကာ အားနည်းသွားစေသည်။ ကြောက်မက်ဖွယ်ရာ သံလိုက်ဆွဲအား၏ စွမ်းအင်တို့က ကောင်းကင်နတ်အရှင်ယွီ၏ ခန္ဓာကိုယ်ထဲရှိ မဟာတာအိုသင်္ကေတအမှတ်အသားများကို ချေဖျက်၍ သူ့ခန္ဓာကိုယ်နှင့် မူလဝိညာဉ်တွင် ဒဏ်ရာအပြင်းအထန် ရသွားစေသည်။
ယခင်ကောင်းကင်နတ်အရှင်ယွီများသည် ကောင်းကင်နတ်ဘုံ၏ အာဏာရှင်များ စမ်းသပ်နေသော လက်နက်များသာဖြစ်၍ ကောင်းကင်တံတားအဆင့်သာ ရှိကြ၏။ ဤကောင်းကင်နတ်အရှင်ယွီကတော့ မတူ။ ကောင်းကင်နတ်အရှင်ဟောင်၏ မူလဝိညာဉ်က သူ့ကိုယ်ထဲ ဝင်ထားခြင်းဖြစ်သည်။
အမိကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းနှင့် ကမ္ဘာဦးသစ်ပင်က အားကောင်းလွန်း၍ သူ၏မူလဝိညာဉ်ကိုပင် ထိခိုက်သွားစေသည်။
သံလိုက်ဆွဲအားအလင်းတန်းတို့က ကောင်းကင်နတ်ဘုံ၏ အစိတ်အပိုင်းများကို ဆွဲချရင်း ကောင်းကင်နတ်အရှင်ဟောင်၏ ခန္ဓာကိုယ်အပေါ် ဖိနှိပ်နေသည်။ ဤဖိအားအောက်တွင် ဧကရာဇ်ပလ္လင်အဆင့်သာ ဆိုပါက မုချသေရလိမ့်မည်။
“ကောင်းကင်နတ်အရှင်မူ၊ အမိကမ္ဘာမြေ မင်းတို့ ကောင်းကင်နတ်ဘုံအဆင့်ရဲ့ စွမ်းအားကို လျှော့တွက်ထားတာပဲ”
ခမ်းနားကြီးမြတ်သော ကောင်းကင်နတ်ဘုံ၊ ကောင်းကင်နန်းဆောင်များနှင့် ဧကရာဇ်ပလ္လင်ခန်းမများသည် အရောင်အဝါ ထွန်းလင်းတောက်ပလျက် ကောင်းကင်နတ်အရှင်ယွီ၏ အနောက်တွင် ဖွဲ့တည်လာ၏။ အားလှိုင်းတစ်ချက် ဖြာထွက်လာသည့်အခါ ကမ္ဘာဦးသစ်မြစ်များနှင့် မဟာတာအိုသင်္ကေတအမှတ်အသားများ ရပ်တန့်သွားကြသည်။ “∞” သဏ္ဍာန်ရှိသည့် အမြစ်ထွေးကြီးမှာ စက်ဝိုင်းအဖြစ်သို့ ပြေကျလာတော့သည်။
သူ့အပေါ် ဖိနှိပ်နေသော ကောာင်းကင်ဘုံများ လွင့်ထွက်ကုန်သည်။
ထို့နောက် သံလိုက်ဆွဲအား သင်္ကေတများက နောက်ပြန်လည်၍ စောစောက အမိကမ္ဘာမြေ စုပ်ယူထားသော အဆီအနှစ်များကို ပြန်ပေးနေသည်။
အမိကမ္ဘာမြေက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ကမ္ဘာဦးအမြစ်ထွေးထဲမှ အမြစ်များစွာ ထွက်လာသည်။ ကြီးမားတုတ်ခိုင်သည့် အမြစ်ကြီးများသည် ကောင်းကင်နတ်ဘုံတစ်လျှောက် ဖောက်ဝင်သွားရင်း ကောင်းကင်နန်းဆောင်များ၊ ပလ္လင်ခန်းမများကို တိုက်ချဖျက်စီးသွား၏။
ပင်စည်နှင့် သစ်ပင်ထိပ်ဖျားသည် ကမ္ဘာဦးသစ်ပင်၏ ဆယ်ပုံတစ်ပုံသာ ရှိလေသည်။ အမိကမ္ဘာမြေ၏ အသန်မာဆုံးအပိုင်းက အမြစ်များ ဖြစ်သည်။
သူမက ကောင်းကင်နတ်အရှင်ယွီဆီသို့ ပျံသန်းသွားပြီး ကမ္ဘာဦးသစ်ပင်ကလည်း အနောက်မှ ကပ်လိုက်လာသည်။
သစ်ပင်ထိပ်တွင် ချင်မူက ဇာမဏီငှက်သိုက်ထဲမှ ခုန်ထွက်လိုက်သည်။ သင်္ကေတအမှတ်အသားများသည် သူ့ခန္ဓာကိုယ်ကို လှည့်ပတ်သွားပြီး သူကား အလင်းတန်းအသွင်ဖြင့် ကမ္ဘာဦးဘုံ၏ ပိတ်နေသော ဒဏ်ရာများဆီ ပျံထွက်သွား၏။
“ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို စောင့်နေခဲ့တာ နှစ်တစ်သန်း ကြာပြီ”
ကောင်းကင်နတ်အရှင်ယွီက ပြောသည်။ “လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းက မင်းက ငါ့ထက် ပိုသာခဲ့တယ်... နှစ်တစ်သန်းစောနေတဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ ငါ့ကို အနိုင်ယူနိုင်ခဲ့တယ်....အခု နှစ်တစ်သန်းကြာပြီးနောက်မှာတော့ ငါ မင်းထက် ပိုသာလာခဲ့ပြီ... ငါ့မှာ နှစ်တစ်သန်းကြာ အသိအမြင်တွေ ရှိနေပြီ... ပြီးပြည့်စုံတဲ့ ကောင်းကင်နတ်ဘုံကိုလည်း တည်ဆောက်ပြီးပြီ”
ချင်မူ နောက်ပြန်လှည့်ကြည့်လိုက်သည့်အခါ တိုက်ခိုက်နေဆဲဖြစ်သော ကြောက်မက်ဖွယ်ရာ နတ်ဘုရားနှစ်ပါးအား မြင်ရ၏။ ကောင်းကင်နတ်အရှင်ယွီ၏ အနောက်ရှိ ကောင်းကင်နတ်ဘုံအတွင်းထဲက ပလ္လင်ခန်းမတစ်ခုတွင် မျက်နှာမဲ့လူတစ်ယောက် ရပ်နေသည်။ သူကား ကောင်းကင်နန်းဆောင်၏ အရှင်သခင်၊ ကောင်းကင်ဧကရာဇ်တစ်ပါးသဖွယ် ထင်ရပေသည်။
‘ကေင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်ဘုံမှာ နေခဲ့တာ ကြာပြီဆိုတော့ သေချာပေါက် အင်အားကြီးမှာပဲ’
ချင်မူ အရှိန်တင်ရင်း တွေးနေသည်။ ‘သူ ဒဏ်ရာအပြင်းအထန် ရထားပြီးပြီ... သေတဲ့အထိ တိုက်ခိုက်ဖို့ စိတ်ပိုင်းဖြတ်ထားရင်တော့ အမိကမ္ဘာမြေကို သူ သတ်နိုင်လောက်တယ်... ဒါပေမဲ့ သူက သူ့ကိုယ်သူ သိပ်ချစ်တဲ့လူ... လွန်ခဲ့တဲ့ နှစ်တစ်သန်းတုန်းကလည်း အဲဒီလိုပဲ.. အခုလည်း အဲဒီလိုပဲ... ကောင်းကင်နတ်ဘုံမှာ သူ့အဆင့်အတန်းကို ထိန်းထားနိုင်ဖို့ သူ့ကိုယ်သူ ဒဏ်ရာအပြင်းအထန် အရခံမှာမဟုတ်ဘူး... ဒါကြောင့် မတိုက်ခိုက်တော့ဘဲ ကောင်းကင်နတ်ဘုံဆီ ပြန်လိမ့်မယ်... အပြည့်အဝ မသက်သာသေးခင်အထိ ကြီးကြီးမားမား လှုပ်ရှားဦးမှာမဟုတ်ဘူး”
ကမ္ဘာဦးဘုံ၏ အတားအဆီးနံရံ ပိတ်သွားသည့်အခါ ချင်မူသည် ကမ္ဘာဦးဘုံထဲမှ ပျောက်ကွယ်သွား၏။
ဧရာမနတ်ဘုရားကြီးနှစ်ပါးက ကောင်းကင်ထဲတွင် တိုက်ခိုက်နေဆဲဖြစ်သည်။ သူတို့၏ကောင်းကင်နတ်သိုင်းများက ကောင်းကင်ကို စုတ်ဖြဲပစ်လိုက်၍ သေမျိုးဘုံအထဲမှ သူတို့၏ကြောက်မက်ဖွယ်ရာ ခန္ဓာကိုယ်ကြီးများကို လှမ်းမြင်ကြရသည်။ သက်ရှိသတ္တဝါများအားလုံး သူတို့နှစ်ယောက်၏ တုန်လှုပ်ချောက်ချားဖွယ်ရာ ခွန်အားကြောင့် အံ့ဩမှင်သက်ကုန်ကြတော့သည်။
အမိကမ္ဘာမြေမှာ ဒဏ်ရာများ ပြင်းထန်သထက် ပြင်းထန်လာ၍ တစတစ အားနည်းလာသည်။
“ကောင်းကင်နတ်အရှင်မူ၊ ငါ ဘာဆက်လုပ်သင့်သလဲ” သူမဦးနှောက်လှိုင်းများ တုန်ခါသွားသော်လည်း ချင်မူ သစ်ပင်ထိပ်ဖျားအပေါ်တွင် မရှိတော့ကြောင်း သတိထားမိလိုက်သည်။
အမိကမ္ဘာမြေ ထိပ်ပျာသွား၏။ ချင်မူက သူမကို မရှုံးနိမ့်အောင် ကူညီပေးခဲ့သော်လည်း ယခု သူမ အရေးနိမ့်နေသည့်အချိန် ပျောက်သွားချေရာ အမိကမ္ဘာမြေမှာ သေရမည်ကို ကြောက်လန့်လာတော့သည်။
သို့သော် ကောင်းကင်နတ်အရှင်ဟောင်က သူမထက်ပင် ပို၍ ကြောက်သေးသည်။
အမိကမ္ဘာမြေက အရာရာတိုင်း ဆုံးရှုံးထားပြီးဖြစ်သော်လည်း သူကတော့ မဆုံးရှုံးရသေးပေ။
ကောင်းကင်နတ်ဘုံတွင် သူသည် ရာထူးအကြီးဆုံးဖြစ်၏။ သူသာ တစ်ခုခုဖြစ်သွားလျှင် ကျန်အာဏာရှင်များက သူ့နေရာကို ပျော်ပျော်ကြီး သိမ်းပိုက်ကြလိမ့်မည်။
ဆက်တိုက်ခိုက်နေပါက သူ့အတွက် ဘေးကြပ်နံကြပ် ဖြစ်လာမည်။
သို့သော် အမိကမ္ဘာမြေကို အဆုံးမသတ်နိုင်လျှင်လည်း သူ့သိက္ခာ ကျမည်။
ယနေ့တွင် သူ့ကို ကူညီရန် မည်သည့်အာဏာရှင်မှ လိုက်ဆင်းမလာခဲ့ပေ။ သူ့နောက်လိုက် ကောင်းကင်နတ်အရှင်ဟွေ့ပင် မပါ။ ဤအာဏာရှင်များက သူနှင့် မိတ်ဆွေရင်းချာများ ဖြစ်ခဲ့သော်လည်း အမှန်တွင် အခွင့်အရေးအား စောင့်နေကြခြင်းဖြစ်သည်။ ဤအမှန်တရားက ကောင်းကင်နတ်အရှင်ဟောင်ကို အမြဲခြောက်လှန့်နေခဲ့လေသည်။
ဤအချိန်တွင် မျက်နှာတစ်ခု ကောင်းကင်ထဲတွင် ပေါ်လာသည်။ ၎င်းကား ကောင်းကင်နတ်အရှင်ယွီအပြင် တခြားမဟုတ်ပေ။
ကောင်းကင်နတ်အရှင်ဟောင်မှာ ရုတ်တရက် ပျော်သွားရာမှာ တုန်လှုပ်လာသည်။ ဤကောင်းကင်နတ်အရှင်ယွီက မကူညီဘဲ ပြုံးလျက်သာ ကြည့်နေ၏။
“အရှင်မင်းကြီး အကူအညီလိုသလား” ကောင်းကင်နတ်အရှင်ယွီက ရယ်သည်။
သူ့အသံကို ကြားသည်နှင့် မည်သူမှန်း ကောင်းကင်နတ်အရှင်ဟောင် သဘောပေါက်သွားတော့သည်။
ကမ္ဘာဦးဘုံ
ချင်မူမှာ မြေပြင်ဆင်းသက်လိုက်လျှင်ချင်း စိတ်နှလုံးကြေကွဲဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရသည်။
ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ကမ္ဘာဦးဘုံထဲရှိ နတ်ဘုရားတစ်ပိုင်းများ တည်ဆောက်ထားသော နိုင်ငံများ၊ ပြည်ထောင်များကို နင်းခြေဖျက်စီးရင်း မျိုးတုံးသတ်ဖြတ်နေချေပြီ။
ကမ္ဘာဦးဘုံတစ်ဘုံစလုံး ဖရိုဖရဲ ဖြစ်နေသည်။ မိစ္ဆာများ၊ မကောင်းဆိုးဝါးများက ပြေးလွှားသောင်းကျန်းနေကြပြီး တိမ်တိုက်များအတွင်း၌ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်နေကြသည့် နတ်ဘုရား၊ မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေသည်။ တစ်ချက်တစ်ချက် တောင်ကြီးများတမျှ ကြီးမားသော ခေါင်းပြတ်ကြီးများ ကောင်းကင်ထဲမှ ပြုတ်ကျလာတတ်၏။
ဧရာမမိစ္ဆာခေါင်းတစ်ခေါင်းက သူ့ခေါင်းပေါ်မှ ပျံသန်းသွားသော်လည်း နတ်စစ်သည်တော်တစ်ရာက သူ့ကို သတ်ဖြတ်ရန် လိုက်ဖမ်းနေသည်။
ချင်မူ ဝေးဝေးလံလံ မလျှောက်လိုက်ရဘဲ တသွင်သွင် စီးဆင်းနေသော သွေးမြစ်များကို မြင်ရသည်။ အလောင်းများက သူ့အရှေ့တွင် တောင်လိုပုံလျက် လမ်းပိတ်ထား၏။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားတစ်ဖွဲ့ ရောက်လာသည်။ “အလောင်းတွေကို ယူ... ငါတို့အသုံးချစရာ ရှိတယ်”
ချင်မူက အမှောင်ထုထဲတွင် ပုန်းအောင်းလျက် သူတို့အလောင်းများ သယ်သွားသည်ကို ကြည့်နေပြီး သူတို့ထွက်သွားကြသည့်အခါမှ ပြန်ထွက်လာသည်။
သူတစ်ယောက်တည်း အလောင်းများ ပြန့်ကြဲလျက် ပျက်စီးနေသော ပတ်ဝန်းကျင်ထဲတွင် လမ်းလျှောက်နေစဉ် နတ်ဘုရားများက တောင်တန်းများကို သယ်မလျက် နတ်ဘုရားတစ်ပိုင်းတို့၏ နိုင်ငံများအပေါ် ပစ်ချနေကြောင်း မြင်တွေ့ရသည်။ တော်ဝင်မြို့တော်များနှင့် နတ်ဘုရားတစ်ပိုင်းမျိုးနွယ်များစွာ ပြားကပ်သေဆုံးကုန်ကြ၏။
နဂါးမျိုးနွယ် နတ်ဘုရားတစ်ပိုင်းများကိုမူ ကောင်းကင်နတ်ဘုံသား နတ်ဘုရားတို့က အရှင်လတ်လတ် အရေခွံစုတ်ကာ တောင်ပေါ်တွင် မီးကင်နေကြသည်။
သူ အဆုံးမရှိသော စစ်မြေပြင်ကို ဖြတ်၍ လျှောက်ရင်း အကျည်းတန်မြင်ကွင်းများစွာ မြင်တွေ့နေရသည်။ ဇာမဏီမျိုးနွယ်၏ နတ်ဘုရားနိုင်ငံတော်ကို ကောင်းကင်နတ်ဘုံ၏ စစ်တပ်က ကျူးကျော်ချင်းနင်း၍ လှပသော ဇာမဏီများအား ကျွန်အဖြစ် မုဒိမ်းကျင့်ရန် ဖမ်းဆီးခေါ်ဆောင်သွားကြသည်။
ကောင်းကင်ဘုံတစ်ဘုံ၏ တောင်တံခါးဝတွင် ရပ်နေသော နတ်ဘုရားတစ်ပါးကို သူ မြင်တွေ့ရသည်။ ကမ္ဘာဦးဘုံ၏ ထိုကောင်းကင်ဘုံမှာ အပြတ်အသတ် ရှုံးနိမ့်သွား၍ နတ်ဘုရားတစ်ပိုင်းများမှာ ကျွန်အဖြစ် ဖမ်းဆီးခံထားရ၏။ သူတို့အားလုံး နတ်ဘုရားတို့၏ အမိန့်အောက်တွင် ခက်ခက်ခဲခဲ ရွေ့လျားနေကြရလေသည်။
ကမ္ဘာဦးဘုံ၏ မည်သည့်နေရာသို့ ကြည့်ကြည့် စစ်မီးတောက်များ လောင်မြိုက်နေသည်။ ကောင်းကင်နတ်ဘုံစစ်တပ်က နတ်ဘုရားမိစ္ဆာတို့၏ အလောင်းများကို အသုံးပြု၍ ယဇ်ပလ္လင်များ တည်ဆောက်ကာ သွေးယဇ်ပူဇော်ရန် ပြင်ဆင်နေကြသည်။
ကောင်းကင်တစ်ပြင်လုံးလည်း သွေးရောင်လွှမ်းနေသည်။ သွေးယဇ်ပူဇော်မှုများမှတစ်ဆင့် သင်္ဘောကြီးများက နတ်ဘုရားတစ်ပိုင်းများနှင့် မိစ္ဆာများကို သယ်ဆောင်လျက် ကမ္ဘာဦးဘုံထဲသို့ ဝင်ရောက်လာရင်း အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေကြ၏။
ကောင်းကင်တွင် သင်္ဘောများနှင့် နတ်ဘုရားများ တစတစ တိုးပွားလာနေသည်။
“ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ဘာလုပ်နေပြီလဲ”
ချင်မူ ခပ်တိုးတိုး ရေရွတ်နေမိသည်။ “ခင်ဗျား ဆင်းသက်လာပြီလား... ကျွန်တော် ခင်ဗျားကို အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပြီးပြီ... လူသားမျိုးနွယ်... လူသားမျိုးနွယ်အတွက် ဘာဆက်ဖြစ်တော့မှာလဲ”
ဤစစ်ပွဲက ပျံ့နှံ့လာသဖြင့် မကြာမီ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ရောက်ပေတော့မည်။
“ယိုတုသားတော်”
ရုတ်တရက် နတ်ဘုရားတစ်ပါးက သူ့ကို ရှာတွေ့သွား၍ ပန်းချီကားလိပ်ကို ဖြန့်ကြည့်နေသည်။ “မိုးဆုံးမြေဆုံး ရှာရင်တောင် တွေ့ချင်မှ တွေ့မှာတဲ့... အခုတော့ မင်းက ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်လာတာပါလား ယိုတုသားတော်”
ချင်မူ့မျက်နှာသည် အမူအရာကင်းမဲ့နေ၏။ သူက ခေါင်းသုံးလုံးလက်ခြောက်ဖက် အသွင်ပြောင်းလဲလိုက်ပြီး သူ၏ခန္ဓာကိုယ်က ကြီးသထက် ကြီးလာသည်။ သူ၏တတိယခေါင်းက ကလေးခေါင်းကြီး ဖြစ်လေသည်။
“ငါ တည်ရှိတဲ့ နေရာတိုင်းက ယိုတုပဲ”
ကလေးကြီးက စိတ်မချမ်းမြေ့ဖွယ်ရာမြင်ကွင်းကို ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်။ “ဒါပေမဲ့ ဒီနေရာက ယိုတုထက်တောင် ကြောက်စရာကောင်းသေးတယ်”
တောင်ပင်လယ်တွင် ကြယ်တစ်စင်းသည် မီးတောက်မီးလျှံများနှင့်အတူ ပင်လယ်ထဲသို့ ကြွေကျလာ၍ လှိုင်းလုံးကြီးများ မြောက်တက်သွား၏။
တောင်ပင်လယ်ပြင်ထက်၌ ချိမင်ခေတ်၏ လက်ကျန်ပြည်သူများ နေထိုင်သော နန်းတော် ရှိသည်။ ယခုတွင် မရေမတွက်နိုင်သော ချိမင်နတ်ဘုရားတို့သည် ကောင်းကင်နတ်ဘုံစစ်တပ်ကို ခုခံတိုက်ခိုက်နေကြ၏။ ချိရှီက ဦးဆောင်တိုက်ခိုက်ရင်း ပြည်သူများ ထွက်ပြေးနိုင်ရန် အချိန်ဆွဲပေးထားသည်။
သူ့ပတ်ဝန်းကျင်ရှိ သွေးသောက်ရဲဘော် တစ်ယောက်ပြီးတစ်ယောက် ကြွေလွင့်ကုန်သည်။ နောက်ဆုံးတော့ သူတစ်ယောက်တည်းသာ နတ်ဘုရားစီရင်ရာစင်မြင့်အထက်၌ တိုက်ခိုက်ရင်း ကျန်ခဲ့ပြီး နတ်ဘုရားမိစ္ဆာများအကြားထဲ နစ်မြုပ်သွားသည်။
“ငါနဲ့အတူ သေကြစမ်း”
သူက နောက်ဆုံးအကြိမ် ဟိန်းဟောက်လိုက်၏။ သူ၏ ချီနှင့်သွေးများမှာ နတ်ဘုရားစီရင်ရာစင်မြင့်၏ ဝါးမြိုခြင်း ခံလိုက်ရသည်။ သူ၏နတ်ဘုရားစီရင်ရာစင်မြင့်မှာ အိပ်ပျော်နေရာမှ နိုးထလာသကဲ့သို့ စွမ်းအား ထုတ်လွှတ်လိုက်ရင်း နတ်ဘုရားတို့၏ ချီနှင့်သွေးများကို စုပ်ယူလိုက်သည်။ နတ်ဘုရားစီရင်ရာစင်မြင့်ဆီ ပြေးတက်လာနေကြသူများမှာ အလောင်းများ ဖြစ်ကုန်လေသည်။
ချိရှီ အားကုန်သွား၍ မျက်လုံးများ စတင်ဝေဝါးလာသည်။
“ချိမင်နတ်ဘုရားသားတော် ငါတို့လူတွေကို ဘေးကင်းရာဆီ ခေါ်သွားပြီးသင့်ပါပြီ... ငါ့တပည့်လေးရော အန္တရာယ်ကင်းပါ့မလား”
သူ မသေခင် ယုန်အိုကြီးသဖွယ် ချိမင်နန်းတော်၏ ပျက်စီးနေသော နန်းဆောင်များအား ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးနေသော မှော်ဆရာသခင်ကို မြင်လိုက်ရသည်။
ချိရှီ နောက်ဆုံးအကြိမ် ပြုံးလိုက်မိလေသည်။ “သူ တကယ် မြန်မြန်ပြေးနိုင်တာပဲ”
ပန်ကုန်းစုန်က ရုန့်ရင်းဆန်ခတ်အခြေအနေကို အခွင့်ကောင်းယူကာ ချိမင်နန်းတော်ထဲမှ လွတ်မြောက်သွားသည်။ သူသည် ချင်မူပြောသည့်အတိုင်း ထွက်ပြေးသည့်နေရာတွင် နံပါတ်တစ် ဖြစ်၏။ နတ်ဘုရားတစ်ရာစလုံး သူ့ကို မတားနိုင်ပေ။ နဂါးသွဲ့ရေကန်အဆင့်၊ ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားများပင် တားနိုင်ခြင်းမရှိ။
ကောင်းကင်မှာ မှိန်ပျနေ၍ နေ့လား၊ ညလား မသဲကွဲပေ... စစ်မီးတောက်မီးလျှံများက ပန်းချီကားတစ်ချပ်သဖွယ် ကောင်းကင်တစ်လျှောက် တောက်လောင်နေသည်။
ပန်ကုန်းစုန်က ဤပန်းချီကားထဲအောက်၌ ကုန်းမြေဆီသို့ ထွက်ပြေးနေသည်။ တစ်ကိုယ်လုံး ဒဏ်ရာများ ပြည့်နေသော်လည်း သူက ပြုံးနေနိုင်သေးသည်။ “ဒီကမ္ဘာပေါ်မှာ ငါ့ကို သတ်နိုင်တဲ့သူ မရှိဘူး.. ဘယ်သူမှပဲ ... ဂိုဏ်းသခင်ချင်တောင် ငါ့ မသတ်နိုင်ဘူး”
အရှေ့တွင် သတ်ဖြတ်နေသော နတ်ဘုရားများကို သူ မြင်ရသည်။ ထာဝရငြိမ်းရေးအင်ပါယာ၏ လေသင်္ဘောများက သေမျိုးများကို သယ်ဆောင်လျက် တောင်အရပ်သို့ ပျံသန်းနေစဉ် နတ်ဘုရားမိစ္ဆာတို့၏ ကောင်းကင်နတ်သိုင်းများဖြင့် ပစ်ချခံနေရသည်။
“ငါ့ကိစ္စမဟုတ်ဘူး”
သူက ရှောင်သွားရန် ပြင်သော်လည်း နောက်တခဏတွင် ငေးငိုင်သွားသည်။ ထိုကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် တိုက်ခိုက်နေသော လူရိပ်တစ်ခုဆီမှ သူ အကြည့်မခွာနိုင်ပေ။
ထိုလူသည် ပထမလူသားဧကရာဇ် ဖြစ်၏။ သူက သင်္ဘောအပေါ်ရှိ ကောင်းကင်နတ်သိုင်းပညာရှင်များကို ဘေးကင်းရာသို့ ပို့ဆောင်ပေးနိုင်ရန် နတ်ဘုရားစစ်သူကြီး ဆယ်ယောက်ကျော်နှင့် ထိပ်တိုက်ရင်ဆိုင်နေသည်။
စစ်မီးတောက်မီးလျှံများ သင်္ဘောအပေါ်ရှိ မျက်နှာများအပေါ် ထင်ဟပ်သည့်အခါ ကြောက်လန့်နေသော အမျိုးသမီးများ၊ ကလေးများ၏ မျက်နှာများ ပေါ်လွင်လာသည်။
“ငါ့ကိစ္စမဟုတ်ဘူး... ငါ့တစ်ဘဝလုံး ဘာကောင်းမှုမှ မလုပ်ခဲ့ဘူး... မကောင်းမှုတွေ လုပ်ခဲ့တာပဲ ရှိတယ်”
ပန်ကုန်းစုန်သည် ဟက်ခနဲ ရယ်ပြီး အဝေးသို့ ထွက်သွား၏။ ဤအခိုက်အတန့်တွင် ပထမလူသားဧကရာဇ်၏ ခန္ဓာကိုယ်က ကောင်းကင်ထက်မှ ပြုတ်ကျလာကာ သူ့ခြေထောက်ဆီမှ ဆယ်မိုင်အကွာသို့ လိမ့်ထွက်လာသည်။ ကျောက်စိမ်းမြို့တော်အဆင့် နတ်ဘုရားတစ်ပါးက ကောင်းကင်မှ ဆင်းသက်လာပြီး ဓားဖြင့် ပထမလူသားဧကရာဇ်၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။
ပန်ကုန်းစုန်မှာ မည်သည်ကိုမှ မတွေးနိုင်တော့ဘဲ အနက်ရောင်အခိုးအငွေ့အသွင် ပြောင်းလျက် ပထမလူသားဧကရာဇ်အား သယ်ဆောင်သွားသည်။
“ရပ်လိုက်”
ပထမလူသားဧကရာဇ်က သူ့ကိုယ်ပေါ်မှ အနက်ရောင်အခိုးအငွေ့များကို ဖယ်ရှား၍ သူ့ကို မကြည့်ဘဲ လာနေသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများဆီသို့ မျက်နှာမူသည်။ “သွား အဲဒီလူတွေ လွတ်မြောက်အောင် ခေါ်သွား”
သူက နောက်လှည့်မကြည့်ဘဲ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများဆီသို့ ပြေးထွက်သွားသည်။
ပန်ကုန်းစုန်မှာ အံ့အားသင့်သွား၏။ သူက တိတ်ဆိတ်စွာ ထရပ်ပြီး တောင်အရပ်သို့ အမြန်ဆုံး ဦးတည်နေသော သင်္ဘောတစ်စင်းအပေါ် ဆင်းသက်သည်။ သူ့အနောက်တွင် ပထမလူသားဧကရာဇ်နှင့် ကောင်းကင်နတ်ဘုံများ တိုက်ခိုက်နေသော အရိပ်များ ဖြတ်ပြေးနေသည်။ သူတို့၏ ကောင်းကင်နတ်သိုင်းများဆီမှ တုန်ခါလှိုင်းများက ဖြာထွက်လာရင်း သင်္ဘောများကို ရိုက်ခတ်နေ၏။
“ဒါက အရှင့်သားရဲ့ သင်္ဘောပါ... ကျေးဇူးပြုပြီး ဆင်းပါ”
ပန်ကုန်းစုန်က စိတ်ပျက်လက်မှိုင်ကျနေသော ကောင်းကင်နတ်သိုင်းပညာရှင်များကို ကြည့်၍ ရယ်သည်။ “ငါ့တစ်ဘဝလုံး ထွက်ပြေးနေခဲ့တာပါ... ငါ မင်းတို့ကို လွတ်မြောက်အောင် ကူညီပေးနိုင်တယ်”
သင်္ဘောပေါ် မြေပြင်ပေါ် ပျက်ကျသွား၍ အကုန်လုံး ဆင်းလိုက်ကြသည်။
“ငါတို့ လီမြစ်တက္ကသိုလ်ဆီ ရောက်ရင် အဆင်ပြေလိမ့်မယ်”
ပန်ကုန်းစုန်က သူတို့ကို ဦးဆောင်၍ နှစ်သိမ့်ပေးနေသည်။ “လီမြစ်တက္ကသိုလ်ဆီ ရောက်ရင် ဧကရာဇ်အတိုင်ပင်ခံက ငါတို့ကို မြို့တော်ဆီ ခေါ်သွားပေးနိုင်မယ့် နေရာရွှေ့ပြောင်းဝင်္ကပါတစ်ခု တည်ဆောက်ပေးလိမ်မ့ယ်”
အားလုံး အမှောင်ထုထဲ၌ ရွေ့လျားနေကြသည်။ လမ်းတစ်လျှောက်ရှိ ဒုက္ခသည်များလည်း သူတို့အဖွဲ့ထဲ ဝင်လာ၍ အင်အားတစထက်တစ်စ များလာသည်။
ပန်ကုန်းစုန်သည် သူတို့၏ခေါင်းဆောင် ဖြစ်လာ၏။ နေနှင့် ကြယ်များ ကောင်းကင်ထဲမှ ပျောက်ကွယ်သွားသည့်အခါ သူတစ်ယောက်တည်းသာ အမှောင်ထဲ၌ အရပ်မျက်နှာ ရှာဖွေတတ်လေသည်။
ပန်ကုန်းစုန်က သူတို့ကို ဆယ်ရက်ကြာ ဦးဆောင်ခေါ်သွားသည်။ ပင်ပန်းနွမ်းနယ်မှုကြောင့် လူများ တဖြည်းဖြည်း နောက်ကျခဲ့ကြ၏။
“ငါလည်း လူသားဧကရာဇ် ဖြစ်လာနိုင်ခဲ့တဲ့ အခြေအနေ ရှိခဲ့ဖူးတယ်....”
ပန်ကုန်းစုန်သည် ဤကောင်းကင်နတ်သိုင်းပညာရှင်များကို ပြောနေ၏။ “ချုံဧကရာဇ်ခေတ် အဆုံးသတ်ခါနီးလောက်မှာပေါ့.... ငါ ချုံဧကရာဇ်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေကို ဦးဆောင်ပြီး အမှောင်ထုထဲမှာ ထွက်ပြေးခဲ့တယ်... ချုံဧကရာဇ်ခေတ်ရဲ့ ပထမဆုံးလူသားဧကရာဇ် ဖြစ်လာတော့မလို့ပဲ...” သူက ဟက်ခနဲ ရယ်သည်။
ယနေ့တွင် လီမြစ်တက္ကသိုလ်အား မြင်ရတော့မည်။
သို့သော် ကောင်းကင်ထက်မှ ဆင်းသက်လာသော ကောင်းကင်နတ်ဘုံသင်္ဘောတစ်စင်းကို မြင်လိုက်ရ၍ ဒုက္ခသည်များ မျှော်လင့်ချက်မဲ့ကုန်ကြ၏။ သင်္ဘောဦးတွင် မာထန်နေသော မျက်နှာများ ရှိသည်။
“မှော်ဆရာသခင်” ကောင်းကင်နတ်သိုင်းပညာရှင်များက ပန်ကုန်းစုန်ကို လိုက်ရှာသော်လည်း သူ့ကို မည်သည့်နေရာတွင်မှ မမြင်ရတော့ပေ။
အားလုံး ဆောက်တည်ရာမဲ့ကုန်ကြ၏။
အမှောင်ထဲတွင် ပန်ကုန်းစုန် နောက်ပြန်လှည့်ကြည့်သည့်အခါ သင်္ဘောပေါ်မှ ကောင်းကင်နတ်ဘုရားများ ဆင်းသက်လာပြီး သူ ကာကွယ်ပေးခဲ့သော လူများဆီ လမ်းလျှောက်သွားနေသည်ကို မြင်တွေ့လိုက်ရသည်။
“ငါ့တစ်ဘဝလုံး ထွက်ပြေးလာခဲ့တာ ဒီမှာတင် အဆုံးမသတ်ချင်ပါဘူး... ငါ လူပေါင်းများစွာ သတ်ခဲ့ပြီးပြီ... ကောင်းမှုလုပ်ခဲ့ဖူးတာလည်း မရှိဘူး”
ပန်ကုန်းစုန်သည် မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ရယ်နေ၏။ “ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး... ဂိုဏ်းသခင်ချင်တောင် မသတ်နိုင်ဘူး ဟီးဟီး ဟီး...”
သူ့အသက်ရှူသံက တဖြည်းဖြည်း လေးလံလာပြီး သူက လေးပင်နေသော ခြေထောက်ကို မြှောက်၍ အမှောင်ထုထဲမှ ထွက်လိုက်သည်။ ထို့နောက် ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများဆီသို့ လမ်းလျှောက်သွား၏။ “ငါ လူသားဧကရာဇ်၊ ပထမဆုံးလူသားဧကရာဇ် ဖြစ်လာနိုင်ခဲ့ဖူးတယ်... ဘယ်သူမှ ငါ့ကို မသတ်နိုင်ဘူး လာခဲ့စမ်း”
သူက ကောင်းကင်နတ်ဘုရားဆီသို့ ပြေးဝင်ကာ တဟားဟား ရယ်နေသည်။ “လာခဲ့စမ်း ငါက တစ်ဘဝလုံး ထွက်ပြေးနေခဲ့တဲ့သူကွ”
ထိုနတ်ဘုရားများသည် သူ့ကို အေးစက်စွာ ကြည့်နေ၏။
သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကောင်းကင်နတ်သိုင်းပညာရှင်များဘက် လှည့်ကာ ပြောသည်။ “ဒီလူတွေကို ခေါ်ပြီး ထွက်သွားကြ.... ဒီတောင်ရဲ့အလွန်မှ မင်းတို့ လီမြစ်တက္ကသိုလ်ကို မြင်ရလိမ့်မယ်.... ငါ အချိန်ဆွဲပေးထားမယ်”
ကောင်းကင်နတ်သိုင်းပညာရှင်များက ပြည်သူများကို ခေါ်၍ အလျင်အမြန် ထွက်သွားကြသည်။
အချိန်အနည်းငယ်ကြာသော် တစ်ကိုယ်လုံး သွေးတို့ရွှဲစိုနေသော ပထမလူသားဧကရာဇ် ရောက်လာပြီး စစ်မြေပြင်ထက်တွင် ပန်ကုန်းစုန်၏အလောင်းကို တွေ့သွားသည်။
ပထမလူသားဧကရာဇ်က ပန်ကုန်းစုန်၏မျက်လုံးများကို ပိတ်လိုက်ကာ အေးချမ်းစွာ အနားယူစေလေသည်။ “အဲဒီအချိန်တုန်းက ငါက ထွက်ပြေးနေတဲ့ စစ်သားတစ်ယောက်ပဲ... ငါ့ကိုယ်ငါ လူသားဧကရာဇ်ဖြစ်လာမယ် မထင်ထားခဲ့ဘူး”
သူက ရှေ့ဆက်လျှောက်သွားပြီး ဒုက္ခသည်များအား လိုက်မှီလာသည်။
လီမြစ်တက္ကသိုလ်ကား ရှေ့တွင် ဖြစ်၏။