မဟာမိတ် နှစ်ခု
Vol. 21 Ch. 3.59
"ဟုတ်ပါတယ်! ကျွန်တော့် အပြစ်ပါ!"
စွင်းကျုံးက အမြန် ခေါင်းညိတ်လိုက်သည်။
"အင်း ဟုတ်ပြီ!"
စွင်းကျုံးကို ကြိမ်းမောင်းပြီးနောက် ကျန်းရှောက်ချန်က လုရွှမ်ကို ပြုံးပြုံးလေးကြည့်ရင်း
"ညီလေးလုက ပါရမီရှင် တစ်ယောက်ပဲ... အကယ်ဒမီကို အထူးတလည် ခေါ်ယူခံရပြီး ရောက်တာနဲ့ ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်သွားစေတယ် ဆိုတော့... ငါ့ကိုတကယ်ပဲ စိတ်ဝင်စားစေတယ်... ညီလေးလု ငါမင်းနဲ့ သောက်လို့ရမလား?"
"စိတ်မကောင်းပါဘူး... ကျုပ် စည်းကားတာတွေ မကြိုက်ဘူး!"
ကျန်းရှောက်ချန်နဲ့ စွင်းကျုံးတို့ဟာ မျက်နှာဖြူလေးတွေလို သူ့ကိုတမင်တကာ ဆွဲဆောင်နေတာ သိပေမယ့်လည်း လုရွှမ်သည် ဂရုမစိုက် ချင်တာကြောင့် အေးစက်စွာပင် လက်ဝေ့ယမ်းပြလိုက်သည်။
"ကောင်လေး... မင်းက မျက်နှာသာ ပေးတာတောင် မလိုချင်ဘူးပေါ့!! ငါတို့ရဲ့ခေါင်းဆောင်ကျန်းက မင်းကို ကိုယ်တိုင်ဖိတ်ခေါ်နေတာကို မင်းဘယ်လိုလုပ် ငြင်းရဲသေးတာလဲ?"
စွင်းကျုံး၏ အသက်ရှုသံသည် ပြင်းထန်လာပြီး အချိန်မရွေး ဒဏ်ခတ်တော့မည့်နှယ်။
"စွင်းကျုံး! နောက်ဆုတ်! ငါ မင်းကို စကားပြောခိုင်းလို့လား? ဘာလဲ ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား?"
ကျန်းရှောက်ချန်က ထပ်မံ ကြိမ်းမောင်းပြန်သည်။
"ဒီလက်အောက် ငယ်သားက မလုပ်ရဲပါဘူး!"
စွင်းကျုံး အနောက် ဆုတ်သွားသည်။
"လက်အောက် ငယ်သားတွေကို မတင်းကြပ်မိတဲ့ အတွက် ညီလေးလုကို ရယ်စရာ ဖြစ်စေမိပါပြီ!"
စွင်းကျုံးကို ကြိမ်းမောင်းပြီးနောက် ကျန်းရှောက်ချန်က ပြုံးပြီး လုရွှမ်ကို ဆက်လက်ကြည့်ရှုကာ
"ညီလေးလု ငြင်းဖို့အဲ့လောက် မလောပါနဲ့... အိမ်မှာနေရင် မိဘကို အားကိုးသလို အပြင်ထွက်ရင် သူငယ်ချင်းတွေကို မှီခိုရတယ်မလား? ငါနဲ့ တစ်ခွက်သောက်ရုံနဲ့ ဘာမှ မဖြစ်ပါဘူး!"
ထိုစကားကို ပြောနေသော်လည်း သူ့မျက်လုံးများတွင် မကျေမနပ် အရိပ်အယောင်များက ရှိနေသေးသည်။
"ကျန်းရှောက်ချန်...တစ်ယောက်ယောက်က မင်းနဲ့မပူးပေါင်းချင်ဘူး ဆိုရင် အတင်းမလုပ်နဲ့လေ... မင်းမရှက်ပေမယ့် ငါမင်းအစား ရှက်တယ်!"
ထိုရယ်သံကြောင့် လူစုကွဲသွားပြီး လူငယ်တစ်ယောက်က ရှေ့ကို လှမ်းလာနေတာ တွေ့ရသည်။
"လုံယိဖျင်?"
"အပြင်ဘက်ခန်းက နံပါတ်တစ်လူပဲ!"
"နဂါးအဖွဲ့ရဲ့ ခေါင်းဆောင်ကပါ လူကိုယ်တိုင် လာမယ်လို့ မမျှော်လင့်ထားဘူး"
လူတိုင်းက ထိုလူငယ်ကို မှတ်မိသွားကြပြီး အသံတွေ လျှော့ပြီး နံဘေးသို့ ပုန်းနေကြသည်။ အကယ်ဒမီ၏ အပြင်ခန်းက နံပါတ်တစ်ပုဂ္ဂိုလ် လုံယိဖျင်ပဲ ဖြစ်သည်။
ဤအမည် တစ်ခုတည်းဖြင့်ပင် အပြင်ဘက် ဝင်းအတွင်းရှိ ကျောင်းသားအားလုံးကို တုန်လှုပ်သွားစေနိုင်သည်။
ဒီလူဟာ နေ့တိုင်းလိုလို လေ့ကျင့်နေတတ်ပြီး လူမှုရေး ဆုံဆည်းရာတွေမှာ ဘယ်တော့မှ မပါဝင်တတ်ပေ။ ဒီလိုတွေ့ဆုံပွဲ အစည်းအဝေးမှာ သူပါဝင်လာမယ်လို့ မထင်ထားတဲ့အတွက် သူဝင်လာပြီးတာနဲ့ အားလုံး အံ့အားသင့်ကုန်ကြရသည်။
"ဘာလဲ? မင်းလည်း ပါဝင်ချင်လို့လား?"
လုံယိဖျင် ချဉ်းကပ်လာသည်ကို မြင်သော် ကျန်းရှောက်ချန်က မျက်ခုံးပင့်လိုက်သည်။
"ပါဝင်ရမယ်? မင်းနောက်နေတာလား... ငါကမင်းရဲ့ မျက်နှာကြီး မည်းတစ်လှည့် ဖြူတစ်လှည့် ဖြစ်နေတာကို လာကြည့်တာ"
လုံယိဖျင်က ဟစ်အော်ကာ လုရွှမ်ကို ကြည့်လိုက်ပြီး
"ညီလေးလု... ငါ မင်းအကြောင်းတွေ အကုန်ကြားပြီးပြီ... အကယ်ဒမီက ကျောင်းသားတွေကြား တိုက်ခိုက်ခြင်းကို တားမြစ်မထားပေမယ့် သားရဲလေ့ကျင့်ပေးသူ ပိုင်ရှောင်းဟာ ဒီလိုမျိုး အသတ်ခံခဲ့ရတဲ့ အတွက် သားရဲခန်းမက ပြဿနာရှာလာနိုင်တယ်... ငါ့ရဲ့ နဂါးအဖွဲ့က သားရဲခန်းမမှာ အရောင်းအဝယ်တချို့ ရှိနေပြီမို့ တချို့ အဆက်အသွယ်တွေနဲ့ မင်းအတွက် ဖြေရှင်းပေးလို့ရတယ်!"
"ဟားဟား နားထောင်လို့ ကောင်းချက်ပဲဟေ့! ဒါကိုများမင်းက ဒီတွေ့ဆုံပွဲကို လာပါဝင်တာ မဟုတ်ဘူးလို့ ပြောချင်သေးတာလား?"
သူ့စကားကို ကြားပြီးနောက် ကျန်းရှောက်ချန်က ရယ်လိုက်ပြီး လုရွှမ်ကိုကြည့်ကာ
"ညီလေးလု.... ဒီကောင်ရဲ့ မိုက်မဲတဲ့စကားတွေကို နားမထောင်နဲ့ မင်း သားရဲခန်းမအကြောင်း ပြောချင်ရင် ငါမင်းအတွက် အဂ္ဂိရတ်ပညာရှင်အဖွဲ့က လူတွေကို ရှာပေးနိုင်တယ် တချို့ အဂ္ဂိရတ်ဂိုဏ်းဆရာတွေနဲ့ ငါသိကျွမ်းပြီးသား... မင်းသာ ချန်အဖွဲ့ထဲဝင်ရင် အဂ္ဂိရတ်ပညာရှင် အသင်းက မင်းကိုကာကွယ် ပေးလိမ့်မယ်... သားရဲခန်းမတောင် မင်းကို ပြဿနာလာရှာလို့ မရစေရဘူး"
"စီနီယာလုံယိဖျင်နဲ့ စီနီယာ ကျန်းရှောက်ချန်က လုရွှမ်ကို သူတို့အဖွဲ့ထဲ ဆွဲခေါ်နေတာပဲ!"
"ဒီကလေးက သူ့အစွမ်းအစအတွက် မိန်းမတွေကို အားကိုးတယ်လို့ ဆိုလိုတာ မဟုတ်လား?"
"မိန်းမတွေကို အားကိုးတာက သူ့ ကျွမ်းကျင်မှု တစ်ခုပဲလေ... ဒါကို ခေါင်းဆောင် နှစ်ယောက်က သူတို့အပေါ် စေတနာထားတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်တယ်"
"ဟေး.... သူဘယ်အဖွဲ့ထဲ ဝင်မယ်ထင်လဲ?"
"ငါသာဆိုရင် နဂါးအဖွဲ့ ထဲဝင်မှာ သေချာတယ်... လုံယိဖျင်က အပြင်ခန်းမှာ နံပါတ်တစ်ဆိုတော့ နဂါးအဖွဲ့က သဘာဝအတိုင်း ပိုအားကောင်းလာလိမ့်မယ်!"
"မင်းပြောတာ မှားတယ်... လုံယိဖျင်က အစွမ်းထက်တယ် အကယ်ဒမီက တိုက်ပွဲကို ကန့်သတ်မထားဘူး... ဒါပေမဲ့ သူ့ကို တိုက်ခိုက်နေတဲ့ ကျန်းရှောက်ချန်ကို ဘာလို့ မသတ်ရဲတာလဲ?"
"ဒါက....."
"ကျန်းရှောက်ချန်က နောက်ခံရှိတယ်.... သူ့အစ်ကို ကျန်းရှောက်ထျန်းက အတွင်းခန်းမှာ နာမည်ကြီးပြီး အရမ်းသန်မာတယ်လို့ ငါကြားတယ်"
ပြင်ပခန်းရှိ အကြီးဆုံး မဟာမိတ်နှစ်ဖွဲ့သည် လုရွှမ်ကို အနိုင်ရရန် ကြိုးပမ်းနေသည်ကို တွေ့လိုက်ရသဖြင့် ဆွေးနွေးမှု များစွာရှိလာခဲ့သည်။
"ကောင်းပြီ.... မိုက်မဲတဲ့စကားတွေ ရပ်လိုက်ကြရအောင် ဆုံးဖြတ်ချက်ချနိုင်တဲ့ စွမ်းအားအားလုံးက ညီအစ်ကိုလုရဲ့ လက်ထဲမှာပဲ!"
ကျန်းရှောက်ချန်သည် ထိုစကားကို တိုက်ရိုက်ပြောသည်ကို မြင်သောအခါ လုံယိဖျင်ကလည်း ၎င်းကို မဖုံးကွယ်ဘဲ သူ့သဘောထားကို တိုက်ရိုက်ပြောလာခဲ့သည်။
မဟာမိတ်အဖွဲ့ကြီး နှစ်ခုက လူတွေကို လုယက်တာ တစ်ကြိမ်မဟုတ် နှစ်ကြိမ်လောက်တင် မဟုတ်တာကြောင့် ဖုံးကွယ်ထားစရာ မလိုချေ။ ဒါကိုကြားတော့ လူတိုင်းက မကြာသေးမီက ခေါ်ယူခံခဲ့ရတဲ့ ထိုကျောင်းသားကို အာရုံစိုက်နေကြသည်။
အဓိက မဟာမိတ် နှစ်ခုကြား ပြိုင်ဆိုင်မှု သည် ကောင်းမွန်သော အရာ ဖြစ်သော်လည်း ဆိုးရွားသည့် ကိစ္စလည်း ဖြစ်သည်။ သူတို့ထဲက တစ်ယောက်ကို သဘောတူရင် နောက်တစ်ယောက်က ဒုက္ခပေးမှာ သေချာလေသည်။
ယခုအခါ နဂါးအဖွဲ့မှ လုံယိဖျင်သည် အပြင်ခန်း၌ မှ နံပါတ်တစ်ဖြစ်သည်။ ကျန်းရှောက်ချန်သည် အင်အားအနည်းငယ် ညံ့သော်လည်း အတွင်းခန်း၌ အစ်ကိုတစ်ဦးရှိခြင်းကြောင့် လူအများက ကြောက်ရွံ့နေကြဆဲ ဖြစ်သည်။
ထို့အပြင် သင်သည် ကျင့်ကြံမှုတွင် အဓိပတိနယ်ပယ်သို့ ရောက်ထားရှိပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်သို့ တက်လှမ်းရန် နောက်ဆုံး ခြေတစ်လှမ်းသာ လိုသည်။ အကယ်၍ အတွင်းခန်းက ကျောင်းသားများနှင့် ကြိုပြီး မိတ်ဖွဲ့နိုင်လျှင် အလွန်ကောင်းမွန်မည်ဖြစ်သည်။
ထို့ကြောင့် နဂါးအဖွဲ့ သို့မဟုတ် ချန်အဖွဲ့သို့ ဝင်ရောက်ခြင်းသည် လူများစွာအတွက် အမြဲတမ်းခက်ခဲသော ရွေးချယ်မှုတစ်ခု ဖြစ်ခသည်။
လုရွှမ်လို့ အမည်ရတဲ့ ဒီလူငယ်က ဘယ်လိုရွေးချယ်ချင်လဲဆိုတာ အားလုံးက မြင်ချင်နေကြသည်။
"တကယ်လို့ ငါက ဘယ်အဖွဲ့ကိုမှ မရွေးရင်ရော?"
အားလုံးက ဘယ်လို ထင်နေလဲ မသိတဲ့ လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"ဟားဟား... ညီလေးလုက ဘယ်သူ့ကိုမှ မရွေးချယ်ဘူး ဆိုရင်တော့ လွယ်ပါတယ်... နဂါးအဖွဲ့က မရနိုင်ရင် ဖျက်စီးပစ်ဖို့ နည်းလမ်းကို သဘာဝအတိုင်း ရှာတွေ့လာလိမ့်မယ်!"
လုံယိဖျင်က နည်းနည်းလေးမှ ဖုံးကွယ်မထားဘဲ တိုက်ရိုက် ပြောလိုက်ပါ၏။
"ဟာဟား.... အစ်ကိုလုံနဲ့ ငါက တူညီတဲ့ သဘောထား ရှိနေတာပဲ... မင်း ငါ့အတွက် အလုပ် မလုပ်နိုင်တော့မှတော့ ချန်ထားလို့လည်း ဘာမှ အသုံးမဝင်ဘူးလေ!" ကျန်းရှောက်ချန်ကလည်း ရယ်လိုက်ပြီး
"ညီလေးလုလို ထက်မြက်တဲ့လူက ဘယ်အဖွဲ့ကို ရွေးရမယ်ဆိုတာ သိပါတယ်... ငတုံးအလုပ်မျိုးကိုတော့ မလုပ်လောက်ဘူးမလား?"
သူတို့နှစ်ယောက် ဒီလိုပြောတဲ့အခါ ခြိမ်းခြောက်မှုက ပြောမပြတတ်အောင် ကြောက်စရာ ကောင်းနေပေ၏။
ဒါကသူတို့ရဲ့ သဘောထားကို ပြသတာနဲ့ ညီမျှပါ၏။ နဂါးအဖွဲ့ဖြစ်စေ ချန်အဖွဲ့ဖြစ်စေ တစ်ခုကို ရွေးချယ်လိုက်တာနဲ့ လူအများရဲ့ ဝေဖန်မှု ပစ်မှတ်ဖြစ်လာမှာ ဖြစ်ပြီး ဘယ်သူမှ လွတ်မြောက်မှာ မဟုတ်ပေ။
"စိတ်ဝင်စားစရာပဲ!"
ခြိမ်းခြောက်မှုကို နားထောင်ရင်း လုရွှမ် ခေါင်းခါလိုက်သည်။
ရိုးရိုးသားသား ပြောရရင် သူတို့ဟယ ဖန်လုံအိမ်မှာ ပေါက်နေတဲ့ ပန်းစည်းတွေထက် ဘာမှမပိုပါ။ အရင်က စစ်သေနာပတိ ဟူရှောက်ရဲ့ ခြိမ်းခြောက်မှုကိုတောင် ဂရုမစိုက်ခဲ့တာ သူတို့ကိုတော့ စကားထဲပင် ထည့်ပြောစရာ မလို။
"မင်းသား ချန်ရှင်း ရောက်ရှိလာပါပြီ!"
"ကုန်းအဆင့် မြို့စား ချင်မင် ရောက်ရှိလာပါပြီ!"
"စစ်သူကြီး ကျောင်းဖုန်း... ရောက်ရှိလာပါပြီ!"
အပြင်ဘက် အခန်းရှိ နံပါတ် ၁ နှင့် နံပါတ် ၂ အဆင့်ရှိ သခင်နှစ်ယောက်သည် လုရွှမ်အား အဖြေပေးရန် ရည်ရွယ်ချက်ရှိရှိ စိုက်ကြည့်နေကြစဉ် ခန်းမအပြင်ဘက်မှ အော်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။
ဖိတ်ကြားထားသော မှူးမတ်များနှင့် တော်ဝင်မိသားစုများ ရောက်ရှိလာသည်။
အော်သံကိုကြားတော့ လုံယိဖျင်က
"နဂါးအဖွဲ့လား? ချန်အဖွဲ့လား ဆိုတာကို စဥ်းစားဖို့ ညီလေးလုကို အချိန်ပေးမယ်... ဆုံးဖြတ်ပြီးတာနဲ့ ငါ့ကိုလာရှာပါ!"
စကားပြီးတာနဲ့ လျစ်လျူရှုပြီး လှည့်ပြီး ခန်းမတံခါးဆီ လျှောက်သွားလေ၏။ အခုမှ ဝင်လာတဲ့သူတွေကို သွားနှုတ်ဆက်တာ ဖြစ်နိုင်သည်။
"ငါလည်း ညီလေးလုဆီက သတင်းကောင်းကို စောင့်နေပါမယ်.... ညီလေးလုက အမှန်ကန်ဆုံး ရွေးချယ်မှု ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်!"
ကျန်းရှောက်ချန်ကလည်း ပေါ့ပေါ့ပါးပါး ပြုံးပြပြီး လုံယိဖျငိ၏ နောက်သို့ အနီးကပ် လျှောက်သွားခဲ့သည်။ သူတို့သည် အကယ်ဒမီအတွင်း ကြီးမားသော မဟာမိတ်ဖွဲ့နိုင်ခဲ့ပြီး ထိုကဲ့သို့ မာနကြီးသော သဘောထားဖြင့် ၎င်းတို့တွင် တိကျသေချာသော နောက်ခံနှင့် ခွန်အားရှိသည်။
တွေ့ဆုံပွဲမှ ဖိတ်ခေါ်နိုင်သော မင်းမျိုးမင်းနွယ်များသည် ပေရွှီးအင်ပါယာ တစ်ခုလုံးတွင် အဆင့်အတန်း ရှိသူများဟု မှတ်ယူနိုင်သည်။ အာဏာရှိသူကို အနိုင်ယူရန် ဤကဲ့သို့သော အခွင့်အရေးကောင်းကို သခင်နှစ်ပါးက မည်သို့လက်လွှတ်လိုက်မည်နည်း။
သခင်နှစ်ပါး၏ ခြိမ်းခြောက်မှုကြောင့် လျောက်ချင်း၏ မျက်နှာသည် အလွန်ကြည့်ကောင်းပုံ မရသော်လည်း အလယ်တွင်ရှိသော လုရွှမ်သည် အနည်းငယ်ပြုံးကာ စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူကာ လျစ်လျူရှုလိုက်သည်။
သူသည် ချန်အဖွဲ့ သို့မဟုတ် နဂါးအဖွဲ့ သာမက မင်းသားများနှင့် မှူးမတ်များပင် ဖြစ်စေကာမူ သူနှင့်မသက်ဆိုင်ပါ။
တွေ့ဆုံပွဲသို့ သူလာရခြင်း၏ ရည်ရွယ်ချက်မှာ ရှန့်ခုန်းချိုင့်ဝှမ်း၏ တည်နေရာကို သိရန်ဖြစ်ပြီး အခြားအရာများသည် သူနှင့် ဘာမှမသက်ဆိုင်ပေ။