စုံတွဲဓာတ်ပုံ
Vol. 10 Ch. 6
ကုန်တိုက်သန့်စင်ခန်းထဲမှာတော့ ဖရာလီတာက စိုစွတ်နေတဲ့ မျက်လုံးတွေနဲ့ မှန်ကိုကြည့်လိုက်ပါတယ်။ သူ့ရဲ့တောက်ပတဲ့ အပြာရောင်မျက်လုံးအစုံက မှန်မှာပုံရိပ်ထင်ဟပ်နေပြီး ပါးပြင်ပေါ်ကို စီးကျနေတဲ့ မျက်ရည်တွေကို သူကိုယ်တိုင် ပြန်မြင်နေရပါတယ်။
“နင့်မှာကျန်တဲ့အချိန်က ဆယ်နှစ်တဲ့လား၊ အဲဒီအချိန်ဆိုရင် ငါက ၂၆နှစ်ပဲ ရှိဦးမှာလေ အရူးမရဲ့။ ဘာလို့ နင်မရှိတော့မယ့်ဘဝကို ငါ့ကိုအကြာကြီး အသက်ရှင်စေချင်တာလဲ အတ္တကြီးတဲ့ ငတုံးမကြီးရဲ့။”
ဖရာလီတာက မခံမရပ်နိုင်တဲ့မျက်နှာနဲ့ ရေရွတ်ရင်း ဒေါသကိုမထိန်းနိုင်တော့ဘဲ သန့်စင်ခန်းနံရံကိုစပြီး ခြေထောက်နဲ့ကန်တယ်။ သူ့ခေါင်းထဲကိုတော့ ဆိုဖီယာနဲ့ လျှို့ဝှက်ဆွေးနွေးခဲ့စဥ်က အကြောင်းအရာတွေအများကြီး တိုးဝင်လာနေတယ်။
...
အဲဒီနေ့က မက်ဒါနာတစ်ယောက်တည်း ရုံးခန်းထဲမှာ အလုပ်ရှုပ်နေတုန်း ဆိုဖီယာနဲ့ဖရာလီတာက ကျောက်စားပွဲဝိုင်းမှာ ဆွေးနွေးဖြစ်ခဲ့တာ။ အတူလက်ဖက်ရည်သောက်နေရင်း ဆိုဖီယာက သက်ပြင်းချလိုက်ပြီး
“မက်ဒါနာက ဖီးနစ်ရဲ့စွမ်းအားကို အများကြီးထုတ်သုံးခဲ့ပြီးပြီ။ လောလောဆယ်တော့ အဆင်ပြေနေတယ်ထင်ရပေမဲ့ ငါ့ခန့်မှန်းမှုသာမမှားရင် နောက်ဆယ်နှစ်လောက်ပဲ အသက်ရှင်တော့မှာ။”
“ဆယ်နှစ်... ဒါပေမဲ့ သူအဲဒီဓားချက်ကို နှစ်ကြိမ်ပဲ သုံးခဲ့တာပါ။ သူ့ရဲ့မျှော်မှန်းသက်တမ်းက ခုနစ်ဆယ်ကနေ ရှစ်ဆယ်ကြားဖြစ်သင့်တာမဟုတ်လား။”
ဖရာလီတာက ပြန်ပြောတော့ ဆိုဖီယာက ခေါင်းခါလိုက်တယ်။ “ငါသူ့ကို စတွေ့တုန်းက သူ့အသက်က ၂၁ နှစ်ပဲ။ မိန်းကလေးဖြစ်သွားပြီးတဲ့နောက် ၁၆ နှစ်ဖြစ်သွားတယ်ဆိုပေမဲ့ အခုအစွမ်းအထက်ဆုံးဓားတစ်ချက်ကို ဆယ်နှစ်ကျော်ကုန်ဆုံးပြီး သူ့ရဲ့လက်ရှိသက်တမ်းက ၃၆ နှစ်ကနေ ၃၈ နှစ်ကြားမှာရှိနေတယ်။ ပြီးတော့ ငါတို့ထင်မထားတဲ့ ကိစ္စတစ်ခုလည်း ရှိနေသေးတယ်။”
ဆိုဖီယာပြောတာကို နားထောင်နေရင်း ဖရာလီတာက သောက်လက်စ လက်ဖက်ရည်ခွက်ကို ခဏချလိုက်တယ်။ အဲဒီနောက် ဆိုဖီယာရဲ့မျက်လုံးတွေထဲကို သေချာကြည့်ပြီး မေးလိုက်လေရဲ့။
“ဒီလိုဆိုရင်တောင်မှ သူ့မှာ နှစ်သုံးဆယ်လောက် သက်တမ်းကျန်သင့်သေးတယ်မဟုတ်လား။”
ဆိုဖီယာက ခေါင်းခါလိုက်တယ်။ “ငါတို့မေ့နေတာတစ်ခုရှိတယ်။ နင်က သာမန်လူမလို့ သတိမထားမိပေမဲ့ နတ်သူငယ်ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ငါက သူ့ရဲ့အသက်ဓာတ်ကို ခံစားမိတယ်။ အဲဒါက သူပထမဆုံးဓားချက်ကို ထုတ်ဖော်လိုက်ကတည်းက စိမ့်ထွက်နေတာ။ နောက်ဆုံးတစ်ကြိမ် ဖီးနစ်ဓားချက်ကိုသုံးပြီးတဲ့နောက် ပိုဆိုးလာတယ်။ တစ်နည်းအားဖြင့်တော့ ဖီးနစ်ကို အသုံးမပြုတဲ့အချိန်တွေမှာတောင် သူက သက်တမ်းတွေကို ဆုံးရှုံးနေပြီ။”
“နင်ဆိုလိုတာက....” ဖရာလီတာက တုန်ယင်နေတဲ့ လက်တွေကို အချင်းချင်းဆုပ်ကိုင်ထားစေရင်း စိုးထိတ်စွာနဲ့ မေးလိုက်တယ်။
“အခုလောလောဆယ်တော့ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။ သေချာပေါက် နောက်ဓားတစ်ချက်က သူ့ကိုသေစေနိုင်တာမလို့ ကျန်နေတဲ့သက်တမ်းစေ့ သူနေနိုင်ဖို့ဆိုရင် တိုက်ပွဲတွေနဲ့ဝေးရာအရပ်မှာ သူ့ကိုထားရအောင်။”
ဆိုဖီယာကလည်း ဖရာလီတာရဲ့လက်တွေကို ဆုပ်ကိုင်ထားလိုက်တယ်။ ဆိုဖီယာရဲ့လက်တွေကလည်း အလားတူပဲ အေးစက်လို့နေတယ်။ ဖရာလီတာကတော့ သူ့ခေါင်းကို ငုံထားလိုက်တာပေါ့။
“တကယ်လို့ ငါသာ အခုထက်ပိုပြီး စွမ်းအားကြီးခဲ့ရင်။”
...
ဖရာလီတာရဲ့စိတ်အစဥ်က လက်တွေ့ဘဝဆီကို ပြန်ရောက်လာတယ်။ မှန်ထဲမှာ ထင်ဟပ်နေတဲ့ သူ့ကိုယ်သူ ပြန်ကြည့်လိုက်ပြီး တစ်ရှူးနဲ့ သူ့မျက်နှာသူပြန်သန့်ရှင်းရေးလုပ်တယ်။
“မက်ဒါနာ၊ ကျေးဇူးပြုပြီးတော့ ရုံးမှာပဲနေစမ်းပါ။” ဖရာလီတာက သူ့ဘာသာ ရေရွတ်လိုက်တယ်။ အမှန်က မဟာမိတ်ရဲ့ရုံးလုပ်ငန်းတွေအားလုံးကို မက်ဒါနာတာဝန်ယူဖို့ မလိုအပ်ဘူး။ မစ်ရှင်အဖွဲ့ရဲ့တာဝန်က အရေးပေါ်လာတာနဲ့ သွားဖြေရှင်းဖို့ဆိုပေမဲ့ မက်ဒါနာအလုပ်ရှုပ်နေစေဖို့အတွက် ဖရာလီတာက သာမန်စစ်ရုံးချုပ်ကလုပ်ရမယ့် အစီအရင်ခံစာတွေကိုပါ မက်ဒါနာဆီ ပို့နေခဲ့တာ။
“နင်က ရုံးမှာပဲ မင်းသမီးလေးလိုနေတော့၊ တိုက်ပွဲတွေကို ငါတို့နဲ့လွှဲထားလိုက်။” ဖရာလီတာက တစ်ယောက်တည်း စကားပြောနေရင်းနဲ့ နည်းပညာလက်အိတ်ကို ချွန်ချလိုက်တယ်။ လက်အိတ်အောက်မှာတော့ ပက်တီးအပြည့်ပတ်ထားတဲ့ လက်ရှိနေပြီး သွေစွန်းနေတာကြောင့် ဖရာလီတာက ပက်တီးတွေကို ဖြေချလိုက်တယ်။
ဖရာလီတာရဲ့လက်ဖျံမှာ ပြန်ကောင်းဖို့ခက်တဲ့ မီးလောင်ဒဏ်ရာတစ်ခုရှိနေပြီး သွေးနဲ့အကြည်ရည်တွေက ဖုံးလွှမ်းထားတယ်။ ပန်းသီးလေးကုပေးရင် ချက်ချင်းပြန်ကောင်းမှာဆိုပေမဲ့ သူတို့မှာပန်းသီးလေးမရှိတော့ဘူး။ သာမန်ကုသရေးမြူတန့်တွေက ဒီဒဏ်ရာပိုမဆိုးလာအောင်ပဲ လုပ်နိုင်ကြတာ။
“အဲဒီ သောက်ပိုးစုန်းကြူးကောင်တွေက တော်တော်အာရုံနောက်ဖို့ကောင်းတာပဲ။” ဖရာလီတာက သူ့ပိုက်ဆံအိတ်ထဲက လိမ်းဆေးဘူးကိုထုတ်၊ ဒဏ်ရာပေါ်မှာ လိမ်းကျံလိုက်ပြီးတဲ့နောက် ပက်တီးအသစ်လဲကာ နည်းပညာလက်အိတ်ကို ပြန်စွပ်ထားတယ်။ အဲဒီနောက်တော့ သန့်စင်ခန်းထဲကနေ ပြန်ထွက်လာပါတော့တယ်။
...
“မက်ဒါနာ၊ ငါတို့ဝင်လို့ရပြီလား။”
နောက်ကနေ ခေါ်လိုက်တဲ့အသံကြောင့် မက်ဒါနာလှည့်ကြည့်တော့ မျှော်လင့်ထားသလိုပဲ ဖရာလီတာရယ်။ မက်ဒါနာလည်း အသေးမလေးကို ခေါင်းညိတ်ပြလိုက်တယ်။
“အင်း၊ မင်္ဂလာဆောင်မှာ အရံသတို့သမီးလုပ်မယ့် ညီမလေးကိုပါ ဝတ်စုံစမ်းဝတ်ခိုင်းလို့မလားလို့ရမလားလို့မေးလိုက်တာ ရတယ်တဲ့လေ။”
မက်ဒါနာက ပုံမှန်အတိုင်းပြောလိုက်ပေမဲ့ ဖရာလီတာကတော့ ဆူပုပ်နေတာပဲ။ ပြီးတော့ သွားကြားထဲက ထွက်လာတဲ့လေသံနဲ့ အခုလိုပြောလိုက်ပါသေးတယ်။
“မက်ဒါနာရေ၊ ငါက နင့်သတို့သမီးလေ။”
“သတို့သမီးအရံလည်း သတို့သမီးဝတ်စုံဝတ်ရမှာမလို့ ကျေနပ်လိုက်တော့နော်။”
“....”
မက်ဒါနာက ဖရာလီတာလက်ကိုဆွဲပြီး ဆိုင်ထဲဝင်လိုက်တယ်။ အဲဲဒီနောက်တော့ သူတို့နဲ့လိုက်မယ်ထင်တဲ့ သတို့သမီးဝတ်စုံကို လိုက်ရှာတော့တာပေါ့။ အရောင်မတူတဲ့ သတို့သမီးဝတ်စုံတချို့ရှိပေမဲ့ အတော်များများက ဇာနားဖွားဖွားနဲ့ အဖြူရောင်ဂါဝန်တွေချည်းပဲ။
“တွေးကြည့်ခါမှ ဘာလို့မင်္ဂလာဆောင်ဝတ်စုံအများစုက အဖြူရောင်ဖြစ်နေတာပါလိမ့်နော်။ အဓိပ္ပါယ်တစ်ခုခု ရှိနေတာများလား။” မက်ဒါနာက စိတ်ဝင်စားတဲ့ပုံစံနဲ့ နှုတ်ခမ်းပေါ်ကို လက်ညိုးတင်ပြီး မေးတော့ ဖရာလီတာက သူ့အချိန်ကျလာပြီဆိုတဲ့ပုံစံနဲ့ ခါးပေါ်ကို လက်တင်ပြီး ပြောလိုက်ပါလေရော။
“ဟင်း၊ ဗဟုသုတနည်းလိုက်တာ။ အဲဒီကိစ္စက ငါတို့ဗြိတိန်တွေ စခဲ့တာလေ။ စကော့ဘုရင်မမေရီက သူ့ရဲ့လက်ထပ်ပွဲမှာ ပထမဆုံး ဂါဝန်အဖြူစသုံးခဲ့တာ။ ဒါပေမဲ့ သူ့လက်ထက်တုန်းက သိပ်ခေတ်မစားသေးဘူး။”
“မေရီ၊ အဲဒီ သွေးစွန်းမေရီလား။” မက်ဒါနာက မေရီဆိုတာနဲ့ သူ့မျက်လုံးထဲ မှန်ထဲကနေ ထွက်လာတဲ့ အနီရောင်ဂါဝန်နဲ့သရဲမကြီးကို ပြေးသတိရမိတော့တာ။ ဖရာလီတာကတော့ မက်ဒါနာကို မျက်လုံးမှေးကြည့်လိုက်ပြီး
“စကော့ဘုရင်မမေရီမှာလည်း အဲဒီနာမည်ရှိတယ်ဆိုပေမဲ့ မြို့ပြဒဏ္ဍာရီတွေထဲက သွေးစွန်းမေရီနဲ့တော့မဆိုင်ဘူးနော်။ အဲဒီစကော့မက ပရိုတက်စတင့်တွေကိုနှိပ်ကွပ်လွန်းလို့ သွေးစွန်းမေရီလို့ နာမည်တပ်ခံရတာ။”
“အဲဒီလိုလား၊ ဒါပေမဲ့ နင်ခုနကပြောတော့ ဒီလောက်နာမည်မကြီးသေးဘူးဆိုလား။ တခြားကိစ္စတစ်ခုခုကြောင့် ဂါဝန်အဖြူကို လူတွေပိုအသုံးများလာတာလား။”
“ဆိုပါတော့၊ ၁၈၄၀ လောက်က ဧကရီဗစ်တိုရီးယားနဲ့ကြင်ယာတော်မင်းသား အဲဘတ်ရဲ့မင်္ဂလာပွဲမှာလည်း အဖြူရောင်ဂါဝန်ကို သုံးခဲ့တယ်လေ။ မေရီက ဘုရင်မဆိုးပေမဲ့ ဗစ်တိုးရီးယားကကျ တစ်ကမ္ဘာလုံးကသိတဲ့ ဗြိတိသျှအင်ပါယာရဲ့ဘုရင်မလေ။ လှလည်းလှတဲ့ အမျိုးသမီးဆိုတော့ တခြားနိုင်ငံတွေက သူကောင်းမျိုးတွေလည်း သူ့ကိုတုပရင်းနဲ့ ခေတ်စားသွားတာပဲ။”
မက်ဒါနာက ဖရာလီတာကို လင်းလဲ့နေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။ နောက်တော့ အခုလိုချီးကျူးလိုက်ပါလေရော။
“ဖရာလီတာ၊ နင်က အံ့ဩစရာပဲ။ ငါသာဆိုရင် ဝတ်စုံစနစ်ကို ဆက်သွယ်ပြီးမှ အဲဒါမျိုးပြောနိုင်မှာ။”
ဖရာလီတာကလည်း ဘဝင်မြင့်နေတဲ့ပုံစံနဲ့ ခါးကိုမော့ရင်ကိုကော့ထားတယ်။ ဒါပေမဲ့ စိတ်ထဲမှာကတော့ အခုလိုတွေးနေတာရယ်။
‘တကယ်က မနေ့ကတည်းက မင်္ဂလာဆောင်ဝတ်စုံကိစ္စတွေးမိပြီး အစ်မကြီးဂိုဂဲလ်မှာ ကြိုရှာထားခဲ့တာလေ။’
သူတို့နှစ်ယောက် အရှုပ်တွေလုပ်နေကြတုန်း မဒမ်ဝင့်ဆိုတဲ့ ဆိုင်ရှင်အဒေါ်ကြီးဝဝက ရှေ့ထွက်လာပါတယ်။
“ဒီတော့ ဒါက ခုနက ကောင်မလေးပြောတဲ့ အရံသတို့သမီးလေးဆိုတာလား။ ချစ်စရာကောင်းတဲ့ ညီမလေးကို ရထားတာပဲနော်။”
ဖရာလီတာက ဒီဇိုင်နာအဒေါ်ကြီးကို ငါးသေမျက်လုံးကြီးတွေနဲ့ ကြည့်လိုက်တယ်။ ခုထိအရံသတို့သမီးလို့ အခေါ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေါသထွက်နေတုန်းပဲ။
“ဒါဆိုရင် ဝတ်စုံကိစ္စ အရင်ပြောရအောင်။ ဒီဆိုင်မှာ ရယ်ဒီမိတ်တွေလည်းရှိပေမဲ့ သေချာလေး ပြင်ဆင်ပြီးချုပ်သွားတာက ပိုကောင်းပါတယ်။ ဘာပဲပြောပြော တစ်သက်မှာ တစ်ခါပဲလုပ်ရတဲ့ ပွဲဖြစ်တာမလို့ အလေးအနက်ထားတာ ကောင်းတယ်။”
မဒမ်ဝင့်က သူ့ဝတ်စုံတွေအကြောင်း စရှင်းပြရုံပဲရှိသေးတယ်။ ဖရာလီတာက ရှေ့ကိုထွက်လာပြီး မဒမ်ဝင့်ရဲ့လက်ကို ကိုင်ပြီးပြောလိုက်တယ်။
“အားကိုးပါရစေ၊ ဒါပေမဲ့ ရယ်ဒီမိတ်ဝတ်စုံနဲ့လည်း ဓာတ်ပုံရိုက်ယူသွားလို့ရတယ်မဟုတ်လား။”
“ရပါတယ်။”
အဲဒီနောက်တော့ မဒမ်ဝင့်က သူတို့နှစ်ယောက်လုံးကို နမူနာဒီဇိုင်းတွေထုတ်ပြတယ်။ ဖရာလီတာက ဇာနားသပ်သိပ်မပါပေမဲ့ ပိုးသားလိုပြောင်ချောနေပြီးတော့ ရိုးရှင်းလှပတဲ့ ဂါဝန်ဒီဇိုင်းကို လက်ထောက်ပြခဲ့တယ်။ ဒါပေါ့၊ ခေါင်းမှာဖုံးဖို့ ဇာပုဝါလေးလည်းပါသေးတယ်။ ပြီးတော့ ဇာခြေအိတ်ရှည်နဲ့ တွဲဝတ်ရမယ့် အဖြူရောင်ဂါဝန်ပါ။
မဒမ်ဝင့်ကတော့ သူတို့နှစ်ယောက်ကိုကြည့်ရင်း မျက်ခုံးပင့်လိုက်တယ်။ “နှစ်ယောက်လုံး ပုံစံတူဝတ်မလို့လား။ ပုံမှန်ဆိုရင် သတို့သမီးအရံက သတို့သမီးအစစ်ထက် ထင်ပေါ်မှုနည်းတဲ့ ဝတ်စုံမျိုးဝတ်တာလေ။”
“ကျွန်မတို့က တအားရင်းနှီးတဲ့ ညီအစ်မတွေမလို့ပါရှင့်။” မက်ဒါနာက မဒမ်ဝင့်ကို သနားစရာမျက်နှာလေးလုပ်ပြီး ပြောင်လိမ်လိုက်တယ်။ မဒမ်ဝင့်ကတော့ သံသယဝင်နေတဲ့မျက်နှာနဲ့ မျက်လုံးကိုမှေးပြီး ပြုံးပြနေတယ်။
“ပြီးတော့ သတို့သားလည်း ပါလာပုံမပေါ်ဘူးနော်။ အလုပ်များနေလို့လား။”
“အင်း၊ အဲဒီလိုပါပဲ။” နှစ်ယောက်လုံးက စကားတစ်ခွန်းတည်းကို ပြိုင်တူပြောပြီးတော့ အတတ်နိုင်ဆုံး ပြုံးပြလိုက်တယ်။ ဒီတော့ မဒမ်ဝင့်လည်း ဘာမှမတတ်နိုင်တော့ဘဲ ပေကြိုးကိုကိုင်ပြီး နောက်တစ်ဆင့်တက်ဖို့ လုပ်ရတော့တာပဲ။
“ဒါဆိုရင် လှပတဲ့ သတို့သမီးလေးနှစ်ယောက်ကို ကိုယ်တိုင်းစယူပါမယ်ရှင်။”
....
“ဖူး...” မက်ဒါနာက လေပူတွေ မှုတ်ထုတ်လိုက်မိပါတယ်။ ကိုယ်တိုင်းယူတာက ထင်ထားတာထက်ကြာတယ်။ ပြောရရင် သံသယဖြစ်စရာကောင်းလောက်အောင်ကို ကြာနေတာ။ မဒမ်ဝင့်ဆိုတဲ့ အမျိုးသမီးက ငွေမင်းသမီးလေးရဲ့ဒဏ္ဍာရီလာအချိုးအစားတွေကို မြင်မြင်ချင်းသဘောကျသွားတဲ့ပုံစံနဲ့ သေချာကို တိုင်းယူနေတော့တာ။ သူ့တစ်ယောက်တည်းနဲ့တင် လေးဆယ့်ငါးမိနစ်ကြာသွားတယ်။ နောက်ဆုံး တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေပြီး မတ်တပ်မရပ်နိုင်တော့မယ့်အချိန်ကျမှ တိုင်းလို့ပြီးသွားတယ်။
ဖရာလီတာအတွက်လည်း အတူတူပါပဲ။ မဒမ်ဝင့်က ဗစ်ကောင့်မလေးရဲ့သေးသွယ်တဲ့အလှတရားအောက်မှာ ကျရှုံးသွားဟန်နဲ့ ဆက်တိုက်ကို ပေကြိုးတဲ့တိုင်းနေတော့တာ။ ဖရာလီတာလည်း လေးဆယ့်ငါးမိနစ်လောက် တိုင်းခံရပြီးခါမှ ပေကြိုးမိစ္ဆာမကြီးဆီကနေ လွတ်မြောက်လာလေရဲ့။
“အောင်မလေး၊ အောင်မလေး။ ကိုယ်တိုင်းယူတာ ဒီလောက်ထိ ပင်ပန်းမယ်ထင်မထားဘူး။”
ဖရာလီတာက သူ့ကိုထိုင်စောင့်နေတဲ့ ဘေးကခုံမှာ ဝင်ထိုင်ရင်း ညည်းညူလိုက်တယ်။ မဒမ်ဝင့်ကတော့ သူတို့ကိုယ်တိုင်းတွေကို မှတ်တမ်းတင်ထားတဲ့ မှတ်စုတွေကိုကြည့်ရင်း မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ပြောလိုက်ပါလေရော။
“ဒီအတိုင်းဆိုရင် ဒဏ္ဍာရီတွင်မယ့် မင်္ဂလာဆောင်ဝတ်စုံနှစ်စုံကို ငါချုပ်နိုင်တော့မှာပဲ။ အားဟားဟား။”
အဲဒီနောက်တော့ မဒမ်ဝင့်က သူတို့စမ်းဝတ်ဖို့ နမူနာမင်္ဂလာဆောင်ဝတ်စုံနှစ်စုံ ထုတ်လာပေးတယ်။ မက်ဒါနာနဲ့ဖရာလီတာတို့က အချိန်ဆွဲမနေဘဲ အဝတ်လဲခန်းထဲဝင်ပြီး လဲလိုက်ကြတယ်။ ပြန်ထွက်လာတော့လည်း ပြိုင်တူပဲ။ မက်ဒါနာက အဖြူရောင်ဂါဝန်လေးနဲ့ ဇာပုဝါကို ခေါင်းပေါ်တင်ထားတဲ့ ဖရာလီတာကိုတွေ့ပြီး ရင်ခုန်မြန်သွားတယ်။ ဖရာလီတာကတော့မက်ဒါနာကို မြင်တာနဲ့ လက်ထဲကိုင်ထားတဲ့ ပန်းစည်းအတုကိုပါ ပစ်ချလိုက်ပြီး ချက်ချင်းမက်ဒါနာလက်ကို ပြေးဆွဲပါလေရော။
“မက်ဒါနာ၊ ငါတို့အခုချက်ချင်း မင်္ဂလာဆောင်ရအောင်။”
“.....”
သူတို့ဆက်လုပ်ဖြစ်တာကတော့ ဓာတ်ပုံရိုက်တာပဲ။ ဓာတ်ပုံဆရာကတော့ ထင်မထားခဲ့ပေမဲ့ မဒမ်ဝင့်ကိုယ်တိုင်ပါပဲ။ ဝန်ထမ်းအကူမပါဘဲ တစ်ဆိုင်လုံးကအလုပ်တွေ သူလုပ်နေတာကြာပြီတဲ့။ အာဂမိန်းမပဲ။
“ဒီလောက်ဆို ရပြီထင်တယ်။” မက်ဒါနာနဲ့ ဖရာလီတာက ဆိုင်ထဲမှာရှိတဲ့ စတိတ်စင်အသေးလေးပေါ်တက်လိုက်ပြီး မျက်နှာချင်းဆိုင်ရပ်ကာ တစ်ယောက်လက်ကိုတစ်ယောက် ဆွဲထားလိုက်တယ်။ သူတို့လက်ထဲမှာတော့ ပန်းစည်းလေးတွေကိုယ်စီနဲ့ပါ။
“ဟုတ်ပြီ၊ ကင်မရာဘက်ကိုကြည့်မယ်။” မဒမ်ဝင့်က ပြောလိုက်တော့ သူတို့နှစ်ယောက်လုံး ကင်မရာဘက်ကို မျက်နှာမူလိုက်ပါတယ်။
“အိုကေ၊ ဝမ်း... တူး... သရီး...”
ချလပ်...
ဓာတ်ပုံရိုက်တဲ့ဖြစ်စဥ်က ကင်မရာကနေထွက်လာတဲ့အလင်းတစ်ချက်နဲ့အတူ ပြီးမြောက်သွားတယ်။ ဆိုင်မှာ ပရင့်တာရှိတာမလို့ ဓာတ်ပုံထွက်လာဖို့လည်း သိပ်မစောင့်ရဘူး။ ဖရာလီတာကတော့ ရလာတဲ့ ဓာတ်ပုံလေးကို တစ်ဝကြီးကြည့်နေပြီးမှ ဆိုင်ကပေးတဲ့ စက္ကူအိတ်ထဲ ကောက်ထည့်လိုက်တယ်။
“ဒီဓာတ်ပုံကို ရွှေဘောင်အစစ်နဲ့ကွပ်ပြီး ဟိုဟာမတွေကို ကြွားရမယ် ဟင်းဟင်း...” ဖရာလီတာက မကြားတကြားရေရွတ်လိုက်ပေမဲ့ ဘေးမှာရှိနေတဲ့ မက်ဒါနာကတော့ ကြားဖြစ်အောင် ကြားလိုက်သေးတယ်။
“ကျန်တဲ့သူတွေလည်း ငါ့ကိုဒီလိုပုံမျိုးရိုက်ဖို့ ဖိအားမပေးလောက်ပါဘူးနော်။” မက်ဒါနာကတော့ တွေးရင်းတွေးရင်းနဲ့ ကျောချမ်းလာပါပြီ။
“ဝတ်စုံချုပ်ပြီးရင် ဖုန်းဆက်လိုက်မှာလို့ စိတ်မပူကြပါနဲ့။ ပျော်ရွှင်စရာ အိမ်ထောင်ရေးလေးဖြစ်ပါစေ။”
သူတို့နှစ်ယောက် ဆိုင်ကထွက်လာတော့ မဒမ်ဝင့်က နောက်ကနေ လှမ်းအော်ပြီး ဆုတောင်းပေးနေသေးတယ်။ ဆိုင်လာသမျှ စုံတွဲတိုင်းကို ဒီလိုဆုတောင်းပေးနေကျမှန်းသိပေမဲ့ ဖရာလီတာက ဆိုင်ကနေထွက်ကတည်းက သူ့လက်ကို အပိုင်စီးပြီး ပခုံးပေါ်ခေါင်းအပ်ထားတာကြောင့် နေရခက်လာပြီ။
“ဒီတော့၊ ဘာဆက်လုပ်ကြမလဲ ဖရာလီတာ။”
“အင်း၊ နေ့လယ်စာစားချိန်ရောက်နေပြီဆိုတော့ အောက်ထပ်ဆင်းပြီး တစ်ခုခုစားရအောင်။ ပြီးရင် ဂိမ်းစီးတီးဝင်ကြမယ်လေ။”
...
အောက်ထပ်ရောက်တော့ ဖရာလီတာက ဒယ်အိုးပြားလေးပေါ်မှာ မုန့်အနှစ်တွေတင်ပြီး Crepeမုန့်လုပ်နေတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့သွားပြီး ပါးပြင်ပေါ်ကို လက်တင်မိတဲ့အထိပဲ။
“Crepe... Crepe မစားရတာတောင်ကြာပြီ။ မက်ဒါနာ၊ ငါတို့အဲဒါစားမယ်။”
မက်ဒါနာကတော့ သက်ပြင်းချလိုက်ပြီး ဖရာလီတာရဲ့ခေါင်းကိုခေါက်လိုက်တယ်။ “Crepeတွေက စားလို့ကောင်းတာသိပေမဲ့ အစာမခံဘူးနော်။ သရေစာလောက်ပဲကောင်းတာ။ နေ့လယ်စာစားမယ်ဆိုရင်လည်း အာဟာရဖြစ်တာပဲ ရွေးစားပါလား။”
ဒါပေမဲ့ ဖရာလီတာက လက်မလျှော့ဘဲ ဝင်းလဲ့ပြီးမျက်ရည်လေးတွေဝိုင်းနေတဲ့ မျက်လုံးလေးတွေနဲ့ မက်ဒါနာကိုကြည့်လိုက်တော့ ငွေမင်းသမီးလေးရဲ့နှလုံးသား အရည်ပျော်ကျသွားပါလေရော။
“ဟုတ်ပါပြီ၊ စားကြတာပေါ့။” မက်ဒါနာက ခွင့်ပြုပေးလိုက်တယ်။ ဖရာလီတာကတော့ လိုင်စင်ရပြီးပြီးချင်းပဲ ဆိုင်ရှေ့ကိုရောက်သွားပြီး စပျစ်သီး၊ ပန်းသီးနဲ့ စတော်ဘယ်ရီသီးတွေပါတဲ့ Crepeကို မှာတော့တာပဲ။
“ချိုလိုက်တာ...” မက်ဒါနာကတော့ ခရမ်တွေကို စားမိပြီးတာနဲ့ မဲ့ရွဲ့သွားတယ်။ တစ်ဖက်က ဖရာလီတာကတော့ နို့အရသာကြွယ်ဝပြီး ချဥ်ချိုအရသာနဲ့ပြည့်စုံတဲ့ Crepe မုန့်တော်ကြီးကို နှစ်ခြိုက်စွာခံစားနေပုံရပေမဲ့ပေါ့။
‘ဘာပဲပြောပြော ဖရာလီတာက ကလေးဆိုတော့ ဒါမျိုးကြိုက်တာ မစမ်းပါဘူးလေ။’ မက်ဒါနာက သက်ပြင်းချလိုက်တယ်။
အစာပြေစားလို့ပြီးတဲ့နောက်တော့ ဖရာလီတာက မက်ဒါနာကို လက်ဆွဲပြီး ဂိမ်းစီးတီးအသေးလေးထဲ ခေါ်သွားတယ်။ ရှိတဲ့ဂိမ်းစက်က သိပ်မစုံပေမဲ့ ဖရာလီတာကတော့ ကစားချင်စိတ် ပြင်းပြနေပုံရပြီးတော့ ဒေါ်လာတစ်ရာတန်ကြီးကို ကောင်တာက အစ်မကြီးဆီ ထိုးပေးလိုက်တယ်လေ။
“ဖ... ဖရာလီတာ၊ အဲဒီလောက် ကွိုင်အများကြီးလဲပြီးတော့ ဘာလုပ်ဖို့လဲ။” မက်ဒါနာက ကြောက်လန့်တကြားမေးလိုက်ပေမဲ့ ဖရာလီတာကတော့ KFC မိသားစုကြက်ကြော်ဘူးလောက်အရွယ်ရှိတဲ့ ဘူးထဲအပြည့်ထည့်ထားတဲ့ ဒင်္ဂါးတွေကို မနိုင်မနင်းကိုင်ရင်းနဲ့ မက်ဒါနာကို ပြုံးပြလိုက်တယ်။
“မက်ဒါနာ၊ ဒီနေ့တစ်နေကုန် အရုပ်ကောက်ကြမယ်လေ။”
အကဲပိုလွန်းပြီး ဖြုန်းတီးလွန်းတဲ့ ပန်ဒရာဂွန်လက်ထောက်မြို့စားမလေး ဖရာလီတာကို မက်ဒါနာ ဘာပြောရမှန်းမသိတော့တာကြောင့် ပါးစပ်ထဲက လေပူတွေကို မှုတ်ထုတ်လိုက်မိလေရဲ့။
...
နောက်ဆုံးတော့ ညနေစောင်းသွားပြီဖြစ်ပြီး ဖရာလီတာနဲ့မက်ဒါနာက အယ်လိုဟင်မောင်းတဲ့ ကားထဲမှာထိုင်နေပြီ။ သူတို့ပြန်ဖို့ အသင့်ဖြစ်နေပြီဆိုပါတော့။ ဖရာလီတာကတော့ အကြီးကြီးတက်ကြွနေတဲ့ပုံပဲ။ သူ့ဖုန်းကာဗာမှာတော့ ကီးချိန်းတစ်ခုပိုနေပြီးအရုပ်ကောက်ရာကနေရလာတဲ့ ယုန်ရုပ်ကလေးပါ။ ပြောရရင် မက်ဒါနာရဲ့ဖုန်းမှာလည်း ပုံစံတူယုန်လေးရှိနေပါတယ်။
“ဒီနေ့နင်နဲ့ဆင်တူယုန်ရုပ်လေးရလာခဲ့တယ်။ ဒီလိုဒိတ်မျိုးကိုမှ ပြီးပြည့်စုံတဲ့ ဒိတ်လို့ခေါ်နိုင်တာ။” ဖရာလီတာက ပြုံးပြလိုက်တယ်။ မက်ဒါနာကတော့ ကားနောက်ခန်းမှာထည့်ထားတဲ့ ကီးချိန်းရုပ်အိတ်ကြီးကို ကြည့်ပြီး စိတ်ဓာတ်တွေကျနေလေရဲ့။ ဖရာလီတာက သူနဲ့ဆင်တူအရုပ်မရမချင်း ဆက်တိုက်ကောက်နေခဲ့တာလေ။