ထူးဆန်းသည့် နေရာ
Vol. 60 Ch. 887
“ မစ္စတာလင်း…. မင်း တကယ်ကြီး မြွေသား စားတော့မလို့လား…. ပြီးတော့ ဒီလောက် ကြီးတဲ့ မြွေကြီးကိုလေ…” ကင်မရာမန်းမှ ကြောက်ရွံ့တုန်ခါနေသည့် လေသံဖြင့် မေးလိုက်၏။
“ အင်း…. ကျုပ် နေ့တိုင်း စည်သွပ်ဘူးနဲ့ ဘီစကစ်ခြောက်တွေ စားရတာကို သေလုမတတ် ငြီးငွေ့နေပြီ…” လင်းရီ ပြောလိုက်ပြီး “ ဒီကျွန်းပေါ်မှာ မြွေတွေ တော်တော်လေးတော့များသား… မီဒူဆာ သက်လတ်ပိုင်းအရွယ်လောက်တုန်းက ဆံပင်တွေ တအားကျွတ်ခဲ့လို့များလား မသိဘူး….”
“ ဒါဆိုလည်း ခဏလောက်စောင့်ပေးဦး… ငါတို့ ခပ်လှမ်းလှမ်းက စောင့်နေမယ်…”
ကင်မရာမန်းမှ သူ အမှားကြီး တစ်ခု လုပ်မိလိုက်သကဲ့သို့ ခံစားနေရသည်။ ပရော်ဖက်ရှင်နယ် ကင်မရာသမားတို့အဖို့ ရိုက်ကူးနေစဉ် အတွင်း စကားပြောခြင်းကို တားမြစ်ထားကြသည်။ မဟုတ်ပါက ပရော်ဖက်ရှင်နယ် မဆန်သည့် အသွင် ပေါက်သွားစေနိုင်သည်။
သို့သော်လည်း လင်းရီလိုလူစားမျိုးနောက် လိုက်ရချိန်တွင်တော့ ပရော်ဖက်ရှင်နယ် ဆန်သည် မဆန်သည် ဂရုမပြုနိုင်တော့။ ကမ္ဘာပေါ်၌ အသက်ထက်ပို၍ အရေးကြီးသည့် အရာ မရှိတော့ချေ။
“ ကောင်းပြီလေ… ခင်များတို့ အားလုံး နောက်ဆုတ်ထားကြ.. ကျုပ် ကိုင်တွယ်လိုက်ဦးမယ်…”
“ ဒါပေါ့ ဒါပေါ့…”
လီဂျန်းနီ ၊ ဟွမ်ယွင်ဟန်နှင့် ကင်မရာမန်းတို့အားလုံး နောက်သို့ ဆုတ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ လင်းရီနှင့် အကွာအဝေး တစ်ခု ခြားထားလိုက်ကြ၏။
သို့သော်လည်း ကျောက်ရင်ညန်ကတော့ နေရာမှာတွင် ရပ်နေမြဲ ရပ်နေပြီး သစ်ပင်ပေါ်ရှိ မြွေကို သေချာလေး စူးစမ်းနေလေသည်။
“ ဘာလို့ ဒီမှာ ရပ်နေတာ…. မင်းကို လာကိုက်မှာ မကြောက်ဘူးလား….”
“ ရင်းနှီးနေသလားလို့…”
“ ရင်းနှီးနေတယ်လား…” လင်းရီ ကျောက်ရင်ညန်ကို ရှော့ခ်ရစွာ ကြည့်လိုက်ပြီး “ ရှောင်ချင်းလား… သစ်ပင်ပေါ်က မြွေက မြွေဖြူမရဲ့ ဒဏ္ဍာရီထဲက ပိုင်စူးကျိန်းနဲ့ တူတယ်လို့တော့ မပြောနဲ့နော်…”
“ အဲ့လို မဟုတ်ဘူး…. ဒီမြွေမျိုးစိတ်ကို အရင်က ရင်းရင်းနှီးနှီး မြင်ဖူးနေသလားလို့…”
“ ဟမ်… ဒီလို မြွေမျိုး မြင်ဖူးနေတယ်… animal world ထဲမှာလား..”
“ ဟီးဟီး… ပြောရမှာ ရှက်ပေမယ့် ကျွန်မက တက္ကသိုလ် ဇီဝဗေဒ ကျောင်းသူလေ… ဘွဲ့ရပြီးတော့ သရုပ်ဆောင်ဘက် ဝါသနာထုံတာနဲ့ သရုပ်ဆောင် ဖြစ်လာခဲ့တာ… ဒါကြောင့်မို့ ဒီလိုမျိုး မြွေမျိုးစိတ်ကို မြင်ဖူးသလိုရှိနေတာ… ကျွန်မအထင် တော်ဝင်စပါးအုံး(ball python ) လို့ ခေါ်တယ် ထင်တာပဲ.. သူတို့က အဆိပ်မရှိဘူး..”
“ သင်ထားခဲ့တာကို ပြန်ပြီး အသုံးချနိုင်တယ်ဆိုတော့ … မဆိုးဘူးပဲ…”
“ ဒါပေမယ့် သူက နည်းနည်းလေး ကြီးလွန်းနေသလားလို့… စာအုပ်ထဲ သင်ခဲ့ရတုန်းက သူတို့က ဒီလောက်ထိ မရှည်ကြဘူး…”
“ ဒီအကြောင်းတွေ နောက်မှ ပြောကြတာပေါ့…. ခုတော့ သွားပြီး မီးမွှေး ရေနွေးအိုးတည်ထားလိုက်…. ငါတို့ စွပ်ပြုတ်လုပ်စားကြမယ်…”
“ ကောင်းပြီလေ…” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ဒါပေမယ့် ရှင် ဒီမြွေကြီးကို ဘယ်လိုမျိုး အနိုင်ယူမလဲဆိုတာ ကျွန်မ သိချင်မိသား…. ဒီလိုမြွေမျိုးက တော်တော်လေးကို သန်မာတာ…. တကယ်လို့များ ပတ်မိလိုက်လို့ကတော့ ရှင့်ကို သေတဲ့အထိ ညစ်သတ်သွားမှာနော်…”
“ ဒါကတော့ ဘေးကနေ စောင့်ကြည့်နေပေါ့… ငါမင်းကို ဆရာကြီးတွေ မြွေ ဘယ်လို အမဲလိုက်လဲဆိုတာ သင်ပြပေးမယ်…”
ပြောပြီးနောက် လင်းရီ သူ့ခါးမှ စကေဘာကို ထုတ်ပြီး သစ်ပင်ပေါ်ရှိ စပါးအုံးကို တစ်ချက်ကြည့်လိုက်သည်။
နောက်တစ်က္ကန့်တွင်တော့ သူ ဓားပျံရှောင်လီ ကိုယ်ဟန်ဖြင့် မြွေ၏ ဦးခေါင်းမှ ခုနစ်လက်မအကွာ နှလုံးရှိရာ တည့်တည့်သို့ ဓားဖြင့်ပစ်ပေါက်လိုက်၏။
တော်ဝင်စပါးအုံးမှာ သစ်ပင်ပေါ်တွင် ရူးသွပ်စွာ တွန့်လွမ်နေပြီးနောက် မကြာမီ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ မြေပြင်သို့ ပြုတ်ကျလာခဲ့တော့သည်။
၎င်းကိုမြင်တော့ လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြသည်။ နည်းစနစ်ကြီးက အံ့ချီးမွမ်းဖွယ်ရာပင်။
“ ကဲ… ချက်ပြုတ်လိုက်ကြစို့…”
လီဂျန်းနီနှင့် ဟွမ်ယွင်ဟန်မှ သူတို့ကျောပိုးအိတ်ကိုယ်စီသို့ နှိုက်၍ အိုးသေးသေးလေးမျာကို ထုတ်ယူလိုက်ကြသည်။
ကျောက်ရင်ညန်ကတော့ မြွေကြီးထံ လျှောက်လာပြီး လာစပ်စုနေတော့သည်။ သို့သော်လည်း နှစ်မီတာ အကွာလောက်မှ စပ်စုနေသည်ကို ကြည့်ခြင်းအားဖြင့် သူမ ကြောက်နေသေးဆဲဖြစ်ကြောင်း မြင်သာနိုင်လေသည်။
“ ပြောတော့ ထူးဆန်းတယ်ဆို… ဘယ်လိုမျိုးထူးဆန်းတာ…. မျိုးကွဲမျိုးစိတ်ကော မဖြစ်နိုင်ဘူးလား..”
“ အရွယ်အစားက နည်းနည်းတော့ကြီးတယ်..” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ပြဌာန်း စာအုပ်တွေ အရဆို ဒီလိုမြွေမျိုးက ၁.၈ မီတာလောက်ပဲ ရှည်တာ… ဒါပေမယ့် ရှေ့က အကောင်ကြီးကျ နှစ်မီတာတောင် ကျော်တယ်…” ကျောက်ရင်ညန် ပြောပြီးနောက် တခစ်ခစ်ရယ်သွမ်းလိုက်ကာ “ ကျွန်မကတော့ မစားသင့်ဘူးလို့ ထင်တာပဲ.. ပြန်ယူသွားပြီးတော့ တက္ကသိုလ် ဇီဝဗေဒ ဌာနကို လေ့လာဖို့ ယူသွားပေးသင့်တယ်..”
“ အိုး…” ကျောက်ရင်ညန်၏ စကားလုံးများက လင်းရီကို အကြံတစ်ခု ရသွားစေခဲ့၏။ သူ မြွေအနားသွား၍ တိုင်းကြည့်လိုက်တော့ အမှန်ပင်၂.၁ မီတာကျော်အထိ ရှည်လျားနေလေသည်။
ရေမြေပတ်ဝန်းကျင်က ကောင်းမွန်ပြီး ရှင်သန်ကြီးထွားခွင့်ပြုထားလျှင်တောင် ဤမျှ ကြီးမားနေသည်ကတော့ တော်တော်လေး သံသယဖြစ်ဖို့ ကောင်း၏။
ထို့ပြင် သုံးရက်တာ တောအုပ်ထဲ ခရီးဆက်ခဲ့ပြီးနောက် လင်းရီ သူ ကိစ္စအများအပြားကို လျစ်လျူရှုထားမိကြောင်း သတိမူမိသွားခဲ့သည်။
မြွေများ၊ အင်းစက်များ၊ ကြွက်များနှင့် တောအုပ်ထဲရှိ ပုရွက်ဆိတ်များပင် သိသိသာသာ ကြီးမားနေခဲ့ကြသည်။
ဤသည်က ဂေဟစနစ် ကောင်းမွန်မှုနှင့် ဆက်စပ်နေသော်လည်း အခြားသော အကြောင်းအရင်းများကလည်း ယခုလို ရလဒ်များကို ဖြစ်ပေါ်လာစေသည်။
ယင်းက အောက်ဆီဂျင် ပမာဏပင်။ လေထဲ၌ အောက်ဆီဂျင် ပါဝင်မှု မြင့်မားခြင်းက သက်ရှိများ၏ ကိုယ်အင်္ဂါအစိတ်အပိုင်းမျာကို ပို၍ ကြီးထွားစေကြောင်း သိပ္ပံပညာရှင်များကလည်း အချက်အလက်များနှင့်တကွ သက်သေပြခဲ့ပြီးဖြစ်၏။ ယခု ကျွန်းစုကလည်း ထိုသို့ ဖြစ်နေသည့်ဟန်ပင်။
“ ရှင် ဘာတွေ စဉ်းစားနေတာ…”ကျောက်ရင်ညန် အနားရောက်လာပြီး မေးမြန်းလိုက်၏။
“ ဘာမှ မဟုတ်ပါဘူးကွာ…” လင်းရီ ခေါင်းခါရမ်းလိုက်ပြီး မြွေကြီးကို အမဲဖြတ်ရန် ဟန်ပြင်တော့သည်။
လင်းရီ၏ စကေးကတော့ စင်းလုံးချော အပြစ်ဆိုဖွယ်ရာပင် မရှိချေ။ တခဏအတွင်း မြွေအရေခွံကို သပ်ရပ်စွာ ချွတ်လိုက်ပြီ လတ်ဆတ်သည့် အသားကို ခွာယူလိုက်၏။
“ ရှင့်လက်တွေက မမြန်လွန်းဘူးလား… ရှင်အရင်က မြွေတွေ အများကြီး ကိုင်ဖူးတယ် … ဟုတ်တယ်ဟုတ်…”
ကျောက်ရင်ညန်သာမက လီဂျန်းနီ၊ ဟွမ်ယွင်ဟန်နှင့် ကင်မရာမန်းတို့လည်း တူညီသော အတွေးများ ဖြစ်ပေါ်နေကြသည်။
သာမန်လူ၌ ယခုလို သပ်ရပ်ပြီး ထိရောက်သည့် နည်းလမ်းမျိုး ရှိနေလိမ့်မည် မဟုတ်ချေ။
“ အရင်က မြွေတွေတော့ မကိုင်ခဲ့ဖူးဘူး.. ဒါပေမယ့် ဒီလိုမျိုး တူညီတဲ့ အလုပ်တော့ လုပ်ဖူးတယ်…”
“ သားသတ်ရုံမှာ ဝက်တွေ ကိုင်ခဲ့ဖူးတာမျိုးလား…”
“ ငါ ဟွာရှန်းဆေးရုံရဲ့ နှလုံးအထူးကု ဌာနမှာ ဒါရိုက်တာ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်လေ… တစ်နေ့ကို လူနာနှစ်ယောက်လောက် ခွဲစိတ်ပြီး အလောင်းတွေတောင် ကိုင်တွယ်ဖူးတယ်.. မြွေလေးတစ်ကောင် သတ်တာလောက်ကတော့ ဘာပေါက်…”
“ ဒါဆို ရှင်.... ရှင်က ဟွာရှန်းဆေးရုံရဲ့ ခွဲစိတ်ဆရာဝန်ပေါ့…”
လင်းရီ၏ အထောက်အထားကို သိရှိပြီးနောက် လူတိုင်း ကြက်သေသေသွားခဲ့ကြတော့၏။
ဟွာရှန်းဆေးရုံသည်ကား ဟွာရှ၌ နာမည်ကြီး ဆေးရုံတစ်ခု ဖြစ်ပြီး ထိုကဲ့သို့သော နေရာမျိုး၌ ဌာနဒါရိုက်တာ ဖြစ်လာရန်က မလွယ်ကူသည်မှာ သဘာဝပင်။
“ ဘာတွေ အထူးအဆန်းလုပ်နေတာ…. မသိရင် ကမ္ဘာကြီးကို မမြင်ဖူးသေးတဲ့ အတိုင်းပဲ..”
“ ဘာလို့လဲဆိုတော့ ရှင့်ရဲ့ လက်ရှိအနေအထားနဲ့က မိုးနဲ့မြေလောက် ကွာနေလို့လေ…. နည်းနည်းလေးတော့ မယုံကြည်ချင်စရာပဲ….”
“ တကယ်လို့ ငါအရင်က DIDI ဒရိုင်ဘာလုပ်ခဲ့ဖူးတယ်လို့ ပြောရင် မင်းတို့ ပိုလို့တောင် ယုံကြည်နိုင်မှာ မဟုတ်ဘူး..”
“ အာ…. တကယ်လည်း မယုံပါဘူး..”
“ ဒါဆို ဆက်မပြောနဲ့တော့… မြန်မြန် ချက်ဖို့ ပြင်ဆင်…. နောက်ဆုံးတော့ အသားစားရတော့မယ်…”
ပြောပြီးနောက် လင်းရီ မြွေအရေခွံကို သူ့အိတ်ထဲ ထည့်လိုက်၏။
“ မြွေအရေခွံက ဘာအသုံးမှ မဝင်ဘူး ဟုတ်တယ်မလား… နေရာလည်းအများကြီး ယူသေးတယ်..”
“ အင်း… ငါပြန်ရောက်ရင် ငါ့ကောင်မလေးကို မြွေသားရေနဲ့ လက်ဆွဲအိတ် လုပ်ပေးမလို့လေ… ဒါတွေ အကုန်လုံးက သဘာဝ စစ်စစ်တွေ…”
လီဂျန်းနီ “ …. “
ကျောက်ရင်ညန် “ …. “
ဘယ်လိုတောင် ထူးဆန်းတဲ့ စိတ်ကူးလဲ….
“ မြေပုံ တစ်ချက်လောက်… ငါတို့ ရေတွေရှိတဲ့ နေရာကိုရောက်ဖို့ ဘယ်လောက် လိုသေးလဲ… “
“ နှစ်ရက် ကျော်ကျော်လောက် လိုသေးတယ်…” လီဂျန်းနီ ပြန်ဖြေလိုက်သည်။
ကင်မရာမန်း ခြေထောက် တုန်ခါသွားခဲ့ပြီး “ မစ္စတာလင်း… မင်း တကယ်ကြီး အဲ့ကို သွားမလို့လား..”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ မိကျောင်းသတ်ပြီး ကောင်မလေးအတွက် မိကျောင်းသားရေ အိတ် လုပ်ပေးမလို့လေ….”
လီဂျန်းနီ “ ……. “
ကျောက်ရင်ညန် “…. “
“ နေဦး… မင်းတို့ကောင်တွေ အဲ့တာ ဘာလဲလုပ်နေကြတာ…”
“ စွပ်ပြုတ်လုပ်မလို့လေ…” လီဂျန်းနီ ပြန်ပြောလိုက်၏။
“ နေဦး…. အကုန်လုံး ပြုတ်လိုက်ရင် ဖြုန်းတီးရာ ကျတာပေါ့… “
“ ငါလာမယ်… ဘေးဖယ်နေ..” လင်းရီ ပြောလိုက်သည်။
“ ရှင့်လို ယောက်ျားကြီးက ချက်တတ် ပြုတ်တတ်တယ်ပေါ့..”
“ အင်း… အရင်က စားသောက်ဆိုင် ဖွင့်ဖူးတယ်ဆိုတော့ မြွေသားချက်ရမှာ ပြဿနာ မရှိဘူး…”
ကျောက်ရင်ညန်နှင့် ကျန်သူများအားလုံး ဘာပြောရမှန်း မသိလောက်အောင် အာစေးမိသွားကြတော့၏။
သူက DIDI လည်း မောင်းဖူးပြီး စားသောက်ဆိုင်လည်း ဖွင့်ဖူးတယ်…. နောက်ပြီး ဟွာရှန်းဆေးရုံရဲ့ ဌာန ဒါရိုက်တာ တစ်ယောက်လည်း ဟုတ်သေးတယ်…
‘ သူ မလုပ်တတ်တာ ဘာရှိသေးလဲ…’
နာရီဝက်ကြာပြီးနောက် မြွေသားစွပ်ပြုတ် ရနံ့ သင်းသင်းလေး ထွက်ပေါ်လာပြီး သုံးဆောင်ရန် အဆင်သင့်ဖြစ်သွားခဲ့တော့၏။
ကျောက်ရင်ညန်နှင့် ကျန်သူများမှာ ဂလု ဂလု ဖြစ်နေပြီး အလျင်အမြန် တစ်လုတ်မြည်းကြည့်ရင်း မျက်လုံးများ တဖျတ်ဖျတ် လင်းလက်လာခဲ့ကြသည်။
“ အရမ်း အရသာရှိလွန်းတယ်…”
“ ငါ့လက်ရာ ဘယ်လိုနေလဲ…”
“ အရမ်းကောင်း… ဂွတ်…”
အစားအသောက် အဆင်သင့်ဖြစ်သည်နှင့် လူတိုင်းက ရှက်ရွံချင်းမရှိ အသားကုန်စားကြတော့သည်။ ကင်မရာမန်းလည်း အစပိုင်း နည်းနည်းပါးပါး ရိုက်ကူးပြီးနောက် လင်းရီတို့နှင့်အတူ စွပ်ပြုတ်ကို မြည်းစမ်းကြည့်လေသည်။
မြည်းစမ်းကြည့်ပြီးနောက် လင်းရီ၏ ဟင်းချက်လက်ရာကို ချီးမွမ်းထောမနာပြု၍ မကုန်နိုင်အောင် ဖြစ်နေတော့သည်။
စားသောက်ပြီးနောက် တစ်ချို့မှာ လုံးဝ မရွေ့တော့ပဲ တဲထဲ၌သာနေ၍ အနားယူရန် ပြင်ဆင်လေသည်။
ကျောက်ရင်ညန်ကတော့ လီဂျန်းနီနှင့် အတူ ရှိနေပြီး လင်းရီနှင့် ကျန်အမျိုးသား နှစ်ယောက်ကတော့ မိန်းကလေးနှစ်ဦး၏ တဲကို ဝန်းရံကာ ကာကွယ်ထားပေးကြသည်။
ရှေ့ နှစ်ရက်ဆက် ခရီးတွင်တော့ မည်သည့်ထူးထူးခြားခြား အန္တရာယ် တစ်စုံတစ်ရာနှင့်မျှ မတွေ့ကြုံခဲ့ကြချေ။
ကျောက်ရင်ညန်ကဲ့သို့ မိန်းကလေးသည်ပင် ပတ်ဝန်းကျင်နှင့် နေသားကျကာ အကောင်မြင်တိုင်း ထအော်မနေတော့ချေ။
အခြေအနေများက အနည်းငယ် ကြမ်းတမ်းသည်ဟု ထင်ရသော်လည်း အသက်အန္တရာယ်ပြုနိုင်လောက်သည့် ဒုက္ခများတော့ သိပ်မရှိကြပေ။
မည်သို့ဆိုစေကာမူ အစီအစဉ်၏ နာမည်ကိုယ်၌က တောတွင်းရှင်သန်ခြင်း ဖြစ်ပြီး တောတွင်းကျားသစ် ဖိုက်တာ မဟုတ်ချေ။ ထို့ကြောင့် တောတွင်းရှိ သားရဲများအား ဆန့်ကျင်နေစရာ မလိုပေ။
ထို့ပြင် ကျောက်ရင်ညန်မှ ရှိုးပွဲ၏ စစ်မှန်သည့် ရည်ရွယ်ချက်ကို သတိမူမိပြီးဖြစ်၏။
ယင်းက reality show တစ်ခုမျှသာဖြစ်ပြီး တောတွင်း ရှင်သန်ခြင်း၏ စစ်မှန်သည့် အနှစ်သာရကို ဖော်ပြရန်ဖြစ်သော်လည်း လူတိုင်း၏ လုံခြုံရေးက ပထမ ဦးစားပေးဖြစ်၏။ အကယ်၍ တစ်ခုခု ဖြစ်ပျက်လာပြီဆိုပါက ကျိုးဟိုင် TV ဌာနရှိ ခေါင်းဆောင်များအားလုံး ဖြုတ်ချခံရနိုင်သည်။
ထို့ကြောင့် သူမ၏ လုံခြုံရေးနှင့်စပ်လျဉ်း၍ကတော့ စိတ်ပူမနေတော့ချေ။
“ ရှေ့ကို ငါတို့ ဆက်သွားရင် ရေတွေရှိတဲ့ နေရာကို ရောက်တော့မယ်.... ငါတို့ ဆက်မလိုက်ပေးနိုင်တော့ဘူး..”လီဂျန်းနီမှ သတိထားသည့် လေသံဖြင့် ပြောလိုက်၏။