စိတ်ဓာတ်ရေးရာ မြင့်တင်ခြင်း
Vol. 60 Ch. 888
“ ဒီလို အချိန်မျိုးကို စောင့်နေတာ…”
ပြောပြီးနောက် လင်းရီ ကင်မရာမန်းဘက်သို့ လှည့်လိုက်ပြီး “ ငါ့အစ်ကို… ခင်များ အရင်က ဒီနေရာကို ရောက်ဖူးတယ်ဆိုတော့ ဒီမှာ မိကျောင်းတွေ ဘာတွေ ရှိတယ်မလား…”
“ အင်း… ရှိတာပေါ့…”
“ ဘယ်နှစ်ကောင်လောက်ရှိလဲ… များလား..”
“ ဟမ်…. မင်းက အိတ်လုပ်ချင်နေတာမလား…. တစ်ကောင်ဆို လောက်ရောပေါ့ မဟုတ်ဘူးလား…”
“ ပြောရမှာ အားနာပေမယ့် ကျုပ်လိုမျိုး ထူးချွန်တဲ့ ယောက်ျားတစ်ယောက်က တစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ပြီး လုံလောက်မှာ…. ကျုပ် လေးခုလိုတယ်ဗျ…”
ဟွမ်ယွင်ဟန် “ …. “
ကင်မရာမန်း “ … “
အထင်ကြီးစရာပဲ..
“ အစ်ကိုရီ… ရှင်ဘာတွေ လျှောက်ပြောနေတာ… ကင်မရာက မှတ်တမ်းယူနေတယ်လေ…”
ပြောပြီးနောက် ကျောက်ရင်ညန် ကင်မရာမန်းဘက်သို့ လှည့်ကာ “ ကင်မရာ အစ်ကိုကြီး… ဒီ အပိုင်းကို ဖျက်လိုက်နော်…”
“ အင်း အင်း… ဟုတ်ပါပြီ….” ကင်မရာမန်းမှ ချွေးအေးများကို သုတ်ရင်း ပြောလိုက်၏။ သို့တိုင်အောင် သူ မနာလို မဖြစ်ပဲတော့ မနေနိုင်ချေ။
“ မစ္စတာလင်း… နင် တကယ်ကြီး ရေထဲက လျှောက်သွားတော့မလို့လား.. ကျွန်မတို့ ဆွေးနွေးစရာ အခန်း ကဏ္ဍမရှိတော့ဘူးလား…” လီဂျန်းနီ မေးမြန်းလိုက်၏။
“ သွားပြီး ကြည့်ကြည့်ဖို့ ပြင်ဆင်ထားပြီးသွားပြီ..”
“ ဒါဆိုလည်း ဒီမှာတင် လမ်းခွဲရုံပေါ့..” လီဂျန်းနီ ပြောလိုက်ပြီး “ ကျွန်မတို့ဘက်ကတော့ ရှင့်ကို ဒီခရီးမှာ အဖော်မပြုပေးနိုင်တော့ဘူး… နောက်ပိုင်း ပြန်တွေ့နိုင်ဖို့ မျှော်လင့်ပါတယ်..”
လင်းရီ ခေါင်းညိမ့်ပြီး ကျောက်ရင်ညန်ကို ကြည့်လိုက်၏။
“ သူတို့နောက် လိုက်သွား… မင်း ဆက်မလိုက်နိုင်တော့ဘူးထင်ရင် နှုတ်ထွက်လိုက်…. ခေါင်းမမာနဲ့…”
“ အာ…. သူတို့နောက်လိုက်ရမှာလား..” ကင်မရာမန်းမှ တုန်ယင်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။
သူ၏လေသံက ထင်မှတ်မထားသောကြောင့် ပျော်ရွှင်ပြီး တုန်ခါနေဟန်ပင်။
“ ခင်များကတော့ ဘယ်ရမှာ… ကျုပ်ရဲ့ ပြိုင်ဘက်ကင်းပြီး သူရဲကောင်းဆန်တဲ့ ပုံရိပ်ကို ရိုက်ကူးဖို့ ရှိသေးတယ်လေ…. ကျုပ် ပေါ်ပြူလာ ဖြစ်မဖြစ်က ခင်များလက်ထဲမှာ… အားကိုးမယ်နော်…”
ကင်မရာမန်း “ ….. “
ကျောက်ရင်ညန် လင်းရီကို ကြည့်လိုက်၏။ ထို့နောက် ဟွမ်ယွင်ဟန်ကို ကြည့်လိုက်ပြီး “ ကျွန်မ ရှင့်နောက် လိုက်ချင်နေသေးတုန်းပဲ…”
“ အမ်… ဘာလို့လိုက်ခဲ့မှာ… မင်း မိကျောင်းကြီးတွေ အစားခံရမှာကို မကြောက်ဘူးလား…”
“ ဖြစ်နိုင်ချေက အဲ့လောက်လည်း မရှိပါဘူး… tv ဌာနက လူတွေက ကျွန်မတို့ကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားပေးမှာပဲလေ…”ကျောက်ရင်ညန် ပြောလိုက်ပြီး “ နောက်ပြီး ရှင်က အရမ်းလည်းချောတယ်… မိန်းကလေးတွေလည်း အများကြီးနဲ့ ဆိုတော့ ကိုယ့်အသက်ကို အဆုံးရှုံး.. အဟွတ် အဟွတ် အဟွတ်…. ကင်မရာ အစ်ကိုကြီး .. ဒီအခန်းကိုလည်း ဖျက်ပစ်လိုက်….”
“ လိုက်ချင်သပဆိုလည်း လိုက်လှည့်…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ရှင်းအောင် တစ်ခုတော့ ပြောထားလိုက်မယ်… တကယ်လို့ မင်း ဆက်လိုက်လို့ မဖြစ်နိုင်တော့ဘူးလို့ ငါခံစားရရင် မင်း ဘာ အတွန့်မှ မတက်ပဲနဲ့ နှုတ်ထွက်ရမယ်.. နားလည်တယ်မလား…”
“ ပြဿနာ မရှိဘူး…” ကျောက်ရင်ညန် မြဲမြံသည့် လေသံဖြင့် ပြောလိုက်၏။
လင်းရီ ခေါင်းညိမ့်၍ လီဂျန်းနီကို ကြည့်ကာ “ ဒီမှာပဲ လမ်းခွဲကြတာပေါ့…. နောက်မှ ပြန်ဆုံကြမယ်…”
“ ကောင်းပြီလေ…” လီဂျန်းနီ ရှေ့သို့ တိုး၍ လင်းရီကို ပွေ့ဖက်လိုက်သည်။
ဟွမ်ယွင်ဟန်လည်း ထို့အတူပင်။
သူတို့နှစ်ဦးကြားရှိ မပြေလည်မှုများမှာလည်း အချိန်အတော်ကြာကတည်းက ဖြေရှင်းပြီး ဖြစ်ကာ မခွဲခွာခင် အချိန်၌ပင် ၎င်းဘက်က ရှုံ့မဲ့နေသည့် မျက်နှာထားဖြင့် သူ၏ တောင်းပန်မှုကို ဖော်ပြလာခဲ့သေးသည်။
လင်းရီကလည်း သဘောထားသေးသိမ်သူ မဟုတ်သောကြောင့် စိတ်ထဲ ထားမနေချေ။
ထို့နောက် ကျောက်ရင်ညန်နှင့် ပွေ့ဖက် နှုတ်ဆက်ကာ အုပ်စုနှစ်ခုမှာ အတွေးကိုယ်စီဖြင့် လမ်းကိုယ်စီသို့ ဦးတည်လိုက်ကြသည်။
လင်းရီ ယခုလို ရေထဲမှ ဖြတ်လျှောက်ရခြင်း၏ အကြီးမားဆုံး အကြောင်းပြချက်ကတော့ သူ့ဘက်က အချိန်အများအပြား ချွေတာနိုင်ရန်ပင်။
မြေပုံအရတော့ အကယ်၍ သူသာ ယခု ဧရိယာမှ ဖြတ်သန်းသွားမည်ဆိုပါက အနည်းဆုံး သုံးရက် ချွေတာနိုင်ပေမည်။ ခြုံကြည့်မည် ဆိုပါက သုံးရက်မှာ မနည်းပါးသည့် ပမာဏတစ်ခုဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ယှဉ်ပြိုင်သူများကြားထဲ၌ ကျွမ်းကျင်သူ အမြောက်အများ ပါဝင်နေပြီး တစ်ချို့ဆို သူ့ထက်ပင် ပို၍ လျင်မြန်နေနိုင်သေးသည်။ ထို့ကြောင့် သူ့ဘက်က တတ်နိုင်သမျှ အကွာအဝေးကို လျော့ချရမည်ဖြစ်၏။
လီဂျန်းနီတွင်လည်း လင်းရီနှင့် လမ်းခွဲရခြင်းအတွက် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိသည်။
လက်တွေ့တွင်တော့ သူမ အစတုန်းကတည်းကရင် ဤနေရာသို့ ရှိုးပွဲအတွက် ရောက်လာခဲ့ခြင်း မဟုတ်ပဲ ကျွန်းရှိ အခြေအနေများကို လေ့လာစူးစမ်းရန်ပင်။
လွန်ခဲ့သည့် ရက်များအတွင်း၌ သူမ အသင်း၏ အခြေအနေကို သုံးသပ်ကြည့်ခဲ့ပြီး လင်းရီ၏ အစွမ်းအစအပြင် သူမနှင့် ဟွမ်ယွင်ဟန်တို့ ပူးပေါင်းလိုက်မည်ဆိုပါက ပန်းတိုင်သို့ လွယ်လင့်တကူ ရောက်ရှိနိုင်သည်။
သို့သော်လည်း သူမ လင်းရီကို သူမ၏ စစ်မှန်သည့် ရည်ရွယ်ချက်အား ပေးသိလိုက်၍ မဖြစ်ချေ။ ထို့ကြောင့် တစ်ယောက် တစ်လမ်းစီ သွားသည်က ကောင်းမွန်သည့် ရွေးချယ်မှုဖြစ်၏။
ခွဲခွာပြီးနောက် လင်းရီနှင့် ကျန်နှစ်ယောက်မှ ရေတိမ်ပိုင်း ဧရိယာသို့ ဦးတည်လာခဲ့ကြသည်။ သို့သော်လည်း သူတို့နှင့် ပေငါးဆယ်လောက် အကွာတွင် အိုဝန်နှင့် ဂျုံးစ်မှ ခေါင်းပြူထွက်လာ၍ “ အဲ့ကောင်က တော်တော်လေးတော့ သတ္တိကောင်းသား… အဲ့ဒီနေရာမှာ မိကျောင်းတွေ ရှိတယ်ဆိုတာ သူ မသိဘူးလား မသိဘူး..”
“ ထုတ်လုပ်ရေး အသင်းက စိတ်ဝင်စားဖို့ ကောင်းတာလေးတွေ ဖန်တီးချင်လို့ သူ့ကို တမင်သပ်သပ် တောင်းဆိုထားတာလည်း ဖြစ်နိုင်တာပဲလေ…” ဂျုံးစ်မှ ပြောလိုက်သည်။
“ ဘာပဲဖြစ်ဖြစ် ခုလို ဖြစ်သွားတော့လည်း ပိုကောင်းတာပေါ့… “ အိုဝန် ပြောလိုက်ပြီး “ သူတို့ ဒီနေရာကနေ ထွက်ဖို့ဆို အနည်းဆုံး တစ်ရက် အချိန်ပေးရမှာ… ပြီးတော့ ရေတိမ်ပိုင်း ဧရိယာရဲ့ မြေပြင်အနေအထားက ရှုပ်ထွေးတယ်… ဆိုတော့ ငါတို့အတွက် လှုပ်ရှားဖို့ အခွင့်ရေးကောင်းပဲ….”
“ မင်း အစီအစဉ်ဆွဲလိုက်… ငါ အကောင်အထည်ဖော်မယ်…”
“ အိုကေ…”
အစီအစဉ် ချမှတ်ပြီးနောက် နှစ်ယောက်သား တောအုပ်ကြီးထဲသို့ ဝင်၍ ပျောက်ကွယ်သွားခဲ့ကြပြန်သည်။
တစ်ချိန်တည်းတွင် လင်းရီနှင့် ကျန်နှစ်ယောက်ကလည်း ရေထဲသို့ ခြေချပြီးဖြစ်၏။
အစွန်အဖျားပိုင်း၌ ထုတ်လုပ်ရေးပိုင်းမှ အန္တရာယ်များကို တတ်နိုင်သလောက် ရှောင်ရှားနိုင်ရန် အလို့ငှာ သံဆူးကြိုး အနည်းအကျဉ်းလောက်ဖြင့် ကာရံ၍ သတိပေးထားသည်။ သို့သော်လည်း ယင်းက လင်းရီအပေါ်တော့ သက်ရောက်မှု မရှိပေ။
“ မစ္စတာလင်း… ဒါရိုက်တာရန်က မင်းနဲ့ ပြောစရာရှိလို့တဲ့.. “ ကင်မရာမန်းမှ နားကြပ်တစ်ခုကို ကမ်းရင်း ပြောလိုက်သည်။
လင်းရီ နားကြပ်တပ်လိုက်ရင်း “ ဘာကိစ္စလဲ..”
“ နင် တကယ်ကြီး အဲ့လမ်းကနေ သွားတော့မယ်ပေါ့…”
“ အင်း… ပြောစရာရှိလို့လား…”
“ ငါတို့ အရင်က အဲ့ဒီ နေရာကို စူးစမ်းခဲ့ပြီးပြီ… တော်တော်လေးကို အန္တရာယ်များတယ်.. ဖြစ်နိုင်မယ်ဆို နင် တခြားလမ်းကနေ သွားပါလားဟင်…”
“ ရိုးရှင်းတဲ့ တောတွင်းရှင်သန်ခြင်းက အရမ်းပျင်းဖို့ ကောင်းတယ်..” လင်းရီ ပြောလိုက်ပြီး “ ရှေးခေတ်တွေမှာ ဝူစုန်းက ကျားရဲတစ်ကောင်နဲ့ သတ်ပုတ်ခဲ့တယ်.. ဒီနေ့ ငါက မိကျောင်းတစ်ကောင်ကို လက်ဗလာနဲ့ သတ်ဖြတ်ပြမယ်…. တကယ်လို့ အဲ့ဒီ အပိုင်းသာ TV ပေါ် ထုတ်လွင့်လိုက်မယ်ဆို သေချာပေါက် ပေါက်ကွဲထွက်သွားမှာပဲ..”
“ ငါ rating ကောင်းတာတွေ မလိုချင်ဘူး… နင် အဆင်ပြေတာပဲ လိုချင်တယ်…”
“ စိုးရိမ်မနေနဲ့…. အဆင်ပြေမှာပါ…. ရှိုးပွဲ နာမည်ကြီးလာတဲ့ အချိန်ကျ မင်းလည်း ဌာန ဒါရိုက်တာ ရာထူး တိုးခံရလိမ့်မယ်…” လင်းရီ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း “ အဲ့ခါကျ ရေမိုးချိုးပြီး ငါ့ကို စောင့်နေပေါ့…”
ကင်မရာမန်း “ ….. “
ဒါရိုက်တာရန်တောင် ဆွဲဆောင်ခံလိုက်ရတယ်လားဟ….
ကျောက်ရင်ညန် “ ကင်မရာ အစ်ကိုကြီး … ဒီအပိုင်းကိုလည် မရိုက်နဲ့နော်….”
ကင်မရာမန်းကတော့ ငိုလုငိုခင် ဖြစ်နေတော့သည်။
တခြား အပိုင်းတွေကလည်း ဆဲရေးတိုင်းထွာတာနဲ့ ရန်ဖြစ်တာတွေချည်းပဲ… ထုတ်လွင့်ရင် ပြစရာ အခန်းကို သိပ်မရှိတာ…
ရန်စီနှင့် စကားခဏ ပြောပြီးနောက် လင်းရီ နားကြပ်ကို ကင်မရာမန်းထံ ပြန်ကမ်းပေးလိုက်ပြီး “ ဆက်သွားကြတာပေါ့…"
ကျောက်ရင်ညန်နှင့် ကင်မရာမန်းမှ စိတ်ကို ပြန်လည် စုစည်းပြီးနောက် လင်းရီနှင့်အတူ ထွက်ခွာရန် ဟန်ပြင်လေသည်။
“ အစ်ကိုရီ… ရှင် ဒီလမ်းကနေ သွားဖို့ပဲ ခေါင်းမာနေတာ အကောင်တွေ အမဲလိုက်ချင်ရုံလောက်ပဲလား..” ကျောက်ရင်ညန် သူ့ဘေးမှ လိုက်လာရင်း မေးမြန်းလိုက်၏။
“ အဲ့တာကလည်း တစ်စိတ်တစ်ပိုင်းပေါ့… ပြီးတော့ အချိန်လည်း ချွေတာနိုင်မယ်.. တောင်ထိပ်ကို အတိုဆုံးလမ်းနဲ့ရောက်ပြီး ဟွာရှအလံကို အမြန်ဆုံး လွင့်ထူနိုင်မယ်လေ…”
လင်းရီ မှန်သော စကားများကို ဆိုနေခြင်းပင်။ ယင်းက သူ၏ အဓိက ရည်ရွယ်ချက်ဖြစ်၏။
သို့သော်လည်း အဆုံးသတ်နားပိုင်းလေးတွင်တော့ သူ့ဘက်က ခံစားချက်ကို တစ်မျိုးတစ်မည် ဖြစ်သွားစေရန် စိတ်ဓာတ်ရေးရာ မြင့်တင်မှု စကားလုံး အနည်းငယ်လောက် ပြောဆိုလိုက်၏။
သို့မှသာ TV ပေါ် လွင့်သည့် အချိန်၌ အားပေးထောက်ခံသူ အများအပြား ရှိလာပေမည်။
“ မင်းကျတော့ကကော… ဘာလို့ ငါ့နောက်ပဲ လိုက်ချင်နေရတာ..” လင်းရီ ပြောလိုက်ပြီး “ မင်းကို လမ်းတစ်ဝက်လောက်မှာတင် ပစ်ထားခဲ့ချင် ပစ်ထားခဲ့မှာနော်…”
“ အဆင်ပြေတယ်…. ကျွန်မ ကိုယ့် အတိုင်းအတာကို သိပြီးသားပါ …” ကျောက်ရင်ညန် တည်ငြိမ်စွာဖြင့် ပြောဆိုလိုက်ပြီး “ တကယ်တမ်းကျတော့ ဒီနေရာထိ ရောက်လာတာနဲ့တင် ကိုယ့်ကိုယ်ကို အရမ်းကျေနပ်နေပြီ…. ဒါပေမယ့် ပိုပြီး ခပ်ဝေးဝေး ထပ်သွားချင်သေးလို့… အခွင့်အရေးတိုင်းက တိုက်ခိုက်ပြီး ရယူရတာမလား… ကျွန်မလည်း အနုပညာနယ်ပယ်ထဲမှာ အတော်ဆုံး မင်းသမီးတစ်လက် ဖြစ်ချင်တယ်လေ… ဒါကြောင့်မို့ တိုက်ခိုက်ရမှာပဲ…”
ကင်မရာမန်းမှာတော့ အကြိမ်ကြိမ် သက်ပြင်းချမိလိုက်သည်။
ဟင်း … ငါကသာ တစ်နေ့ ယွမ် ၂၀၀ လောက်ရဖို့နဲ့ ဒီထဲ စွန့်စားပြီး ၀င်ရမှာ.... သူတို့ကျတော့ ကြီးမားတဲ့ အိပ်မက်ကိုယ်စီနဲ့ပါလား ….