← Chapters

ထူးဆန်းသည့် ဖြစ်စဉ်

Vol. 60 Ch. 889

ထူးဆန်းသည့် ဖြစ်စဉ်

Vol. 60 Ch. 889

“ ဒါဆိုလည်း ငါ တတ်နိုင်သလောက် အတူခေါ်သွားပေးမယ်… ဘယ်လောက်ထိ လိုက်နိုင်သလဲဆိုတာတော့ မင်း အပေါ်မှာ မူတည်သွားပြီ…”

“ အွန်း အွန်း… ကျေးဇူးနော်… ကျွန်မ ရှင့်ကို ၀န်ထုပ်၀န်ပိုး မဖြစ်စေရပါဘူး …”

နှစ်နာရီခန့် ဆက်တိုက် လမ်းလျှောက်ပြီးနောက် လင်းရီ အလိုလိုရပ်တန့်လိုက်မိသည်။

ထို့နောက် ပတ်ဝန်းကျင်ကို သတိဖြင့် ၁၈၀ ဒီဂရီ လှည့်ပတ်ကြည့်ရှုလိုက်၏။

သူ၏ ထက်ရှသည့် အနံ့ခံ အာရုံက လေထုထဲတွင် သွေးအနံ့အသက်များ ရရှိနေကြောင်း ပြောပြနေလေသည်။

လင်းရီ သူ့ကိုယ်သူ အန္တရာယ်များသည့် ဇုန်အတွင်းသို့ ရောက်ရှိလာပြီဖြစ်ကြောင်း တပ်အပ်သိလိုက်၏။ မဟုတ်ပါက သွေးရနံ့များမှာ ထိုမျှ ပြင်းထန်နေလိမ့်မည် မဟုတ်ချေ။

“ နောက်သွားပြီး ကင်မရာမန်းနဲ့ အတူနေလိုက်… ငါ အရှေ့ကနေပြီး မင်းတို့အတွက် လမ်းဖောက်ပေးမယ်… လျှောက်မသွားနဲ့… ငါ့ ခြေရာအတိုင်း လိုက်နင်း….. ဆယ်မီတာ အကွာလောက်ကနေ လိုက်ခဲ့…” လင်းရီ ပြင်းထန်စွာ သတိကပ်ထားသည့် လေသံဖြင့် ပြောလိုက်သည်။

“ ပြီးတော့ တစ်ခုခုဆို ငါ့ဆီ ပြေးလာခဲ့..”

“ ဟင်… ရှင်နဲ့ ဆန့်ကျင်ဘက်ကို ပြေးသင့်တာ မဟုတ်ဘူးလား…”

“ တောထဲမှာ ခြေထောက်မရှိတဲ့ မြွေတွေလောက်ပဲ မင်း ပြေးလို့လွတ်မယ်... တခြား ကောင်တွေဆိုရင် မင်း ဆန့်ကျင်ဘက် ပြေးလို့ လွတ်မယ်ထင်နေလား...."

“ ဒါဆို ရှင့်ဘေးနား နေရင် ကျွန်မတို့ နှစ်ယောက်လုံး ဘေးကင်းမယ်ပေါ့… ရှင်က နှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်တယ်… အဲ့လိုမျိုးလား…”

“ ဒီလိုနေရာမျိုးမှာ မင်းတို့ကို ဘယ်လိုလုပ်ပြီး ကာကွယ်ပေးနိုင်မှာ..” လင်းရီပြောလိုက်ပြီး “ တကယ်လို့ တစ်ခုခု ဖြစ်လာပြီဆိုရင် ငါ့ရဲ့ ပလန် ဘီ ကို ထုတ်သုံးတော့မှာ…”

“ ရှင့်ရဲ့ ပလန်ဘီ က ဘာကြီးလဲ…”

“ မင်းကို အရင်ဆုံး လွင့်ပစ်လိုက်မယ်… ပြီးရင် ကင်မရာမန်းကိုလည်း လွင့်ပစ်လိုက်မယ်… မင်းတို့နှစ်ယောက်ရဲ့ အသက်ကို အသုံးချပြီး ငါက လွတ်မြောက်နိုင်မယ့် အခွင့်အရေးကို ဖန်တီးမယ်…”

“ သပ… ရှင်က ကျင့်ဝတ်သိက္ခာနဲ့လည်း မညီညွှတ်ဘူး….”

“ ငါ့အစ်ကို… သူ အခု ဆဲနေတာ တွေ့လား… ဒီအပိုင်းကို သေချာလေး highlight လုပ်ပေးဖို့ မမေ့နဲ့…”

ကျောက်ရင်ညန် “ ...... “

“ မစ္စတာလင်း.. ငါတို့တွေ ပိုပြီး အလေးအနက်ထားရင် ကောင်းမယ်နဲ့တူတယ်… ဘာပဲဆိုဆို ငါတို့ အခု ရောက်နေတာ ရေတွေ ရှိတဲ့ နေရာလေ..”

ကင်မရာမန်းမှ ပုံမှန်မဟုတ်စွာဖြင့် တုန်လှုပ်ခြောက်ခြားနေလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လက်ရှိ ရေထဲ ဖြတ်လျှောက်နေရပြီး အောက်၌ ဘာတွေ ငုပ်လျှိုးနေလဲဆိုတာ သေချာမမြင်ရချေ။ ကြိုတင် မသိနိုင်သည့် အခြေအနေက အန္တရာယ်ကို ကိုယ်စားပြုလေသည်။

ကျောက်ရင်ညန် ဘာမျှ ဆက်မပြောပဲ ကင်မရာမန်းနှင့် အတူရပ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေတော့၏။

လင်းရီ သူ့အိတ်ထဲမှ ဓားမြောင်ကိုထုတ်၊ လူနှင့် မလွတ်သည့် ခြုံနွယ် သစ်ကိုင်းများကို ရှင်းလင်းရင်း သတိအပြည့်နှင့် ရှေ့ဆက်လိုက်သည်။

ထိုသို့ဖြင့် သူတို့ မည်သည့် ပုံမှန်မဟုတ်သည့် တစ်စုံတစ်ရာနှင့်မျှ ကြုံတွေ့ခြင်းမရှိပဲ နှစ်နာရီကြာအောင် ဆက်လက် လမ်းလျှောက်လိုက်ကြသည်။

တစ်ခါတစ်ရံ မြွေ အသေးစားလေးများနှင့် ကြုံတွေ့ရသော်လည်း သူ့လမ်းသူ လျှောက်နေသောကြောင့် လင်းရီတို့လည်း ကိုယ့်လမ်းကိုယ် သွားကြသည်။

ယခုအချိန်ထိ တစ်စုံတစ်ရာ မဖြစ်ပျက်သေးသောကြောင့် ကျောက်ရင်ညန်နှင့် ကင်မရာမန်းမှာ အနည်းငယ် စိတ်သက်သာ ရနေကြလေသည်။ သူတို့နှစ်ယောက်လုံးက သာမန်လူများဖြစ်ပြီး အာရုံစူးစိုက်သည့် အခြေအနေကို အကြာကြီး ထိန်းသိမ်းထားရန် ခက်ခဲလှသည်။ ထို့ပြင် အန္တရာယ် တစ်ခုနှင့်မျှ မကြုံတွေ့ရသည်အထိ ကံကောင်းရန်လည်း မျှော်လင့်နေကြ၏။

ရေက တိမ်သည် ဆိုသော်လည်း အန္တရာယ်တို့က နေရာအနှံ့ပင်။ သူတို့ ဂရုစိုက်နေသရွေ့ မိကျောင်းများမှတပါး အခြား မလိုလား အပ်သည့် အန္တရာယ်များကို ဉာဏ်ရှိသလို ရှောင်တိမ်းနိုင်ပေသည်။

ထက်ထက်မြက်မြက်ရှိသည့် လင်းရီကြောင့်လည်း နှစ်ယောက်မှာ အများကြီး စိတ်သက်တောင့်သက်သာ ဖြစ်နေတော့၏။

တစ်ဖက်တွင်တော့ လင်းရီမှာ နဂိုကထက်ပင် ပို၍ ချောက်ချားလာနေတော့သည်။ အဘယ်ကြောင့်ဆိုသော် လေထဲရှိ သွေးအနံ့မှာ တစထက် တစ ပိုမိပြင်းထန်လာသည့် အပြင် ဆိုးရွားသည့် အနံ့အသက်တစ်ခုကိုလည်း သူ ရရှိနေသည်။

ယခုလို အခြေအနေက လင်းရီ၏ သတိကို အန္တိမ နိုးကြားနေစေတော့၏။

သူ့ရှေ့၌ မည်သို့သော အရာမျိုး ပေါ်လာလေမလဲ သူမသိသောကြောင့် သတိအပြည့်ဖြင့် တစ်ကြိမ်တွင် ခြေတစ်လှမ်းမျှသာ လှမ်းနိုင်ပေသည်။ အနည်းဆုံးတော့ သူ့ဘေးနား ပတ်လည်ဝိုင်းနေသည့် အန္တရာယ်တို့ကိုတော့ ရှောင်တိမ်းနိုင်မည် ဖြစ်၏။

“ ဟင်… ဘာအနံ့ကြီးလဲ..”

နာရီဝက်ကြာပြီးနောက် ကျောက်ရင်ညန်၏ အသံက တိတ်ဆိတ်နေသည့် လေထုကို ဖြိုခွင်းရင်း ထွက်ပေါ်လာခဲ့သည်။

ထိုအချိန်တွင်တော့ လင်းရီသာမက ကျောက်ရင်ညန်နှင့် ကင်မရာမန်းလည်း တောအုပ်ထဲရှိ အနံ့သက်ဆိုးကြီးကို အာရုံခံမိသွားကြ၏။

“ မင်းတို့ ခု ရောက်နေတဲ့ နေရာမှာပဲနေ… ငါတစ်ချက် သွားကြည့်လိုက်ဦးမယ်…”

နှစ်ယောက်မှာ နာခံစွာဖြင့် ရောက်သည့် နေရာ၌ ရပ်နေခဲ့ကြသည်။

လင်းရီ ရှေ့သို့ တစ်ယောက်တည်း ချီတက်သွားခဲ့ပြီး နောက်ထပ် မီတာ နှစ်ဆယ်ကျော်လောက်မျှ လျှောက်သွားပြီးနောက် ရုတ်ချည်းဆိုသလို ရပ်တန့်လိုက်၏။

အဘယ်ကြောင့်ဆိုသော် လင်းရီ သူ့ရှေ့၌ ပုပ်နေပြီး ဖြစ်သည့် မိကျောင်းသေတစ်ကောင်ကို တွေ့လိုက်ရသောကြောင့်ပင်။

လင်းရီ အနားသို့ ကပ်သွားပြီး ကြည့်လိုက်တော့ လေးနက်သည့် အမူအရာက မျက်နှာထက် ပေါ်ပေါက်လာလေသည်။

သူ အစက အခြား မိကျောင်းကောင်များကြောင့်ဟု တွေးထင်ထားသော်လည်း မျှော်လင့်မထားစွာဖြင့် မိကျောင်း ကိုယ်ထည်၌ ထင်ရှားသည့် ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ ရှိမနေချေ။

အခြားတစ်ဖက်တွင်တော့ မိကျောင်း၏ ခေါင်းထက်၌ ချွန်ထက်သည့် အရာ တစ်ခုခု ဖြင့် တိုက်ခိုက်ခံထားရသည့် အနာတရများကို မြင်တွေ့နေရ၏။ လင်းရီ၏ သူငယ်အိမ်လည်း အနည်းငယ် ပြူးကျယ်သွားခဲ့ကာ သူ၏ နှလုံးကလည်း ရူးသွပ်စွာ ခုန်ပေါက်လာခဲ့တော့၏။

ဒဏ်ရာတို့မှ တစ်ဆင့် မိကျောင်းမှာ ဓားမြောင်တစ်လက်ဖြင့် အသတ်ခံထားရကြောင်း မြင်တွေ့နိုင်ပေသည်။

သို့သော်လည်း မည်သူက သတ်သွားခဲ့သနည်း။

ရန်စီနှင့် ကျန်သူများ မဟုတ်သည်ကတော့ သေချာသလောက်ပင်။

မဟုတ်ပါက သူမ သူ့ကို ကြိုတင် ပြောပြထားမည် ဖြစ်၏။

ထပ်ပေါင်းအနေဖြင့် အကယ်၍ ထုတ်လုပ်ရေး အသင်းသားများကသာ သူတို့ စူးစမ်းနေစဉ် ယခုကောင်ကြီးနှင့် တွေ့ခဲ့ပါက အလောင်းကို ချန်ထားရစ်ခဲ့လိမ့်မည် မဟုတ်ချေ။ သေချာပေါက် ပြန်ယူသွားကြပေမည်။

ထို့အကြောင်း တွေးတောမိတော့ လင်းရီ အတွေးထဲ နစ်မြုပ်သွားခဲ့တော့သည်။

ယခုလို ပြုလုပ်သွားခဲ့သည့်သူမှာ ရှိုးပွဲ၌ ပါဝင် ယှဉ်ပြိုင်နေသူ တစ်ဦး ဖြစ်နိုင်ရန်များလေသည်။

သို့သော်လည်း အကယ်၍ သူ့တွင်သာ မိကျောင်းကြီး တစ်ကောင်ကို ဓားမြောင်တစ်လက်ဖြင့် သတ်ဖြတ်နိုင်သည့် စွမ်းရည်ရှိနေပါက ထိုသူ၏ ခွန်အား အဆင့်အတန်းမှာ မည်မျှ ကြီးမားနေလိမ့်မည်နည်း။

လင်းရီပင်လျှင် သူ၏ တန်းထျန်ထဲရှိ အတွင်းအားများကို အသုံးပြုခြင်း မရှိပါက ယခုကောင်ကြီးအား အနိုင်ယူရန် မဖြစ်နိုင်ချေ။ တစ်နည်းဆိုရသော် ယခု ရှိုးထဲ၌ သူနှင့် လယ်ဗယ်တူ ဆရာကြီးများ ရောက်ရှိနေကြသည်ဟူသည့် သဘောတရားပင်။

ထို့ပြင် တစ်ဖက်သူ၏ အမြန်နှုန်းက မိကျောင်းကြီးထက်ပင် သာလွန်နေချေပြီ။ မဟုတ်ပါက မိကျောင်းကြီးမှာ ယခုနေရာ၌ အသက်ပေးလိုက်ရလိမ့်မည် မဟုတ်ချေ။

ထိုအကြောင်း တွေးတောမိတော့ လင်းရီ မဖြေနိုင်သည့် မေးခွန်းတစ်ခုက ပေါ်ပေါက်လာပြန်သည်။

အလောင်း၏ ဆွေးမြည့်နေပုံကို ကြည့်ရသလောက်တော့ ဤကောင်ကြီး သေသည်မှာ လေးငါးရက်ခန့်လောက်တော့ ရှိပြီဖြစ်၏။ ထုတ်လုပ်ရေး အသင်းမှာ ကျွန်းပေါ်သို့ ရှေ့ သုံးလေးရက်ခန့်မှ အခြေချလာခြင်း ဖြစ်ပြီး သူတို့ကလည်း ဖင်ငြိမ်နေကြသူများ မဟုတ်ကြချေ။

အကယ်၍ ထိုသူက သူ့ထက် လျင်မြန်နေလျှင်တောင် ထုတ်လုပ်ရေး အသင်းသားများထက်တော့ မလျင်မြန်နိုင်ချေ။

‘ ဆိုတော့… ဒါ ဘယ်မြေနိုးလက်ချက်လဲ…’

ယခုလို အခြေအနေမျိုး၌ လင်းရီ မည်သည့် ဖြစ်နိုင်ချေတို့မျှ ထုတ်မပေးနိုင်ချေ။ထို့ကြောင့် သူ့ အမြင်၌ ဤကောင်ကြီးအား သတ်ဖြတ်သွားသူက သူ့ထက် ခွန်အားကြီးမားနေရမည် ဟူ၍သာ ကောက်ချက်ချလိုက်တော့သည်။

ထိုသူက တောအုပ်ထဲသို့ ခရီးထွက်လာခဲ့ပြီး အိပ်စက် အနားယူခြင်း မရှိ၊ ရေတိမ်ပိုင်း ဧရိယာသို့ တစ်ကိုယ်တော် ခရီးဆက်လာပြီး မိကျောင်းကြီးနှင့် ပက်ပင်းတိုးတော့ ထိုကောင်ကြီးအား ထမင်းစားရေသောက် သတ်ဖြတ်သွားခဲ့ကာ သူ့လမ်းသူ ရှေ့ဆက်သွားခဲ့သည်။

“ ငါလခွီး... ဒါကြီးက ဘာလားကွ…”

အဲ့လို မကောင်းဆိုးရွားကြီးက ပြိုင်ပွဲ ဝင်ပြိုင်နေသေးတာလား….

ထိုအကြောင်း တွေးတောရင်းဖြင့် လင်းရီ နောက်သို့ ပြန်ဆုတ်၍ ကျောက်ရင်ညန်တို့ဖြင့် ပြန်ဆုံလေသည်။

“ အစ်ကိုရီ… ဘာလဲဖြစ်တာ… ရှင့်မျက်နှာက ဘာလို့ ဖြူဖပ်ဖြူလျော်ကြီး ဖြစ်နေတာလဲ..”

“ ငါတို့ထက် စောတဲ့သူ တစ်ယောက်ရှိတယ်.. ငါ့အထင်တော့ အဲ့လူ ပန်းတိုင် ရောက်ဖို့ သိပ်မလိုတော့ဘူး ထင်တာပဲ…..”

လင်းရီ စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။

တစ်ဖက်သူ၏ ခွန်အားမှာ သူ့ထက်ပင် သာလွန်နေသောကြောင့် ယခုအချက်အလက်များပေါ် အခြေခံပြီး တွက်ချက်ကြည့်ရသလောက်တော့ အကယ်၍ သူက ကျောက်ရင်ညန်နှင့် ကင်မရာသမားကို နောက်ချန်ရစ်ထားခဲ့လျှင်တောင် ထိုသူအား မှီနိုင်ရန် မဖြစ်နိုင်ချေ။

လက်ရှိ အခြေအနေအရတော့ သူ့အတွက် ပထမဆုနှင့် ဝေးပြီဖြစ်၏။ ယနေ့ အချိန်ထိ သူကြိုးပမ်းလာခဲ့သမျှကလည်း အရာမထင် ဖြစ်ရချေပြီ။

“ အဲ့လိုမျိုးတော့ မဖြစ်နိုင်လောက်ဘူး…” ကင်မရာမန်းမှ ရေရွတ်လိုက်သည်။

“ ယှဉ်ပြိုင်သူတွေထဲမှာ ငါတို့အုပ်စုက အမြန်ဆုံးပဲ… ဘယ်သူမှ မကျော်နိုင်သေးဘူး…”

“ အိုး… ခင်များက သေချာလို့လား..”

“ လုံးဝ သေချာတယ်..” ကင်မရာမန်းမှ ပြောလိုက်ပီဲး “ လူတိုင်းရဲ့ ကျောပိုးအိတ်ထဲမှာ GPS အသေးစားလေး တစ်ခုစီ ထည့်ပေးထားတယ်… ဒါရိုက်တာရန်က ငါတို့အားလုံးရဲ့ တည်နေရာကို ခြေရာခံနိုင်ပြီးသား… ခုလေးတင် နားကြပ်ကနေ တစ်ဆင့် ပြောသွားတာ ငါတို့အုပ်စုက ပထမနေရာမှာတဲ့… တခဏလောက်တော့ ဘယ်သူကမှ လိုက်မှီဦးမှာ မဟုတ်ဘူးတဲ့…”

၎င်းကိုကြားတော့ လင်းရီ အရင်ဆုံး အံ့အားသင့်သွားခဲ့ပြီး သူ၏ အမူအရာကလည်း ပို၍ပင် ဇဝေဇဝါ ဖြစ်လာခဲ့တော့၏။ ဤသည်က အနည်းငယ် ယုံချင်စရာ မကောင်းဟုတောင် သူခံစားနေရသည်။

ကင်မရာမန်း၏ ပြောစကားများ အရဆိုလျှင် သူက ယခု ပထမ နေရာ၌ရှိနေသည်။ သူ့ရှေ့၌ မည်သူကမျှ ရှိမနေချေ။ သို့သော် မိကျောင်း အသေကောင်၏ အလောင်းအား မည်သို့ ရှင်းပြမည်နည်း။

အလောင်းအား သတ်ဖြတ်သွားသူမှာ လူသားတစ်ယောက် ဖြစ်ကြောင်း လင်းရီ သေချာလေသည်။ မည်သို့သော သာမန်လူက ထိုသို့ စွမ်းဆောင်နိုင်မည်နည်း။

သူတို့ ကျွန်းပေါ် ရောက်နေစဉ်၌ အခြားသော အပြင်လူများကလည်း ဤနေရာသို့ ရောက်ရှိနေသည်လော။

လင်းရီ ရုတ်ချည်းဆိုသလို ကြက်သီးမွေးညင်းများ ထောင်ထလာခဲ့သည်။

ဘယ်လိုသာမန်လူက အကြောင်းပြချက် မရှိဘဲ ဒီလိုနေရာမျိုးကို ရောက်လာမှာလဲတဲ့…

ပြီးတော့ မြေနိုးက မိကျောင်းတစ်ကောင်ကိုတောင် အိမ်မြောင်လိုမျိုး သတ်ဖြတ်ပြသွားသေးတယ်..

All Chapters