ပျံသန်းလာတဲ့ ကျည်တစ်တောင့်
Vol. 60 Ch. 891
သူမက ပန်းရောင်နှင့် အဖြူရောင် ရောစပ်ထားသည့် ခေါင်းစည်းကို ခေါင်းတွင် ပန်ထားကာ လှပသည့် မျက်နှာလေးကာ ရိုးရှင်းစွာဖြင့် ကျက်သရေအပေါင်း ခညောင်းနေလေသည်။
ကျောက်ရင်ညန်ကဲ့သို့ မိန်းကလေးပင် အမျိုးသမီးချင်း ဆွဲဆောင်ခံလိုက်ရ၏။
အထူးသဖြင့် ကြီးမားပြီး လှပရွှန်းလဲ့နေသည့် မျက်လုံးရွဲကြီးများက ကြည့်ရှုသူ၏ စိတ်ဝိဉာဏ်ထဲသို့ တိုက်ရိုက် စကားပြောနေဟန်ပင်။
ကျောက်ရင်ညန် လုံးလုံးလျားလျား အနိုင်ပိုင်းခံလိုက်ရတော့၏။ ထို့ပြင် တစ်ဖက်သူမှာ မိတ်ကပ်မပါဘဲနှင့် စခရင်ပေါ် ရောက်လာခဲ့ခြင်းပင်။ အကယ်၍ သူမသာ မိတ်ကပ်ဗလာဖြင့် ဆိုပါက ခြားနားမှုမှာ ပို၍ပင် ကြီးမားသွားပေလိမ့်ဦးမည်။
“ အရမ်းမှောင်နေတယ်နော်… နင်ဘယ်လည်း ရောက်နေတာ…”
လင်းရီကို မြင်တော့ ကျီချင်းရန် ရွှင်ပြစွာ ပြုံးလိုက်ပြီး သူမလေး၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှုများနှင့် ညင်သာမှုတို့က ပြည့်နှက်နေသည်။
“ ငါတို့ အခု ရိုက်ကူးရေး လုပ်နေတာလေ…. ကင်မရာမန်းက သူ့ဖုန်းပါခဲ့တော့ ခဏပေးသုံးနေတာ…”
“ ခစ်ခစ်… ဒါဆို လွမ်းလို့ ဖုန်းဆက်လိုက်တယ်ပေါ့…” သူမ ချိုသာစွာ ပြုံးလိုက်၏။
ဘေးတွင် ရပ်ကြည့်နေသည့် ကင်မရာမန်းမှာတော့ ကျီချင်းရန် ပြုံးလိုက်သည်ကို မြင်သည်တွင် သူ့ ဝိဉာဏ် အနှုတ်ခံရတော့မတတ် ဖြစ်ပျက်သွားခဲ့၏။ (ရူးမတတ်)
သေစမ်း… အရမ်း ချစ်စရာ ကောင်းတာပဲ….
“ အင်း..” လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူအမှန်တကယ်လည်း သတိရနေမိသည်။ ပုံမှန်ဆိုပါက သူကျီချင်းရန်ကို ရုံးတက် ရုံးဆင်း ကြိုပို့ပေးလေ့ရှိပြီး ယခုကျတော့ စိတ်ထဲ တစ်ခုခု လစ်ဟာနေသလို ခံစားနေရလေသည်။
“ နင် ဘယ်တော့လောက် ပြန်လာမှာ… အဲ့မှာ အိပ်ကောင်းခြင်းမအိပ် စားကောင်းခြင်း မစားရဘူးမလား… နင် ထွက်လာတော့ ခြင်ဖြန်းဘူး ယူသွားခိုင်းဖို့တောင် မေ့သွားတယ်…”
“ အဆင်ပြေပါတယ်… ငါ့အရေပြားက ထူတော့ အဲ့ကောင်တွေလောက်တော့ မှုစရာ မလိုဘူးလေ…”
“ မရဘူး… နင် ကိုယ့်ကိုယ်ကို ဂရုစိုက်ရမယ်… ပြီးတော့ အမြန်ဆုံး ပြန်လာခဲ့….”
“ အင်း... ငါ့အထင် … နောက် ဆယ်ရက်လောက်ဆို အိမ်ပြန်လို့ ရပြီ ထင်တာပဲ…”
“ အွန်း အွန်း… မြန်မြန်လေးနော်…”
နှစ်ယောက်သား ခေတ္တမျှ ဆက်လက်စကားပြောနေပြီး အကယ်၍ လင်းရီသာ ဖုန်းချရန် အကြောင်းပြချက် မစဉ်းစားမိပါက ကျီချင်းရန်မှာ ညလုံးပေါက် စကားပြောနေမည့်ဟန် ရှိသည်။ စကားမပြောရသည့် နေ့ရက်များအတွက် သူမထံ၌ ပြောစရာစကားလုံး များစွာ ရှိနေပုံပင်။
“ ဘယ်လိုလဲ… ခု တွေ့ပြီးတော့ ဘယ်လို ခံစားရလဲ…”
“ ဝန်ခံတယ်…. ကျွန်မ နည်းနည်း စကားပြော လွန်သွားခဲ့တယ်…” ကျောက်ရင်ညန် မခံချိ မခံသာ ဖြစ်နေဟန်ဖြင့် ပြောဆိုလိုက်ပြီး “ ရိုင်းပြမိတဲ့အတွက် စိတ်မရှိပါနဲ့နော်…”
“ မင်းတို့နှစ်ယောက်.. မြန်မြန် အိပ်ဖို့ လုပ်ကြတော့… မနက်စောစောကျရင် ခရီးဆက်ရဦးမှာ… အဲ့ခါကျမှ မထနိုင် ဖြစ်နေဦးမယ်…”
“ အိုကေ အိုကေ…”
ကျောက်ရင်ညန်မှ တဲထဲ ဝင်သွားခဲ့ပြီ ကင်မရာမန်းလည်း သူ၏ ပစ္စည်းများကို ဘေးသို့ နေရာချထားကာ အိပ်ဖို့ ဟန်ပြင်လေသည်။
လင်းရီ အပြင်၌ တစ်ချိန်လုံး ကင်းစောင့်လျက် ရှိနေသောကြောင့် နှစ်ယောက်မှာ စိတ်ချလက်ချဖြင့် နှစ်ခြိုက်စွာ အိပ်စက်လိုက်ကြ၏။
လင်းရီ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြင့် တစ်ညတာမျှ အိပ်စက်ခြင်း မရှိဘဲ အေးဆေးနေနိုင်လေသည်။
နောက်တစ်နေ့ နံနက်လေးနာရီ အရုဏ်တက်ချိန်လောက် ရောက်တော့ ကောင်းကင်ကို ဖုံးလွှမ်းထားသည့် တိမ်အုပ်ကြီးကလည်း ပျောက်ကွယ်သွားခဲ့ကာ သူရိန်နေမင်းကြီး၏ အလင်းရောင်က လူသားကမ္ဘာသို့ ဆင်းသက်လာခဲ့သည်။ ကျေးငှက်သံသာတို့၏ တေးသီသံတို့နှင့်အတူ တောအုပ်ထဲရှိ နေ့သစ်လေး တစ်နေ့ကတော့ ရောက်ရှိလို့ လာပြန်ချေပြီ။
လင်းရီ ကျောက်ရင်ညန်နှင့် ကင်မရာမန်းကို နိုး၍ ခရီးဆက်ရန် ပြင်ဆင်လိုက်၏။
မြေပုံအရတော့ သူတို့ ဤ ရေမြုပ်သည့် နေရာကို ဖြတ်ကူးပြီးပါက အန္တရာယ်ဇုန်ကို ကျော်ဖြတ်ပြီး ဖြစ်သည်။ ရှေ့ရှိ လမ်းခရီး အခြေအနေက အနည်းငယ် ကြမ်းတမ်းသော်ငြား ပြဿနာ ကြီးမားသည်တော့ မဟုတ်ချေ။
အားလုံးပြင်ဆင်ပြီးနောက် သုံးယောက်မှာ ကြိုတင် ချမှတ်ထားသည့် လမ်းကြောင်းအတိုင်း ရှေ့သို့ ဆက်လက် ချီတက်လာခဲ့ကြ၏။
နှစ်နာရီကျော်ကြာပြီးနောက် သူတို့ ဧရာမ ရေကန်ကြီး တစ်ကန်ကို အဝေးတစ်နေရာမှ လှမ်းမြင်နေရသည်။ သို့သော်လည်း ' ကန် ' ဟု သုံးနှုန်းသည်က အနည်းငယ်တော့ မသင့်လျော်ချေ။ အထဲရှိ ရေများမှာ ညစ်ပတ်နေပြီး ရေ၌ ပေါက်ရောက်သည့် အပင်မျိုးစုံတို့ကလည်း အထဲ၌ ရှိနေခဲ့၏။ အဆိုပါ မည်းညစ်သည့် ရေက အန္တရာယ်မှာ နေရာအနှံ့ ရှိနေသည်ဟူသော ခံစားချက်မျိုးကိုလည်း ပေးစွမ်းနေပြန်သည်။
“ မစ္စတာလင်း… ရှေ့ဧရိယာကို ဖြတ်ပြီးရင်တော့ အန္တရာယ် ရှိတဲ့ နေရာကို ကျော်နိုင်ခဲ့ပြီလို့ ပြောလို့ရတယ်..”
လင်းရီ ခေါင်းညိမ့်လိုက်သည်။ သူ့ဘက်ကတော့ အန္တရာယ်နှင့် ကြုံတွေ့ပါက ရှောင်တိမ်းနိုင်သလောက် ရှောင်တိမ်းပေမည်။ ဦးနှောက်မရှိ ခေါင်းတိုးဝင်လိမ့်မည် အလုပ်တော့ လုပ်လိမ့်မည်မဟုတ်ပေ။
“ အမြန်သွားကြရအောင်… ဒီနေရာကြီးက စိတ်ခြောက်ခြားပြီး ကြောက်ဖို့လည်းကောင်းတယ်..” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ခုလေးတင် ရေထဲက ပူဖောင်းလေးတွေ တွေ့လိုက်တယ်… မိကျောင်းများလား မသိဘူး..”
ကျောက်ရင်ညန် ဆံပင်အဖျားလေးများ ထောင်ထသည်အထိ ကြောက်ရွံ့သွားခဲ့ပြီး မသိစိတ်မှ အလိုအလျောက် လင်းရီ၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်၏။ ထို့နောက် ဂရုတစိုက်နှင့် လမ်းဆက်လျှောက်လေသည်။
မီတာတစ်ရာကျော်မျှ လမ်းလျှောက်ပြီးနောက် သုံးယောက်သား ရေတိမ်ပိုင်း ဧရိယာ၏ အစွန်းသို့ ရောက်ရှိလာခဲ့ကြ၏။
ကျောက်ရင်ညန်နှင့် ကင်မရာမန်း၏ နှလုံးမှာ လည်ချောင်းဝ၌ တစ်ဆို့နေသည်။ သူတို့ ခရီးဆက်လာသည်နှင့်အမျှ ကမ်းစပ်နားတွင် မိကျောင်းများ မျက်စိမှိတ်၍ နေပူဆာ လှုံနေသည်ကို မြင်တွေ့နေရ၏။ သူမတို့ကို အန္တရာယ် မပြုနေသော်ငြား ထိန်လန့်ခြင်း မရှိဟု ပြောမည်ဆိုပါက မုသားဆိုရာ ကျပေလိမ်မည်။
“ ဂရုစိုက်… ငါတို့တွေ ထွေထူး ပြဿနာတွေနဲ့တော့ ကြုံရလောက်မယ် မထင်ဘူး…” လင်းရီ အသံနိမ့်၍ ပြောလိုက်သည်။
သုံးယောက်မှာ ရည်ရွယ်ချက်ရှိရှိ ခြေလှမ်းများကို အရှိန်မြင့်လိုက်ကြပြီး မီတာတစ်ရာ အကွာအဝေးလောက် ရောက်တော့မှ စိတ်သက်သာရာ ရသွားခဲ့ကြတော့၏။
အန္တရာယ်တော့ ကင်းချေပြီ။
“ အား….”
ထိုစဉ် ကျောက်ရင်ညန်၏ ငယ်သံပါအောင် အော်ဟစ်သည့် အသံက တိတ်ဆိတ်သည့် လေထုကို ဖြိုခွင်းလာခဲ့၏။
လင်းရီနှင့် ကင်မရာမန်းလည်း အထိတ်တလန့် ဖြစ်သွားခဲ့ကာ
“ ဘာလဲဖြစ်တာ…”
“ မိကျောင်းကြီး… မိကျောင်းကြီး…” ကျောက်ရင်ညန် မျက်စောင်းထိုး နေရာသို့ တုန်တုန်ယင်ယင်နှင့် လက်ညိုးထိုးပြလိုက်ပြီး သူမ၏ မျက်နှာလေးမှာလည်း ဖြူဖျော့နေရှာသည်။
အဆိုပါ အကျည်းတန်သည့် အကောင်ကြီးက ရုပ်လည်း ဆိုးသလို အန္တရာယ်လည်း ပြုနိုင်သောကြောင့် သူမလေးအား အကြီးအကျယ် ထိတ်လန့်နေစေတော့သည်။
ကျောက်ရင်ညန်၏ လက်ညိုးများနောက် လိုက်ပါသွားရင်း လင်းရီ နှစ်မီတာခန့် ရှည်လျားသည့် မိကျောင်းကြီး တစ်ကောင်အား မြင်တွေ့သွားခဲ့၏။ ထိုကောင်ကြီးက ရုပ်ဖျက်တာ အင်မတန် တော်သည်ဟု လင်းရီပင် ချီးကျူးချင်စိတ် ပေါက်သွားခဲ့၏။ အမှတ်မထင်ကြည့်လိုက်ပါက ရေပေါ်မျောပါနေသည့် သစ်တုံးကြီးအလားပင်။
ထိုကောင်ကြီးကလည်း သူတို့အား မြင်တွေ့ပြီးဖြစ်သည့်နှယ် ဖြည်းညင်းစွာဖြင့် ချဉ်းကပ်လာနေသောကြောင့် သူတို့အဖို့ သာယာအေးချမ်းစွာဖြင့် လွတ်မြောက်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။
တစ်ချိန်တည်းတွင် လင်းရီ အဆိုပါ မိကျောင်းကြီးထံ လျှောက်လှမ်းသွားခဲ့၏။
ကင်မရာမန်းကလည်း ကင်မရာကို လင်းရီထံ ချိန်ထားပြီး မြင်ကွင်းကို ရင်တထိတ်ထိတ်ဖြင့် မှတ်တမ်းတင်ရန် အသင့်ဖြစ်နေတော့သည်။
ကမ်းခြေနှင့် မလှမ်းမကမ်းတစ်နေရာ၌ ရှိနေသည့် ရန်စီနှင့် ကျန်သူများလည်း ၎င်းမြင်ကွင်းကို သတိပြုမိသွားခဲ့ကြ၏။
မရေအတွက်နိုင်သည့် မျက်ဝန်းတို့က စခရင်ပေါ် ကျရောက်နေခဲ့ပြီး ၎င်းတို့၏ ရင်ဘက်ကြီးမှာလည်း ပေါက်ထွက်လုမတတ် တဒုတ်ဒုတ် ခုန်နေသည်။ သူတို့၏ အသိဉာဏ်အရတော့ ယခုလို မိကျောင်းအနား တိုးကပ်သွားသည်က မိုက်မဲသည့် လုပ်ရပ်ပင်။
သို့သော်လည်း ထိုအချိန် ရန်စီကတော့ လင်းရီ၏ အရှိန်အဝါမှာ မိကျောင်းအနားသို့ ဖြည်းညင်းစွာ တိုးကပ်လာရင်း တဖြည်းဖြည်း ပြင်းထန်လာကြောင်း သတိမူမိလိုက်၏။
လင်းရီဘက်က မရပ်တန့်သေးသော်ငြား မိကျောင်းကြီးကတော့ ရပ်သွားသွားခဲ့ပြီး သူ၏ သားရိုင်းမျက်လုံးတို့ဖြင့် လင်းရီအား ဆာလောင်စွာ ကြည့်ရှုလိုက်သည်။
ဘယ်အချိန် တိုက်ခိုက်မလဲဆိုတာတော့ မည်သူကမျှ မသိနိုင်သလို ရုတ်တရက် တိုက်ခိုက်လာချိန်၌ လင်းရီ ကိုင်တွယ်နိုင်ပါ့မလား ဆိုတာလည်း မည်သူကမျှ မသိရှိကြချေ။
ရေပြင်ထဲ၌ လင်းရီနှင့် မိကျောင်းကြီးတို့မှာ အချင်းချင်း အကြည်စိုက်နေကြသည်။ ထိုစဉ် ရုတ်တရက်ဆိုသလို မိကျောင်းကြီးမှ သူ၏ ညှီဟောက်နေသည့် ပါးစပ်အား ပွင့်ဟ၍ သာမန်လူတို့ လိုက်မှီရန် ခက်ခဲလောက်သည့် အမြန်နှုန်းဖြင့် လင်းရီအပေါ် ခုန်အုပ်လိုက်လေသည်။
သို့သော်လည်း လင်းရီအဖို့တော့ ယင်းက သာမန်မျှသာ။ သူ၏ လက်ရှိ စွမ်းရည်နှင့် ဆိုပါက မိကျောင်း၏ လှုပ်ရှားမှုများကို လွယ်ကူစွာဖြင့် ထောက်လှမ်းနိုင်ပြီး ကြိုတင်တုံ့ပြန်နိုင်လေသည်။
မျက်တောင်တစ်ခတ်အတွင်း လင်းရီ ရှေ့သို့ ပြေးတက်လာကာ ဓားမြောင်ကို မိကျောင်း၏ အာခံတွင်းထဲ စိုက်ထည့်လိုက်သည်။
“ အစ်ကိုရီ… သတိထား…” ကျောက်ရင်ညန် ရင်တမမနှင့် အော်ဟစ် လှမ်းသတိပေးလိုက်၏။
သို့သော်လည်း လင်းရီကတော့ သူမ၏ အသံကို အာရုံစိုက်နိုင်သည့် အခြေအနေ၌ ရှိမနေချေ။ သူ လျှင်မြန်စွာဖြင့် တစ်ဖက်သို့လှည့်၍ မိကျောင်းကျောပေါ်သို့ ခုန်တက်ပြီး ၎င်း၏ အပေါ် မေးရိုးနှင့် အောက်မေးရိုးကို လက်နှစ်ဖက်ဖြင့် ဆွဲထားလိုက်၏။ ထို့နောက် တန်းထျန်ထဲရှိ ခွန်အားကို စုစည်း၍ ကျယ်လောင်စွာဖြင့် ဟိန်းသံပြုကာ အဆုံးတိုင် ဆွဲဖြဲပစ်လိုက်တော့သည်။
ကင်မရာမန်းနှင့် ကျောက်ရင်ညန်တို့ ကြက်သေသေသွားခဲ့ကြ၏။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ကြရသူတိုင်းလည်း ပါးစပ်အဟောင်းသားများ ဖြစ်သွားခဲ့ကြလေသည်။
လင်းရီ ယခုလို နည်းလမ်းမျိုးဖြင့် အရိုင်းဆန်သည့် သားရဲကြီးအား ကိုင်တွယ်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ကြချေ။
ဒီရဲ့ ခွန်အားကြီးက လူသားတစ်ယောက်မှာ ရှိသင့်တဲ့ ခွန်အားမျိုးမှ ဟုတ်စ….
အောင်မြင်သွားပြီးနောက် လင်းရီ ဓားမြောင်ကို ကောက်ကာ မိကျောင်း၏ ဦးခေါင်းအတွင်းသို့ ထိုးစိုက်လိုက်၏။
အစကတော့ မိကျောင်းကြီးမှာ မျှော်လင့်ချက် ကောက်ရိုးလေးတစ်မျှင်ဖြင့် ရှင်သန်ရန် ရုန်းကန်နေသော်ငြား မိနစ်အနည်းငယ် ကြာပြီးနောက် ငြိမ်သက်သွားခဲ့ကာ လင်းရီလက်တွင်း၌ပင် သေဆုံးသွားခဲ့သည်။
“ ဟူး… ပြီးသွားပြီ..” လင်းရီ မတ်တပ်ရပ်လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်၏။
သူ မူလက တွေးထင်ထားသည်မှာ ဤကောင်ကြီးအား ကိုင်တွယ်ရန် တော်တော်လေး ကြိုးပမ်းအားထုတ်ရမည် ဟူ၍ပင်။ သို့သော်လည်း သူ စိတ်ကူးထားခဲ့သလောက် ခက်ခဲမနေခဲ့ချေ။
အကြောင်းမူကာ ဤကောင်ကြီး၏ အရွယ်အစားမှာ သေးငယ်နေသောကြောင့်ဖြစ်ပြီး အကယ်၍များ နည်းနည်းလေး ကြီးသည့် အကောင်ဆိုပါက လင်းရီလည်း အသက်လု၍ လေကို ရှူသွင်းမှုတ်ထုတ် ပြုနေရလောက်၏။
အခြားတစ်ဖက်တွင်တော့ ကျောက်ရင်ညန်နှင့် ကင်မရာမန်းမှ လင်းရီကို ထိတ်လန့်နေသည့် မျက်ဝန်းတို့ဖြင့် အလိုလို ကြည့်မိသွားကြသည်။
အဲ့ကောင်ကြီးက မိကျောင်းကြီးလေ… အဲ့တာကို လက်ဗလာနဲ့ သတ်ဖြတ်ပစ်လိုက်တယ်… တကယ်လို့များ ဒီမြင်ကွင်းသာ TV ပေါ် ထုတ်လွင့်လိုက်လို့ကတော့ rating တွေ ဒုံးပျံလို ဆန်တက်လာလိမ့်မယ့်ဖြစ်ချင်း…. ဒါပေါ့… ဆင်ဆာခွင့်ပြုခဲ့မယ်ဆိုရင်ပေါ့…
ကြည့်ရသည်မှာ လွယ်တယောင် ရှိနေသော်လည်း လင်းရီ တစ်ဦးတည်းကသာ ၎င်းက မည်မျှ ခက်ခဲကြောင်း နားလည်ပေသည်။
အကယ်၍ သူ၏ တန်းထျန်ထဲရှိ ခွန်အားကိုသာ အသုံးမပြုခဲ့ပါက အောင်မြင်နိုင်ချေ အခွင့်အရေးမှာ မရှိသလောက် နည်းပါးလေသည်။
ပထမအဆင့် တိုက်ပွဲခွန်အားက တကယ့်ကို အထင်ကြီးလောက်စရာပါပဲ..
ထိုစဉ် လင်းရီ ရုတ်တရက် အန္တရာယ်အနံ့ ရရှိလိုက်ပြီး မသိစိတ်က ခန္ဓာကိုယ်ကို အလိုအလျောက် ထိန်းချုပ်ကာ ရွေ့လျားရန် ဟန်ပြင်လိုက်၏။
ဘန်း…
သေနတ်ပစ်သံ တစ်သံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပြီး တိတ်ဆိတ်နေသည့် လေထုအား ကျိုးပျက်သွားစေခဲ့သည်။
တောက်ပနေသည့် ကျည်တစ်တောင့်က တောအုပ်ထဲမှ ဖြတ်သန်းလာခဲ့ကာ လင်းရီ၏ နှလုံးတည့်တည့်သို့ ဦးတည်လာနေသည်။