လေ့ကျင့်ခန်း မလုပ်နိုင်မှာကို မစိုးရိမ်နဲ့
Vol. 60 Ch. 892
သို့သော်လည်း အဆုံးတွင်တော့ ပျံသန်းနေသည့် ကျည်ဆံက လင်းရီ၏ ပခုံးရိုးများနှင့်သာ ထိတွေ့ အဆုံးသတ်သွားခဲ့၏။
လင်းရီ ညည်းညူသံ တစ်ချက် ပြုလိုက်မိကာ နီရဲ လတ်ဆတ်သည့် သွေးတို့က ဒဏ်ရာမှတစ်ဆင့် ယိုစီးကျလာပြီး လက်မောင်းကို ဖိရင်းဖြင့် မြေပြင်ပေါ်သို့ ဝပ်လိုက်၏။
သို့သော်လည်း လင်းရီ မည်မျှ နာကျင်နေကြောင်း တွေးတောနေရန် အချိန်မရှိသေးချေ။
သေနတ်သံ ထွက်ပေါ်လာသည့် အရပ်မျက်နှာဘက်ကို ကြည့်လိုက်တော့ သူ အမည်းရောင် ပုံရိပ်နှစ်ခုကိုသာ မြင်တွေ့လိုက်ရပြီး အလွန်လျင်မြန်စွာဖြင့် တောအုပ်ထဲသို့ ပြန်လည် ပျောက်ကွယ်သွားခဲ့ကြလေသည်။
အကွာအဝေးက အတော်လေး ခြားနားနေသည့်အပြင် ကောင်းမွန်စွာ ရုပ်ဖျက်ထားသည့် အတွက် လင်းရီ ၎င်းတို့၏ မျက်နှာများကို ရှင်းလင်းစွာ မမြင်တွေ့လိုက်ရချေ။
“ အစ်ကိုရီ…”
လင်းရီ ဒဏ်ရာရရှိသွားသည်ကို မြင်တော့ ကျောက်ရင်ညန်နှင့် ကင်မရာမန်းမှ အလျင်စလို ပြေးလာခဲ့ကြ၏။
“ မပူပါနဲ့… ဒီလောက်လေးကတော့ အသက်နဲ့ အဝေးကြီးပါ ဟားဟား….” လင်းရီ အံကိုကြိတ်ရင်း ခဲယဉ်းစွာ ပြောဆိုလိုက်၏။ အရိုးကို ကျည်ဆံထိမှန်သည့် ခံစားချက်က သာယာ မနေမည်မှာ တော့ သေချာလေသည်။
ကံကောင်းသွားသည်က သူ၏ မသိစိတ်မှ အန္တရာယ်ကို အာရုံခံမိသွားခဲ့ကာ ခန္ဓာကိုယ်ကို ဘေးသို့ အလိုအလျောက် ရွေ့လျားမိသွားသောကြောင့်ပင်။
မဟုတ်ပါက ယခုအချိန်လောက်ဆို သူ နောက်ဆုံး ထွက်သက်အား ရှူရှိုက်နေရလောက်ပြီး ဖြစ်၏။
“ ငါငိုးပဲကွာ…”
ဒက် ဒက် ဒက်….
ထိုစဉ် ကောင်းကင်ပေါ်ရှိ အဖြူရောင် ရဟတ်ယဉ် တစ်စီးထံမှ ကြိုးလှေကား ပြုတ်ကျလာခဲ့ပြီး ဆေးအကူနှစ်ဦး ချက်ချင်း ဆင်းလာခဲ့သည်။
တစ်ချိန်တည်းတွင် ရဟတ်ယဉ် တံခါးပေါက်ဘေး၌ ဂျပန် စစ်ဝတ်ယူနီဖောင်းနှင့် စစ်သားနှစ်ဦးမှ သေနတ်များ ကိုင်ဆောင်ထားကာ မြေပြင် အခြေအနေကို ဆန်းစစ်လေ့လာနေသည်။ အကယ်၍ အန္တရာယ် တစ်စုံတစ်ရာ ရှိလာပါက လင်းရီကို ကာကွယ်ရန်အလို့ငှာ မဆိုင်းမတွ ပစ်ခတ်မည်ဖြစ်၏။
“ မလှုပ်နဲ့… ကျွန်မတို့ ရှင့်ရဲ့ ဒဏ်ရာကို စစ်ဆေးပေးမယ်..” ဆေးအကူနှစ်ဦးမှ ပြောလိုက်၏။
“ ကျည်ဆံက ဖောက်မဝင်သွားဘူး… ပခုံး အရိုးနားလေးမှာ…” လင်းရီ အံကိုကြိတ်ရင်း ပြောလိုက်ပြီး “ ငါ့ကို ပိုးသတ်ပေးပြီး ဇာဂနာနဲ့ ချက်ချင်းထုတ်ပေးလိုက်… ကျန်တာ ဘာမှ လုပ်မနေနဲ့တော့..”
ကျွမ်းကျင် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သည့် အိုဝန်နှင့် ဂျုံးစ်မှာ မစွမ်းသာသောကြောင့် ယခုလို ရလဒ်မျိုး ဖြစ်ပေါ်စေသည်မဟုတ်ပဲ ပတ်ဝန်းကျင်က ပိုကောင်းသည့် အခြေအနေကို ခွင့်မပြုသောကြောင့်ပင်။
ထုတ်လုပ်ရေး အသင်းမှ ၎င်းတို့ကို မည်သည့် အပိုပစ္စည်းတို့မျှ ကျွန်းပေါ်သို့ ယူဆောင်ခွင့် မပြုထားသောကြောင့် သူတို့ဘက်က တပ်ဆင်ရ လွယ်ကူသည့် Type 95 ပစ်စတို ကိုသာ အကောင်းဆုံး ကြိုးပမ်း၍ သယ်ဆောင်လာနိုင်ခဲ့၏။
သေနတ်၏ ပြင်းအားမှာလည်း လျော့နည်းနေသည့် အပြင် လင်းရီ၏ အရိုးသိပ်သည်းဆကလည်း သာမန်လူတို့ထက် များပြားနေသောကြောင့်သာ ပခုံးအား ဖြောင်မထွက်သွားခြင်းပင်။
သို့သော်လည်း အကယ်၍ ကန္တာရ လင်းယုန်သာဖြစ်ခဲ့မည်ဆိုပါက သူလည်း ယခုအချိန်လောက်ဆို အလောင်းကောင် ဖြစ်နေလောက်ချေပြီ ။
( Desert eagle - ရိုင်ဖယ်နီးပါးလောက်တော့ ပြင်းအား မရှိပေမယ့် ဖောက်ထွင်းအား တော်တော်လေး ပြင်းတဲ့ ပစ်စတိုတစ်လက်လို့ ပြောရပါတယ်..)
မကြာမီ ဆေးအကူ နှစ်ဦးမှ လင်းရီ၏ အင်္ကျီစများကို ကတ်ကြေးဖြင့် ညှပ်ချလိုက်ကြသည်။ သူတို့ ဒဏ်ရာကို စစ်ဆေးကြည့်လိုက်တော့ နှစ်ယောက်စလုံး ရှော့ခ်ရသည့် အမူအရာများ ဖြစ်ပျက်သွားခဲ့ကြ၏။
“ ရှင့်အရိုးတွေက တော်တော်လေး မာတယ်နော်… တကယ်လို့ တခြားသူသာဆို ခုချိန် ကျည်ဆံက ဖောက်ဝင်သွားနေလောက်ပြီ…”
“ သူ့အရိုးတွေတင်ပဲ မဟုတ်သေးဘူး… သူ့ရဲ့ ကြွက်သား တစ်သျှူးတွေကအစ တခြားသူတွေနဲ့ ကွဲပြားနေသလားလို့… သာမန်လူသာဆို ဒီလို အခြေအနေထိ ရောက်အောင် လေ့ကျင့်နိုင်မှာ မဟုတ်ဘူး..”
“ အင်းနော်… သူ့ ရင်ဘက်နဲ့ ဝမ်းဗိုက်ကြွက်သား ကြီးတွေကိုလည်း ကြည့်စမ်းပါဦး… အနုပညာ လက်ရာတစ်ခုကို ဖန်တီးထားသလားပဲ…”
“ အဟမ်း.. အမျိုးကောင်းသမီးတို့ … ကျည်ဆံလေး အရင်ထုတ်ပေးရင် ကျေးဇူးတင်မိမှာပဲ…”
“ အိုး … ဆောတီး ဆောတီး…. ခုလုပ်လိုက်မယ်…”
ဆေးအကူနှစ်ဦးမှာ အင်မတန် ကျွမ်းကျင်လိမ္မာပြီး ကျည်ဆံထုတ်ရန် အချိန် ဘယ်လောက်မျှ မကြာလိုက်ချေ။
ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့နေရသည့် ကျောက်ရင်ညန်မှာတော့ သွေးထွက်သံယို မြင်ကွင်းကို မြင်ပြီး မေ့မြောလုနီးပါး ဖြစ်ပျက်သွားခဲ့၏။
နှစ်နာရီခန့်ကြာပြီးနောက် ဒဏ်ရာကို ပိုးသတ်လိုက်ပြီး ပတ်တီး တစ်ဖန် ပြန်စည်းလိုက်သည်။
လင်းရီ ရင်ဘက်ထဲ၌ သူ နောက်သုံးလေးရက်လောက်အထိတော့ ပင်ပန်းသည့် လေ့ကျင့်ခန်းများ မလုပ်နိုင်သေးကြောင်း သူ့ကိုယ်သူ သိ၏။ ပြန်လည်ကောင်းမွန်သည့် ဖြစ်စဉ်က အနည်းဆုံး အချိန်တစ်ပတ်လောက်တော့ ယူရပေမည်။
ဒက် ဒက် ဒက်….
ထိုအခိုက်အတန့်တွင် သူတို့အနားသို့ နောက်ထပ် ရဟတ်ယဉ် တစ်စင်း ဝဲပျံလာခဲ့၏။
ရန်စီ ဆင်းလာခဲ့သည်ကို မြင်တော့ လင်းရီ အံ့အားသင့်သွားခဲ့သည်။
“ မင်း ဘာလဲ လာလုပ်တာ….”
“ ငါ ဘာလာလုပ်တယ်လို့ နင်ထင်လဲ… နင်က ဆိုးဆိုးရွားရွားကြီး ဒဏ်ရာရထားတာလေ…”
“ အဲ့လောက်ကြီးလည်း မဆိုးရွားပါဘူးကွာ…. ဘာမှစိတ်မပူနဲ့… အဲ့တာက လေ့ကျင့်ခန်းအပေါ် အကျိုးသက်ရောက်မှု မရှိဘူး…”
ရောက်နေကြသည့် ကျန်သူများကတော့ ကြက်သေသေသွားခဲ့ကြ၏။
ဒီလူက ဒီအချိန်ကြီးမှာ ဘာလေ့ကျင့်ခန်း အကြောင်းတွေ လာပြောနေတာလဲ…
ရန်စီ တစ်ဦးတည်းကသာ လင်းရီ ပြောသည့် လေ့ကျင့်ခန်းကို နားလည်ပေသည်။ ကိုယ်တော်က အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးပေါင်းပြီး ချွေးထုတ်ရသည့် လေ့ကျင့်ခန်းကို ဆိုလိုနေခြင်းပင်။
“ ငါနဲ့ အခု ပြန်လိုက်ခဲ့တော့…. နင် ဆက်ပြီး ပြိုင်စရာ မလိုတော့ဘူး… နင့်ကို လောလောဆယ် ဂျပန်က ဆေးရုံတစ်ရုံမှာ ပို့ထားပေးမယ်… နင် ချက်ချင်း ကုသမှု ခံယူရမယ်… ဟုတ်ပြီလား…”
“ မလိုဘူး.. ငါက ကလေးလည်း မဟုတ်တော့ဘူး “ လင်းရီ ပြောလိုက်ပြီး “ ပြီးတော့ … အခု မင်း ငါ့ရဲ့ ဒဏ်ရာတွေအစား အဲ့ဒီ လုပ်ကြံသူ နှစ်ယောက်ကို ပိုပြီး အာရုံစိုက်သင့်တယ်… တကယ်လို့များ သူတို့ တခြားသူတွေကိုပါ တိုက်ခိုက်မယ်ဆိုရင် ဒီရှိုးပွဲကြီး တစ်ခုလုံး ဟော်ရာ(horror)ဆန်ဆန် ဖြစ်ပျက်သွားနိုင်တယ်နော်…”
ရန်စီ မျက်မှောင်ကြုတ်မိလိုက်သည်။ ဒါရိုက်တာတစ်ဦးအနေဖြင့် သူမက ဤကိစ္စကို ကိုင်တွယ်ရန် တာဝန်ရှိလေသည်။
“ နင် အရင်တစ်ခါက ငါ့ကို ကျွန်းပေါ်မှာ အပြင်လူတွေ ရှိနေသေးလားလို့ မေးဖူးတယ်နော်… နင် သူတို့တွေကို ပြောချင်ဝာာလား..”
လင်းရီ ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းကို ရမ်းလိုက်၏။
“ မဟုတ်ဘူး…. ငါ့ကိုပစ်သွားတာက တခြားတစ်ယောက်…”
၎င်းတို့နှစ်ခုက မတူညီသည့် အုပ်စု နှစ်ခု ဖြစ်ကြောင်း လင်းရီ သေချာလေသည်။
မိကျောင်းအား လက်ဗလာဖြင့် သတ်ဖြတ်ခဲ့သည့်သူမှာ သူ့ထက် အင်အားမနည်းပါးချေ။ ထို့ပြင် တစ်ဖက်သူမှာ သူ့နောက်သို့ လိုက်နေခြင်း မဟုတ်ကြောင်း သေချာလေသည်။
တစ်နည်းအားဖြင့်ဆိုသော် အဆိုပါ ဆန်းကြယ်သည့် လူက ဤကျွန်းပေါ်သို့ ရှိုးပွဲ၌ ပါဝင်ရန် ရောက်လာခဲ့ခြင်း မဟုတ်ပဲ အခြား ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ ရှိနေခြင်း ဖြစ်လောက်၏။
ထိုမိကျောင်းက သနားဖို့ကောင်းစွာဖြင့် အချောင် သတ်ဖြတ် ခံလိုက်ရခြင်းပင်။
သူ့အား တိုက်ခိုက်ခဲ့သည့် အခြား လူနှစ်ယောက်ကတော့.... သူတို့တွင်လည်း အခြားသော ရည်ရွယ်ချက်များ ရှိလောက်ပေသည်။ သို့သော်လည်း မည်သူကမျှ သူတို့ ဤနေရာသို့ ဝင်ရောက်လာကြလဲဆိုတာ မသိကြချေ။
ဆန်းကြယ်သည့် လူကဲ့သို့ ခိုးဝင်လာခဲ့ပြီး အခွင့်ကောင်းအောင်း စောင့်ဆိုင်းကာ သူ့အား အမိအရ တိုက်ခိုက်လာခြင်း ဖြစ်လောက်၏။
ရန်စီ လင်းရီလက်ကို ကိုင်ဆွဲ၍ ဘေးတစ်နေရာသို့ ခေါ်သွားလိုက်သည်။ အန္တရာယ်ကို မမြင်နိုင်သော်လည်း ကောင်းကင်ထက်၌ လက်နက်ကိုင် တပ်သားများ ရှိနေသောကြောင့် သူမ ကြောက်ရွံ့မနေခဲ့ချေ။
“ လင်းရီ… နင် ငါပြောတာကို သေချာလေးနားထောင်… ခု ဒီကိစ္စက ငါကိုင်တွယ်နိုင်တာထက်ကို ကျော်လွန်နေပြီ… ဘာတွေဖြစ်နေလဲဆိုတာတော့ ငါလည်း မသိတော့ဘူးဟာ… ငါခန့်မှန်းကြည့်ရသလောက်တော့ သူတို့က နင့်ကို သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်ကြတာ ဖြစ်လောက်တယ်.. နင် လတ်တလော ဘယ်သူ့ကို အပြစ်ပြုမိထားသေးလဲ… နင့်အပေါ် ပြန်ပြီး လက်စားချေနိုင်တဲ့ လူစားမျိုးတွေပေါ့…”
“ ငါနဲ့ ရန်ငြိုးရှိတဲ့ သူတွေကတော့ တော်တော်လေးကို များတယ်… ဒါပေမယ့် ဒီအထိလိုက်လာပြီး ငါ့ကို လုပ်ကြံဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး…”
တစ်စုံတစ်ယောက်ကို သေနတ်ဖြင့် ပစ်သတ်ခြင်းက ဓားဖြင့် ထိုးသတ်သည်နှင့် ကွဲပြား၏။ သူ၏ ရန်သူများထဲတွင်တော့ အာယာနဲ မစ်ဆူမှတစ်ပါး ထိုသို့ စွမ်းဆောင်နိုင်သည့်လူမရှိချေ။
သို့သော်လည်း ဂရုတစိုက်နှင့် တွေးတောကြည့်ပြီးနောက် သူမ မဖြစ်နိုင်ဟု လင်းရီ ကောက်ချက်ချလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူမဘက်က သူ့ထံ၌ မရှိသည့် သုတေသန ရလဒ်များကို လိုချင်နေပြီး သူနှင့် ရင်းနှီးနိုင်အောင်လည်း ဆောင်ရွက်နေသောကြောင့်ပင်။ ထို့ကြောင့် မည်သည့် ရှုထောင့်မှ စဉ်းစားစေကာမူ အာယာနဲ မစ်ဆူတော့ မဖြစ်နိုင်ချေ။
ထို့ပြင် တစ်ဖက်သူမှ သူ့အား ဤနေရာ၌ တိုက်ခိုက်ရန် ရွေးချယ်ထားသောကြောင့် တစ်ဖက်သူနှစ် ယောက်မှာလည်း လမ်းကြောင်း တစ်လျှောက်၌ မိကျောင်းသားရဲများနှင့် ကြုံတွေ့ခဲ့ရမည်မှာ မလွဲမသွေပင်။ သို့တိုင်အောင် လွယ်လင့်တကူ ကျော်လွှားနိုင်ခဲ့သည်ကို ကြည့်ပါက တစ်ဖက်သူမှာ အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားမြင်သာစွာဖြင့် သိရှိနိုင်ပေသည်။
သို့သော် အာယာနဲ မစ်ဆူကို ဖယ်ထုတ်၍ သူနှင့် ရန်ငြိုးရှိထားသူများ ကြားထဲတွင် မည်သူက ထိုသို့သော စွမ်းရည်မျိုး ရှိထားသနည်း။
အတွေးတချို့ ဝင်လာခဲ့ပြီးနောက် လင်းရီ ရန်စီကို ကြည့်၍ “ ငါ ခန့်မှန်းကြည့်ရသလောက်တော့ တိုက်ခိုက်တဲ့သူက ကိုယ့်ကိုယ်ကို ရုပ်ဖျက်ပြီး ထုတ်လုပ်ရေး အဖွဲ့နဲ့ ကျွန်းကို လိုက်လာခဲ့တာ ဖြစ်လောက်တယ်…. ပြီးမှ ငါ သတိလက်လွတ် ဖြစ်နေတဲ့အချိန် တိုက်ခိုက်တာပေါ့….”
“ ဒါပေမယ့် ငါတို့ဘက်က လှေပေါ် ပါလာတဲ့သူတိုင်းကို တင်းတင်းကြပ်ကြပ်နဲ့ စစ်ဆေးထားပြီးသားလေ… ဒီလူတွေ အကုန်လုံးက ရိုးရှင်းတဲ့ ဘဝမှာ နေထိုင်တဲ့ သာမန် လူတန်းစားတွေချည်းပဲ… ဘယ်တစ်ယောက်မှာမှ ပြစ်မှုမှတ်တမ်းဆိုတာ မရှိဘူး… ယုတ္တိကျကျပြောကြေးဆို ဒီလို ပြဿာနာမျိုး ရှိဖို့ဆိုတာက………...”
ရန်စီ စကားပြောရင်း တန်းလန်း ရပ်တန့်သွားခဲ့ပြီး အမူအရာမှာလည်း ငူငိုင်သွားခဲ့၏။
တစ်ခုခု မှားနေပြီဖြစ်ကြောင်း လင်းရီ ချက်ချင်း သတိပြုမိလိုက်ပြီး သူ၏ အမူအရာကလည်း လေးနက်လာခဲ့ကာ “ ဘာလဲဖြစ်လို့… မင်း တစ်ခုခု စဉ်းစားမိတာ ရှိလို့လား…”