← Chapters

ထူးဆန်းသည့် အနက်၀တ်နှင့်လူ

Vol. 60 Ch. 894

ထူးဆန်းသည့် အနက်၀တ်နှင့်လူ

Vol. 60 Ch. 894

“ ရသေးတယ်မလား…” လင်းရီ ရပ်တန့်ပြီး ကျောက်ရင်ညန်အား မေးလိုက်၏။

“ ရပါသေးတယ်… ဆက်သွားလို့ ရသေးတယ်…” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ဒါပေမယ့် အကြာကြီးတော့ ဆက်သွားနိုင်မယ်မထင်ဘူး…. ခြေထောက်တွေက တော်တော်လေးကို ညောင်းနေပြီ..ရှေ့နားလေးမှာ ပြေတဲ့ ကုန်းလျှောလေး တစ်ခုရှိတယ်… အဲ့မှာ ခဏလောက် နားကြရင်ကော…”

လင်းရီ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်တော့ သူတို့နှင့် မီတာ နှစ်ဆယ်ခန့် အကွာတွင် ကုန်းလျှောလေး တစ်ခု ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။

“ ဒါဆိုလည်း သွားစို့…. အဲ့သွားပြီး နားကြရအောင်…”

ဆယ်မိနစ်ကြာပြီးနောက် နှစ်ယောက်မှာ ကုန်းလျှောလေးထံ ရောက်ရှိလာကြလေသည်။ ကျောက်ရင်ညန် မြေပြင်ပေါ်သို့ အားပါးတရ ထိုင်ချလိုက်ပြီး တင်းမာနေသည့် သူမ၏ ခြေသလုံးကြွက်သားလေးများအား နှိပ်နှယ်နေလိုက်၏။ သူမကြောင့် လင်းရီ ခရီးဖင့်နေမည်ကို မလိုလားပေ။

“ အသက်ရှူရ ပြုရတာကော အဆင်ပြေတယ်မလား…”

“ အွန်း… ပြေတယ်….” ကျောက်ရင်ညန် ပြောလိုက်ပြီး “ ဒါပေမယ့် ထူးတော့ထူးဆန်းတယ်… အစက ရှင့်ကို အရင်တက်သွားခိုင်းပြီးတော့မှ ကျွန်မ နောက်ကနေ ဖြည်းဖြည်းချင်း တက်လာခဲ့မလို့…. ဒုတိယ နေရာရလည်း မဆိုးဘူးလေ… ဒါပေမယ့် ဒီလိုမျိုး လိုက်မှီနိုင်လိမ့်မယ်လို့တောင် ထင်မထားဘူး….”

လင်းရီ ဘေးဘီကို တစ်ချက်ကြည့်ရင်း “ ဒီနေရာကိုက ထူးဆန်းနေတာ….. ငါခန့်မှန်းကြည့်ရသလောက်တော့ ဒီနေရာရဲ့ အောက်ဆီဂျင်ပါဝင်မှု ပမာဏက တခြားနေရာတွေထက် များနေလို့ နေမယ်…. ဒါကြောင့်မို့ ငါတို့အဆုတ်တွေကို ပိုပြီး သန်မာသွားစေတာလေ….”

“အဲ့လိုဆို တောင်တက်ရတာ ပိုပြီး လွယ်ကူသွားတာပေါ့…. ကျန်တဲ့ မီတာသုံးရာကလည်း ကြီးကြီးမားမား ပြဿနာတွေ ရှိမယ် မထင်ဘူး…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး ခွန်အား ဖြည့်တင်းရန်အတွက် အစားအစာ တချို့ ထုတ်လိုက်၏။ ထို့နောက် တောင်ပေါ်သို့ ဆက်လက် ချီတက်ကြလေသည်။

ယခင် လမ်းခရီးနှင့် နှိုင်းယှဉ်ကြည့်ပါက ရှေ့ မီတာ သုံးရာ လမ်းခရီး၏ ခက်ခဲမှုမှာ အဆမတန် တိုးပွားလာခဲ့၏။

အချို့ နေရာများဆိုလျှင် သူတို့ လက်နှစ်ဖက်ဖြင့် ကုတ်တွယ်၍ တက်ရသည့် အနေအထားသို့ ရောက်ရှိလာခဲ့၏။

လင်းရီ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သာမန်လူတို့နှင့် ခြားနားနေသောကြောင့် သူ့အတွက်ကတော့ ပြဿနာ မရှိချေ။ သို့သော်လည်း ကျောက်ရင်ညန်အဖို့တော့ ယင်းက ခက်ခဲသည့် စိန်ခေါ်မှုကြီး တစ်ရပ်ဖြစ်လေသည်။

လင်းရီ ကြိုးရှည်ရှည် တစ်ချောင်း ထုတ်၍ နှစ်ယောက် အတူ ချည်ထားလိုက်သည်။ထို့နောက် တောင်ထိပ်ဆီသို့ ဆက်လက် ခရီးဆက်ကြ၏။

နောက် သုံးနာရီခန့်မျှ ကျော်လွန်ပြီးနောက် နှစ်ယောက်မှာ တောင်၏ ထိပ်ဆုံးနှင့် အလွန်အမင်း နီးကပ်လာလေသည်။ ခန့်မှန်းကြည့်ရသလောက်တော့ မီတာ တစ်ဒါဇင်ခန့်သာ လိုအပ်တော့၏။

“ အစ်ကိုရီ… ခဏလေးစောင့်ဦး…. ကျွန်မ အပေါ်မရောက်ခင် နားချင်သေးတယ်…” ကျောက်ရင်ညန်မှ မောဟိုက်နေသည့် လေသံဖြင့် ပြောလိုက်ပြီး “ တောင်ထိပ်ကို လှတပတလေးနဲ့ ရောက်ချင်တယ်…”

“ ဒါဆို မိတ်ကပ်ကော ပုတ်ဦးမလား..”

“ မလိုပါဘူး… အဲ့လိုဆို လုပ်ကြံဖန်တီးထားတယ်လို့ ထင်သွားမှာပေါ့…”

လင်းရီ နေရာတွင် မတ်တပ်ရပ်ရင်း တောင်အောက်ခြေရှိ မြင်ကွင်းများအား ကြည့်ရှုလိုက်၏။

အပေါ်စီးမှ မြင်တွေ့ရသည့် သာယာသည့် ရှုခင်းများက ရင်အေးလောက်စရာပင်။

“ အမ်… ဘာကြီးလဲ.. တောင်ထိပ်မှာ တစ်ယောက်ယောက် ရှိနေတယ်လား…”

ကျောက်ရင်ညန်၏ အာမေဋိတ်သံက လင်းရီ၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ ဒီမှာ တစ်ယောက်ယောက် ရှိနေတာလား…” လင်းရီ အံ့အားသင့်သွားခဲ့၏။

“ အွန်း… ခုလေးတင် အနက်ရောင် အရိပ်တစ်ခု ဖျတ်ခနဲ မြင်လိုက်ရသလားလို့..”

လင်းရီ တစ်ဖန်ပြန်ကြည့်လိုက်သော်လည်း မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရချေ။

“ မင်း မြင်လိုက်တာတော့ သေချာပါတယ်နော…”

“ တကယ်ကြီးပါဆို… လုံးဝမမှားဘူး…” ကျောက်ရင်ညန် ပြောလိုက်ပြီး “ တကယ်လို့ လူမဟုတ်ဘူးဆိုရင် ဒီမှာနေတဲ့ လူရိုင်းများလား မသိဘူးနော်…”

“ သောက်ပေါက်တတ်ကရ… ဒီမှာ ဘယ်လိုလုပ်ပြီး လူရိုင်းတွေ ရှိမှာ…” လင်းရီ ရယ်ကျဲကျဲ ပြောလိုက်ပြီး “ ဒီမှာပဲနေ… ငါ အပေါ်တက်ပြီး တစ်ချက် သွားကြည့်လိုက်ဦးမယ်…”

“ အွန်း အွန်း…”

ယခုအချိန်တွင်တော့ ကျောက်ရင်ညန် ပတ်ဝန်းကျင်ကို ကျောက်ရွံ့နေခြင်း မရှိတော့ချေ။ ယခုလို တောင်ပေါ်၌ မြွေများ ၊ အင်းစက်များ နှင့် ကြွက်များ သို့မဟုတ် ပုရွက်ဆိတ်များက ကျက်စားရန် မဖြစ်နိုင်သောကြောင့် သူမ စိုးရိမ်နေရန် မလိုချေ။

ပြောပြီးနောက် လင်းရီ တောင်ထိပ်ပေါ်သို့ ပြေးတက်သွားလိုက်၏။

အစကတော့ ကျောက်ရင်ညန်မှ တောင်ထိပ်ပေါ်တွင် တစ်စုံတစ်ယောက် ရှိနေသည်ဟု ပြောတုန်းက လင်းရီ အလေးအနက် မထားခဲ့ချေ။ သို့သော်လည်း မကြာမီ သူ တစ်စုံတစ်ရာကို သွား၍ တွေးတောမိလိုက်၏။

ကျွန်းပေါ်၌ သူ့အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားသူ နှစ်ဦးအပြင် မိကျောင်းအား သတ်ဖြတ်သွားခဲ့သည့် ဆန်းကြယ်သည့် လူကလည်း ရှိနေသေးပြန်သည်။

ကျောက်ရင်ညန် မြင်တွေ့လိုက်ရသည့် အနက်ရောင် အရိပ်မှာ ထို မိကျောင်းအား သတ်ဖြတ်သွားသည့်သူ ဖြစ်ဖို့ များလေသည်။

ထိုသူကလွဲ၍ သူတို့ထက် စောရောက်နေသူ မရှိသေးချေ။

လင်းရီ သွက်လက်တက်ကြွစွာဖြင့် ထိပ်ဆုံးသို့ နှစ်မိနစ်အတွင်း ရောက်ရှိလာခဲ့သည်။

ဘေးဘီဝဲယာကို ကြည့်နေစဉ် ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုက သူ့ရှေ့ ဖျတ်ခနဲ ဖြစ်သွားခဲ့ပြီး ဆယ်မီတာ အကျော်လောက်အထိ တစ်မဟုတ်ချင်း ရောက်ရှိသွားခဲ့တော့၏။ လင်းရီ မြင်မိသလောက်တော့ သူ့လက်ထဲတွင် သေတ္တာ အသေးတစ်လုံးကိုလည်း ကိုင်ထားသေးလေသည်။

သူ တောင်၏ ထိပ်ဆုံးသို့ ရောက်ရှိနေသော်လည်း ဤနေရာရှိ မြင်ကွင်းများအား ရှုစား ရင်ခုန်စိတ်လှုပ်ရှားနေရန် အာရုံ မရှိသေးချေ။ မသိလိုက်ပါပဲနှင့် အရှိန်ကို အလိုအလျောက် မြင့်တင်လိုက်ပြီး အနက်ရောင် အရိပ်နောက်သို့ ပြေးလိုက်တော့၏။

သူ ခေတ္တကြာအောင် နောက်မှ ပြေးလိုက်ပြီးနောက် ရှေ့ရှိ အနက်ရောင်ဝတ်နှင့် လူမှာ ရုတ်ချည်းရပ်တန့်သွားပြီး နေရာတွင် သစ်ငုတ်တွယ်မိသကဲ့သို့ တုံ့ခနဲ ဖြစ်သွားခဲ့လေသည်။

လင်းရီလည်း ကိုယ်ရှိန်ကို တန့်လိုက်ပြီး အနက်ရောင်ဝတ်နှင့်လူ၏ နောက်ကျောအား စိုက်ကြည့်လိုက်သည်။

တစ်ဖက်သူမှာ အနက်ရောင် သိုးမွှေးထည်နှင့် အနက်ရောင် ဘောင်းဘီများအား ဝတ်ဆင်ထားပြီး ဦးခေါင်းကိုလည်း ဦးထုပ်ဖြင့် တင်းကြပ်စွာ ကာကွယ်ဖုံးအုပ်ထား၏။ ၎င်း၏ လက်များကိုပင်လျှင် လက်အိတ်များဖြင့် ဖုံးအုပ်ထားကာ မည်သည့်အစိတ်အပိုင်းကိုမျှ လှစ်ဟာပြသနေခြင်း မရှိချေ။

လင်းရီ သတိကို အဆုံးစွန်ထိ ကပ်ထားလျက်ရှိကာ ကြီးကြီးမားမား မလှုပ်ရှားဝံ့သေးချေ။

လူတစ်ယောက်ဆီမှ ယခုလို ဖိနှိပ်ခံထားရသည့် ခံစားချက်မျိုး သူ ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။

တစ်ဖက်သူမှာ ဘာမျှ မလုပ်သေးသော်လည်း ဤအတိုင်း ရပ်နေသည်ကပင် လင်းရီကို ရင်တထိတ်ထိတ် ဖြစ်နေစေတော့၏။

နှစ်ယောက်မှာ အကွာအဝေ တစ်ခု ခြားထားပြီး အလယ်ရှိ လေထုမှာလည်း ဖိစီးသိပ်သည်းနေသည်။

ဖြည်းညင်းစွာဖြင့် အနက်ရောင်ဝတ်နှင့်လူမှာ လင်းရီဘက်သို့ လှည့်ကြည့်လာခဲ့သည်။

တစ်ချိန်တည်းတွင် လင်းရီလည်း အနက်ဝတ်နှင့်လူ၏ မျက်နှာပုံသဏ္ဌာန် မည်သို့ရှိလဲဆိုတာကို မြင်တွေ့လိုက်ရသည်။ သို့သော်လည်း သူ့ကို ထိတ်လန့်သွားစေသည်မှာတော့ အနက်ဝတ်နှင့်လူမှာ သူ၏ မျက်နှာကိုပင် ဖော်မပြထားခြင်းပင်။ထိုသူက ဆပ်ကပ် လူရွှင်တော် ရောင်စုံမျက်နှာဖုံးအား ဝတ်ဆင်ထားလေသည်။

ထိုမျှ ထူးဆန်းသည့်လူနှင့် ကြုံတွေ့လိုက်ရတော့ လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ဆံပင် အဖျားလေးများ ထောင်မတ်သွားသည်အထိ ထိတ်လန့်သွားခဲ့တော့၏။

ငါလခွီး ဒါကြီးက ဘာကြီးလဲ....သောက်ရမ်း ထူးဆန်းလွန်းတယ်….

အနက်ဝတ်နှင့်လူမှာ အပြုံးမျက်နှာဖုံးနှင့် သူ့အား ကြည့်နေသော်လည်း မျက်နှာဖုံး အောက်ရှိ သူ၏ မျက်နှာမှာလည်း ပြုံးနေလိမ့်မည်ဟု လင်းရီ ထူးဆန်းစွာ ခံစားနေရသည်။

ထို့ပြင် ယင်းကလည်း တော်တော်လေးကို ထူးဆန်းသည့် အပြုံးမျိုး ဖြစ်ရပေမည်။

ထိုအခိုက်အတန့်တွင် အနက်ဝတ်နှင့် လူမှာ ရုတ်ချည်း လှုပ်ရှားလာခဲ့ပြီး ရှေ့သို့ ထွက်ပြေးသွားခဲ့တော့၏။ လင်းရီလည်း တုံ့ဆိုင်းခြင်းမရှိ နောက်မှ ပြေးလိုက်တော့သည်။

စူးစမ်းချင်စိတ်က လူကို သေစေသည်ဟု ပြောကြသည်မှာ တကယ်လည်း မှန်ပေသည်။ ယခု လင်းရီ စိတ်ထဲ ခြောက်ခြားနေသော်ငြား သိလိုစိတ်က ခန္ဓာကိုယ်ကို အလိုအလျောက် ရွေ့လျားရန် စေခိုင်းနေတော့၏။

ဤတစ်ကြိမ်တွင်တော့ လင်းရီ ထိန်ချန်ထားခြင်း မရှိ၊ သူ၏ ဝှက်ဖဲအား အသုံးပြုလိုက်တော့သည်။ ယူးစိန်းဗို့( Usain Bolt) ကိုယ်တိုင် ရောက်လာခဲ့လျှင်တောင် သူ့လောက် မြန်ဆန်လိမ့်မည် မဟုတ်ချေ။

သို့သော် အနက်ဝတ်နှင့်လူကလည်း မနှေးကွေးချေ။ လင်းရီ သူ၏ အလုံးစုံခွန်အားကို အသုံးပြုနေသော်ငြား ထိုသူနှင့် တူညီသည့် အမြန်နှုန်းလောက်ကိုသာ ထိန်းသိမ်းထားနိုင်သည်။ နှစ်ဦးကြားရှိ အကွာအဝေးက တိုတောင်းနေသည်လည်း မဟုတ်ပေ။

လိုက်နေစဉ် အတွင်း လင်းရီ စိတ်ထဲ၌ အနက်ဝတ်နှင့် ထူးဆန်းသည့်လူမှာ မိကျောင်းအား သတ်ဖြတ်သွားခဲ့သူ ဖြစ်ကြောင်း ပိုလို့ပင် သေချာသွားခဲ့တော့သည်။ မဟုတ်ပါက သူ၏ စွမ်းရည်ဖြင့် လူတစ်ယောက်ကို လိုက်မမှီဆိုသည့် ရာဇဝင် မရှိနိုင်ချေ။

သို့တိုင်အောင် တစ်ခု ရှိသည်က ထိုလူမှာ မည်သည့် အရပ်ဌာနေမှ ရောက်ရှိလို့ လာခဲ့ပါသနည်း။

အဘယ်ကြောင့် ဤနေရာသို့ ရောက်လာခဲ့ရသနည်း။

ထိုသူ့ လက်ထဲရှိ သေတ္တာလေးအတွင်း၌ကော မည်သို့သော အရာများ ရှိနေပါသနည်း။

အင်တိုက်အားတိုက် ပြေးလိုက်နေရင်းဖြင့် ထိုအတွေးတို့က လင်းရီ ဦးခေါင်းထဲ၌ နေရာယူလာခဲ့၏။

သို့သော်လည်း ဒေါသထွက်ချင်စရာ ကောင်းသည်က နှစ်ဦးကြားရှိ အကွာအဝေးမှာ နည်းနည်းလေးမှကို နီးစပ်မနေခြင်းပင်။

ရှေ့ရှိ ပုံရိပ်က သူ မည်မျှ အားကြိုးမာန်တက် ပြေးလိုက်နေစေကာမူ တူညီသည့် အကွာအဝေးတစ်ခုဖြင့် နောက်ကောက်ချန်ထားခဲ့လေသည်။

ဆယ်မိနစ် ကျော်မျှ ပြေးလိုက်ပြီးနောက် အနက်ဝတ်နှင့် လူမှ ယွင်ကျန်းတောင်၏ အရိပ်ဘက်ခြမ်းသို့ ပြေးလာခဲ့သည်။

ဤနေရာက တော်တော်လေးကို ပြန့်ပြူးသည့် နေရာဖြစ်ပြီး သူတို့ ရောက်ရှိလာချိန်၌ ၎င်းမှာ သေတ္တာလေးကို သူ့လက်ထဲ၌ ကိုင်ထားဆဲပင်။ သို့သော်လည်း ဆက်လက်မပြေးလိုတော့သည့်နှယ် ရပ်တန့်၍နေသည်။

ယခုလို အမြန်နှုန်းဖြင့် ပြေးလွှားထားသော်လည်း အနက်ဝတ်နှင့် လူ၏ အသက်ရှူသံမှာ စည်းချက် မှန်မှန်နှင့် ဟိုက်ခြင်း ပြုခြင်း မရှိ။

တစ်ဖက်တွင်တော့ လင်းရီ၏ အသက်ရှူသံမှာ အနည်းငယ် မြန်ဆန်လို့နေသည်။

“ မင်း ဘယ်သူလဲ…”

အနက်ဝတ်နှင့် လူက ရပ်နေမြဲ ရပ်နေဆဲဖြစ်ကာ ခွန်းတုံ့ပြန်မလာချေ။ ထိုအစား သူ့လက်ထဲရှိ သေတ္တာကို မြေပြင်သို့ ဖြေးညင်းစွာ ချထားလိုက်ပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ ၎င်းဘက်က စတင်တိုက်ခိုက်တော့မည့်ဟန်ပင်။

လင်းရီ နှုတ်ခမ်း တွန့်ကွေးတက်လာခဲ့ကာ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထို့နောက် သူလည်း သူ၏ ကိုယ်ဟန်အား ယူကာ လက်ညိုးကွေး၍ အနက်ဝတ်နှင့် လူအား စိန်ခေါ်လိုက်၏။

“ ငါ မင်းလိုမျိုး ချကာနီး သောက်ပိုတဲ့ မပြောတဲ့ကောင်တွေကို တကယ် သဘောကျတယ်..”

လင်းရီ စကားဆုံးသည်နှင့် အနက်ဝတ်နှင့်လူမှာ ရှေ့နှစ်မီတာအကျော်သို့ ခုန်ဝင်လာ၍ သူ့အား ခြေစုံကန်လာခဲ့၏။

All Chapters