← Chapters

ခွေးကျတဲ့ စနစ်

Vol. 60 Ch. 895

ခွေးကျတဲ့ စနစ်

Vol. 60 Ch. 895

တစ်ဖက်သူ လှုပ်ရှားလာသည်ကို မြင်တော့ လင်းရီ လက်နှစ်ဖက်ကို ယှက်တမ်း၍ တုံ့ပြန်ကာကွယ်လိုက်သည်။

သို့သော်လည်း တစ်ဖက်သူ၏ ကန်ချက်နှင့် တွေ့ဆုံချိန်တွင်တော့ အနက်ဝတ်နှင့် လူမှာ မည်မျှ သန်မာအားကောင်းလှကြောင်း လင်းရီ သတိထားမိသွားခဲ့တော့၏။

သူ့ခန္ဓာကိုယ် အောက်ပိုင်းအား အားပြု၍ ကာကွယ်သည်ပင် တစ်ဖက်သူ၏ အရှိန်အား မထိန်းသိမ်းနိုင်ချေ။

အဆိုပါ ခြေကန်ချက်က လင်းရီအား မီတာ အနည်းငယ်ခန့်မျှ လွင့်ထွက်သွားစေလေသည်။ သူ၏ လက်ကောက်ဝတ်လည်း ထုံကျင်သွားခဲ့ပြီး ပြန်လည်သက်သာစေရန် အချိန်တစ်ချို့ ယူလိုက်ရ၏။

မဝေးသည့် နေရာတွင် ရှိသည့် အနက်ဝတ်နှင့် လူကတော့ လင်းရီကို အခွင့်အရေး မပေးဘဲ တိုက်ခိုက်ပြီးသည်နှင့် တစ်ပြိုင်နက် လင်းရီထံ ပြေးလာပြန်သည်။

ဤတစ်ကြိမ်တွင်တော့ လင်းရီ ဘက်ကလည်း လေးလေးနက်နက် ရှိလာခဲ့၏။ သူ့ တန်းထျန်အတွင်း စုဆောင်းထားသည့် ခွန်အားတို့က ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ကာ အနက်ဝတ်လူနှင့် လက်သီးချင်း ဆိုင်လိုက်သည်။

နှစ်ဖက်လက်သီးက လေထဲတွင် သွား၍ ဆုံတွေ့သွားကြ၏။

ဤတစ်ကြိမ်တင်တော့ လင်းရီ အရေးမသာ မဖြစ်တော့ပဲ ထိုအစား နှစ်ယောက်မှာ မတိုးသာ မဆုတ်သာ အခြေအနေဖြင့် မည်သည့် ဘက်ကမျှလည်း အသာစီး ရမနေချေ။

အနက်ဝတ်နှင့်လူလည်း အံ့အားသင့်သွားပုံရ၏။ လင်းရီ ထိုမျှ သန်မာနေလိမ့်မည်လို့ သူ မထင်မှတ်ထားသည့်ပုံပင်။

ထို့ကြောင့် သူ၏ နည်းဗျူဟာအား အလျင်အမြန်ပြောင်းလဲ၍ ခြေထောက်ဖြင့် လင်းရီ မျက်နှာကို ပစ်မှတ်ထားလာခဲ့သည်။

လင်းရီ‌ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ခေါင်းကို မော့၍ အနောက်သို့ အနည်းငယ်ကိုင်းကာ ကန်ချက်ကို ရှောင်တိမ်းလိုက်လေသည်။

ထိုအခိုက်အတန့်၌ ဖြတ်သန်းသွားသည့် လေမှာ လင်းရီမျက်နှာအား ဓားနှင့် မွှန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။

၎င်းနောက် ပွင့်နေသည့် နေရာကို အခွင့်အရေးယူကာ လင်းရီ ချက်ချင်း သူ့ပခုံးဖြင့် အနက်ဝတ်လူ၏ ရင်ဘက်ထံသို့ ဆောင့်ချလိုက်သည်။

တစ်ဖက်သူကလည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားလိုက်ရပြီး ညာဘက် လက်မောင်းကို မြောက်၍ လင်းရီ၏ လှုပ်ရှားမှုအား တားဆီးလိုက်လေသည်။

သို့သော်လည်း လင်းရီဘက်မှ ဦးစွာ အခွင့်ကောင်းယူပြီး ဖြစ်သည့်အတွက်ကြောင့် အနက် ဝတ်လူမှာ အငိုက်မိသွားခဲ့ကာ နောက်သို့ ခြေတစ်လှမ်းခန့်မျှ ဆုတ်လိုက်ရ၏။

နှစ်ဦးကြား အကွာအဝေးမှာ တစ်ဖန် ဝေးကွာသွားပြန်ပြီး လင်းရီ ယခုထိတိုင် တစ်ဖက်သူ၏ မျက်နှာ အစစ်အမှန်ကို မမြင်တွေ့ရသေးချေ။ သို့သော်လည်း ၎င်းတပ်ဆင်ထားသည့် မျက်နှာဖုံးက အနည်းငယ် ထူးဆန်းနေသလို ခံစားနေရကာ သူ၏ စိတ်ဝိဉာဏ်အား ဖမ်းစားတော့မည် အသွင်ပြင်။

အနက်ဝတ်လူမှ ဖုန်မှုန့်များကို သာမန်လျှံကာ ခါချလိုက်ပြီး တစ်ဖန် တိုက်ခိုက်လာခဲ့ပြန်သည်။

ဤတစ်ကြိမ်တွင်တော့ ၎င်း၏ ထိုးနှက်ချက်များက ပိုမိုထက်ရှလာခဲ့ကာ ခွန်အားနှင့် အရှိန်ကလည်း ကြီးစွာ တိုးတက်လာခဲ့လေသည်။

ဘန်း ဘန်း ဘန်း…

စက္ကန့်အနည်းငယ်အတွင်း နှစ်ဦးမှာ ဆယ်ကွက်မျှ ဖလှယ်ပြီးဖြစ်၏။

ထိုအချိန် အတောအတွင်း အနက်ဝတ်နှင့်လူမှ ဖြည်းဖြည်းချင်း လက်ဦးမှု ရရှိလာလေသည်။

လင်းရီမှာ အရေးမသာသည့် အခြေအနေသို့ တွန်းပို့ခံနေရရင်း သူ့ ပခုံးရှိ ဒဏ်ရာမှာ ပွင့်ဟလာခဲ့ကာ သူ၏ အရှိန်နှင့် ခွန်အားအပေါ် များစွာ သက်ရောက်မှု ရှိသွားခဲ့တော့၏။

ဝှစ်… ဘန်း…

အနက်ဝတ်နှင့်လူမှ သူ့ခြေထောက်ကို မြှောက်၍ လင်းရီရင်ဘက်ကို ဆောင့်ကန်လိုက်သည်။

မူလကတည်းက တရစပ်နောက်ဆုတ်နေရသည့် လင်းရီမှာ ယင်းကန်ချက်ကြောင့် နောက်သို့ လွင့်ထွက်သွားခဲ့လေသည်။

သို့သော်လည်း သူ့ဘက်မှ ပြန်လည်တိုက်ခိုက်မည့်ဟန်ပြင်တော့ အနက်ဝတ်နှင့် လူမှာ သေတ္တာကို ယူဆောင်၍ တောင်အောက်သို့ ခုန်ချသွားခဲ့ကြောင်း သတိပြုမိလိုက်၏။ လင်းရီ နောက်က ပြေးလိုက်ချင်လျှင်တောင် အရမ်းနောက်ကျသွားခဲ့ချေပြီ။

“ တောက်ခ်…”

လင်းရီ ကျိန်ဆဲလိုက်သည်။ သူ့ဘက်က ဆန်းကြယ်သည့် အနက်ဝတ်နှင့် လူနောက် လိုက်ချင်ပါသော်လည်း ပခုံးပေါ်ရှိ အနာက တဆစ်ဆစ် နာကျင်လာပြန်သည်။

အကယ်၍ သူ့ဘက်က လိုက်လို့မှီခဲ့လျှင်တောင် ထိုမျက်နှာဖုံးနှင့် လူကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း လင်းရီ သိသည်။ မည်သို့ပင်ဆိုစေ မျှော်လင့်ချက် မရှိသောကြောင့် လင်းရီ သက်ပြင်းတစ်ချက်ချရင်း စိတ်ကို လျှော့လိုက်ကာ ကျောက်ရင်ညန်ထံ ဦးတည်လိုက်လေသည်။

သူ ရောက်လာသည့် အချိန်၌ ကျောက်ရင်ညန်နှင့် ရိုက်ကူးရေး အဖွဲ့သားတို့မှာ အတူတကွ ရပ်နေကြပြီး နောက်ဆုံး အခိုက်အတန့်အား မှတ်တမ်းတင်ရန် ဟန်ပြင်နေကြ၏။

“ အစ်ကိုရီ ဘယ်တွေလဲ သွားနေတာ…. ဟို အရိပ်ကြီးနဲ့ကော ဆုံခဲ့သေးလား…”

“ မမှီလိုက်တော့ဘူး… သွားခဲ့ပြီ…”

မူလကတော့ လင်းရီ လျှို့ဝှက်ထားချင်ခဲ့သော်လည်း သူ တောင်ပေါ် တက်လာသည့် အချိန်၌ ရိုက်ကူးရန် တာဝန်ယူထားသည့် ရဟတ်ယဉ်ကလည်း အတူလိုက်လို့ပါလာလေသည်။ ထို့ကြောင့် ကင်မရာက အနက်ဝတ်နှင့် လူအား မှတ်တမ်းတင်မိသွားလောက်၏။

သို့သော်လည်း ရိုက်ကူးရေး အဖွဲ့သားများမှ မည်သည်ကို မှတ်တမ်းတင်မိလိုက်ကြောင်းတော့ လင်းရီလည်း မသိပေ။

“ အားလုံး အာရုံစိုက်ထားကြမယ်… ပစ္စည်းတွေကို အသင့်ပြင်ပြီး နောက်ဆုံး အခိုက်အတန့်ကို သေချာလေး မှတ်တမ်းတင်ဖို့ ပြင်ထားကြ…”ရန်စီမှ လူတိုင်းကို အမိန့်ပေးလိုက်သည်။

“ နားလည်ပါပြီ…”

လူတိုင်းကို ညွှန်ကြားပြီးနောက် ရန်စီ လင်းရီအား ဘေးတစ်နေရာသို့ ခေါ်သွားခဲ့ကာ “ ဘာတွေလဲဖြစ်နေတာ… ဘာလို့ တောင်ထိပ်ပေါ်မှာ လူစိမ်းက ရှိနေတာလဲ…. ပြီးတော့ အဲ့လူကလည်း မျက်နှာဖုံးကြီးနဲ့…. စိတ္တဇ ဆန်လိုက်တာဟယ်…..”

“ ငါလည်း မသိဘူး…” လင်းရီ ခေါင်းခါရမ်းလိုက်သည်။

“ နင် သူ့ကို လိုက်မှီသွားခဲ့တယ် မဟုတ်ဘူးလား…”

လင်းရီ ပခုံးတွ့န်လိုက်ပြီး “ မှီတယ်လေ… ဒါပေမယ့် အနိုင်မှ မယူနိုင်တာ…”

“ အာ…. နင်ကတောင် သူ့ ပြိုင်ဘက် မဟုတ်ဘူးပေါ့…. မဖြစ်နိုင်လိုက်တာ… အတည်ကြီးလား…”

လင်းရီ သူ့ရှပ်အင်္ကျီ ထောင့်စွန်းကို လှန်ပြလိုက်၏။ ထိုအခါ ရှပ်အောက်ရှိ အနက်ရောင် စွပ်ကြယ်မှာ သွေးတို့ဖြင့် စိုရွှဲနေကြောင်း သတိပြုမိလိုက်လေသည်။

သူမ ရှေ့သို့ တိုး၍ ထိတွေ့ကြည့်လိုက်တော့ နီညိုရောင်သွေးတို့ဖြစ်နေကြောင်း သတိထားမိသွားပြီး ချက်ချင်းဆိုသလို မျက်နှာ ဖြူလျော်သွားခဲ့တော့သည်။

“ ခဏလေး… နင့်အနာကို ပြန်စည်းပေးဖို့ တစ်ယောက်ယောက် သွားခေါ်လိုက်ဦးမယ်…”

“ ထားလိုက်ပါ…. အရေးကြီးတာလည်း မဟုတ်ပဲနဲ့..” လင်းရီ ပြောလိုက်ပြီး “ ရှိုးက ပြီးခါနီးနေပြီ… ရိုက်ကူးရေးပြီးအောင်ပဲ အရင် လုပ်လိုက်ကြစို့….”

“ နင်…. ဖြစ်ပါ့မလားဟယ်….”

“ ဖြစ်တာပေါ့… ညလုံးပေါက်တောင် လေ့ကျင့်ခန်း လုပ်လို့ရသေး…”

ရန်စီ ရှက်ရမ်းရမ်းသွားခဲ့ပြီး နီမြန်းသော မျက်နှာဖြင့် လင်းရီကို ဆတ်ခနဲ ဆွဲဆိတ်ပစ်လိုက်သည်။

“ နင့်ကိုတော့ လုပ်မိတော့မယ်.. ဒီအချိန်ကြီး ဘာတွေ လျှောက်ပြောနေမှန်းလဲ မသိဘူး…”

လင်းရီ တဟားဟား ရယ်မောလိုက်ပြီး ရန်စီနှင့်အတူ ပြန်လာခဲ့လေသည်။

သို့သော်လည်း ရှိုးပွဲအတွက် လင်းရီနှင့် ကျောက်ရင်ညန်မှာ မူလ နားနေသည့် နေရာသို့ ပြန်သွား၍ နောက်တစ်ခေါက် ပြန်တက်ရန် စီစဉ်ကြရပြန်သည်။ သို့မှသာ ကင်မရာမှ ဖြစ်စဉ်တစ်ခုလုံးကို သပ်ရပ်ကောင်းမွန်စွာ ရိုက်ကူးနိုင်မည်ဖြစ်၏။

တောင်ထိပ်သို့ တစ်ဖန် ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် လင်းရီ ကျောပိုးအိတ်ထဲမှ နိုင်ငံအလံကို ထုတ်ကာ ထုတ်လုပ်ရေး အသင်းမှ အသင့်ပြင်ထားပေးသည့် နေရာ၌ စိုက်ထူလိုက်၏။

ယင်းက ပန်းတိုင်သို့ ပထမဆုံး ရောက်ရှိလာသူ ရှိနေပြီး ဖြစ်ကြောင်း ကြေညာနိုင်ရန်ပင်။

ထိုအခိုက်အတန့်၌ စနစ်၏ အသိပေးသံမှာ လင်းရီစိတ်ထဲ အသံမြည်လာသည်။

[ မစ်ရှင် ပြီးမြောက်သွားပါပြီ … ]

[ ဆုလဒ် : အတွေ့အကြုံမှတ် နှစ်သိန်း ]

[ အလုပ်အကိုင် ပြီးမြောက်နှုန်း : ၁၀၀ % ]

[ ဆုလဒ် : ဒုတိယအဆင့် တိုက်ခိုက်ရေး စွမ်းအား … ]

ငါယိုး…

လင်းရီ စိတ်ထဲ ကျိန်ဆဲလိုက်မိ၏။

အကုန်လုံးပြီးသွားတော့ သူ့ကို ပေးလာခဲ့တာ ဒါတဲ့လား…

လင်းရီ နာကျင်စွာဖြင့် နားထင်ကို ပွတ်သပ်လိုက်သည်။အကယ်၍ သူ့အား စောလျင်စွာဖြင့် ဒုတိယအဆင့် တိုက်ခိုက်ရေး စွမ်းအားကို ပေးအပ်ခဲ့မည် ဆိုပါက သူ၏ ပခုံး ဒဏ်ရာရထားခဲ့စေကာမူ အနက်ဝတ်နှင့် လူနှင့် သတ်ပုတ်ရန် ပြဿနာ ရှိလိမ်မည် မဟုတ်ချေ။

ခုတော့ ငါ လခွီးလိုပဲ..

စနစ်မှာ အနည်းငယ် ခွေးကျသော်လည်း ပေးလာသည့် ဆုလဒ်ကိုတော့ လင်းရီ လက်ခံရပေမည်။

ဒုတိယအဆင့် တိုက်ခိုက်ရေး စွမ်းအားကို လက်ခံပြီးသည့်နောက် သူ၏ တန်းထျန်အတွင်း စုဆောင်းထားသည့် စွမ်းအားတို့က ပို၍ သန်မာသွားသည့်နှယ်ပင်။

အကယ်၍ ပထမအဆင့်က ၁ နှင့် ညီမျှသည်ဆိုပါက ဒုတိယအဆင့်မှာ ၁.၅ နှင့်ညီမျှကာ နှစ်ခုအား သိသိသာသာ ကွဲပြားသွားစေသည်။

မစ်ရှင်ပြီးမြောက်သွားပြီးနောက် လင်းရီ မြေပြင်ပေါ်၌ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။တောထဲ၌ ရက်ပေါင်းများစွာ နေထိုင်လာပြီးနောက် သူ အနည်းငယ် ပင်ပန်းနေချေပြီ။

သို့သော်လည်း အစီအစဉ် ပြီးပြည့်စုံရေးအတွက် လင်းရီ ရန်စီနှင့် ပူးပေါင်းကာ တခမ်းတနားနိုင်သည့် စကားလုံး အချို့ကို ပြောလိုက်ရသေးသည်။

သို့သော်လည်း လင်းရီထံ၌ သူ့ကိုယ်သူ ထင်ပေါ်လိုသည့် အတွေးမျိုး မရှိ။ သို့အတွက်ကြောင့် သူ့ဘက်မှ လိုအပ်သည်များကို ပြုလုပ်ပြီးနောက် ဘေး၌ ထွက်နေကာ စခရင်တိုင်း အများစုအား ကျောက်ရင်ညန်ထံ လွှဲပြောင်းပေးလိုက်သည်။

သူမက အနုပညာ နယ်ပယ်ထဲမှ ဖြစ်သောကြောင့် သူ့ထက်ပို၍ ထင်ပေါ်နေရန် လိုအပ်လေသည်။

လင်းရီအဖို့တော့ သိုသိုသိပ်သိပ်နေသည်ကပဲ အေးချမ်း၏။

အစီအစဉ် ရိုက်ကူးပြီးသည့် အချိန်လည်း ရောက်တော့ ကောင်းပင်ထက်ရှိ နေမှာလည်း ဝင်စ ပြုနေချေပြီ။ လင်းရီနှင့် ကျောက်ရင်ညန်တို့နှစ်ဦး ရဟတ်ယဉ် ကိုယ်စီစီး၍ ကမ်းခြေသို့ ပြန်လာခဲ့ကြ၏။

ရဟတ်ယဉ် နောက်၌ ထိုင်နေရင်း လင်းရီ ရန်စီကို ကြည့်၍ “ ဟို နိုင်ငံခြားသား နှစ်ယောက် ခုချိန်ထိ လှေပေါ်မှာ ရှိသေးတယ်မလား…”

“ အွန်း….” ရန်စီ ခေါင်းညိမ့်လိုက်ပြီး “ ထုတ်လုပ်ရေး အသင်းရဲ့ စည်းမျဉ်းတွေအတိုင်းဆို နှုတ်ထွက်သွားခဲ့တဲ့ ပြိုင်ပွဲဝင်တွေကို ငါးရက်မြောက်နေ့မှ အိမ်ပြန်ပို့မှာ…. ခုက လေးရက်မြောက်ပဲ ရှိသေးတယ်လေ…. ဒီတော့ သူတို့နှစ်ယောက်က လှေပေါ်မှာ ရှိနေသေးတုန်းပဲ…”

လင်းရီ ခေါင်းညိမ့်လိုက်ပြီး “ ငါ သူတို့နှစ်ယောက်နဲ့ စကားသွားပြောလိုက်မယ်…”

“ တကယ်ဆို ငါသူတို့နှစ်ယောက်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ…. ထူးဆန်းတာတွေတော့ မတွေ့ရပါဘူး… သူတို့ နေ့တိုင်း ဆွေးနွေးတဲ့ ကိစ္စတွေဆိုတာလည်း အရမ်းကို သာမန်ဆန်တဲ့ ကိစ္စတွေချည်းပဲ… ပြီးတော့ သူတို့ပုံစံ ကြည့်ရသာတော့ သာမန် အမေရိကန်နိုင်ငံသားတွေပဲ နေမှာ…. နင် မဆင်မခြင်တွေ လျှောက်လုပ်မနေနဲ့ဦးနော်… နားလည်မှုလွဲသွားခဲ့ရင် မကောင်းဘူး…”

“ အဲ့ကိစ္စ စိတ်မပူနဲ့…. ငါလုပ်နေမယ့်ကိစ္စ ငါနားလည်တယ်…. မသေချာသေးသရွေ့တော့ ငါ လှုပ်ရှားဦးမှာ မဟုတ်ဘူး…”

ပြောပြီးနောက် လင်းရီ ရင်ထဲ သက်ပြင်းချမိလိုက်သည်။ သူ ယခုလို အခြေအနေမျိုးနှင့် ကြုံတွေ့ရစဥ်တိုင်း ကိုနန် ခရေဇီ ချောင်ရှင်းလေးအား သတိမရပဲ မနေနိုင်ပေ။

All Chapters