ဆရာကြီး ရောက်လာပြီ
Vol. 60 Ch. 898
အိုဝန် ခေါင်းညိမ့်၍ အန္တရာယ်ရှိသည့် လက်နက်ပစ္စည်းများကို စတင်စုဆောင်းလိုက်သည်။
အရာအားလုံး ပြင်ဆင်ပြီးနောက် လင်းရီ ရန်စီနှင့် တွေ့ဆုံကာ ရဟတ်ယဉ်တစ်စင်း တောင်းပြီး အိုဝန်နှင့်အတူ စတင် ထွက်ခွာလေသည်။သူတို့ အရင်ဆုံး ဂျပန်သို့ ဦးတည်လိုက်ကြ၏။ ထို့နောက် လေယာဉ်ဖြင့် ကျိုးဟိုင်သို့ ပျံသန်းလာကြလေသည်။
သူတို့ လေယာဉ်ဆင်းတော့ အချိန်မှာ ညဆယ်နာရီကျော် နေချေပြီ။ ထို့နောက် နှစ်ယောက်မှာ မြို့ပြင်ရှိ ဗီလာသို့ မောင်းနှင်လိုက်ခဲ့ကြ၏။
အိုဝန်၏ ပြောစကားများ အရတော့ ထိုနေရာက တစ်ဖက်သူ ကျိုးဟိုင်၌ ယာယီတည်းခိုမည့် နေရာပင်။
အိုဝန် ပန်းအိုးထဲ ဝှက်ထားသည့် သော့တစ်ချောင်းဖြင့် ဗီလာထဲ ဝင်လာခဲ့သည်။ ဗီလာ၏ အတွင်းပိုင်းကိုတော့ အလယ်ခေတ် စတိုင် အလှဆင်ထားပြီး နန်းတော်ကြီး တစ်ခုကဲ့သို့ ဇိမ်ကျခမ်းနားလှ၏။ ထို့ပြင် တစ်စုံတစ်ယောက်က နေ့စဉ်ရက်ဆက် သန့်ရှင်းရေး ပြုလုပ်ပေးနေဟန်ဖြင့် ဖုန်တစ်စက်ပင် မမြင်တွေ့ရချေ။
လင်းရီ ဤအချင်းအရာများကို ကြည့်ရှုရန် အာရုံရှိမနေပဲ ဆိုဖာပေါ်၌သာ ထူးမခြားနားစွာဖြင့် အေးဆေး ဝင်ထိုင်လိုက်၏။
အနောက်တွင်တုန်းက သူ လျန်ကျင်းမင်မှ တစ်ဆင့် လေယာဉ်ဆင်းသက်မည့် အချိန်ကို သိရှိထားပြီး ဖြစ်သောကြောင့် တစ်ဖက်သူမှာ ဤနေရာသို့ ရောက်ရှိလာရန် အချိန်တစ်နာရီခန့်လောက် ကြာဦးပေမည်။
“ မစ္စတာလင်း… မင်း စိတ်မပြောင်းတော့ဘူးလား..” အိုဝန် မေးလိုက်၏။
“ မင်းပုံကြည့်ရတာ စိတ်လှုပ်ရှားနေသလိုပဲ…”
“ ဟုတ်တယ်…” အိုဝန် ထိန်ချန်ထားခြင်း မရှိ၊ ပွင့်ပွင့်လင်းလင်းသာ ဖြေဆိုလိုက်သည်။
“ကြည့်ကြပ်လည်း လုပ်ဦး ... အခု မင်း ပုံစံက သူရဲဘောကြောင်တဲ့ ပုံစံပေါက်နေပြီ…”
“ ငါလည်း ဒီလိုပုံစံကြီး ဘယ်ဖြစ်ချင်မှာ… ဒါပေမယ့် အဲ့ဒီ ကစ်ဆိုတဲ့သူက တကယ်ကြီး ကြောက်ဖို့ကောင်းတာ… မဟုတ်ရင် နာမည်ကြီး လုပ်ကြံသူ အများကြီးကို ဖိနှိပ်ထားနိုင်မှာ မဟုတ်ဘူး… သူ့နေရာကို တစ်စုံတစ်ယောက်က အပိုင်သိမ်းပြီးတာ ကြာရောပေါ့…”
“ အဲ့ကောင် ဘယ်လောက်ထိ သန်မာထားလဲ….”
“သူကလည်း မရိန်းတပ်ဖွဲ့ရဲ့ ထိပ်တန်း တပ်သားတစ်ဦး ဖြစ်ခဲ့ဖူးတယ်… ဆိုတော့ ငါက သူ့ပြိုင်ဘက်တော့ မဟုတ်ဘူးပေါ့…. အဲ့လို ပြောခါမှ သူ့မှာ မိကျောင်းကို လက်ဗလာနဲ့ သတ်ဖြတ်နိုင်တဲ့ အစွမ်းအစရှိမရှိတော့ မသေချာဘူး.. “ အိုဝန်ပြောလိုက်ပြီး “ တကယ်လို့ မစ္စတာလင်းသာ မကိုင်တွယ်နိုင်လို့ကတော့ ကျုပ်တို့နှစ်ယောက်တော့ ဂွမ်းပြီဗျ…”
လင်းရီ ပြုံးလိုက်ပြီး “ မင်း ဒါ ငါ့အပေါ် ယုံကြည်ချက် မရှိတာပဲကွ…”
“ မစ္စတာလင်းနဲ့ ယှဉ်မယ်ဆိုရင် အဲ့သူက ပိုပြီး ကြောက်ဖို့ ကောင်းတယ်လို့ ထင်တယ်… ပြီးတော့ လူသတ်တယ်ဆိုတာ သူ့အတွက် စီးပွားရေး တစ်ခုလိုကို ဖြစ်လို့… ရွှေတြိဂံ နယ်မြေမှာလည်း တရားမဝင် မှောင်ခို အင်ပါယာကြီး တည်ထောင်ထားသေးတယ်… သူ့ရဲ့ ဩဇာကို လုံးဝ လျှော့တွက်လို့ မရဘူး.. “
အိုဝန် ပြောနေရင်းဖြင့် မျက်နှာမှာလည်း တဖြည်းဖြည်းဖျော့တော့လာသည်။ သူ၏ အသွင်က ကစ်၏ နာမည် အရှိန်အဝါအား အင်မတန် ကြောက်ရွှံ့နေသည့် ပုံပင်။
“ ပြီးတော့ ဒီတစ်ခေါက် ဟွာရှကို ရောက်လာတယ်ဆိုတာ မစ္စတာလင်းကို ကိုင်တွယ်ဖို့တင်ပဲ မဟုတ်သေးဘူး… သူ့ကိုယ်ပိုင် အလုပ်ကိစ္စကြောင့်လည်း ပါသေးတယ်… ခု သူ ဘယ်လိုလူစားမျိုးလဲ ဆိုတာ နားလည်ပြီမလား..”
လင်းရီ သူ၏ လက်ဆစ်များကို တဖျောက်ဖျောက် ချိုးလိုက်ပြီး “ ဒါဆို သူ့လိုလူစားမျိုးကို သီးသန့်ကိုင်တွယ်လို့ မဖြစ်တော့ဘူး…. နိုင်ငံသားကောင်း တစ်ယောက်အနေနဲ့ ရဲလက် အပ်လိုက်တာက ပိုကောင်းလောက်တယ်..”
အိုဝန် “ ….. “
ဒီလူရဲ့ ယုံကြည်ချက်ကြီးက နည်းနည်းလေး အိုဗာတင်း ဖြစ်လွန်းမနေဘူးလား..
အချိန်မှာ ဖြည်းညင်းစွာဖြင့် ကုန်ဆုံးသွားခဲ့ပြီး လင်းရီတို့နှစ်ဦးလည်း အပြင်ဘက်၌ ကားဘရိတ်အုပ်သံများကို ကြားလိုက်ရသည်။
အိုဝန် ခေါင်းပြူပြီး သွားချောင်းကြည့်လိုက်တော့ ကားထဲမှ လူလေးယောက် ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရလေသည်။
သူ၏ ခြေထောက်များမှာ ချုပ်ထိန်းမရစွာဖြင့် တုန်ယင်နေပြီး မျက်နှာမှာလည်း တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ ဖြူလျော်သွားခဲ့တော့သည်။
လင်းရီ လှမ်းကြည့်လိုက်တော့ အားကောင်းမောင်းသန် လူလေးဦးမှ လမ်းလျှောက်လာနေသည်ကို မြင်တွေ့လိုက်ရ၏။
သူတို့ထဲက တစ်ဦးကတော့ လူမည်း အမျိုးသားပင်။ ၎င်းက လမ်းလျှောက်ရင်းဖြင့် ပတ်ဝန်းကျင်ကို ရေဒါကဲ့သို့ လှည့်ပတ်ကြည့်နေကာ တစ်စုံတစ်ရာအား စစ်ဆေးနေဟန်ပင်။
သို့သော်လည်း ခေါင်းဆောင်ဖြစ်သူကတော့ လူတိုင်းထက်ကို ဆွဲဆောင်မှု ရှိနေစမြဲပင်။ အခြားသုံးယောက်နှင့် မတူညီစွာဖြင့် သာမန် ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး ဆံပင်ပုံစံမှာလည်း ထူးကဲစွာဖြင့် စတိုင်ကျနေလေသည်။
အမှတ်မထင် ကြည့်ပါက သာမန် အောင်မြင်နေသူ တစ်ဦးဟုတောင် အမှတ်မှားသွားပေလိမ့်ဦးမည်။
အကယ်၍ အိုဝန်ကသာ ဟိုအကြောင်း ဒီအကြောင်းတို့ ပြောမပြထားဘူးဆိုပါက လင်းရီ ဤလူအား အန္တရာယ်ကောင် တစ်ယောက်အဖြစ် မှတ်ယူမိလိမ့်မည် မဟုတ်ချေ။
ထိုသူ ပေးစွမ်းနေသည့် ခံစားချက်က အင်မတန်ကို ထူးခြားလွန်းကာ သူ၏ စမတ်ကျသည့် သွင်ပြင်အောက်၌ ပြင်းအားကောင်းသည့် ဗုံးတစ်လုံးအား ဖုံးကွယ်ထားသည့်နှယ်ပင်။ ပေါက်ကွဲထွက်လာသည့် အချိန်၌ ပြင်းအား မည်မျှ ရှိမလဲဆိုတာတော့ မည်သူကမျှ သိလိမ့်မည် မဟုတ်ချေ။
“ အဲ့ဒီ သာမန် ဝတ်စုံနဲ့ လူက ကစ်မလား…”
“ ဟုတ်တယ်.. သူ့နောက်က ကောင်တွေက သူ့ရဲ့ လက်အောက်ငယ်သားတွေ… အကုန်လုံးက ဆရာတစ်ဆူတွေချည်းပဲ..” အိုဝန် ပြောနေရင်းဖြင့် အသံမှာ မသိမသာ တုန်ခါသွားခဲ့ပြီး “ ကျုပ်တို့နှစ်ယောက်တော့ ဒီနေ့ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူးနဲ့ထင်တယ်….”
“ အေး…. ယီးပြီ….”
လင်းရီ ကျိန်ဆဲလိုက်ပြီး ဆိုဖာပေါ် ပြန်ထိုင်လိုက်၏။ အိုဝန်ကတော့ တံခါးဝ၌ ရပ်၍၊ ခေါင်းကုတ်လိုက်၊ ဖင်ကုတ်လိုက်ဖြင့် မည်သို့ ပြုမူရမှန်းမသိ ဖြစ်နေသည်။
မကြာမီ ကစ်နှင့် အခြားသုံးယောက် အပြင်မှ ဝင်လာခဲ့ကြ၏။
အိုဝန်ကို မြင်တော့ ကစ်ရောက်လာပြီး ဖက်လဲတကင်းဖြင့် ပွေ့ဖက်နှုတ်ဆက်လိုက်ပြီး
“ ရို… ငါ့ကောင်ကြီး… မင်း ဒီတစ်ခေါက် မစ်ရှင် မအောင် ဖြစ်သွားလိမ့်မယ်လို့တောင် ထင်မထားဘူး.. အဲ့ကောင်ကံက တော်တော်လေး မဆိုးဘူးပဲ….”
“ အမှန်ပဲ…. ဒါကြောင့်မို့ ငါမင်းကို ဒီခေါ်လိုက်…”
ပြောနေရင်းဖြင့် အိုဝန်၏ အသံမှာ ရင်ထဲရှိ စိုးထိတ်မှုကြောင့် တိမ်ဝင်သွားခဲ့လေသည်။ ထိုလေသံကို ကြားတော့ ကစ် အိုဝန်အား ထူးဆန်းစွာ ကြည့်လိုက်ပြီး “ ငါ့ကောင် …. မင်း ဘာလဲဖြစ်နေတာ… တစ်ခုခု မှားနေလို့လား…”
“ဘော့စ်…. ဟိုကို တစ်ချက်ကြည့်လိုက်..”
အိုဝန် ဘာမျှ မပြောရသေးခင် ကစ်အနောက် ရှိ လူတစ်ဦးမှ အသံထွက်လာခဲ့သည်။ ကစ် ဆိုဖာထံ တစ်ချက် ကြည့်လိုက်တော့ သူ၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားခဲ့တော့သည်။
“ သူက မင်းရဲ့ မစ်ရှင် ပစ်မှတ်မဟုတ်ဘူးလား…”
မစ်ရှင် ပေးသည့် ကြားခံလူတစ်ယောက်အနေဖြင့် လင်းရီ၏ သတင်းအချက်အလက် အ၀၀မှာ ကစ်လက်ထဲတွင် ရှိသည်။ ထို့ကြောင့် သဘာဝအလျောက် လင်းရီ၏ ဓာတ်ပုံကို သူ မြင်ဖူးထားကာ တစ်ချက် ကြည့်လိုက်သည်နှင့် လင်းရီအား မှတ်မိသွားခဲ့ခြင်းပင်။
“ အမ်… မဟုတ်ဘူး… ဟုတ်တယ်.. သူပဲ….”
ကစ် သူ့နောက်ရှိ လူများနှင့်အတူ ခြေနှစ်လှမ်းခန့် နောက်ဆုတ်လိုက်ပြီး သူတို့နှင့် အိုဝန်ကြား စိတ်ချရသည့် အကွာအဝေးတစ်ခုကို ထားရှိလိုက်ကာ “ အိုဝန်… ခု ဘာတွေလဲ ဖြစ်နေတာ… မင်း ဖြေရှင်းချက် ပေးတာကို ငါ ကြားချင်တယ်….”
“ ဒါက…ဟို….”
“ မင်းသူ့ကို မေးနေစရာ မလိုဘူး… ငါပြောပြမယ်..” လင်းရီ ပြုံးလိုက်ပြီး “ ငါ သူ့ကို လာဘ်ထိုးထားပြီးသွားပြီ.. မင်းကို ဒီတစ်ကြိမ် မျှားခေါ်ထုတ်လိုက်တယ် ဆိုတာကလည်း ဒီကိစ္စ နောက်ကွယ်က တရားခံကို သိချင်လို့ပဲ…. ဘယ်သူက ငါ့အသက်ကို ဆုငွေ ထုတ်လိုက်တာ…. မင်း ငါနဲ့ ပူးပေါင်းပေးရင်တော့ အကောင်းဆုံးပေါ့….”
ကစ် လင်းရီကို သတိထားသည့် မျက်ဝန်းတို့ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် အိုဝန်ထံ အကြည့်ပြန်ပို့လိုက်ပြီး “ ငါ့ကောင်ကြီး … မင်းဆိုတာ ငါ့ဘော်ဒါဟောင်းကြီးလို့တောင် ပြောလို့ရတယ်.. မင်း ဒီလို လုပ်သွားလိမ့်မယ်လို့တောင် တကယ် ထင်မထားခဲ့ဘူး… ခု ငါတို့ရဲ့ စာချုပ်ကို ချိုးဖောက်လိုက်ပြီ… တမန်တော်က မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး…”
“ ဘော့စ်ကစ်… ငါလည်း ဘာမှ မတတ်နိုင်လို့ပါကွာ…. ငါ တကယ်ကြီး သူ့ပြိုင်ဘက် မဟုတ်ဘူးဟ…. ဒီလူက အရမ်းကြောက်ဖို့ ကောင်းလွန်းတယ်… ဂျုံးစ်လည်း သူ့လက်ချက်နဲ့သေပြီ…. မင်း ငါ့ကို နားလည်ပေးစမ်းပါ….”
“ တခြား ဘာဆင်ခြေဆင်လက်တွေမှ ငါမကြားချင်ဘူး.. မင်းငါ့ကို လိမ်ခဲ့တယ်… ဒီတော့ ငါမင်းကို တမန်တော်နဲ့တွေ့ရအောင် လိုက်ပို့ပေးမယ်….”
ကစ် နောက်ရှိ လူမည်း အမျိုးသားမှ ခါးတွင် ထိုးထားသည့် ဓားမြောင်ကို ထုတ်ကာ အိုဝန်၏ ကော်လံကို ဆွဲ၍ ဝမ်းဗိုက်ထဲ ထိုးသွင်းလိုက်၏။
အိုဝန် မရှောင်ရှားဝံ့ချေ။ သူ၏ ဝမ်းဗိုက်ကို သွေးထွက်မလွန်စေရန် ဖိသိပ်ထားရင်း ကြမ်းပြင်သို့ လဲကျသွားခဲ့တော့၏။ သွေးများမှာ ဒလဟော စီးဆင်းနေကာ အချိန်မရွေး အသက်ဆုံးရှုံးသွားနိုင်လေသည်။
“ ဟွာရှန့်.. ဖြစ်နိုင်ရင် မင်းငါနဲ့ အသာတကြည် လိုက်ခဲ့…အဲ့လိုဆိုရင်တော့ မင်း ရက်နည်းနည်းလောက် ပိုပြီး အသက်ရှင်နိုင်မယ်…”
လင်းရီ ထီမထင်စွာဖြင့် ပခုံးတွန့်လိုက်ပြီး “ ငါ … လင်းရီက ဘီလီယမ်ပေါင်းများစွာ တန်ကြေးရှိတယ်.. မင်း မျက်လုံးထဲကျမှပဲ ငါ့အသက်က ဒေါ်လာလေးသန်းပဲ တန်ရသလားကွ…”
“ အဲ့ဒါက အလုပ်အပ်တဲ့သူ သတ်မှတ်တဲ့ ဈေးနှုန်းပဲ… ငါလည်း သင့်တင့်တယ်ထင်လို့ သဘောတူလိုက်တယ်…. ဒါက ငါတို့ရဲ့ အလုပ်စည်းမျဉ်းပဲ…”
“ ငါ့အထင်တော့ ငါတို့ ဆက်ပြီး စကားပြောစရာ အကြောင်းမရှိတော့ဘူးလို့တော့ ထင်တယ်… တိုက်ရိုက်တိုက်ခိုက်တာက ပိုကောင်းတာပေါ့..”
ကစ်နောက်ရှိ လူမည်းကြီးမှ စကားပြောဆိုခြင်း အလျင်းမရှိပဲ လင်းရီထံ ပြေးဝင်လာလေသည်။
“ မသေစေနဲ့… ငါသူ့ကို အသက်ရှင်လျက် လိုချင်တယ်…”
“ နားလည်ပါပြီ ဘောစ့်…”
လူမည်းကြီးမှ ဓားမြောင်ကို လွင့်ပစ်လိုက်ပြီး လင်းရီအား လက်သီးဖြင့် ထိုးနှက်လိုက်သည်။
တစ်ဖက်သူ၏ အမြန်နှုန်းနှင့် လက်သီးဝင်လာသည့် ရှုထောင့်ကို ကြည့်ပါက ထိုလူမည်းကြီးမှာ ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း လင်းရီ တပ်အပ်ပြောနိုင်ပေသည်။ အနည်းဆုံးတော့ အထူးတပ်သား ဖြစ်ရန် ပြည့်မှီသည့် အရည်အချင်းတို့က သူ့တွင် ပိုင်ဆိုင်ထားလောက်၏။
လင်းရီ သူ့လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး လူမည်းကြီး၏ လက်သီးအား ဖယ်ရှား၍ ၎င်း၏ မျက်နှာတည့်တည့်အား လက်သီးဖြင့် ထိုးနှက်လိုက်သည်။
လင်းရီ၏ လက်သီးလှလှကြီးမှာ လူမည်းကြီး၏ နှာခေါင်းပေါ်သို့ ကျရောက်သွားခဲ့ပြီး အရိုးကျိုးအက်သည့် အသံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ကာ သွေးတို့က မရပ်တမ်းစီးကျလာလေသည်။
လူမည်းကြီးလည်း မျက်နှာကို အုပ်၍ ကြမ်းပြင်သို့ လဲကျသွားခဲ့တော့၏။
အသည်းခိုက်အောင် နာကျင်နေခဲ့ကာ သူ မည်မျှပင် ကြိုးစားစေကာမူ မတ်တပ်မရပ်နိုင်ချေ။
ကစ်နှင့် ကျန်နှစ်ယောက်လည်း ထိုမြင်ကွင်းကို မြင်တော့ အေးခဲသွားတော့၏။
လင်းရီ၏ ခွန်အားက သူတို့အား အံ့အားသင့်သွားစေခဲ့ကာ လူပင် အနည်းငယ်ပင် ရှိန်သွားခဲ့တော့၏။
“မင်းတို့နှစ်ယောက် အတူတက်…. တစ်ယောက်ကိုယ် တစ်ယောက် ကာပေး…” ကစ် အေးစက်နေသည့် မျက်နှာထားဖြင့် အမိန့်ပေးလိုက်သည်။