အပြန်အလှန် ပေးမကြည့်ရင် မရဘူး...
Vol. 60 Ch. 899
ကစ်၏ အမိန့်ကို ရသည်တွင် ကျန် လက်အောက် ငယ်သား နှစ်ဦးလုံး လင်းရီထံ ပြေး၀င်လာခဲ့ကြသည်။
နှစ်ယောက်၏ အရှိန်မှာ အလွန်လျှင်မြန်သည်။ သို့သော်လည်း လင်းရီထက် ပို၍ မြန်ဆန်နိုင်လိမ့်မည်လော။
သူ့ထံ ကျရောက်လာသည့် တိုက်ခိုက်မှုများထဲမှ တစ်ခုကို ရှောင်ရှားလိုက်ပြီး တစ်ဖက်သူ၏ ဦးခေါင်းကို ရုတ်တရက် ဆွဲဖိချလိုက်ကာ ဒူးနှင့် မိတ်ဆက်ပေးလိုက်၏။
၎င်း၏ အခြေအနေမှာ လူမည်းကြီးထက်ပင် ပို၍ ဆိုးရွားသွားခဲ့လေသည်။ မျက်နှာတစ်ခုလုံးက ချိုင့်ဝင်သွားခဲ့ပြီး ကြည့်ရ ပြုရသည်မှာ အင်မတန် အကျည်းတန်လှ၏။
ပြီးနက် လင်းရီ နောက်လူတစ်ဦးထံ ပြေးဝင်သွားလိုက်သည်။
အင်အားအပြည့်ပါသည့် ခြေဝိုက် ကန်ချက်က တစ်ဖက်သူ၏ မျက်နှာပေါ်သို့ ထောင့်မှန်ကျကျ ထိမှန်သွားခဲ့ပြီး တစ်ဖက်သူမှာ လက်ဖြင့် ကာကွယ်ပါသော်လည်း အသုံးမဝင်။ အရှိန်ဖြင့် နောက်သို့ အရုပ်ကျိုးပြတ် လွင့်ထွက်သွားခဲ့တော့၏။
သွေးအိုင်ထဲ လဲလျောင်းနေသည့် အိုဝန်မှာ အဆိုပါ မြင်ကွင်းကို မြင်တော့ မျက်လုံးကြီးများ ပြူးကျယ်သွားခဲ့ကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တော့သည်။ သူ လုံးလုံးလျားလျား အံ့အားသင့်သွားခဲ့လေသည်။
လင်းရီ သန်မာမှန်း သူသိသော်လည်း ဤမျှ သန်မာနေလိမ့်မည်လို့တော့ မထင်ထားခဲ့ချေ။
ကစ်၏ မျက်နှာမှာလည်း ကြောက်မက်ဖွယ်ကောင်းစွာဖြင့် မည်းမှောင်လို့နေချေသည်။ သူ၏ လူသုံးယောက် အမှောက်သိပ်ခံလိုက်ရသည်ကို မြင်တော့ ဝတ်စုံ အပေါ်ထပ်ကို ချွတ်လိုက်ပြီး “ မင်း ငါ့ကို လာရှာရဲတာ မဆန်းတော့ပါဘူး… မင်းရဲ့ အစွမ်းအစကလည်း မခေပဲကိုး “
“ မင်း ကြည့်ရသလောက်တော့ မင်းက ဒီသုံးကောင်ထက် ပိုသန်မာမယ့်ပုံပါပဲ… ဒါပေမယ့် အဲ့လိုဆိုရင်တောင် မလုံလောက်သေးဘူး… ဒီတော့ မိမိုက်သလို လာမလုပ်ဖို့ သတိပေးလိုက်မယ်…” လင်းရီပြောလိုက်ပြီး “ မင်းက….. ငါ့ပြိုင်ဘက် မဟုတ်ဘူး…”
ကစ် မခန့်လေးစား ပြုံးလိုက်ပြီး လက်ဝှေ့ထိုးမည့် ကိုယ်ဟန်ကို ယူလိုက်သည်။
“ ငါ့ကို အထင်သေးတဲ့ကောင်တွေ အကုန်လုံး သူတို့ အုတ်ဂူပေါ်က မြက်တွေတောင် နှစ်မီတာ ကျော်နေပြီဆိုတာ မင်းနားလည်လား …”
လင်းရီ လက်ညိုးကွေး၍ စိန်ခေါ်လိုက်ကာ
“ တက်လာခဲ့…”
ကစ်၏ အကြည့်တို့မှာ တစ်မဟုတ်ချင်း ထက်ရှလာလေသည်။ ဒေါသထွက်နေသည့် ကျားရိုင်းတစ်ကောင်ကဲ့သို့ သူ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။
သို့သော် လင်းရီ မျက်လုံးထဲတွင်တော့ ကစ်၏ လယ်ဗယ်က လုံလောက်သည်နှင့် ဝေးကွာနေသေး၏။ ယွင်ကျန်း တောင်၌ တွေ့ဆုံခဲ့သည့် အနက်ဝတ်လူနှင့် ယှဉ်ပါက ခြားနားမှုမှာ မိုးနှင့် မြေအလားပင်။
“ သတိထား…” အိုဝန် ဖျစ်ညစ်၍ အော်ဟစ်သတိပေးလိုက်သည်။
ယခုအချိန်၌ သူတို့ နှစ်ဦးက တစ်လှေတည်း စီးနေကြသူများ ဖြစ်ပြီး အကယ်၍ လင်းရီကသာ ကစ်ကို အနိုင်ယူနိုင်မည် ဆိုပါက သူ အသက်ရှင်ရန် မျှော်လင့်၍ ရသေးလေသည်။ မဟုတ်ပါက ဤနေရာ၌သာ ခေါင်းချလိုက်ရပေတော့မည်။
“ ဒီလောက်လေးနဲ့ ဂရုစိုက်စရာ ဘာလို့လို့…”
အိုဝန် ဟွာရှ သိုင်းအကြောင်း နားကန်းတစ်လုံးမျှ မသိသော်လည်း လင်းရီ၏ အမူအရာမှတစ်ဆင့် ကောက်ချက်ချကြည့်ရသလောက်တော့ အတော်လေး ယုံကြည်ချက် ပြည့်ဝနေဟန်ပင်။
ကစ် သူ့ထံ အဟုန် အပြည့်ဖြင့် ပြေးလာနေသည်ကို မြင်တော့ လင်းရီ ခြေထောက်မြှောက်၍ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ၎င်း၏ ရင်ဘက်အား ဆောင့်ကန်ပစ်လိုက်သည်။
ဖူး…
လင်းရီ၏ ခြေကန်ချက်ကို ခံယူပြီးနောက် ကစ်၏ အတွင်းအင်္ဂါများ ဗြောင်းဆန်သွားခဲ့တော့သည်။
သွေးအလုပ် ကြီးကြီး တစ်လုတ် အန်ထုတ်လိုက်ရကာ နောက်သို့ တရကြမ်း လွင့်ထွက်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့တော့သည်။
သူ ပြန်ထ၍ ဓားထုတ်ပြီး ပြန်လည်တိုက်ခိုက်တော့မည့် အချိန်တွင် ၎င်း၏ လည်ပင်းအနားသို့ အေးစက်သည့် ငွေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်ကို မြင်တွေ့လိုက်ရ၏။
ထက်ရှသည့် စကေဘာမှာ သူ့ထံ ပျံဝဲလာနေပြီး လည်ပင်းနှင့် တစ်လက်မခန့် အကွာလောက်တွင် သွားစိုက်လေသည်။
ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး ကြက်သီးဖြန်းသွားခဲ့ပြီး ‘ ဒီကောင်လူကော ဟုတ်မှ ဟုတ်ရဲ့လားဟ… ဒါက ကြွေပြားကြမ်းခင်းကြီးလေ…’
လင်းရီ တစ်လှမ်းခြင်း လျှောက်လှမ်းလို့ လာခဲ့ပြီး “ ကစ်…. မင်းက ဦးနှောက်ရှိတဲ့ လူတစ်ယောက်ဆိုဖြေ.... ဘယ်ကောင် မင်းကို ဒီမစ်ရှင်ပေးတာ..”
“ ငါ့ကို ဆက်သွယ်လာတဲ့သူက ကိုလော့စ်… သူက အန်ဒီဂရို့ဖ်ရဲ့ ဘော်ဒီဂတ်နဲ့ ဒရိုင်ဘာဆိုလည်း ဟုတ်တယ်…”
“ အန်ဒီ ဂရို့ဖ်လား…. “
လင်းရီ ရေရွတ်လိုက်ရင်း ထိုအမည်က သူ့အတွက် ရင်းနှီးနေသယောင်ပင်။ သို့သော်လည်း သူ မည်သည့် နေရာ၌ နားစွန်နားဖျား ကြားမိခဲ့သလဲတော့ လင်းရီ မမှတ်မိတော့ချေ။
“ သူက Intel ရဲ့ စီအီးအို… ကိုလော့စ်ကို ဒီလိုလုပ်ဖို့ စေခိုင်းလိုက်တာပဲ သူပဲ ဖြစ်ရမယ်….”
ဘလင်း ဘလင်း…
လင်းရီ ရုတ်ချည်း မျက်လုံး အရောင်လက်လာခဲ့သည်။
ဆိုတော့ ဒီလိုကိုး… ငါ သံသယတော့ ရှိပေမယ့် မသေချာဘူး ဖြစ်နေတာ ခုတော့ အတည်ပြုနိုင်သွားပြီ…
သူ့လက်ထဲ၌ ချစ်ပ် ၃.၀ နည်းပညာ ရှိနေသည်က Intel ၏ လည်မျိုကို ဆုပ်ကိုင်ထားသည်နှင့် ဆင်တူလေသည်။
၎င်းတို့ဘက်မှ ယခုလို ပြုမူလာသည်က အနည်းငယ် လွန်ကဲသော်လည်း ထူးတော့ မထူးဆန်းချေ။
“ ငါ သိသမျှ အကုန် ပြောပြပြီးသွားပြီ... ဆိုတော့ ငါ အခု သွားလို့ ရပြီမလား…”
“ ငါယီးကို သွားမှာလား… မင်းထင်နေတာ မင်းအိမ်မင်းယာ မှတ်လို့ လာချင်တိုင်းလာပြီး ထွက်သွားချင်တိုင်း ထွက်သွားလို့ ရမယ်များ ထင်နေတာလားကွ…”
ကစ် “ ….. “
‘ ဒါ တကယ်လည်း ငါ့အိမ်ပဲလေ… အိမ်ဂရံတောင် ရှိသေး… ‘
များမကြာမီ ဗီလာအပြင်၌ ရဲကားများ၏ ဥဩဆွဲသံက ထွက်ပေါ်လာလေသည်။
ယင်းကလည်း လင်းရီမှ သူ လှုပ်ရှားပြီးသည်နှင့် တစ်ပြိုင်နက် ချိန်ပင်းချန်အား အကြွင်းအကျန်များကို လာရောက် သိမ်းဆည်းရန် သတင်းပို့ထားသောကြောင့်ပင်။
၎င်းတို့ရောက်လာသည်က အချိန်ကိုက်ဟုတောင် ဆို၍ရ၏။
“ ခေါင်းဆောင်ချိန်… ခင်များလူတွေကိုပါ အထဲခေါ်ခဲ့လိုက်… အထဲမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး…” လင်းရီ ပြတင်းပေါက်မှ ခေါင်းပြူပြီး အော်ဟစ်လိုက်၏။
“ မင်းတို့ မင်းတို့.... နောက်က လိုက်ခဲ့ကြ..”
ဗီလာထဲရှိ အခြေအနေကို သိရှိပြီးနောက် ချိန်ပင်းချန် သူ့လူများနှင့်အတူ စီးနင်းဝင်ရောက်လာသည်။
သို့သော်လည်း အထဲသို့ ဝင်ဝင်ချင်း အခန်းမှာ သွေးနံ့ အပြည့်နှင့် ဖြစ်နေသည်ကို မြင်တော့ ချိန်ပင်းချန်ပင် အနည်းငယ် ပျို့အန်ချင်သလို ဖြစ်သွားခဲ့တော့၏။
“ ဒါတွေ အကုန်လုံး မင်း လက်ချက်ပဲလား….”
" ..ဓားနဲ့ အထိုးခံထားရတဲ့သူတော့ မပါဘူး…” လင်းရီ အမှန်အတိုင်း ပြောလိုက်ပြီး “ပြီးတော့ ဒီလူတွေအကုန်လုံးက အလိုရှိ လူသတ်သမားတွေချည်းပဲ… နောက်ပြီး မှောင်ခို ကိစ္စတွေနဲ့ပါ မကင်းဘူး... ဟိုကောင်ဆို တကယ့်ခေါင်းကြီး.. ဒီတော့ ခေါင်းဆောင်ချိန် ကိုင်တွယ်လို့ရအောင် ကျုပ် သူတို့ကို ခင်များလက်ထဲ အပ်ခဲ့လိုက်မယ်…. အဆင်ပြေမယ်မလား…”
“ မင်းတော့ ငါ့ကို အမှတ်တွေ အတင်း ယူခိုင်းနေတာပဲကွ..” ချိန်ပင်းချန် ရှက်ကိုးရှက်ကမ်း ဖြစ်စွာဖြင့် ခေါင်းကုတ်လိုက်ပြီး “ အရင်တစ်ခါ ဂျပန်အေးဂျင့်(သူလျှို)တွေကို ဖမ်းမိတုန်းကတောင် အထက်ကြီးပိုင်းတွေက ငါ့ကို ချီးမွန်းနေကြတာ… ခု နောက်ထပ် ငါးကြီးကြီး ရလာပြန်ပြီဆိုတော့ … မင်းငါ့ကို ထိပ်ထိရောက်အောင် တွန်းပို့နေတော့တာပဲ….”
“ အားလုံးက အချင်းချင်းတွေကိုပဲဗျာ… ကျုပ်ကို ဒီလို ပြောလိုက်တယ်ဆိုတော့ ခေါင်းဆောင်ချိန်က ကျုပ်ကို အပြင်လူလို့ သဘောထားနေတာလား…”
“ ဒါဆို ငါ မြို့တော်ဝန်လျန်ကို ဆက်သွယ်ပြီး ဒီကိစ္စ ဘယ်လို ကိုင်တွယ်ရမလဲ မေးလိုက်မယ်…”
ချိန်ပင်းချန်မှာ ထက်မြက်သည့် လူတစ်ယောက်ပင်။ သူ လင်းရီနှင့် လျန်ရူရွှယ်ကြား ပတ်သက်မှုကို သိထားသောကြောင့် သဘာဝအလျောက် အကျိုးဆောင်မှု အမှတ်များကို သူတစ်ဦးတည်း မောင်ပိုင်မစီးဝံ့ချေ။ အများစုကိုတော့ သူ လက်လျှော့ရပေမည်။
“ သူမကို ပြောဖို့ မလိုဘူး…. ခင်များကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်… အမှတ်တွေ အကုန်လုံးက ခင်များ အပိုင်ပဲ….”
“ မကောင်းဘူးထင်တယ်..” ချိန်ပင်းချန် ကိုးရို့ကားယား ပြောလိုက်ပြီး “ အမှတ်တွေအားလုံး ငါတစ်ယောက်တည်းချည်း သိမ်းကျုံးယူလို့ ဘယ်ဖြစ်မှာ…”
“ ခင်များက ဘာတွေစိုးရိမ်နေတာ… တစ်ခုခု ဖြစ်လာရင် ကျုပ် တာဝန်ယူတယ်ဗျာ…. ခင်များ သူမကို အသိပေး စရာမလိုဘူး…”
“ ကောင်းပြီလေ… ဒါဆိုလည်း မင်းပြောတဲ့အတိုင်းပဲပေါ့…”
လင်းရီ ခေါင်းညိမ့်လိုက်ပြီး သွေးအိုင်ထဲလဲနေသည့် အိုဝန်အား ကြည့်လိုက်သည်။
ထို့နောက် သူ ချိန်ပင်းချန် နားထဲသို့ စကားတစ်ချို့ တီးတိုးပြောလိုက်ပြီး တစ်ဖက်သူကလည်း ခေါင်းတဆတ်ဆတ် ငြိမ့်လိုက်သည်။
“ ရတာပေါ့… အဆင်ပြေတယ်… ငါ မင်းကိုယ်စား ကိုင်တွယ်ပေးလိုက်မယ်… နောက်မှ ဆက်သွယ်လိုက်မယ်…”
“ ကောင်းပြီဗျာ… ဒါဆိုလည်း ခေါင်းဆောင်ချိန်ကိုပဲ ဒုက္ခပေးရတော့မယ်…”
အရာအားလုံးကို ရှင်းပြပြီးနာက် လင်းရီ ကျိုကျုံးဗီလာထံ ဦးတည်လိုက်သည်။
သူ အိမ်ကို ပြန်ရောက်တော့ အိမ်ထဲ၌ မည်သူမှ ရှိမနေကြောင်း လင်းရီ သတိပြုမိလိုက်လေသည်။
ဒီဟာမလေး ဘယ်တွေ သွားနေနေပါလိမ့်…
လင်းရီ သေချာတွေးတောကြည့်လိုက်တော့ သူ ပြန်မလာသေးသောကြောင့် သူမ အမေအိမ် သွားအိပ်နေခြင်း ဖြစ်ကြောင်း သတိရလိုက်၏။
အခန်းထဲ တစ်ယောက်တည်းအိပ်သည်က လင်းရီထုံးစံ မဟုတ်သောကြောင့် လှည့်ထွက်လာကာ လီချူးဟန်၏ နေရာသို့ မောင်းနှင်သွားလိုက်သည်။
နောက်တစ်နေ့ နံနက်တွင်တော့ လင်းရီ လန်းဆန်း တက်ကြွစွာဖြင့် နှိုးထလာခဲ့၏။
သူ လီချူးဟန်နှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သည်က ရှားလေသည်။
မနက်စာ စားသောက်ပြီးနောက် နှစ်ယောက်မှာ အလုပ်ကိုယ်စီသို့ ဦးတည်လိုက်ကြပြီး လင်းရီလည်း ချောင်ရန် အုပ်စုထံသို့ ဦးတည် မောင်းနှင်လိုက်သည်။
လင်းရီ ရောက်လာခဲ့သည်ကို မြင်တော့ ကျီချင်းရန် ရွှင်မြူးသွားခဲ့၏။ သူမ လင်းရီအပေါ် ကိုအာလာလေးကဲ့သို့ ခုန်တက်လိုက်ပြီး ခြေထောက်များကိုတော့ ခါးတွင် ရစ်တွယ်ထားလေသည်။
“ ဟေ့ ဟေ့ .. သတိထားဦးလေ… ခုရောက်နေတာက ကုမ္ပဏီနော် … မင်းက ကုမ္ပဏီ စီအီးအို… ကိုယ့်ပုံရိပ်ကို မထိန်းတော့ဘူးလား…”
“ တံခါး လော့ခ်ချထားတာကို ဘယ်သူကမြင်မှာ... ခု ရုံးခန်းထဲမှာ ငါတို့နှစ်ယောက်တည်းရယ်….”
“ မင်းပြောနေတာကို ကြည့်လိုက်စမ်း… မသိရင် ငါတို့က ရုံးခန်းထဲမှာ မကောင်းတာ တစ်ခုခု လုပ်တော့မယ့် ပုံစံနဲ့…”
“ အမ်… ဘာလို့ မရရမှာ….”
ပြောပြီးနောက် ကျီချင်းရန်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့ပြီး “ နင့် ပခုံးက ထူးဆန်းနေသလိုပဲ… ပြစမ်း… ဘာလဲဖြစ်တာ…. “
“ အာ… ဘာမှ မဟုတ်ပါဘူး….”
“ နင် တစ်ခုခု ဖြစ်လာပြီမလား… ငြိမ်ငြိမ်နေစမ်း… ငါကြည့်စမ်းမယ်…”
ကျီချင်းရန် လင်းရီ၏ ဂျက်ကတ်ကို အတင်းဆွဲချွတ်လိုက်ပြီး အထဲရှိ တီရှပ်ကို မကြည့်လိုက်သည်။ ထို့နောက် နှုတ်ခမ်းကို အုပ်ရင်း သူမ ၏ မျက်နှာသွင်ပြင်မှာ ချက်ချင်းဆိုသလို သွေးဆုတ်ဖြူလျော်သွားခဲ့တော့သည်။
“ ဘာတွေ ဖြစ်နေတာလဲ… ဘာလို့ နင့်ပခုံးက ပတ်တီးကြီးနဲ့ ဖြစ်နေတာ…”
“ တောတွင်း ရှင်သန်ခြင်း အစီအစဉ်ပါဆိုနေမှ ဒဏ်ရာ နည်းနည်းပါးလောက်တော့ ရမှာပေါ့… ဒါကြောင့်မို့ ဆေးစည်းထားတာလေ…. ဒီတိုင်း အသေးမွှားလေးပါကွာ… ရေးကြီး ခွင်ကျယ်တွေ လုပ်မနေစမ်းနဲ့….”
“ တကယ်ကော အဆင်ပြေလို့လားဟယ်… အနာ ပြင်းမပြင်း ကြည့်ကြည့်ရအောင်…”
“ မလိုဘူးလို့… တကယ့် သေးသေးလေးပါဆို… ခု အကောင်းအတိုင်းကြီး မင်းရှေ့ ရောက်လာတာပဲ မဟုတ်ဘူးလား…”
“ ဟမ့်… ပြီးတာပဲလေ…. ဒါဆိုလည်း အိမ်ရောက်မှ ကြည့်တော့မယ်…”
“ အဲ့လိုတော့ ဘယ်ရမှာ… သူကျတော့ အသားယူပြီး သူများကျတော့ ပေးတောင် မထိချင်ဘူး. … အချင်းချင်း ပေးမကြည့်သရွေ့တော့ နိုးပဲ…”
“ ရတယ်လေ… ငါကလည်း ကြည့်ရမှကို ဖြစ်မယ်ဆိုတော့….. သဘောတူတယ်....”