ဒီကမ္ဘာကြီးထဲ နင်သာ မရှိတော့ရင် ငါလည်း ဆက်ပြီး ရှင်သန်နိုင်မှာ မဟုတ်ဘူး…
Vol. 60 Ch. 900
“ ဟမ်… အဲ့လို တောင်းဆိုမှုမျိုးကို တကယ်ကြီး သဘောတူလိုက်တယ်ဆိုတော့ အရင်လို အပြစ်ကင်းပြီး ဘာမှမသိတဲ့ ချင်းရန်လေး မဟုတ်တော့ဘူးပဲ….”
“ ဟွန့်…. နင့်လို လူနဲ့ အကြာကြီးနေပြီးတာတောင် အင်နိုးစန့်ဖြစ်နေမှပဲ ထူးဆန်းနေမှာပေါ့…. ပြီးတော့ ငါတို့ အချင်းချင်းပဲ ကြည့်ကြမှာကို ဘယ်သူက သိမှာကျလို့…”
“ ကောင်းပြီလေ… မင်းကတောင် မကြောက်မှတော့ ငါက မင်းထက်တောင် ပိုမကြောက်သေး….” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ နင် ပခုံးအပြင် တခြား ဘယ်နေရာတွေ နာခဲ့သေးလဲ…” ကျီချင်းရန် စိုးရိမ်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။
“ ဟိုလိုကြီးတော့ ထွေထူး သိပ်မရှိပါဘူးကွာ… တစ်ချို့နေရာလောက်ပဲပေါ့… အဲ့နေရာက နည်းနည်းလေး တင်းမာနေလို့… “
“ ချူး ချူး … နင်ကတော့ ဘယ်လို နှာထရမလဲပဲ သိတယ်…”
“ ဟီးဟီး.. ဒါပေမယ့် ဒီဒဏ်ရာကလည်း အချည်းနှီးတော့ မဖြစ်သွားပါဘူး.. ဘာပဲဆိုဆို ပထမ နေရာရခဲ့တယ်လေ…”
“ နင် ဘယ်နေရာပဲ ရရ အရေး မကြီးဘူး.. နင်သာ ကောင်းကောင်းမွန်မွန်နဲ့ ပြန်လာနိုင်တယ်ဆိုရင်ကိုပဲ အဆင်ပြေနေပြီ…” ကျီချင်းရန် ပြောလိုက်ပြီးနောက် “ ဒါပေမယ့် ငါ အခု ပထမဆုံးနဲ့ နောက်ဆုံး သတိပေးလိုက်မယ်… နင် နောက်ဆို ဒီလိုမျိုး အန္တရာယ်များတဲ့ အစီအစဉ်တွေမှာ ဝင်ပါချင်လို့ လုံးဝလုံးဝ မရတော့ဘူးနော်..”
“ အိုကေဗျာ… ခုကစပြီး ကျုပ် မစ္စလင်း စီစဉ်ပေးတာတွေကိုပဲ လိုက်နာပါတော့မယ်တဲ့..”
“ အဲ့လိုမှပေါ့…” ကျီချင်းရန် သူမ ဆံစများကို နောက်သို့ သပ်လိုက်ရင်း “ နင် လုပ်စရာ ရှိသေးတာလား.. ဒါမှမဟုတ် ငါနဲ့ အတူ နေမှာလား..”
“ နှစ်သစ်ကူး နီးလာပြီဆိုတော့ ငါ ကိုင်တွယ်မှ ဖြစ်မယ့် တစ်ချို့ ကိစ္စလေးတွေ ရှိနေသေးတယ်… ဒီမှာ ခဏလောက်ပဲ နေနိုင်ပြီး ကုမ္ပဏီ သွားရဦးမှာ…”
“ အဲ့တာဆိုလည်း သွားလေ… ကုမ္ပဏီကိစ္စက ပိုအရေးကြီးတာပေါ့… ပြောစရာ ရှိလည်း အိမ်ရောက်ရင် ပြောလို့ ရနေတာကိုပဲ….”
“ ဒါဆို သွားတော့မယ်နော်….”
“ အွန်း… Mua… “
ကျီချင်းရန် ရုံးခန်းထဲ၌ အချိန်တစ်ချို့ ကုန်ဆုံးပြီးနောက် လင်းရီ ချောင်းရန်အုပ်စုမှ ထွက်လာ၍ သူ၏ လင်းယွမ် အုပ်စုထံသို့ ဦးတည်လိုက်လေသည်။
“ အိုး… ဘော့စ်လင်းတောင် ပြန်လာပြီပဲ…”
လင်းရီ ဝင်လာသည်ကို မြင်တော့ ချီရှန်းကျောက်မှ အပြုံးလေးဖြင့် ကြိုဆို နှုတ်ဆက်လိုက်ပြီး ရေနွေးငဲ့ပေးရန် ဟန်ပြင်လိုက်၏။
“ မလိုဘူး… အပြင်လူတွေလည်း မဟုတ်ပဲနဲ့…” လင်းရီ လက်ဝှေ့ယမ်းလိုက်ပြီး “ ငါမရှိတုန်း ကုမ္ပဏီ အခြေအနေ ဘယ်လိုရှိလဲ… တစ်ခုခု ဖြစ်သွားသေးလား…”
“ အရာအားလုံးကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ… အထူးသဖြင့် ထုံးဟွာ အီလက်ထရောနစ်ဘက်က ဖုန်းတွေ အားလုံး အဆင်သင့် ဖြစ်နေပြီ… နာမည်ပေးဖို့ပဲ ကျန်တော့တာ… အဲ့တာကတော့ ဘော့စ်ပဲ ဆုံးဖြတ်ပေါ့…”
“ အဲ့တာ အသေးမွှားကိစ္စလေးပါ..” လင်းရီ ပြောလိုက်ပြီး “ လုံရှင်းကော…. သူ့ရဲ့ စတော့တန်ဖိုးတွေ ပုံမှန် ပြန်ဖြစ်လောက်ရောပေါ့… ဟုတ်တယ်မလား..”
“ ဟုတ်… အကုန်ကောင်းပါတယ်ဘော့စ်… စတော့ ဈေးတွေလည်း မြင့်တက်နေဆဲပါပဲ….”
“ အဲ့တာကောင်းတယ်…”
သူ အဝေး၌ ရှိစဉ်တုန်းက စိတ်အပူဆုံးမှာ လုံရှင်းကိုပင်။
ယခုတော့ Intel မှာ သူတစ်ဦးတည်းကိုပဲ အာရုံစိုက်ရင်းဖြင့် လုံရှင်းအား ကိုင်တွယ်ဖို့ မေ့လျော့နေပုံ ရသည်။
ကလင် ကလင် ကလင် …
ထိုစဉ် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ လီချူးဟန်မှ ဆက်သွယ်လာခဲ့ခြင်းပင်။
“ နင် လာပို့သွားတဲ့ နိုင်ငံခြားသားက အခု သတိလည်လာနေပြီ… ဓားချက်က အတွင်း အင်္ဂါတွေကို အရမ်းကြီး မထိခိုက်သွားတာ ကံကောင်းတယ် ဆိုရမှာပဲ… သူ ပြန်သက်သာလာဖို့ အချိန် သိပ်လိုမယ် မထင်ဘူး…”
“ ကောင်းပြီလေ… ငါ အခု လာနေပြီ… နေ့လည်စာ အတူစားကြတာပေါ့..”
“ အွန်း … ကောင်းသားပဲ..”
ဖုန်းချပြီးနောက် လင်းရီ မတ်တပ်ရပ်ပြီး ချီရှန်းကျောက်ကို ကြည့်လိုက်ကာ “ လင်းယွမ်အုပ်စုကိုတော့ မင်းပဲ ကြည့် စီစဉ်ထားလိုက်ကွာ… ခု နှစ်သစ်ကူးလည်း နီးလာပြီ ဆိုတော့ အားလပ်ရက်နဲ့ ဘောနပ်စ် ပေးမယ့် ကိစ္စတွေကို မင်းနဲ့ ဟော်ယွမ်ယွမ်နဲ့ ကြည့်လုပ်လိုက်…. အချိန်ကျလာရင် မင်းကနေပြီး အောက်ကလူတွေကို ဖြန့်ဝေပေးလိုက်..”
“ ယုံကြည်ပေးလို့ ကျေးဇူးပါ ဘော့စ်လင်း…”
လင်းရီ ခေါင်းညိမ့်ပြီး လီချူးဟန်နှင့် တွေ့ဆုံရန်အတွက် ဟွာရှန်းဆေးရုံသို့ ဦးတည်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း သူ တံခါးဖွင့်ပြီးနောက် ရုတ်တရက် တုန့်ခနဲ ရပ်တန့်သွားခဲ့လေသည်။
“ အားလပ်ရက် ကိစ္စကိုတော့ မင်း ဟော်ယွမ်ယွမ်နဲ့ ဆွေးနွေးလို့ရတယ်… ဒါပေမယ့် ဘောနပ်စ် ကိစ္စကိုတော့ မင်း ဘာမင်းပဲ ကြည့်စီစဉ်လိုက်…”
“ တော်နေကြာ သူမနဲ့ တိုင်ပင်လို့ကတော့ ကုမ္ပဏီ အကောင့်ထဲက ငွေတွေအကုန်လုံးကို ဘောနပ်စ် လုပ်ပစ်မလား ပြောမရဘူး… ကုမ္ပဏီရဲ့ ရေရှည်အတွက် သတိထားတာ မမှားဘူး..”
“ ဟုတ်… နားလည်ပါပြီ ဘော့စ်…” ချီရှန်းကျောက် နာခံလိုက်ပြီး ငိုရအခက် ရယ်ရအခက် ဖြစ်နေလေသည်။
ချီရှန်းကျောက်၏ ရုံးခန်းထဲမှ ထွက်လာခဲ့ပြီးနောက် လင်းရီ ဟွာရှန်းဆေးရုံသို့ ဦးတည်လိုက်သည်။
လီချူးဟန် ဘေးမှ အဖော်ပြုပေးရင်း ခွဲစိတ်လူနာများ ထားသည့် အခန်းထဲသို့ ရောက်လာခဲ့ပြီး အထဲမှ တံခါးလော့ခ်ချလိုက်၏။ ထိုသို့ ပြုရခြင်းမှာလည်း အပြင်လူများ ဝင်ရောက်လာမည်ကို မလိုလားသောကြောင့် ဖြစ်သည်။
လင်းရီ ဝင်လာသည်ကို မြင်တော့ အိုဝန် မအံ့ဩသွားခဲ့ပေ။
အကယ်၍ လင်းရီ ကိုယ်၌မှ လျှို့ဝှက်စွာ စီစဉ်ထားပေးခြင်း မရှိပါက မည်သူကမျှ သူ့အား ဤနေရာသို့ ပို့ဆောင်ထားလိမ့်မည် မဟုတ်ချေ။
“ ငါ လာမယ်မှန်း မင်းကြိုသိနေတယ်ပေါ့…”
အိုဝန်၏ တည်ငြိမ်နေသည့် အမူအရာကို မြင်တော့ လင်းရီ ပြုံးလိုက်သည်။
“ ဒီတိုင်း ခန့်မှန်းကြည့်ထားတာပါ…”
“ ကောင်းပြီလေ… မင်းက ခန့်မှန်းထားပြီးပြီဆိုတော့ ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်…” လင်းရီ ပြောလိုက်ပြီး “ မင်း မနေ့က ကစ်နဲ့ စကားဝိုင်းကိုလည်းကြားခဲ့ပြီးရောပေါ့…. တကယ်လို့ အန်ဒီဂရို့ဖ်ကို သတ်ဖို့ဆိုရင် မင်းအတွက် ဘယ်လောက်ကုန်ကျမယ်ထင်လဲ…”
“ ဟိုးလီ ဂျီးဆပ်စ် မစ္စတာလင်း..… မင်းက အန်ဒီဂရို့ဖ်ကို သတ်ချင်နေတယ်… မင်း ဘာပြောနေလဲဆိုတာတော့ ကိုယ့်ကိုယ်ကိုတော့ သိပါတယ်နော်…”
“ ဘာလဲ… မရဘူးလား… သူကကျတော့ ငါ့ကို လုပ်ကြံခိုင်းလို့ရပြီး ငါကျတော့ သူ့ကို ပြန်လုပ်ကြံခိုင်းလို့ မရဘူးပေါ့…”
အဆိုပါ ကိစ္စ ဆွေးနွေးနေစဉ်အတွင်း လင်းရီ လီချူးဟန်အား မရှောင်ခိုင်းထားချေ။
သူ မနေ့ညက သူမနှင့် အတူရှိစဉ်တွင် ဖြစ်ကြောင်း ကုန်စင်အား မခြွင်းမချန် ပြောပြထားပြီးဖြစ်၏။ ထို့ကြောင့် လီချူးဟန်ကလည်း အံ့အားသွားခြင်း မရှိပေ။ သူမ၏ အေးတိအေးစက်နိုင်သည့် အမူအကျင့်နှင့် ပေါင်းစပ်လိုက်ချိန်တွင်တော့ ဖြစ်စဉ်တစ်ခုလုံးမှာ အင်မတန် တည်ငြိမ်နေတော့၏။
“ အာ…. အဲ့လိုမဟုတ်ဘူးလေ… မစ္စတာလင်း… မင်းအဲ့လို စဉ်းစားလိုက်လို့ မဖြစ်ဘူး…” အိုဝန် ပြောလိုက်ပြီး “ မင်း နိုင်ငံခြားက လူကုံထံတွေအကြောင်း နားမလည်ပါဘူး… အဲ့ကောင်တွေ သူတို့ အသက်ကို ဘယ်လောက်ချစ်လဲ သိလား…. သူတို့ကိုယ်သူတို့ကာကွယ်ဖို့ နှစ်တိုင်းနှစ် ဒေါ်လာသန်းနဲ့ချီ အကုန်ကျခံပြီး ထိပ်တန်းလုံခြုံရေး စနစ်ကြီးကို တည်ဆောက်ထားတာ… အန်ဒီဂရို့ဖ် လယ်ဗယ်လောက်ဆို သူ့နားမှာ ရှိတဲ့ ဘော်ဒီဂတ်တွေ အကုန်လုံးက ငါ့ထက် သန်မာနေတဲ့ သူတွေချည်းပဲ…. သူ့ကို လုပ်ကြံဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး…”
“ နောက်ပြီး သူ့အသက်ကို မဟူရာ ဝက်ဆိုဒ်မှာ ကြေးကြီးကြီးနဲ့ ဆုငွေထုတ်ဖို့ မစဉ်းစားနဲ့…. အဲ့လို လုပ်လိုက်တာနဲ့ မစ္စတာလင်းရဲ့ အချက်အလက်တွေလည်း ပေါက်ကြားပြီးတော့ ဘာမှမလုပ်ရသေးခင် အသတ်ခံရနိုင်တယ်..”
ထိုစကားကြားတော့ လီချူးဟန် လင်းရီ၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူမ၏ လက်ဖဝါး နုနုကတော့ စိတ်လှုပ်ရှားနေဟန်ဖြင့် ချွေးများစို့နေလေသည်။
“ အဲ့လိုဆိုရင်တော့ သိပ်ပြီး လွယ်ကူမယ့်ပုံ မပေါက်ပါလားကွ…” လင်းရီ ပြုံးလိုက်ပြီး “ ကြည့်ရသလောက်တော့ ငါ ကိုယ်တိုင် လှုပ်ရှားရတော့မယ်နဲ့ တူတယ်…”
၎င်းကိုကြားတော့ အိုဝန် တုန်လှုပ်သွားခဲ့ပြီး “ မစ္စတာလင်း… ငါမင်းကို မိတ်ဆွေတစ်ယောက်အနေနဲ့ အကြံပေးလိုက်မယ်.. မင်း မိုက်မဲတာ တစ်ခုမှ မလုပ်တာက ပိုကောင်းလိမ့်မယ်…. မင်းကိုယ်တိုင်က ကျိုးဟိုင်မှာ ကျော်ကြားတဲ့ တိုင်ကွန်းကြီး တစ်ယောက် ဖြစ်နေပြီးသားဆိုပေမယ့် Intel သူဌေး အဆင့်တော့ မရောက်သေးဘူး… တကယ်လို့ သူ့အပေါ် ကိုယ်တိုင် လှုပ်ရှားချင်နေတယ်ဆိုရင် ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပဲ…”
လင်းရီ ပြုံး၍ ခေါင်းခါရမ်းလိုက်ရင်း
“ ငါ့အထင်တော့ သူတို့ဘက်ကလည်း မင်း မစ်ရှင် ကျရှုံးသွားတယ်ဆိုတာ အနှေးနဲ့ အမြန်သိသွားလောက်တယ်… အဲ့လိုဆိုရင် သတ်ဖြတ်ဖို့ လုပ်ကြံရေးသမားတွေ ပိုပြီးတော့တောင် စေလွှတ်လာနိုင်တယ်…. မင်းက ငါ့ကို ဘာမှ မလုပ်ပဲ အေးဆေးထိုင်စောင့်ခိုင်းချင်နေတာလား…”
“ ဘယ်တတ်နိုင်မှာ… အဲ့ဒါက ကမ္ဘာကြီး အလုပ်လုပ်တဲ့ ပုံစံပဲလေ…. ငါးသေးသေးလေးက ငါးအကြီးကြီးစားတာကို ခံရမှာပဲ..”
“ ငါယီးကိုပဲ စား…. သူကျတော့ ငါ လင်းရီကို သေနတ်နဲ့ လာချိန်ဝံ့နေတယ်… တကယ်လို့ သူတို့ကို ပြန်ပြီး ထိခိုက်အောင်မှ မလုပ်နိုင်ဘူးဆို ငါ့မျိုးရိုးနာမည်ကို သူတို့နာမည် ပြောင်းပစ်လိုက်မယ်..”
လင်းရီ ကျိန်ဆဲပြီးနောက် အိုဝန်ကို ကြည့်ကာ “ ပြီးတော့ မင်း…. မင်း အမေရိကားကို မပြန်နဲ့တော့…. ဒီမှာ နေပြီး ငါ့အတွက် အလုပ်လုပ်ပေး…”
“ ငါ့ကို ခေါ်ထားချင်တာ သေချာလို့လား…”
"အင်း.. ငါ့ကိုယ်စား လှုပ်ရှားပေးမယ့်လူတွေ လိုအပ်နေတာနဲ့ အတော်ပဲ…. မင်းကို ခေါ်ထားတာက ပိုကောင်းတယ်..”
“ ကျေးဇူးတင်ပါတယ်…”
လင်းရီ ဘာမျှ ပြန်မပြောပဲ လီချူးဟန်နှင့်အတူ ထွက်ခွာသွားခဲ့လေသည်။
“ သူတို့ နင့်ဆီ ထပ်ပြီး ရောက်လာကြဦးမှာတဲ့လား..” လီချူးဟန် အသံတိုးတိုးလေးဖြင့် မေးလာခဲ့၏။ လင်းရီ လှည့်ကြည့်လိုက်တော့ သူကလေး၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်တို့ ပြည့်နှက်နေရှာသည်။
“ သေချာပေါက်ပေါ့.. ဒါကြောင့်မို့ သူတို့ဘက်က မလှုပ်ရှားသေးခင် ငါ့ဘက်က လက်ဦးမှု ရယူနိုင်ဖို့ ကြိုးစားနေတာလေ…”
“ တကယ်လား…..”
“ တကယ်ပေါ့…”
လီချူးဟန် လင်းရီလက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ သူမ၏ မျက်ဝန်းလေးများက မိုးကုတ်စက်ဝိုင်းအား ကျော်လွန်နေသည့် ရေကန်ကဲ့သို့ ကြည်လင်နေကာ “ ငါကအမျိုးသမီးတစ်ယောက်.. ဘယ်လို ကြီးကြီးမားမားမှ မစွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတစ်ယောက်… နင့်ကို ဘယ်လိုကူညီရမလဲလည်း ငါမသိဘူး…”
“ ဒါပေမယ့် နင်သာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါလည်း ဆက်ပြီး အသက်ရှင်နေမှာ မဟုတ်တော့ဘူး…”
( စကားချပ်- တကယ်တော့ နှစ်သစ်ကူးက မရောက်သေးပါဘူးနော… သူတို့က ပွဲမတိုင်ခင် တစ်လ အလိုလောက်ကရင် ကြိုပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လေ့ရှိကြလို့ အရင်တစ်ခေါက် ရန်ချိန်ကို သွားတာလည်း ခဏ သွားကူတာပါ…ဟုန်ပေါင်း ပေးတာကတော့ သားမက်မို့ပေးတာ ဆန်းမယ် မထင်ပါဘူး… နောက်ပြီး ဒီနေရာမှာ နှစ်သစ်ကူးပွဲတော် ကျင်းပချိန်ကလည်း ၁၅ ရက်လောက်အထိကို ကြာမြင့်လေ့ရှိပါတယ်… )