အပူပြင်းပိုးမွှားရောဂါ
Vol. 23 Ch. 3.86
"ဆေးဝါးသခင်မချန်... သူ့ပေါက်ကရ စကားတွေ ပြောနေတာ ဖြစ်ရမယ်... သူဘယ်လိုလုပ် ကုနိုင်မှာလဲ! ဒီမှာ ဆေးဆရာတွေ အများကြီး ရှိနေတယ်လေ ဘယ်သူမှ သူ့ကို မကုသနိုင်ဘူး။ သူက ဆံပင်မွေးတောင် မစုံသေးတဲ့ ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ် အရွယ် ကောင်လေးပဲ.... သူက ကုသနိုင်တယ်ဆိုတာ ရယ်စရာကောင်းတယ်!"
လုရွှမ်၏ စကားကို ကြားသော် အားလုံးက တခဏချင်း ထိတ်လန့်သွားပြီး သခင်မဟိုင်ထန် မခံနိုင်တော့ဘဲ ထအော်လိုက်သည်။
သူမနှင့် မင်းသားချန်ရှင်း တို့သည် အတူရှိခဲ့ကြပြီး ယခု မင်းသားသည် အရိုက်ခံရပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေပါပြီ။ ဆေးဝါးသခင်မချန်သာ တစ်ဖက်လူအား ယုံကြည်ပါက သူမသည် အဆုံးစွန်ထိ ဒုက္ခရောက်မည်ကို စိတ်ကူးကြည့်ရုံဖြင့် သိနိုင်သည်။
ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုမဖြစ်အောင် တားဆီးရမည်။
"သူ့ပါးစပ်ကို အကြိမ်တစ်ရာလောက် ရိုက်ပြီး ဒီမိန်းမကို ဖယ်ရှားလိုက်.... မြေသွေးကြော နှလုံးစပျစ်ပင် ပြဿနာကို ကျုပ်ကူညီ ဖြေရှင်းပေးမယ်"
ဤဆွဲဆောင်မှုရှိသော အမျိုးသမီးကို အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် မလှမ်းမကမ်းက ဆေးဝါးသခင်မချန်ကို ကြည့်ကာ ပြောလိုက်သည်။
"ဒါ..."
သခင်မချန် တုံ့ဆိုင်းသွားသည်။
သူမ မယုံတာ မဟုတ်ပေမယ့် လုရွှမ်ရဲ့ အသက်က ငယ်လွန်းသည်လေ။ ဆေးဆရာ တော်တော်များများက ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ သူက ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ။ သူတကယ် ဖြေရှင်းနိုင်ပါ့မလား။
မဖြေရှင်းနိုင်ပါက မိုက်မဲစွာ ပြောနေရုံဖြင့် ပေရွှီးအင်ပါယာကို စော်ကားခြင်း အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဤကိစ္စသည် ပြဿနာကြီးတစ်ခု ဖြစ်လာမည် ဖြစ်သည်။
"ငါ မင်းကို အခွင့်အရေး ပေးထားပြီးသား... မင်းရဲ့ရွေးချယ်ပုံပေါ် မူတည်တယ်... မင်းအရွေးမှားရင် နှလုံးသားစပျစ်ပင် သေမယ် မင်း အပြစ်ဒဏ်ခံဖို့ ဆေးဥယျာဉ်ဌာနချုပ်ကို ပြန်သွားလိမ့်မယ်လို့ ငါယုံကြည်တယ်... ယောက်ချီဆိုတဲ့ နတ်ဆိုးအိုကြီးက မင်းကို လောကကြီးမှာ အသက်ရှင်လျက် ထားမှာ မဟုတ်ဘူး!”
လုရွှမ်က သူ့လက်ကို ကျောနောက်မှာထားပြီး သူ့မျက်နှာက ငြိမ်သက်နေပြီး ထိတ်လန့်မှု အရိပ်အယောင်တောင် တစ်စက်ကလေးပင် မတွေ့ရချေ။
"ဆရာကြီး.... မင်း မင်း ဆေးဆရာကြီး နာမည်ကို ဘယ်လိုသိတာလဲ?"
နာမည်ကိုကြားတော့ တခြားသူတွေက သူက ရန်လိုဟန်ဆောင် နေပြန်တယ် ထင်နေချိန် သခင်မချန်ရဲ့ အမူအရာက ပြောင်းလဲသွားလေသည်။
ယောက်ချီသည် ဆေးဥယျာဉ် ဌာနချုပ်က ဆေးဆရာကြီး၏ အမည်ဖြစ်သည်။ ဤအမည်ကို လူအနည်းငယ်သာ သိကြပြီး ဌာနခွဲ၏ ဆေးမှူးအဖြစ် ခန့်အပ်ခံရသည့် အချိန်မှပင် သူမလည်း သိခဲ့ရပေသည်။
လူငယ်လေး၏ ပါးစပ်မှ ပေါ့ပေါ့ပါးပါး ပြောနေသည့် အမည်ကြောင့် သူမသည် သဘာဝအတိုင်း တုန်လှုပ်သွားစေသည့် အခြေအနေမှ ဘယ်လိုမှ ရုန်းမထွက်နိုင်တော့ပေ။
နာမည်သိရုံနဲ့ လုံလောက်ပါပြီ။ ဤဆေးကို စွဲလမ်းသူ ဆရာကြီးယောက်ချီက ပြတ်ပြတ်သားသား ပြောတတ်ပြီး အသုံးမကျတဲ့ လူတွေကို တိုက်ရိုက်သတ်ပစ်တတ်သည်။ သူမသည် ထိုအကြောင်းကို အတိအကျ သိထားတာကြောင့် တိတ်တဆိတ် စိတ်ရှုပ်သွားခဲ့သည်။
ဒီကိစ္စက ပိုလို့တောင် ရှင်းနေသေး၏။ ဒီကောင်လေး ဘယ်လိုသိလဲ။
သူ့လေသံကို နားထောင်ရင်း ဆရာကြီးယောက်ချီကို ကြောက်ရွံ့ခြင်းမရှိဘဲ သူ့နာမည်ကို တိုက်ရိုက်ခေါ်ရဲသည်။ ခဏလောက်တော့ ဆေးဝါးသခင်မချန် တုန်လှုပ်သွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။
"သခင်မချန်.... အဲဒီကောင်လေးရဲ့ စကားတွေကို နားမထောင်နဲ့။ သူက ကျန်းဝူအင်ပါယာက လူလေးတစ်ယောက်ပဲ... သူက ယင်းယန်အကယ်ဒမီ အပြင်ဘက် ဝင်းထဲက တပည့်တစ်ယောက်ထက် ဘာမှမပိုဘူး"
ဆေးဝါးသခင်မချန် တွေဝေနေတာကို မြင်လိုက်ရတော့ သခင်မဟိုင်ထန် ကမန်းကတန်း အော်ဟစ်လိုက်သည်။
"လာကြစမ်း!! ဒီမိန်းမကို ဖမ်းပြီး သူ့မျက်နှာကို အချက်တစ်ရာ ရိုက်လိုက်!! ပြီးရင် သူ့ကို ဆေးဥယျာဉ်ထဲက ထုတ်ပစ်လိုက်!"
အသက်အနည်းငယ် မြန်မြန်ရှူရင်း ဆေးဝါးသခင်မချန်သည် စိတ်ထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ဒီလို ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းတွေလည်း ရှိပါသည်။
ပထမအချက်မှာ လူငယ် ပြောခဲ့တဲ့စကားက သူမကို စိတ်ရှုပ်ထွေးသွားစေ၏။ သူသည် ဆေးပညာကို ရူးသွပ်သော ဆေးဆရာ၏ အမည်ကိုသာ ဖော်ပြသွားသော်လည်း ဆေးဥယျာဉ် အကြောင်းကို ကောင်းစွာသိကြောင်း ဤအချက်မှ သိနိုင်သည်။
ဒုတိယအချက်မှာ ကောင်လေး၏ ခွန်အားကို သူမ ပြတ်ပြတ်သားသား မြင်နိုင်သည်။ အဓိပတိနယ်ပယ်တွင်သာ ရှိသော်လည်း အသက်တိုးမြှင့်ခြင်း နယ်ပယ်က ရန်သူကို ရင်ဆိုင်ပြီး မင်းသားချန်ရှင်းကို အနိုင်ယူသွားသည်။
ဤအချက်မှာ ထိုကဲ့သို့ အင်အားကွာဟမှုအောက်တွင် တည်ငြိမ်နေသေးသည်။ သူ့တွင် အထောက်အပံ့ တစ်စုံတစ်ရာ မရှိပါက နှလုံးစပျစ်နွယ်ပင်ကို ကုသနိုင်မည်ဟု အမှန်တကယ် ယုံကြည်ချက် ရှိနေမည် မဟုတ်။
တတိယအချက်က ကောင်လေးရဲ့မျက်လုံးထဲမှာ ပေါ်လွင်နေတဲ့ ယုံကြည်မှုပဲ။ ဒီလို ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ အမူအရာမျိုး၊ လောကကြီးမှာ မဖြစ်နိုင်တာ ဘာမှမရှိဘူးဆိုရင် လောကကြီးကို ငုံ့ကြည့်နေတဲ့ ဒီလိုအကြည့်မျိုးက ဆေးဥယျာဉ်ထဲက ရိုက်ချက်ကြီးတွေတောင် တစ်ခါမှ မမြင်ဖူးဘူး။
"သခင်မချန်"
သခင်မဟိုင်ထန်မှာ ဒီရလဒ်ကို မမျှော်လင့်ထားဘဲ ကြောက်ရွံ့ ထိတ်လန့်မှုတွေနဲ့ မျက်နှာဖြူဖျော့လာပြီး ထွက်ပြေးချင်ခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ ဆေးဝါးသခင်မချန်က အမိန့်ပေးခဲ့တာကြောင့် သူမ မလွတ်မြောက်နိုင်ခဲ့ပြီး အစောင့်များစွာက ချက်ချင်းဆိုသလို သူမကို ဖမ်းကိုင်ကာ သူမ၏ ပါးကို ရိုက်သံများ ထွက်ပေါ်လာသည်။
ဖြောင်း ဖြောင်းဖြောင်း!
ဆက်တိုက်ရိုက်ပြီးနောက် သူမ၏ချစ်စရာကောင်းပြီး အပြစ်အနာအဆာ ကင်းသော မျက်နှာလေးသည် ဝက်ခေါင်းနှင့် တူသွား၏။
"ဝူး ဝူး ဝူး ဝူး"
သခင်မဟိုင်ထန် မျက်ရည်များ ဝဲလာသည်။
သူမရဲ့ ကျက်သရေရှိမှုကြောင့် သူမဘယ်သွားသွား ဘယ်ယောက်ျားကမှ အမြဲတမ်း တွန်းလှန်နိုင်စွမ်း မရှိခဲ့ဘူး။ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ် သူမလာရင် ငေးကြည့်ရသည်။ ဒီနေ့ လူငယ်လေးရဲ့ လက်ထဲမှာ အရိုက်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဘူး။
"မဆိုးဘူး.... အရေးကြီးတဲ့ အခိုက်အတန့်မှာ မင်းက တော်တော် ဉာဏ်ကောင်းသားပဲ!"
အရိုက်ခံရသော သခင်မဟိုင်ကို ကြည့်မည့်အစား လုရွှမ်သည် ဆေးဝါးသခင်မချန်အား ကျေးဇူးတင်လေးမြတ်စွာ စိုက်ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ဆုံးဖြတ်ချက် ချပြီးနောက် ဆေးဝါးသခင်မချန်သည် စိတ်ရှုပ်ထွေးခြင်းကို ရပ်တန့်လိုက်ပြီး အသက်ရှုထုတ်လိုက်ကာ သူ့ရှေ့မှ လူငယ်ကို ကြည့်ကာ
"မင်း နှလုံးစပျစ်ပင်ကို ကုသပေးနိုင်တာ အမှန်ပဲလား"
"ဒါက ရိုးရိုးအပူပြင်း ပိုးမွှား ရောဂါလေးတစ်ခုပဲလေ... မင်းကို လိမ်ဖို့ လိုသေးလို့လား"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းပြီး တည်ငြိမ်စွာ ပြောလိုက်၏။
အရင်က ခန်းမထဲမှာ နှလုံးစပျစ်နွယ်ပင် အပြောင်းအလဲကို မခံစားနိုင်ခဲ့သော်လည်း စပျစ်နွယ်ပင်ကို သူ့မျက်စိနဲ့ မြင်လိုက်တာနဲ့ ရောဂါကို ချက်ချင်းသိပြီးသွားပြီ။ သူ့အတွက်ကတော့ တခြားသူတွေ မဖြေရှင်းနိုင်တဲ့ ရောဂါတွေက ရိုးရှင်းနေတာချည်းပါပဲ။
"အပူပြင်းပိုးမွှားရောဂါ?"
ဆေးဝါးသခင်မချန်သည် ဤအမည်ကို ယခင်က တစ်ခါမျှ မကြားဖူးခဲ့ပုံဖြင့် ခေတ္တမျှ အံ့အားသင့်သွား၏။
"အပူပြင်းပိုးမွှားရောဂါ?"
"ဒီရောဂါက ဘယ်လိုရောဂါမျိုးလဲ? ဘာလို့ တစ်ခါမှ မကြားဖူးတာလဲ?"
"ကျုပ် စာအုပ်တွေ အများကြီး ဖတ်ဖူးတယ်... ဒါက ဒီရောဂါအကြောင်း ပထမဆုံး ကြားဖူးတာပဲ"
ဆေးဝါးသခင်မချန်၏ ထူးဆန်းသော မျက်နှာကဲ့သို့ပင် အခြား ဆေးဆရာများသည်လည်း အံ့အားသင့်သွားကြသည်။ ဒီနာမည်နဲ့ ရောဂါကို တွေ့ဖူးဖို့ မပြောနဲ့ တစ်ခါမှတောင် မကြားဖူးဘူး။
"ဒါ အစ်ကိုလု...."
ဒီအစ်ကိုလုက အရမ်းရူးနေပြီ ထင်တယ်။ ဒါက ဘေးဥပဒ်တစ်ခုပဲလို့ ထင်ခဲ့တာ။ ဆေးဝါးသခင်မချန်က သူ့စကားကို တကယ်ယုံမယ်လို့ ဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဘူး။ လော့ထောင်းမှာ သူ့မျက်လုံးတွေကို အဆက်မပြတ် ပွတ်သပ်ရင်း ဘေးမှာ ရပ်နေရသည်။
သူ့ထက်ငယ်တယ်လို့ ထင်ရတဲ့ ဒီလူငယ်လေးဟာ သူ့အဖိုးတောင် မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ် ဆိုတာကို အခုအချိန်အထိ သူ မယုံနိုင်သေးဘူး။
"ပုဆိန်သွားယူခဲ့!"
ရှင်းပြဖို့ ပျင်းလွန်းလို့ လုရွှမ် တိုက်ရိုက် အမိန့်ပေးလိုက်သည်။
ဆေးဝါးသခင်မချန်က ခေါင်းညိတ်လိုက်ပြီး သူ့နောက်က အစောင့်တစ်ယောက်ကို လှည့်ထွက်သွားစေပြီး ခဏအကြာတွင် ပုဆိန်ကြီးတစ်ချောင်းနှင့် ရောက်လာသည်။
ပုဆိန်ကို ပေါ့ပေါ့ဆဆ လှမ်းယူပြီး လုရွှမ်သည် မြေသွေးကြော နှလုံးစပျစ်ပင်ဆီသို့ ခြေလှမ်း မှန်မှန်ဖြင့် လျှောက်သွားလိုက်သည်။
ဝုန်း ဝုန်း!
ပုဆိန်ကို မြှောက်ပြီး ခုတ်ထစ်ပစ်လိုက်သည်။
"မင်းဘာလုပ်မလို့လဲ?"
"ဒါက ဆေးဥယျာဉ်ရဲ့ အုတ်မြစ်ပဲ... ခုတ်ပစ်လို့ မရဘူး"
အစောင့်နှစ်ယောက် အမြန် ပြေးချလာသည်။ စပျစ်နွယ်ပင်များကို ပုဆိန်နှင့်တိုက်ရိုက်ဖြတ်ခြင်းသည် လူတိုင်းကို ထိတ်လန့်သွားစေပါသည်။
သူနဲ့ တခြားသူတွေက စပျစ်နွယ်ပင်တွေကို ကုသဖို့ ဒီကို လာခဲ့တာ မဟုတ်ဘူးလား? တိုက်ရိုက် ခုတ်ပစ်တာက ဘာလုပ်မလို့လဲ?
"လာ ဒီကိုလာခုတ်!"
တစ်ယောက်ယောက်က သူ့ကို လာတားတာကို မြင်တော့ လုရွှမ် မလှုပ်တော့ဘဲ ပုဆိန်ကို ဆေးဝါးသခင်မချန်ဆီကို တိတ်တဆိတ် ပစ်ချလိုက်သည်။
"ဒီနေရာမှာ သုံးပေနဲ့ သုံးလက်မ ဖြတ်လိုက်!"
"ငါ....."
ဆေးဝါးသခင်မချန်မှာ တုံ့ဆိုင်းမှု အပြည့်နှင့်။
မြေသွေးကြော နှလုံးစပျစ်နွယ်ပင်သည် ဆေးပင်များကြားတွင် မွန်မြတ်သော သွေးသားတစ်ခုဟု ယူဆပါသည်။ ၎င်းသည် ဝိညာဥ်သားရဲများကြားက နဂါးသွေးနှင့် အတူတူပင် ဖြစ်ပါသည်။ ၎င်း၏ ရောဂါများကို မကုသနိုင်ဘဲ ပုဆိန်ဖြင့် ခုတ်ပစ်ပါက တိုက်ရိုက် သတ်လိုက်နိုင်မည် ဖြစ်သည်။
ဒီလိုဖြစ်ရင် ကုသဖို့ တခြားနည်းလမ်း ရှိဦးမှာလား?
"ဘာလဲ? မလုပ်ရဲဘူးလား?"
လုရွှမ်က အနည်းငယ်ပြုံးပြီး
"ငါကြည့်တာ မမှားရင် မင်းရဲ့မြေသွေးကြော နှလုံးစပျစ်နွယ်ပင်မှာ လွန်ခဲ့တဲ့ သုံးနှစ်ကမှ အဝါရောင်အရွက်တွေ စရှိလာခဲ့တာပဲ ...ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ တခြား ပြဿနာတွေ ရှိခဲ့သေးတယ် မှန်မှန်ကန်ကန် ပြောကြည့်ရရင် လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဒီဆေးဥယျာဥ်ထဲက ဆေးပင်တွေ တကြိမ် သေသွားခဲ့ဖူးတယ် ဘယ်လိုနည်းနဲ့မှ မကယ်တင်နိုင်ခဲ့ဘူး! ဆေးလယ်ကွက်တွေမှာပဲ ပြဿနာ ရှိနေတယ်လို့ မင်းထင်ခဲ့တာက သနားစရာပဲ.... တကယ့် ပြဿနာက ဒီစပျစ်နွယ်ပင်ပဲလေ!"
"မင်း မင်း မင်းက ဘယ်လိုလုပ်သိလဲ?"
ဆေးဝါးသခင်မချန်၏ အသံက တုံ့ဆိုင်းသွားကာ တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပင် ထိတ်လန့်သွား၏။