← Chapters

ကုသခြင်း

Vol. 23 Ch. 3.88

ကုသခြင်း

Vol. 23 Ch. 3.88

"ခုနက ပြောခဲ့သလိုပဲ ပိုးကောင်တွေက နွေးထွေးတဲ့ ပတ်ဝန်းကျင်မှာသာ နေထိုင်နိုင်ပြီး ပူလွန်းရင် ဒါမှမဟုတ် အေးလွန်းရင် အသက်မရှင်နိုင်တော့ဘူး...ဒီလိုအခြေအနေမျိုးမှာ ကုသမှုနည်းလမ်းက အရမ်းရိုးရှင်းပါတယ်"

လုရွှမ်က သူ့ရှေ့က စပျစ်နွယ်ပင်ကြီးကို ကြည့်ပြီး

"ဆီစည် တစ်ရာနဲ့... ရေခဲတုံး တစ်သောင်း ပြင်ထားလိုက်!"

"ဆီလောင်မှာလား? ပြီးတော့ ရေခဲတုံး?"

ဆေးဝါးသခင်မချန်သည် လုရွှမ် ဘယ်လိုဆေးမျိုးတွေ ပြင်ဆင်မလဲ ဒါမှမဟုတ် အထူးကုသနည်း တစ်ခုခုကို သုံးမလားဟု တွေးခဲ့ပေမယ့် ဒီနှစ်ခုကို တောင်းဆိုလာဖို့ စိတ်ကူးမယဉ်ဖူးချေ။

မီးထွန်းရန် ဆီသုံးလေ့ရှိကြပြီး ရေခဲတုံးများဖြင့် အအေးခံကြသည်။ ရောဂါတစ်မျိုးကို ကုသရန် အကျိုးသက်ရောက်မှု သိပ်ရှိပုံ မပေါ်ပါ။

သို့သော် ယခုအချိန်တွင် အလွန်အမင်း တွေးတောရန်မှာ အသုံးမဝင်ကြောင်း သိလျက်နှင့် ထိုလူငယ်သည် ထိုကဲ့သို့ အမိန့်ပေးသည်မှာ သူ့ကိုယ်ပိုင် အစီအစဉ် ရှိရမည်ဖြစ်သောကြောင့် ချက်ချင်း စကားသိပ်မပြောဘဲ နောက်ကွယ်မှ အစေခံကို အမြန်သွား၍ ပြင်ဆင်ရန် ပြောလိုက်သည်။

ဆေးဥယျာဉ် တစ်ခု၏ စွမ်းဆောင်ရည်မှာ မျှော်လင့်ထားသည့်အတိုင်း နာရီဝက် မပြည့်မီတွင် လိုအပ်သည့် အရာအားလုံးကို ပြင်ဆင်ပြီး ကျွမ်းကျင်သူများစွာက ၎င်းတို့ကို ရှေ့သို့ ယူဆောင်လာခဲ့သည်။

"ကျွန်မတို့ အခု ဘာလုပ်သင့်လဲ"

ဆေးဝါးသခင်မချန်က တစ်ချက် ကြည့်လိုက်သည်။

"အကိုင်းအခက် အရွက်၊ အမြစ်တွေ မခွဲခြားဘဲ မီးလောင်နေတဲ့ ဆီစည် ၁၀၀ ကို မြေကြီးပေါ် လောင်းချပြီး မီတာ ၅၀၀ အနက်ရှိတဲ့ တွင်းကြီးတခုကို ဒီမှာ တူးလိုက်.... ပြီးတော့ ရေခဲတွေ အားလုံးကို မြှုပ်ထားလိုက်"

လုရွှမ်သည် စပျစ်နွယ်ပင်များ တစ်လျှောက် လှည့်ကြည့်ကာ ခဏလောက် ရှာဖွေပြီး နေရာတစ်ခုကို ညွှန်ပြလိုက်သည်။

ဤနေရာ၌ မီတာ ၅၀၀ နက်သော တွင်းကို တူးခြင်းသည် သာမန်လူများအတွက် အလွန်ဒုက္ခပေးနိုင်သည်။ လုရွှမ်၏ လက်ရှိအင်အားဖြင့် ရက်အနည်းငယ်အတွင်း ၎င်းကို မပြီးမြောက်နိုင်သော်လည်း ဆေးဝါးသခင်မချန်၏ ရိုက်ချက်မှာ ကွဲပြားပါသည်။

အလွန်ပြင်းထန်သော သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ်၏ အသွင်အပြင်ဖြင့် လက်ထဲတွင် ဓားရှည်တစ်ချောင်း ချက်ချင်း ထွက်ပေါ်လာ၏။ နောက်အခိုက်အတန့်မှာတော့ ထက်မြက်တဲ့ ဓားစွမ်းအင်က မီတာ ၅၀၀ အတိအကျ မနက်မတိမ်ဘဲ မြေကြီးထဲမှာ အပေါက်ကြီးအဖြစ် ဖောက်သွားသည်။

ရေခဲတုံးများ အားလုံးကို သွန်ချပစ်လိုက်သည်။ ဤအချိန်တွင် အစေခံများစွာသည် မြေကြီး၏ ထိတွေ့နေသော နှလုံးစပျစ်နွယ်ပင်၏ အကိုငိးအခတ် အမြစ်များပေါ်တွင် မီးလောင်စေသော ဆီစည်တစ်ရာကိုလည်း လောင်းချလိုက်ကြသည်။

"မီးညှိလိုက်...!"

အားလုံး ပြင်ဆင်ပြီးတဲ့ အခါမှာတော့ ဆေးဝါးသခင်မချန်နဲ့ တခြားသူတွေက ပြန်ကြည့်ကြသည်။ သူတို့က ကောင်းမွန်တဲ့ ကုသမှုနည်းလမ်းရှိမယ်လို့ ထင်ခဲ့ကြပေမယ့် ကောင်လေးက ဒီလိုပြောလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ချေ။

"ဘာ? မီးညှိရမယ်?"

ဆေးဝါးသခင်မချန်၏ မျက်လုံးများက ဝိုင်းစက်သွားသည်။

အသီးအရွက်တွေ ဖြစ်နေသရွေ့ မီးမကြောက်တဲ့ အရာ မရှိဘူးလေ။ မီးလောင်ရင် သေသွားလိမ့်မယ်။ ဒါကိုဘယ်လိုများ ကုသမှာလဲ။

"မီးညှိရမယ်လား?"

တစ်ဖက်မှ အကြီးအကဲလော့ နှင့် လော့ထောင်းလည်း မျက်လုံးများ ပြူးကျယ်သွား၏။ အပင်ရောဂါအတွက် ကုသနည်းမျိုးစုံကို မြင်ဖူးပေမယ့် တစ်ခါမှ မကြားဖူးတဲ့ ကုသနည်းက ရောဂါတွေကို မီးနဲ့တိုက်ရိုက် ညှိပေးလိုက်တာပဲ။

သူတကယ်ပဲ မီးရှို့သတ်ခံရတော့မယ် ဆိုရင် ဆေးဝါးသခင်မချန်က သူ့ကို အသည်းအသန်တိုက်ခိုက်ရမှာ မဟုတ်ဘူးလား။

"မြေသွေးကြော နှလုံးစပျစ်နွယ်ပင်က မြေကြီးသွေးပြန်ကြော တွေကိုတောင် ကိုက်စားနိုင်တယ်... သာမန်မီးက သူ့ကို လုံးဝမလောင်ကျွမ်း စေနိုင်ဘူး... စိတ်မပူပါနဲ့"

အားလုံးရဲ့ စိုးရိမ်ပူပန်မှုတွေကို မြင်နေရသဖြင့် လုရွှမ်က ရှင်းပြလေသည်။

"ကောင်းပြီ!"

ဆေးဝါးသခင်မချန်မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။ ဒီအချိန်မှာတော့ သူ့ရှေ့က လူငယ်လေးကို ယုံကြည်ဖို့ပဲ ရွေးချယ်နိုင်ခဲ့ပြီး မလှမ်းမကမ်းက အစေခံကို ပြောလိုက်၏။

"သူ့အမိန့်ကို နားထောင်ပြီး... မီးကို ညှိလိုက်ပါ!"

“ဟုတ်ကဲ့!”

အိမ်အကူတွေက ခေါင်းညိတ်ပြီး စပျစ်နွယ်ပင်တွေကို ဆီနဲ့ဖုံးထားတဲ့ အရပ်ဆီသွား၍ မီးကို ထွန်းညှိလိုက်ကြသည်။

ဟုန်းဟုန်း!

ကြီးမားသော မီးလျှံသည် ဆီများဖြင့် ချက်ချင်း လောင်ကျွမ်းသွားပြီး မြေသွေးကြော နှလုံးစပျစ်နွယ်ပင်သည် မျက်စိတစ်မှိတ်အတွင်း မီးပင်လယ်ထဲတွင် မြုပ်သွားခဲ့သည်။

ဖြောင်း! ဖြောင်း!

သစ်ကိုင်းများနှင့် သစ်ရွက်ခြောက်များ၏ ပြတ်သားသော လောင်ကျွမ်းသံကို ကြားလိုက်ရာ ဆေးဝါးသခင်မချန်၏ အရေပြားများ တွန့်လိမ်လာ၏။

ထိုလူငယ်၏ နည်းလမ်း မှားသွားမည်ကို သူမတကယ် စိုးရိမ်နေမိသည်။ ထိုအခြေအနေမျိုးဆိုလျှင် နှလုံးစပျစ်ပင်သည် မပျောက်ကင်းနိုင်ဘဲ သူမ၏လက်ထဲတွင် သေသွားလိမ့်မည်။ ဤသို့ဆိုလျှင် သူမလည်း အသက်ရှင်နေဖို့ မလိုတော့ပေ။

မီးသည် လျင်မြန်စွာ လောင်ကျွမ်းပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ နာရီဝက် မပြည့်မီတွင် လုံးဝ ပျက်ဆီးသွားပါသည်။

"သေသွားပြီလား?"

သူ့ရှေ့တွင် နှလုံးစပျစ်နွယ်ပင်၏ အသွင်အပြင်ကို မြင်လိုက်ရတော့ ဆေးဝါးသခင်မချန်၏ မျက်နှာသည် တုန်လှုပ် ခြောက်ခြားမှုများနှင့် ပြည့်နှက်သွား၏။

ဤအခိုက်အတန့်တွင် နွယ်ပင်များ အတွင်း၌ တက်ကြွမှု တစ်စုံတစ်ရာကို သူမ မခံစားနိုင်တော့ဘဲ မီးတောက်ကြောင့် အရှင်လတ်လတ် လောင်ကျွမ်းသွားသကဲ့သို့ လုံးလုံး ပြီးဆုံးသွားခဲ့သည်။

"မလောပါနဲ့... ခဏကြာရင် မင်းနားလည်မှာပါ!"

သူမကို ဒီလိုမြင်လိုက်ရပေမယ့် လုရွှမ်ကတော့ စိတ်မပူဘဲ ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။

လူငယ်လေး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေတာကို မြင်လိုက်ရတော့ ဆေးဝါးသခင်မချန် က သက်ပြင်းတစ်ချက် ချမိသော်လည်း တစ်ဖက်လူ ပြောသည့်အတိုင်း သူမရှေ့ရှိ စပျစ်နွယ်ပင်ကို သူ့မျက်လုံးများက စိုက်ကြည့်နေဆဲ ဖြစ်သည်။

အချိန်ကြာလာ သည်နှင့်အမျှ တစ်နာရီကြာပြီးနောက် အချိန်မရွေး သေသွားနိုင်ပုံရသည့် စပျစ်နွယ်ပင်များသည် အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။

ဝုန်း ဝုန်း!

ပင်စည်အခေါက်များ အလွှာလိုက် ကွာကျသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဥခွံကွဲအက်သွားသကဲ့သို့ မြေသွေးကြော နှလုံးစပျစ်နွယ်၏ အမည်းရောင်အဖြစ် လောင်ကျွမ်းနေသော အစိတ်အပိုင်းများသည် တဖြည်းဖြည်း ကြွေကျသွားပြီးနောက် အစိမ်းရောင် အရေခွံနှင့် နုပျိုသော အရွက်များ ထွက်ပေါ်လာသည်။

"ဒီဟာက....."

သူတို့ နှလုံးသားထဲမှာ ပြင်ဆင်ထားပြီးသား ဖြစ်သော်လည်း ဒီအံ့ဖွယ်မြင်ကွင်းကို သူတို့ကိုယ်တိုင် မျက်စိနဲ့ မြင်ခဲ့ကြရတဲ့ ဆေးဝါးသခင်မချန်နဲ့ အကြီးအကဲလော့ တို့ဟာ အံ့အားသင့်ပြီး မေးရိုးတွေ မြေပြင်ပေါ်ကို ပြုတ်ကျလုနီးပါး ဖြစ်နေ၏။

အံ့သြဖွယ်ရာပဲ!

အသံပိုကျယ် လာသည်နှင့်အမျှ တစ်နာရီ၏ လေးပုံတစ်ပုံ အတွင်းတွင် ထူထဲသော စပျစ်နွယ်ပင်များပေါ်ရှိ ပူလောင်သော အရေခွံများ လုံးဝကျွတ်ထွက်သွားပြီး မြေသွေးကြော နှလုံးစပျစ်နွယ်ပင်သည် လူတိုင်း၏ မျက်စိရှေ့တွင် ပြန်လည်ပေါ်လာသည်။ မွေးကင်းစ ဘဝကဲ့သို့ပင် အားမာန်နှင့် တက်ကြွမှုအပြည့် ရှိလေ၏။

"အစ်ကိုလု... ဒါ ဘယ်လိုဖြစ်တာလဲ"

တဟုန်းဟုန်း တောက်လောင်နေသော မီးထဲတွင် နှလုံးစပျစ်နွယ်ပင် ပြန်လည်မွေးဖွားလာသည်ကို မြင်လိုက်ရသဖြင့် လော့ထောင်းသည် သည်းမခံနိုင်တော့ဘဲ မေးရန် ခြေလှမ်း ပြင်လိုက်သည်။

သူ့ကို မေးခွန်းထုတ်တာကို မြင်တော့ ဆေးဝါးသခင်မချန် နဲ့ အကြီးအကဲလော့တို့လည်း အလျင်စလို လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပါဘူး။ ရိုးရိုးသားသား ပြောရရင် ဒီကုစားနည်းကို တစ်ခါမှ မမြင်ဖူးဘူးလေ။

"ခုနက ကျုပ်ပြောခဲ့သလိုပဲ ဒီမြေသွေးကြော နှလုံးစပျစ်နွယ်ပင်က ပူနွေးတဲ့ အင်းဆက်ပိုးမွှားတွေကြောင့် ရောဂါကို ခံစားနေရတာ... ဒီရောဂါအတွက် နွေးထွေးတဲ့ အင်းဆက်တွေကို သတ်ဖို့ ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတော့ မရှိပါဘူး။ ဒါပေမဲ့ ပူနွေးတဲ့ အင်းဆက်တွေက သာမန်မျက်စိနဲ့ မမြင်နိုင်တာကြောင့် သူတို့ကို သတ်ချင်တာက ပိုလွယ်ပါတယ်!"

လုရွှမ်က တစ်ဖက်လူက မေးမယ်ဆိုတာ သေချာသိတဲ့အတွက် ဖုံးကွယ်မထားဘဲ ပြောလေ၏။

"အအေးနဲ့ အပူကိုကြောက်တဲ့ ပိုးမွှားကို တစ်ခုတည်းသော နည်းလမ်းက ဖယ်ရှားပစ်ဖို့ ပထမဆုံး အအေးဓာတ်ကို ကြောက်တဲ့ လက္ခဏာကို သုံးဖို့ပဲ... ဒါကြောင့် အပေါ်ယံကို မီးတောက်လောင်စေတာ.. မီးတောက်က အရမ်း ပူနေပြီး ပိုးမွှားတွေက ခံနိုင်ရည် ရှိမှာမဟုတ်ဘူး... ပင်စည်တစ်လျှောက် မြေပြင်ပေါ်ပြန်မတက်နိုင်ဘဲ မြေကြီးထဲကို ပြန်ဝင်သွားကြတယ်... ဒီအနေအထားမှာ ရေခဲတွေ အများကြီး ပစ်ချခဲ့တဲ့အတွက် ပူပြင်းတဲ့ အပူနဲ့ အခု အအေးဒဏ်ကို ရုတ်တရက် ထိတွေ့မိသွားတယ်... ပူနွေးတဲ့ အင်းဆက်တွေက ဒီအရာနှစ်ခုကို ကြောက်ကြတယ်လေ အပြောင်းအလဲ ဖြစ်သွားတော့ သဘာဝကျကျ ပေါက်ကွဲသွားတာ!"

"အလောင်းက ပေါက်ကွဲလိုက်တာနဲ့ ချက်ချင်း သေတာပဲ ဒါပေမဲ့ ဒီကိစ္စက ပြောရလွယ်ပေမယ့် လုပ်ရမလွယ်ဘူး! အခုက လောင်ကျွမ်းသွားတဲ့ ဆီပမာဏလိုပဲ... အချိန်အတော်ကြာပြီးမှ စည် ၁၀၀ ကို ယူလာနိုင်တယ်မလား... စပျစ်နွယ်ပင်ရဲ့ အရွယ်အစားနဲ့ အသက်ဝင်မှုကြောင့် မီးတောက်များရင် နွယ်ပင်က မီးလောင်သေဆုံး သွားတတ်သော်လည်း အရေအတွက် နည်းသွားရင် မသက်ရောက်ဘဲ ပူနွေးပိုးမွှားတွေ ကျန်နေလိမ့်မယ်... ပိုးမွှားတွေ ရှိနေသေးရင် ဒါမှမဟုတ် သူတို့ရှင်သန်နေသမျှ ရောဂါလက္ခဏာကို ကုသနိုင်ရင်တောင် မူလအတိုင်း တစ်ကျော့ပြန် ဖြစ်လာလိမ့်မယ်!"

"ရေခဲတုံးတွေ အတွက်က ဒီနေရာက မြေကြီးရဲ့ သွေးကြောတွေရဲ့ အခြေအနေတွေကို အခြေခံပြီး ပမာဏကို တွက်ချက်ခဲ့တာ... အရမ်းများရင် ဘေးဥပဒ် ဖြစ်စေလိမ့်မယ်!"

"ကောင်းပြီ... ဘာပဲဖြစ်ဖြစ် ပူနွေးတဲ့ပိုးမွှားတွေ အားလုံး သေကုန်ပြီ.. နှလုံးစပျစ်နွယ်ပင်က ကုသမှု အောင်မြင်တယ်လို့ ယူဆလို့ရတယ်!"

လုရွှမ်က ရှင်းပြသည်။

"လတ်စသတ်တော့ ဒီလိုကိုး!"

လူတိုင်းက မချီးကျူးဘဲ မနေနိုင်အောင်ကို ဖြစ်သွားကြသည်။ ဆေးဝါးသခင်မချန် ဆိုလျှင် ပိုလို့တောင် အထင်ကြီးသွားသေး၏။

လူငယ်က ရိုးရိုးရှင်းရှင်း ပြောသွားပေမယ့် လုံးဝမလွယ်ဘူးဆိုတာ သူမ သိပါသည်။ သူပြောသလိုပါပဲ မီးလောင်တဲ့ဆီနဲ့ ရေခဲပမာဏကို မဆုံးဖြတ်နိုင်ရင် နှလုံးစပျစ်နွယ်ပင်က သေသွားမှာ မလွဲပင်။

All Chapters