တကယ် အစွမ်းထက်တာလား။
Vol. 24 Ch. 3.110
"ဟုတ်ကဲ့!"
သခင်ပြောတာကို ကြားရတဲ့အခါ ရှောက်ရန် ထပ်မငြင်းဆန်ရဲတော့ဘဲ သူ့ရင်ခွင်ထဲက အနက်ရောင် သင်္ကေတတစ်ခုကို ထုတ်ပြီး လွှဲပေးလိုက်သည်။
"ညီလေး.... ဒါ ငါ့ရဲ့ မှင်အမိန့်ပြားပဲ။ ဒီအမိန့်ပြား မင်းမှာရှိရင် ငါလုပ်နိုင်သရွေ့ မင်း လုပ်ချင်တာကို ပြီးမြောက်အောင် အစွမ်းကုန် ကူညီပေးမယ်"
လုရွှမ် မှင်အမိန့်ပြား လက်ခံတာကို မြင်တော့ ၀တ်စုံစိမ်းနဲ့ အဘိုးကြီးက ပြုံးလိုက်၏။
"လုပ်နိုင်သရွေ့ ပြီးမြောက်တဲ့အထိ အစွမ်းကုန် ကူညီမယ်??"
တစ်ဖက်မှ ချန်စစ်ယန် ထိတ်လန့်သွားသည်။
အဘိုးအို၏ ခွန်အားကို မပြောဘဲ၊ သူ၏ ချမ်းသာမှုကို ကြည့်ရုံဖြင့် ချန်စစ်ယန်ကို ထိတ်လန့်နေစေပြီ။ ဒီလိုလူမျိုးက ဒီမှင်အမိန့်ပြားကို ပေးပြီး ကူညီဖို့ အစွမ်းကုန် ကြိုးစားပေးမယ် ဆိုတာက အရမ်းကို တန်လွန်းနေပါပြီ။
သောင်းနဲ့ချီတဲ့ ဝိညာဉ်ကျောက်တုံးတွေတောင် သုံးပြီး မဝယ်နိုင်တော့မှာကို ကြောက်ရသည်။ ဒါ့အပြင် ဒါက ပိုက်ဆံနဲ့ လုံးဝဝယ်လို့ မရတဲ့ ကတိတစ်ခုပဲ ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၅ စွမ်းအားရှင် ရှောက်ရန်က မှင်အမိန့်ပြားကို ထုတ်ပေးရန် ဆန္ဒမရှိသည်မှာ အံ့ဩစရာ မဟုတ်ပေ။ ၎င်းသည် အလွန်အဖိုးတန်ပေသည်။
ကောင်လေးက ဈေးအရမ်း ကြီးတဲ့အတွက် သေချာပေါက် ငြင်းမယ်လို့ သူမ ခံစားမိချိန်မှာပဲ သူ့မျက်နှာမှာ ပြောင်းလဲမှု မရှိတဲ့ အပြုံးကို အနည်းငယ် မြင်လိုက်ရ၏။
"ကောင်းပြီ"
ထို့နောက် ချက်ချင်းဆိုသလိုပင် မှင်အမိန့်ပြားကို အိတ်ကပ်ထဲ ထည့်လိုက်ပုံက မည်မျှတန်ဖိုးရှိသည်ကို မသိသလိုပင်။
"ကျုပ်သိသလောက်တော့ မြရောင်ဝါးက စိတ်တည်ငြိမ်အောင် စွမ်းဆောင်နိုင်တယ်။ ဒီအပင်ရဲ့ သွေးကြောထဲမှာ မကောင်းဆိုးဝါးတွေရဲ့ အရိပ်အာဝါသတွေ ဘာကြောင့် ပါဝင်နေရတာလဲ?"
သူက မှင်အမိန့်ပြား သိမ်းသွားတာကို မြင်တော့ အဘိုးကြီး စိတ်သက်သာရာ ရသွားပြီး တစ်ချိန်တည်းမှာပင် မထိန်းနိုင်ဘဲ မေးလာခဲ့သည်။
မြရောင်ဝါးဟူသည့် ဝိညာဥ်အပင်သည် လူသိများသော အဂ္ဂိရတ်ဆေးပင် တစ်မျိုးဖြစ်ပြီး ၎င်းသည် ဝိညာဉ်စွမ်းအင်နှင့် ပြည့်စုံ၍ စိတ်ကို အေးချမ်းစေသည့် အာနိသင်ရှိသင့်သည်ဟု အကြောင်းပြချက် ပေးထားသည်။
"ကျုပ်ရဲ့ ခန့်မှန်းချက်မှန်ရင် သန်မာတဲ့ လူက အကြောင်းတစ်ခုကြောင့် မှားယွင်းစွာ သေဆုံးခဲ့ပြီး ဒီမြရောင်ဝါးရုံအောက်မှာ မြုပ်ထားခဲ့လိမ့်မယ်! မတရားမှုတွေကြောင့် နာကြည်းမှုတွေ ထွက်ပေါ်လာပြီး အငွေ့အသက်တွေက နောက်ဆုံးတော့ ဝါးလုံးထဲကို စိမ့်ဝင်သွားတယ်! ဆေးပင်က သန့်စင်မထားရင် နာကြည်းမှုတွေက အတွင်းနတ်ဆိုးစိတ်ကို ပြင်းထန်စေပြီး သူတို့ကို နတ်ဆိုးစိတ် ပိုဝင်လာစေမယ်... ဒါကြောင့် ဒီအပင်ကို ဆေးသန့်စင်ဖို့အတွက် အသုံးပြုခြင်းက လူတော်တော်များများအတွက် ပိုအန္တရာယ်များတယ်... အဲဒါကြောင့်မလို အတုလို့ ကျုပ်ပြောခဲ့တာ!"
လုရွှမ်က ရှင်းပြသည်။
"လတ်စသတ်တော့ ဒီလိုကိုး!"
ထိုမှသာ အဘိုးကြီး နားလည်သွားသည်။ ကိုယ်ခံပညာ လေ့ကျင့်မှု အားကောင်းလေ ဝိညာဉ်စွမ်းအား အတိုင်းအတာ အားကောင်းလေ ဖြစ်ပြီး အသတ်လိုက်သည်နှင့် နာကြည်းမှုကလည်း ကြီးမားလေ ဖြစ်ပေသည်။
သာမန်လူများ၏ နာကြည်းမှုကို ပြေပျောက်ရန် လွယ်ကူသည်။ ကျင့်ကြံသူများ၏ နာကျည်းမှုသည် လက်စားချေခြင်း မပြီးဆုံးဘဲ ပေါ်ပေါက်လာခဲ့ပါက မပြေပျောက်ရုံ သာမကဘဲ ပိုမို အားကောင်းလာမည် ဖြစ်သည်။
နာကြည်းမှုတွေက မြရောင်ဝါး အရွက်တွေရဲ့ သွေးကြောတွေအောက်မှာ ပုန်းနေခဲ့သည်။ မီးတောက်တွေနဲ့ မသန့်စင်ခဲ့ရင် သူမပြောနှင့် တခြားလူလည်း ဘယ်လောက်ပဲ သန်မာနေပါစေ မမြင်နိုင်တော့မှာကို ကြောက်ရ၏။
ဒါပေမဲ့ သူတောင် မတွေ့နိုင်ခဲ့တာကို သူ့ရှေ့က လူငယ်က ဘယ်လိုမြင်သွားတာလဲ? ဒါကိုတွေးပြီး သူက
"ဒီဝါးမှာ ပြဿနာ ရှိနေတာကို ဒီငသခင်လေးက ဘယ်လိုလုပ် မြင်မိလဲ မသိဘူး?? အဲဒီ့မှာ နာကြည်းစရာရှိမှန်း ဘယ်လိုသိလဲ?"
"ဒါက ကံကောင်းသွားလို့ပါ!"
လုရွှမ်က ပြုံးပြသော်လည်း မရှင်းပြခဲ့ပေ။ တကယ်တော့ သူရှင်းပြချင်ပေမယ့် တစ်ဖက်လူက အဲဒါကို မလေ့လာနိုင်ဘူးလေ။
အရန်အမှတ်များတွင် ဝိညာဉ်စွမ်းအား အမှတ်ကို သူ ဖွင့်ပေးသည်။သူသည် နာကြည်းမှုနှင့် အခြားစိတ်ဝိညာဉ်များကို သဘာဝအတိုင်း အာရုံခံစားနိုင်သည်။ လူသားတစ်ဦးအဖြစ် တစ်သက်တာ အတွေ့အကြုံ နှစ်ခုနှင့် အတူ ဤဝါးတွင် ပြဿနာရှိကြောင်း သိမြင်ရန်မှာ အလွန်ရိုးရှင်းပါသည်။
အကျယ်တဝင့် ပြောချင်ပေမယ့် ရှင်းပြဖို့ကလည်း အနည်းငယ် ပျင်းလာခဲ့ပြီ။
"ကျုပ် မဆင်မခြင် ဖြစ်ခဲ့ပါတယ်!"
သူဘာမှ ပြန်မပြောတာကို မြင်တော့ အဘိုးကြီးက အသိပြန်ဝင်လာပြီး သူ့မျက်နှာမှာ ရှက်ကိုးရှက်ကန်း အမူအရာတွေနဲ့ ပြည့်သွားခဲ့သည်။
လူတိုင်းမှာ ကိုယ်ပိုင်လျှို့ဝှက်ချက် ကိုယ်စီရှိကြသည်။ ဒါ့အပြင် အမွေဆက်ခံမှုလိုမျိုး ကိစ္စတွေလည်း ပါဝင်နေရမည်။ တိုက်ရိုက်မေးဖို့က နည်းနည်းတော့ မလွယ်ပါချေ။
"နောက်မှတွေ့တာပေါ့.... နှုတ်ဆက်ပါတယ်!"
ရှင်းပြပြီးနောက် လုရွှမ်သည် သူ၏ လက်သီးများကို ဆုပ်လိုက်သည်။
မတော်တဆ ဆုံမိသည်နှင့် အသိမိတ်ဆွေသည် ကံကြမ္မာ တစ်မျိုးထက် ဘာမှမပိုပါ။ ပြောစရာ ရှိသည်များကို ပြောပြီး လိုချင်တာကို ရနိုင်သွားပြီမို့ ဒီမှာ ဆက်နေရန် ဘာအကြောင်းမှ မရှိ။
"သခင်လေးကို ဘယ်လိုခေါ်ရမလဲ မသိဘူး။ အခွင့်အရေးရရင် ရတနာတွေကို ဘယ်လိုဖော်ထုတ်ရမလဲ ဆိုတာ သခင်လေးကို မေးချင်ပါတယ်"
သူထွက်သွားတာကို မြင်တော့ အစိမ်းရောင် ၀တ်စုံဝတ်ထားတဲ့ အဘိုးအိုက မအောင့်အီးနိုင်စွာ ထုတ်မေးလိုက်၏။
သူက မှင်အမိန့်ပြားကို တခြားသူတွေဆီ အလွယ်တကူ မပေးနိုင်ပေမယ့် သူပေးလိုက်တဲ့ သူက ဘယ်သူလဲ ဆိုတာတောင် သူမသိရသေးဘူး။
"ကျုပ်နာမည်က လုရွှမ်ပါ... ပေရွှီးအင်ပါယာ ယင်းယန်အကယ်ဒမီက ကျောင်းသား.... စိတ်ဝင်စားရင် ကျုပ်ဆီလာခဲ့ပါ!"
ပြောပြီး လုရွှမ်သည် ချန်စစ်ယန်နဲ့အတူ ထွက်သွားလေသည်။
"ဒီကလေးက မှားနေတာဆိုလည်း မှားနေတယ်ပေါ့... ဘာလို့ ဟန်ဆောင်နေတာလဲ?"
သူထွက်သွားတာကို မြင်သည်နှင့် ရှောက်ရန်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်သည်။
ရတနာတွေကို ဘယ်လိုဖော်ထုတ် ရမလဲဆိုတဲ့ အကြံဉာဏ် တောင်းတာဟာ ယဉ်ကျေးတဲ့စကားပဲလို့ ဆရာကြီး ပြောခဲ့ဖူးသည်။ တကယ်လို့ အဆင့်အတန်း မြင့်တယ် ဆိုရင်တောင် လူတိုင်းအတူတူ လေ့လာမယ်လို့ ပြောမှာ အသေအချာပါပဲ။
ဒီကျောင်းသားကတော့ စိတ်ဝင်စားရင် သူ့ဆီလာခဲ့ဖို့ ပြောနေတာက နည်းနည်းလေးမှ ယဥ်ကျေးမနေဘူးလေ။
သူကဘာမလို့လဲ? ဒီမြရောင်ဝါးကို သူတို့မှားပြီး ဝယ်ယူမိလို့ ဖော်ထုတ်နိုင်လိုက်တာပဲ မလား? ဘာတွေဂုဏ်ယူနေတာလဲ?
"ပါးစပ်ပိတ်ထား!"
စကားမဆုံးခင်မှာ အစိမ်းရောင် ဝတ်ထားတဲ့ အဘိုးအိုက နှောင့်နှေးတဲ့အသံနဲ့
"ဒီလူငယ်က ရောက်လာကတည်းက တည်ငြိမ်နေပြီး သူ့ရဲ့တည်ငြိမ်မှုဟာ သူ့အသက်အရွယ်ထက် ကျော်လွန်နေသလိုမျိုး ကြောက်စရာ ကောင်းတယ်။ မြရောင်ဝါးမှာ ပြဿနာ ရှိပေမယ့် သူတကယ်ကို စွမ်းဆောင်နိုင်ခဲ့တယ်!"
"သူ့မှာ တကယ့်အရည်အချင်း ရှိလို့ မြရောင်းဝါးရဲ့ ပြဿနာကို ဖော်ထုတ်နိုင်ရင်တောင် သခင်နဲ့ယှဉ်ရင် အဝေးကြီး ရှိသေးတယ်!"
ရှောက်ရန်က မကျေနပ်ဘဲ နှုတ်ခမ်းစူလိုက်သည်။ သခင်ရဲ့စကားကို မယုံတာ မဟုတ်ပေမယ့် ဒီကောင်လေးက အရမ်းငယ်သေးတာကြောင့် သူမယုံနိုင်ခြင်းပင်။
"အဲ့လိုမထင်ဘူး။ မြရောင်ဝါးက လူကြိုက်များတဲ့ ဝိညာဥ်ဆေးပင် မဟုတ်ဘူး.... အဲဒါကို ဘယ်လို ခွဲခြားရမလဲ ဆိုတာ ဘယ်သူမှ သင်ယူမှာ မဟုတ်ဘူး.... တိုက်ဆိုင်မှု တစ်ခုလောက်နဲ့ မြရောင်းဝါးကို ဘယ်လိုဖော်ထုတ် ရမလဲဆိုတာ သိလာမှာ မဟုတ်ဘူး.... ငါတို့ အခုပဲ ဝယ်လိုက်ပေမယ့် ပြဿနာ ရှိမရှိ မသိခဲ့ဘူးမလား?"
အဘိုးအိုက ခေါင်းခါသည်။
တိုက်ဆိုင်မှုပဲလား ဆိုတာ လုံးဝမယုံကြည်ပါ။
ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီး စစ်မှန်သော ကျွမ်းကျင်မှုများ ရှိမှသာ လူတို့သည် ဤကဲ့သို့ ခံစားနိုင်မည် ဖြစ်သည်။
"သူစရောက်တုန်းက စိမ့်မြက်ပင်ကို တစ်ချက်ကြည့်ပြီး အကဲဖြတ်လိုက်တဲ့ အသံက အရမ်းတိုးပေမယ့် ငါ ကြားနေရတုန်းပဲ.... အဲဒီစိမ့်မြက်က အစားထိုး စိုက်ထားတာလို့ပဲ ဆုံးဖြတ်နိုင်ခဲ့တယ်... သဲကန္တာရကလား နှင်းတွေကျနေတဲ့ နေရာကလား ဆိုတာ ငါမဆုံးဖြတ်နိုင်ခဲ့ဘူး... ဒီဆေးပင်အတွက် လေ့လာမှု အမျိုးမျိုး လိုအပ်နေသေးတာကို အတည်ပြုချင်ပေမယ့် ဒီလူငယ်လေးက တစ်ချက်ကြည့်လိုက်ရုံနဲ့ လမ်းတောင် မလျှောက်ဘဲ စိမ့်ထဲက ဝိညာဥ်အပင် ဆိုတာကို သိနိုင်ခဲ့တယ်.....ဒီလိုအမြင်ဆိုတာ ငါတောင် အလှမ်းဝေးနေသေးတယ်!"
ဝတ်ရုံစိမ်းနှင့် အဖိုးအိုက ဆက်ပြောလေ ထူးဆန်းလာလေပင်။
"ဒါ...."
ရှောက်ရန် ဆက်ပြီး ချေပချင်ပေမယ့် အခု ချေပလို့မရတော့ချေ။ အဘိုးအိုနောက်သို့ လိုက်ခဲ့စဥ် ကာလအတွင်း မြရောင်ဝါးပင်၏ လက္ခဏာများကဲ့သို့ပင် ဗဟုသုတများစွာကို သင်ယူခဲ့သည်။ ရှေ့သို့မရောက်မီ အဝေးကနေ ကြည့်၍ မြက်အမျိုးအစားကို ပြောပြနိုင်ခြင်းကို သူပင် မလုပ်နိုင်ပေ။
သို့သော်လည်း သူ အနည်းငယ် စိတ်ရှုပ်ထွေးနေသေးပြီး မလှမ်းမကမ်းက တာဝန်ခံယွင်ကို လှမ်းကြည့်ကာ
"ဒီမြက်ကို ဘယ်ကရလာတာလဲ? အဲဒါက ဘယ်လို အမျိုးအစားလဲ ဆိုတာ ပြောပြနိုင်မလား?"
စိမ့်မြက်ပင်ပဲ ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဒီတာဝန်ခံယွင်က ရောင်းသူအနေနဲ့ သိထားသင့်တယ် မဟုတ်လား?
"ကျုပ်အဲဒါကို စိမ့်တောထဲက ရိတ်သိမ်းလာခဲ့တာပါ.... အဲဒါက စိမ့်မြက်ဆိုတာကို ကျုပ်ဘဝနဲ့ ၁၀၀% အာမခံနိုင်ပါတယ်"
တာဝန်ခံယွင်သည် သူတို့နှစ်ဦးနှင့် ဝေးကွာနေပြီး စကားစမြည် ပြောသည်ကို ယခင်က မကြားခဲ့ရသော်လည်း ယခုတော့ ထိုမေးခွန်းကို ကြားလိုက်ရပြီး အလျင်စလို အော်ပြောလိုက်သည်။
"ဒါက စိမ့်မြက်ပင် ဆိုတာ တကယ်ပဲလား"
တစ်ဖက်လူ၏ အတည်ပြုချက်ကို ကြားရပြီးနောက် အတုအယောင် မဖြစ်နိုင်ပါဟု သူ့အသက်ကို တိုင်တည်ကာ ကျိန်ဆိုလိုက်ရာ ရှောက်ရန်သည် သူ့နှလုံးသားထဲတွင် ထိတ်လန့်သွားသလို ခံစားလိုက်ရပြီး သူ့လက်သီးတွေကို ဆုပ်ထားလိုက်လေ၏။
"ဒီကောင်လေးက တကယ်ပဲ အစွမ်းထက်တာလား?"