အခန်း (၉၅၄)
Vol. 69 Ch. 954
ဟန်မူယဲ့က နတ်ဘုရားမိုးကြိုးကို ချေဖျက်ရန်အတွက် အချိန်တစ်လ ကြာခဲ့သည်။
နတ်ဘုရားမိုးကြိုးကို သန့်စင်ပြီးသွားသောအခါတွင် ခွေသားရဲပုံရိပ်က ဖြည်းဖြည်းချင်း အိပ်စက်သွားသည်။
နတ်ဘုရာမိုးကြိုးကို အပြည့်အဝသန့်စင်ပြီး နတ်ဘုရားစွမ်းအားကို အသုံးပြုနိုင်ရန်အတွက် နှစ်ပေါင်းထောင်ချီကြာအောင် အချိန်ယူရလိမ့်မည်။
“ဝီ”
ဟန်မူယဲ့က လက်မြှောက်ပြီး ရွှေရောင်လျှပ်စီးလှံတစ်ချောင်းကို ဖန်တီးသည်။
နတ်ဘုရားစွမ်းအား၊ အနန္တအသွင်ပြောင်းမိုးကြိုး ဖြစ်သည်။
ထိုနတ်ဘုရားမိုးကြိုးသည် ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုးထက် အဆပေါင်းများစွာ အားနည်းသော်လည်း သူ၏ ကိုယ်ပိုင်စွမ်းအင် ဖြစ်သည်။
ထိုနတ်ဘုရားစွမ်းအားကြောင့် သူက မရေမတွက်နိုင်သော နတ်ဘုရားမိုးကြိုးများကို ထုတ်လုပ်နိုင်လိမ့်မည်။
နတ်ဘုရားမိုးကြိုးတစ်ခုသည် မလုံလောက်နိုင်သော်လည်း နတ်ဘုရားမိုးကြိုးဆယ်ခု၊ အခုတစ်ရာဆိုလျှင် အလွန်အားကောင်းလာလိမ့်မည်။
အကယ်၍ မိုးကြိုးတစ်ထောင်၊ တစ်သောင်း ရှိနေလျှင် မည်သို့ ဖြစ်သွားမည်နည်း။
ဟန်မူယဲ့က စိတ်လှုပ်ရှားနေပြီး နတ်ဘုရားမိုးကြိုးများကို တစ်ခုပြီးတစ်ခု ဖန်တီးကြည့်သည်။
သူက နတ်စွမ်းအားကို စုပ်ယူလိုက်သောကြောင့် ရွှေအလင်းဖြင့် တောက်ပနေပြီး နတ်ဘုရားမိုးကြိုးများကို ဆက်လက်ဖန်တီးသည်။
သုံးရက်အကြာတွင် လျှပ်စီးကြောင်းတချို့ကို ထုတ်လွှတ်နေသော ဟန်မူယဲ့က တဲအိမ်ထဲမှ ထွက်လာခဲ့သည်။
သူ၏ ခွေသားရဲပုံရိပ်က အိပ်စက်နေသော်လည်း သူက မိုးကြိုးလျှပ်စီးစွမ်းအင်ကို ထုတ်လွှတ်နေဆဲ ဖြစ်သည်။
သူ၏ နတ်ဘုရားစွမ်းအားက လျော့နည်းမသွားပေ။
“အစ်ကိုကြီး၊ ထွက်လာပြီလား”
ကျောက်ချန်က ခါးသီးနေသောမျက်နှာထားဖြင့် လျှောက်လာပြီး တီးတိုးပြောသည်။
“ကျွန်တော်တို့ နောက်ထပ် သန်းနှစ်သောင်း ဆုံးရှုံးသွားတယ်”
ဟန်မူယဲ့ ကျင့်ကြံနေသော တစ်လအချိန်အတွင်း၌ ဓားကျင့်ကြံသူများက ပုံမှန်အတိုင်း မြို့တံတိုင်းပေါ်တွင် တိုက်ခိုက်ခဲ့ကြသည်။
သူတို့၏ နေ့စဉ်ကုန်ကျစရိတ်ကြောင့် ကျောက်ချန်က ရင်နာနေသည်။
သူက သင်္ချိုင်းအင်မော်တယ်မြို့၏ ကျင့်ကြံသူများ ဆင်းရဲနေရသော အကြောင်းပြချက်ကို နားလည်သွားသည်။ ဤနေရာတွင် အရင်းအမြစ်များ ကြွယ်ဝသော်လည်း သူတို့က စိတ်ကြိုက် မသုံးနိုင်ကြပေ။
သူတို့က ဝယ်ယူရန် မတတ်နိုင်ကြပေ။
ကျောက်ချန်က ဆုံးရှုံးမှုများအားလုံးကို တွက်ချက်ထားသည်။ ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။
“ငါက အကြီးအကဲဝိညာဉ်ဓားနဲ့ ဆွေးနွေးကြည့်လိုက်အုံးမယ်”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။
ကျောက်ချန်က ပါးစပ်အဟောင်းသားဖြစ်နေပြီး လက်ချောင်းများနှင့် ရေတွက်နေသောပုံစံဖြင့် ကျန်ခဲ့သည်။
“ဟူး၊ အစ်ကိုကြီးကတော့ တကယ်ကို လွတ်လပ်တာပဲ”
သူက ခေါင်းခါလိုက်ပြီး ရေရွတ်သည်။
“ငါကပဲ အရာအားလုံးကို စိုးရိမ်နေတာ”
“ဝိညာဉ်ကျောက်တုံးတွေ ဆုံးရှုံးသွားတာကို မြင်နေရတာ တကယ်ရင်နာတယ်”
....
ဟန်မူယဲ့က ပျက်စီးနေသောခန်းဆောင်တစ်ခုဆီသို့ ပျံသန်းသွားပြီး သေရည်အိုးတစ်ခုကို ထုတ်ယူသည်။
ရွှေအလင်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။ မီးခိုးရောင်ဝတ်စုံနှင့် ဝိညာဉ်ဓားရွှေအင်မော်တယ် ပျံသန်းလာသည်။
“ဒီသေရည်အိုးက ကောင်းသားပဲ”
သူက ဟန်မူယဲ့၏ သေရည်အိုးကို ယူသောက်လိုက်ပြီး ပြောသည်။
“ဒါက အလကားမဟုတ်ဘူးမလား”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သူ့ကိုကြည့်သည်။
“အကြီးအကဲ၊ ကြီးကြီးမားမားလှုပ်ရှားဖို့ စိတ်ဝင်စားလား”
ဝိညာဉ်ဓားရွှေအင်မော်တယ်က နှုတ်ခမ်းသပ်လိုက်ပြီး ရှုပ်ပွနေသော မုတ်ဆိတ်များကို ပွတ်သပ်သည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။
“ဘယ်လောက်ကြီးလဲ”
“အရမ်းကြီးတယ်”
ဟန်မူယဲ့၏လက်တွင် ရွှေရောင်လျှပ်စီးကြောင်းများ စုစည်းလာသည်။
ဟန်မူယဲ့၏ လျှပ်စီးကြောင်းကို မြင်လိုက်ရသောအခါတွင် ဝိညာဉ်ဓားရွှေအင်မော်တယ်က ပြုံးသည်။
“မင်းက ထိုင်မနေနိုင်ဘူးဆိုတာကို ငါသိတယ်”
သူက ပြုံးလိုက်ပြီး ပြောသည်။
“အင်မော်တယ်သခင်ကျီယုနဲ့ တခြားလူတွေကို မင်းက ကောင်းကင်ဖျက်ဆီးနတ်ဘုရားမိုးကြိုး ပေးလိုက်တာမဟုတ်လား”
သူက မုတ်ဆိတ်ကို ပွတ်သပ်ပြီး မပျော်ရွှင်စွာ ပြောသည်။
“သူတို့က တခြားလူတွေကို အခွင့်ကောင်းယူတတ်တာပဲ”
သူက ထိုသို့ပြောလိုက်ပြီး ဟန်မူယဲ့ကို ရုတ်တရက် လှည့်ကြည့်သည်။
သူက အံ့အားသင့်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“မင်းက သူတို့ကိုလည်း အကွက်ချခဲ့တာလား”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး ခေါင်းညိတ်သည်။
“သူတို့ကို ထည့်မတွက်ရင် ကြီးကြီးမားမားလုပ်တယ်လို့ ပြောမရဘူးလေ”
‘မြို့တော်ရဲ့ အင်မော်တယ်သခင်ငါးယောက်ကိုလည်း ထည့်တွက်ထားတာလား’
‘ဒီကစားပွဲက ဘယ်လောက်တောင်ကြီးနေတာလဲ’
ဝိညာဉ်ဓားရွှေအင်မော်တယ်၏ မျက်နှာထားက လေးနက်သွားသည်။ သူက သေရည်အိုးကို ကိုင်ထားပြီး ဟန်မူယဲ့ကို စိုက်ကြည့်သည်။
“ငါ့ကိုပြောပါ။ ဘယ်လိုလုပ်မှာလဲ”
ရိုးရှင်းသည်။ အမဲလိုက်ခြင်း ဖြစ်သည်။
နတ်ဘုရားကလန်သားများကို အမဲလိုက်မည်။
နတ်ဘုရားကလန်သားများ အားလုံးသည် ဝင်္ကပါထဲတွင် စုစည်းနေခြင်းမဟုတ်ပေ။
မြို့အပြင်ဘက်တွင် များပြားလှသော နတ်ဘုရားကလန်သားများ ရှိနေကြသည်။
ထို့အပြင် သင်္ချိုင်းအင်မော်တယ်မြို့၏ တစ်ဝက်သည် နတ်ဘုရားကမ္ဘာတွင် ရှိနေသည်။ သူတို့က မြို့ထဲမှ ထွက်သွားလျှင် နတ်ဘုရားကမ္ဘာသို့ ရောက်သွားလိမ့်မည်။
ဟန်မူယဲ့၏ အစီအစဉ်က မြို့ထဲမှ ထွက်သွားရန် ဖြစ်သည်။
သူတို့က စစ်ပွဲဝင်္ကပါကို ဝိုင်းရံထားပြီး အဝေးတစ်နေရာတွင်ရှိသော နတ်ဘုရားကလန်သားများကို အမဲလိုက်မည်။ တစ်ချိန်တည်းမှာပင် တခြားကမ္ဘာများနှင့် ဆက်သွယ်မည်။
နတ်ဘုရားကမ္ဘာဖြစ်စေ တခြားအင်မော်တယ်ကမ္ဘာများဖြစ်စေ သင်္ချိုင်းအင်မော်တယ်မြို့တော်၏ အပြင်ဘက်တွင်ရှိသော လေဟာနယ်မှတစ်ဆင့် ဆက်သွယ်နိုင်သည်။
မဟာမိတ်တချို့ကို ရှာနိုင်သ၍ သူတို့က မြို့အပြင်ဘက်တွင်ရှိသော နတ်ဘုရားကလန်၏စစ်တပ်ကို ဝိုင်းရံသတ်ဖြတ်နိုင်လိမ့်မည်။
“ဒီအစီအစဉ်က ကောင်းပါတယ်။ ဒါပေမဲ့ မလွယ်ဘူး”
ဝိညာဉ်ဓားရွှေအင်မော်တယ်က တွက်ချက်လိုက်ပြီး အဝေးတစ်နေရာသို့ ကြည့်သည်။
“မြို့အပြင်ဘက်ကိုထွက်ပြီး အမဲလိုက်မယ်ဆိုရင် ထိပ်တန်းအဆင့် ပုန်းကွယ်နိုင်စွမ်းနဲ့ နတ်ဘုရားကလန်သားကို သတ်ဖြတ်ဖို့ လုံလောက်တဲ့ခွန်အားကို ပိုင်ဆိုင်ထားရမယ်”
နတ်ဘုရားကလန်သားများသည် ထူးခြားသောခွန်အားကို ပိုင်ဆိုင်ကြသည်။
ခွန်အားချင်း ယှဉ်ကြည့်လိုက်လျှင် သင်္ချိုင်းအင်မော်တယ်မြို့တော်က အားနည်းနေသည်။
ခွန်အားကွာခြားမှု ကြီးမားသည်။
နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်နှင့် မြို့စောင့်ဝင်္ကပါကြောင့်သာ မဟုတ်လျှင် သင်္ချိုင်းအင်မော်တယ်မြို့တော်က နတ်ဘုရားကလန်ကို ခုခံနိုင်မည်မဟုတ်ပေ။
“ဟုတ်တယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
သူ့အစီအစဉ်အရ ကျွမ်းကျင်သူများကို ဦးဆောင်ပြီး မြို့ထဲမှ ၂နှစ်ကြာသည်အထိ ထွက်သွားမည်။ သူတို့က နတ်ဘုရားကလန်သားများကို နေရာအနှံ့တွင် အမဲလိုက်ကြလိမ့်မည်။
သူနှင့် အင်မော်တယ်သခင်အဆင့် ကျွမ်းကျင်သူများက တခြားကမ္ဘာများသို့ သွားရောက်မည်။
သူတို့က အမှန်တကယ်ပင် ကြီးကြီးမားမား လှုပ်ရှားတော့မည်။
“မင်းဘယ်လိုထင်လဲ”
ဝိညာဉ်ဓားရွှေအင်မော်တယ်က ကောင်းကင်ကို ကြည့်သည်။
“ကောင်းပြီ”
အသံတစ်သံ ပေါ်ထွက်လာသည်။
“ငါ့ကိုလည်း ထည့်တွက်လိုက်”
ကျယ်လောင်သောရယ်သံကို ကြားရသည်။
“ငါသွားမယ်”
“ဒါက စိတ်ဝင်စားစရာပဲ”
“သဘောတူတယ်”
အင်မော်တယ်သခင်ငါးယောက် သဘောတူလိုက်ကြသည်။
ဝိညာဉ်ဓားရွှေအင်မော်တယ်က ပြုံးသည်။
“ကောင်းပြီ။ ကောင်လေး၊ သွားပြင်လိုက်တော့”
ဟန်မူယဲ့က ခေါင်းညိတ်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ နှုတ်ဆက်သည်။
သူပျောက်ကွယ်သွားသောအခါ အင်မော်တယ်သခင်ကျီယုနှင့် တခြားလူများက လေဟာနယ်ထဲမှ ထွက်လာကြသည်။
“သူက တကယ်ပြဿနာများတာပဲ။ နတ်ဘုရားမိုးကြိုးကို ရလာပြီး လှုပ်ရှားဖို့ကြံနေပြီ”
မိစ္ဆာဘုရင်ထူထျန်းက ထိုသို့ ပြောလိုက်သော်လည်း ပြုံးနေသည်။
တခြားလူများကလည်း ကျေနပ်နေကြသည်။
“ဒီကလေးရောက်လာပြီး သင်္ချိုင်းအင်မော်တယ်မြို့တော်က ပိုအသက်ဝင်လာတယ်”
အမြဲ တင်းမာနေတတ်သော အင်မော်တယ်သခင်ထိုက်ဟယ်က ရှားရှားပါးပါး ပြုံးသည်။
“ဟုတ်တယ်။ မင်းရဲ့ အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းက နောက်ဆုံးမှာတော့ ပါရမီရှင်တစ်ယောက်ကို လွှတ်လိုက်တယ်”
အင်မော်တယ်သခင်ဟူယွမ်က ခေါင်းညိတ်ပြီး လေးနက်စွာပြောသည်။
လူတိုင်းက အင်မော်တယ်သခင်ကျီယုကို ကြည့်လိုက်ကြသည်။
ထိုစကားများအရ အင်မော်တယ်သခင်ကျီယုကလည်း ပါရမီရှင်တစ်ယောက် ဖြစ်ပုံမပေါ်ပေ။
ဝိညာဉ်ဓားရွှေအင်မော်တယ်က ကျယ်လောင်စွာရယ်လိုက်ပြီး အင်မော်တယ်အလင်းအဖြစ် ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။
အင်မော်တယ်သခင်များကလည်း လူစုခွဲလိုက်ကြသည်။
....
ဟန်မူယဲ့က စခန်းသို့ ပြန်မသွားပဲ မြို့လယ်သို့ သွားလိုက်သည်။
မျှော်စင်၏ အပြင်ဘက်တွင် ဆိုင်ခန်းဖွင့်ထားသော အင်မော်တယ်ကျင့်ကြံသူများ ရှိနေကြသည်။
ယခုအချိန်တွင် တိုက်ပွဲအခြေအနေအရ အရေးသာနေသောကြောင့် လူအများအပြားက အကျိုးအမြတ်ရခဲ့သည်။ မြို့ထဲတွင်ရှိသော ဈေးဆိုင်များကလည်း အသက်ဝင်လာသည်။
ဟန်မူယဲ့က ကျောက်စိမ်းသရဖူနှင့် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် တာအိုတန်ခိုးရှင်တစ်ယောက်ဆီသို့ သွားလိုက်သည်။
ထိုတာအိုတန်ခိုးရှင်က ဓားရှည်နှင့် တခြားလက်နက်များကို ပြသထားသည်။
ထိုလက်နက်များသည် အရည်အသွေးကောင်းသည်။ ဓားတစ်လက်သည် ထိပ်တန်းအဆင့် ဝိညာဉ်ရတနာ ဖြစ်သည်။
“ဒီဓားက ဘယ်လောက်လဲ”
ဟန်မူယဲ့က ရွှေရောင်အင်းကွက်ဖြင့် ချိပ်ပိတ်ထားသော ဓားကို ညွှန်ပြသည်။
တာအိုတန်ခိုးရှင်က ခေါင်းမော့ကြည့်လိုက်ပြီး မျက်ခုံးပင့်သည်။
“ယွင်လန်ဓားအင်မော်တယ်”
ပတ်ဝန်းကျင်တွင်ရှိသော တခြားလူများကလည်း လှည့်ကြည့်လိုက်ကြသည်။
“တကယ် ယွင်လန်ဓားအင်မော်တယ်ပဲ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်ပြသည်။
သူက သင်္ချိုင်းအင်မော်တယ်မြို့တွင် ကြာမြင့်စွာ မနေရသေးပဲ အချိန်အများစုကို ကျင့်ကြံခြင်းဖြင့် ကုန်ဆုံးနေသော်လည်း သူ့ပုံရိပ်က မြို့ထဲတွင် ပျံ့နှံ့နေသည်။
သူက သုံးကြိမ်တိုက်ခိုက်ပြီး သုံးကြိမ်အောင်မြင်၍ နတ်ဘုရားကလန်၏ ပြိုင်ဘက်ကင်းဒဏ္ဍာရီကို ဖျက်ဆီးခဲ့သည်။
ထိုလူမျိုးသည် သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် နှစ်ပေါင်းများစွာကြာသည်အထိ ပေါ်မလာခဲ့ပေ။
မြို့ထဲတွင်ရှိသော ကျင့်ကြံသူများက နာမည်ကြီးနေသော ယွင်လန်ဓားအင်မော်တယ်၏ ပုံရိပ်ကို ရှာဖွေခဲ့ကြသည်။
သူတို့အတွက် ဟန်မူယဲ့၏ရုပ်ပုံကို ရှာဖွေရန်မခက်ပေ။
ထို့ကြောင့် ယခုအချိန်တွင် လူတိုင်းက ဟန်မူယဲ့ကို မှတ်မိလိုက်ကြသည်။
“ဓားအင်မော်တယ်က ဒီဓားကို ဝယ်ချင်တာလား”
တာအိုတန်ခိုးရှင်က မတ်တပ်ရပ်လိုက်ပြီး ပြုံးသည်။ သူက ဓားကို ထုပ်ပိုးပေးလိုက်ပြီး ပြောသည်။
“တကယ်လို့ ဓားအင်မော်တယ်လိုချင်ရင် ယူသွားလိုက်ပါ”
ဟန်မူယဲ့က ဓားကိုယူလိုက်ပြီး အနီးကပ် စစ်ဆေးကြည့်နေသည်။ ထို့နောက် ခေါင်းမော့ကြည့်လိုက်ပြီး ပြောသည်။
“ဒီလက်နက်တွေအားလုံးကို အသစ်ဖန်တီးထားတာလား”
ထိုမေးခွန်းကို ကြားလိုက်ရသောအခါတွင် တာအိုတန်ခိုးရှင်က ဂုဏ်ယူနေပုံပေါ်သည်။
“ကျွန်တော်တို့ ချူယွမ်ကလန်က လက်နက်သန့်စင်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်”
“ဝိညာဉ်သတ္တုတွေ လုံလောက်ရင် အကြီးစားလက်နက်တွေကိုတောင် သန့်စင်ပေးနိုင်ပါတယ်”
ချူယွမ်ကလန် ....
သူတို့သည် ရှေးခေတ်၏ ပုဂ္ဂိုလ်ကြီးတစ်ဦးမှ ဆင်းသက်လာသော သင်္ချိုင်းအင်မော်တယ်မြို့တော်၏ ကလန်တစ်ခု ဖြစ်သည်။
သူတို့က ထိုပုဂ္ဂိုလ်ကြီး၏ အမွေအနှစ်ကို ဆက်ခံထားပြီး လက်နက်သန့်စင်ရာတွင် ကျွမ်းကျင်ကြသည်။
သင်္ချိုင်းအင်မော်တယ်မြို့တော်တွင် လက်နက်သန့်စင်နိုင်ခြင်းသည် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်သည်။
“ငါက မင်းတို့ကလန်ရဲ့ လက်နက်သန့်စင်ခြင်းကို စိတ်ဝင်စားတယ်”
ဟန်မူယဲ့၏စကားကြောင့် တာအိုတန်ခိုးရှင်၏ မျက်လုံးများက တောက်ပလာကြသည်။