ပြုပြင်ပြောင်းလဲမှုအတွက် စတေးခြင်း
Vol. 68 Ch. 890
ထော့ကျိုးမှာ အနည်းငယ် တွန့်ဆုတ်သွားပြီး ရှေ့ဆက်မသွားဘဲ အဝေးမှ ကြည့်နေသည်။
ချင်မူ ရှိနေသည့်နေရာတွင် အန္တရာယ်များလွန်း၏။ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရား၊ မိစ္ဆာများက အမှောင်ထုထဲသို့ စီးနင်းဝင်ရောက်ရင်း လဲကျသေဆုံးနေကြသည်။ မူလဝိညာဉ်များလည်း ပျက်စီးနေကြ၏။ နတ်ဘုရားတချို့သည် ချင်မူ့ထက် များစွာ သန်မာအားကောင်းသော်လည်း အမှောင်ထု၏ ကျူးကျော်မှုကို မခုခံနိုင်ကြပေ။
‘ဒီအမှောင်ထုရဲ့ စွမ်းအားက မဟာမြို့ပျက်ရဲ့ အမှောင်ထုထက်တောင် အများကြီး ပိုအားကောင်းတယ်’
ထော့ကျိုး စိတ်ပူလာကာ သူ့ဘာသာသူ တွေးနေသည်။ ‘ဝေစွေ့ဖုန်း တစ်နာရီခွဲလောက် တောင့်ခံနိုင်လောက်မလား”
ကောင်းကင်ထဲတွင် ကြယ်တာရာများ ကူးပြောင်းနေသည်။ သို့သော် ကြယ်အစစ်များမဟုတ်ဘဲ ကောင်းကင်နတ်ဘုံ၏ မဟာကြယ်သံသရာစစ်တပ် ဖြစ်သည်။ သူတို့သည် ဧရာမပိုက်ကွန်ကြီးတစ်ခု ဖွဲ့တည်လျက် အမှောင်ထုကို ဖိနှိပ်နေ၏။ ဧရာမပေါင်းမိုးကြီးက အနက်ရောင်အိုးတစ်အိုးအပေါ် ဖုံးအုပ်လိုက်သည့်အလား ထင်ရလေသည်။
တဖျက်ဖျက် လင်းလက်နေသော ကြယ်တာရာများကြောင့် ကောင်းကင်နှင့်မြေပြင်က လင်းထိန်လာသည်။ အလင်းရောင်သည် အရိပ်မှန်သမျှကို ဖယ်ရှားလျက် အရပ်လေးမျက်နှာသို့ ဖြာထွက်သွား၏။
ကောင်းကင်ပိုက်ကွန်က ယိုတု၏ မှောင်မိုက်နေသော မိစ္ဆာနတ်ဆိုးချီကို ဖိနှိပ်လျက် စတင်ကျုံ့လာသည်။ များစွာမကြာလိုက်ဘဲ ကမ္ဘာဦးဘုံအတွင်းရှိ ယိုတုအသေးစားမှာ တစ်ဝက်ကျော် ဖိနှိပ်ခံလိုက်ရချေပြီ။
‘မူအာ ချုပ်ခံနေရပြီ’ ထော့ကျိုး ပူပင်လာသည်။
မရေမတွက်နိုင်သော တောင်နတ်ဘုရားများ ပြေးလာကြ၍ ထော့ကျိုးက မြူထဲသို့ အလျင်အမြန် ဝင်ရောက်လိုက်ပြီး သူတို့နှင့်အတူ အမှောင်ထုဆီ လိုက်သွားသည်။
သူသည် ဖန်ဆင်းပညာနှင့် ရုပ်ပြောင်းရုပ်လွှဲအတတ်တွင် ကျွမ်းကျင်၍ သူ့ကိုယ်သူ တောင်နတ်ဘုရားတစ်ပါးအဖြစ် အလျင်အမြန် ပြောင်းလဲလိုက်၏။
ဧရာမကြီးမားသော တောင်နတ်ဘုရားများက ကောင်းကင်ပိုက်ကွန်ကို ဝန်းရံလိုက်ကြသည်။
တောင်နတ်ဘုရားတစ်ယောက်စီက တိုင်လုံးတစ်လုံးစီ ထုတ်ကာ မြေကြီးထဲသို့ ထိုးစိုက်ကြ၏။ ထို့နောက် တိုင်များဘေးတွင် ရပ်၍ မန္တန်များ ရွတ်ဖတ်နေကြသည်။
တိုင်များက မျက်နှာပြင်ထက်တွင် တောက်ပနေသော သင်္ကေတအမှတ်အသားများနှင့်အတူ ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ကြီးသထက်ကြီး၍ မြင့်သထက် မြင့်လာကြသည်။ ထို့နောက် သင်္ကေတအမှတ်အသားများက တိုင်လုံးများနှင့်အတူ မြေကြီးထဲ စိုက်ဝင်သွားကြသည်။
ထော့ကျိုးဘေးရှိ တောင်နတ်ဘုရားသည် ထော့ကျိုးကို သတိထားမိပြီး လှမ်းအော်၏။ “မင်းရဲ့ရတနာက ဘယ်မှာလဲ... ဘာလို့မထုတ်တာလဲ”
ထော့ကျိုးမဖြေနိုင်ခင် ကြောက်မက်ဖွယ်ရာအလင်းရောင်တစ်ခုက အမှောင်ထုထဲတွင် ဖျတ်ခနဲ တောက်ပလာသည်။ အလင်းရောင်ကို မြင်သည်နှင့် ထော့ကျိုးက ခန္ဓာကိုယ်ကို အလျင်အမြန် ကျုံ့ရင်း ပုဝင်သွားသည်။
တောင်နတ်ဘုရားမှာ မည်သို့ဖြစ်၍ မည်သို့ပျက်သွားမှန်းပင် မသိလိုက်ဘဲ ဝှမ်ခနဲ ဝိုက်ဖြတ်လိုက်သည့် အလင်းတန်းတစ်တန်းကြောင့် နှစ်ပိုင်းပြတ်သွားတော့သည်။ သူ၏ဧရာမတိုင်လုံးကြီးနှင့် နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ် ကျသွား၏။
အလင်းရောင်က တဝှမ်ဝှမ် မြည်သံများကို ထုတ်လွှတ်လျက် ပတ်ဝန်းကျင်တစ်လျှောက် ဝိုက်ဖြတ်နေသည်။ ထို့အပြင် အလင်းတန်းတစ်တန်းတည်းမဟုတ်၊ ခြောက်တန်း ဖြစ်သည်။
အလင်းတန်းခြောက်တန်းက အရပ်မျက်နှာတစ်ခွင် လှီးဖြတ်ခုတ်ပိုင်းရင်း မလွတ်မြောက်နိုင်သော ပိုက်ကွန်ကို ဖျက်စီးနေသည်။ ကောင်းကင်သံသရာကြယ်စစ်တပ်၏ ကောင်းကင်ပိုက်ကွန်က ပြီးမြောက်သွားပြီ ဖြစ်၏။ ကောင်းကင်နတ်ဘုရားတိုင်း၏ ဦးခေါင်းအနောက်တွင် အလင်းတန်းခြောက်တန်း၏ အလင်းရောင်ထက် ပိုမိုတောက်ပနေသော ကြယ်စင်လင်းရောင်သဖွယ် အလင်းရောင် ရှိနေသည်။
သို့သော် မြေပိုက်ကွန်ကတော့ မပြီးမြောက်သေးပေ။ ရုတ်တရက် တိုင်လုံးတစ်လုံးပြီးတစ်လုံး ပိုင်းဖြတ်ခံလိုက်ရပြီး တချို့ဆိုလျှင် ခြောက်ပိုင်း၊ ခုနစ်ပိုင်းပင် ကွဲထွက်ကုန်သည်။ တောင်နတ်ဘုရားများမှာလည်း အမှောင်ထုထဲမှ အလင်းတန်းများကို ရှောင်တိမ်းနေရ၏။
ထော့ကျိုးက မြေတွင် ဝပ်လျက် တောင်နတ်ဘုရားများဆီသို့ ကြည့်နေသည်။ တောင်နတ်ဘုရားများသည် အမှန်တကယ် အင်အားကြီးမားကြသည့်အလျောက် လျင်မြန်စွာ တုံ့ပြန်နိုင်ကြ၏။ စောစောက သူ့ကို စကားပြောရင်း အာရုံလွင့်သွားသည့် တစ်ယောက်မှအပ ကျန်တောင်နတ်ဘုရားအားလုံး ကြောက်မက်ဖွယ်ရာ အလင်းတန်းခြောက်တန်းကို အောင်အောင်မြင်မြင် ရှောင်တိမ်းနိုင်ခဲ့ကြသည်။
စိတ်ဝင်စရာကောင်းသည်မှာ တောင်နတ်ဘုရားများ အလင်းတန်းများကို ခုန်ရှောင်သည့်အခါ သူတို့ခုန်လိုက်သည့်အမြင့်က အတော်လေး ဆင်တူနေသည်။
‘အရူးတွေ’
ထော့ကျိုးမှာ ချွေးစီးများပြန်လာပြီး မလှုပ်ရဲတော့ပေ။ သူက သူ့ဘာသာသူ တွေးနေသည်။ “မူအာမှာ မျက်လုံးသုံးလုံး ရှိတယ်... နှစ်လုံးက အဖြူရောင်ကောင်းကင်အလင်းတန်း ပစ်လွှတ်နိုင်ပြီး အလယ်မျက်လုံးက အမှောင်အလင်းတန်း ပစ်လွှတ်နိုင်တယ်... သူက မင်းတို့ကို သူ့ရဲ့ အမှောင်အလင်းတန်းသုံးတန်းနဲ့ သတ်ပစ်နိုင်အောင် အမြင့်တူတူ ခုန်ခိုင်းထားတာ....’
သူ ထိုက်ဧကရာဇ်ကောင်းကင်ဘုံတွင် ရှိစဉ်တုန်းက ချင်မူ အတားအဆီးအစီအရင်ကို ချိုးဖျက်၍ ယိုတုသားတော်အဖြစ် ပြောင်းလဲသွားသည်ကို မြင်ခဲ့ရ၏။ ထိုမြင်ကွင်းက အလွန်ကြောက်စရာကောင်းခဲ့သည်။ မြေအောက်ဘုံအရှင်သခင် ရောက်လာ၍မဟုတ်လျှင် အခြေအနေများက အင်မတန် ဆိုးရွားခဲ့နိုင်သည်။
ထော့ကျိုးမှာ ချင်မူ၏ တတိယမိစ္ဆာမျက်လုံးကို အလွန်ကြောက်လေသည်။
သူ ကြည့်နေစဉ် တောင်နတ်ဘုရားတစ်ပါးသည် လေပေါ် ခုန်လိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ မမြင်ရသော ဓားမသုံးလက်ဖြင့် အတုံးလေးတုံး ညီညီညာညာ ပိုင်းဖြတ်ခံလိုက်ရသကဲ့သို့ ကွဲထွက်သွား၏။
‘မူအာက မိစ္ဆာသဘာဝရဲ့ ထိန်းချုပ်ခံနေရတာ မဟုတ်ဘူး... သူက ထိန်းချုပ်နေတာပဲ... ဟုတ်တယ် အဲဒီအတိုင်းပဲ ဖြစ်ရမယ်... ယိုတုသားတော်က ဒီလိုတိုက်ခိုက်တာမှ မဟုတ်တာ’
ထော့ကျိုး တွေးနေသည်။ ‘ယိုတုသားတော်က ထင်တိုင်းကြဲ တိုက်ခိုက်ပေမယ့် သူက ပရိယာယ်နဲ့ တိုက်ခိုက်တယ်”
ကောင်းကင်ထက်တွင် ကောင်းကင်ပိုက်ကွန်မှာ ကြောက်မက်ဖွယ်ရာ သားကောင်ကြီးတစ်ကောင်၏ လှမ်းဆွဲခြင်း ခံလိုက်ရသကဲ့သို့ တွန့်သွားသည်။ ကောင်းကင်ပိုက်ကွန်အတွင်းရှိ ကောင်းကင်သံသရာကြယ်စစ်တပ်မှာ ပိတ်မိနေ၍ ပိုက်ကွန်နှင့်အတူ ပါသွား၏။ သူတို့၏အမူအရာများမှာ မျှော်လင့်ချက်မရှိတော့သည့်အလား ထင်ရသည်။
ကောင်းကင်သံသရာကြယ်စစ်တပ်က ကောင်းကင်ပိုက်ကွန်နှင့်အတူ အမှောင်ထဲ ကျရောက်သွားပြီး ဧရာမဒယ်အိုးကြီးတစ်လုံးဖြင့် ဆုံတွေ့သွားသည်။ ကောင်းကင်ပိုက်ကွန်တစ်ခုလုံးနှင့် နတ်ဘုရားစစ်တပ်တစ်တပ်လုံး ဒယ်အိုးအတွင်း ကျဆင်းသွားကာ တိတ်ဆိတ်သွားကြသည်။
ဒယ်အိုးကြီးသည် နတ်ဘုရားမိစ္ဆာတစ်ပုံတစ်ခေါင်း စားပြီးနောက် ရုတ်တရက် အပေါ်သို့ ထွေးထုတ်လိုက်၏။ မျက်နှာများက အမှောင်ထုထဲတွင် လွင့်မျောသွားပြီး အော်ဟစ်နေကြသည်။ “အားချို”
ထော့ကျိုး စိတ်ဒုံးဒုံးချနိုင်တော့မည့်အချိန် အမှောင်ကောင်းကင်က လင်းထိန်လာပြန်သည်။ ကောင်းကင်ထဲတွင် မရေမတွက်နိုင်သော နတ်ဘုရားများက ရတနာအပိုင်းအစများကို နေရာချလျက် အဖြူရောင်မျက်လုံးများ၊ အဖြူရောင်မျက်ခုံးမွှေးများနှင့် ကောင်းကင်နယ်စားမင်း၏ မျက်နှာကို ဖော်ဆောင်နေကြသည်။
အဆိုပါရတနာများသည် ကောင်းကင်နတ်ဘုံ သင်္ချာကိန်းများဖြင့် တွက်ထုတ်ထားသည့် ကောင်းကင်နယ်စားမင်း၏ မဟာတာအိုသင်္ကေတအမှတ်အသားကို သုံးရင်း ကောင်းကင်နယ်စားမင်း၏ ဦးခေါင်းအဖြစ် ဖွဲ့တည်သွားကြ၏။
ကောင်းကင်နယ်စားမင်း၏ မျက်လုံးများက အောက်သို့ စိုက်ကြည့်ရင်း ပြိုင်ဘက်ကင်းသော အလင်းရောင်ဖြင့် ယိုတု၏မိစ္ဆာနတ်ဆိုးချီကို လောင်ကျွမ်းဖယ်ရှားပစ်လိုက်ရာ ချင်မူမှာ ပေါ်လွင်လာတော့သည်။
ချင်မူ၏ဦးခေါင်းတစ်ခေါင်းက ခေါင်းကြီးကြီးကလေးကြီး ဖြစ်ကြောင်း ထော့ကျိုး လှမ်းမြင်လိုက်ရသည်။ ကလေးခေါင်းကြီးမှာ ကောင်းကင်နယ်စားမင်း၏အကြည့်ကြောင့် တစ်ကိုယ်လုံး လောင်မြိုက်လာသဖြင့် နာကျင်စွာ အော်ဟစ်ရင်း ခန္ဓာကိုယ်ထဲ ပြန်ဝင်ရန် ကြိုးစားနေသည်။
ထော့ကျိုး သူ့ဘာသာသူ တွေးမိသည်။ ‘ရွှမ်တုနဲ့ ယိုတုရဲ့ မဟာတာအို အချင်းချင်း ဝင်တိုက်နေပြီ... မူအာ တောင့်ခံနိုင်မှာမဟုတ်ဘူး...’
ချင်မူက ခုန်၍ ထွက်ပြေးသည်။ ကောင်းကင်ထဲရှိ နတ်ဘုရားများက ကောင်းကင်နယ်စားမင်း၏ ဦးခေါင်းဝင်္ကပါကို ထိန်းသိမ်းရင်း ချင်မူနှင့်အတူ လိုက်ရွေ့လျားနေကြသည်။ သို့သော် ချင်မူက သူတို့ လိုက်မှီရန် မြန်လွန်းပေသည်။
ထော့ကျိုး ကပျာကယာ ထ၍ နောက်မှ လိုက်သွားသော်လည်း သူလည်း လိုက်မမှီ ဖြစ်နေသည်။
ဤအခိုက်အတန့်တွင် ချင်မူ ဦးတည်နေသော အနောက်ဘက်ကောင်းကင်ထဲတွင် အဖြူရောင်အလင်း ပေါ်ထွက်လာသည်ကို ထော့ကျိုး မြင်လိုက်ရ၏။ ဧကရာဇ်တစ်ပါး၏ ဩဇာရှိန်ဝါက သူ့လမ်းကို ပိတ်ရင်း ဖွဲ့တည်လာ၏။ ကောင်းကင်နန်းဆောင်များလည်း ဖွဲ့တည်လာကြပြီး မဟာနတ်မင်း မူလဝိညာဉ်တစ်ခုက ကျောက်စိမ်းမြို့တော်၏ နတ်ကောင်းကင်ခန်းမအထဲတွင် ထိုင်နေသည်။ သူက ရုတ်တရက် ထရပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အမှောင်ခြုံထည်တစ်ခုက မြောက်ဘက်ကောင်းကင်တစ်လျှောက် လွှမ်းခြုံလျက် ဧကရာဇ်တစ်ပါး၏ ဩဇာရှိန်ဝါကို ဖော်ထုတ်လိုက်သည်။ ကောင်းကင်နန်းဆောင်များက ပန်းချီကားလိပ် ပြန့်လာသကဲ့သို့ ပေါ်ပေါက်လာကြ၏။ ကောင်းကင်ယင်သားတော်က ဧကရာဇ်ပလ္လင်အထက်တွင် ထိုင်လျက် ရှိချေသည်။
တောင်ဘက်တွင် မီးတောက်မီးလျှံများ တဟဲဟဲ ထတောက်လာသည်။ မီးပင်လယ်အကြား၌ ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာပြီး နတ်ကောင်းကင်ခန်းမထဲတွင် ဇာမဏီကိုးကောင်က တောင်ပံဖြန့်လျက် တွန်ကျူးနေ၏။
ထော့ကျိုးမှာ ဧကရာဇ်ဩဇာရှိန်ဝါကြောင့် ခေါင်းနပန်းကြီးလာသည်။ သူ နောက်လှည့်ကြည့်သည့်အခါ အစိမ်းရောင်အလင်းက ကောင်းကင်ကို ခြယ်မှုန်းနေပြီး ကောင်းကင်နန်းဆောင်များ ပေါ်လာသည်ကို မြင်လိုက်ရသည်။ နန်းဆောင်များက နဂါးအကြေးခွံသဖွယ် ထွက်လာရင်း ခမ်းနားစွာ ရိုးရှင်းနေသည့် အငွေ့အသက်အား ပေးစွန်းနေသည်။ ချင်မူအား ပေါ်လာစေတော့သည်။
အဖြူနတ်မင်း၊ မဟူရာနတ်မင်း၊ ဇာမဏီနတ်မင်း (အနီနတ်မင်း)နှင့် အစိမ်းနတ်မင်း ... ကောင်းကင်နတ်ဘုံ၏ မဟာနတ်မင်းလေးပါး ... ရောက်လာကြချေပြီ။
ထော့ကျိုး ရင်ထဲ လေးလံလာကာ ဆောက်တည်ရာမဲ့လာသည်။
ချင်မူက ကြောက်မက်ဖွယ်ရာ အားလှိုင်းတစ်လှိုင်း ထုတ်လွှတ်ရင်း အနောက်အရပ်ရှိ အဖြူနတ်မင်းဆီ ပြေးသွားသည်။ သို့သော် အဖြူနတ်မင်း ပြန်ခုခံထားသောကြောင့် အနောက်အရပ်မှတစ်ဆင့် မထွက်ပြေးနိုင်တော့ပေ။
သူက ကောင်းကင်ယင်သားတော်ဆီ ပြေး၍ သူ့ကို တိုက်ခိုက်ကြည့်သည်။ သိုင်းကွက်အနည်းငယ် ဖလှယ်ပြီးနောက် နောက်ပြန်ဆုတ်လိုက်ရ၏။ မြောက်လမ်းကြောင်းမှာလည်း ရွေးချယ်မရပေ။
ချင်မူ တောင်ဘက်သို့ ပြေးသွားသည့်အခါ ဇာမဏိနတ်မင်းချီရှားယွီက ခေါင်းကိုးလုံးမီးငှက်တစ်ကောင်အသွင် ပြောင်း၍ သူ့ကို တွန်းထုတ်သည်။
ထော့ကျိုးမှာ ချင်မူ သူ့ကို ကျော်၍ အရှေ့မှလာနေသော အစိမ်းနတ်မင်းဆီသို့ အသည်းအသန် ပြေးသွားသည်ကို မြင်လိုက်ရ၏။ များစွာမကြာလိုက်ဘဲ ချင်မူ သူ့ဘက် ပြန်လိမ့်ထွက်လာသည်ကို တွေ့ရသည်။
“မူအာ...”
ထော့ကျိုးမှာ လက်နှစ်ဖက်စလုံး တုန်ရီနေပြီး ရှေ့တိုးသွားတိုင်း ပြန်ရိုက်ထုတ်ခံနေရသော ချင်မူ့ဆီသို့ လှမ်းမဖမ်းနိုင် ဖြစ်နေသည်။
“ယိုတုသားတော် ဒဏ်ရာမရစေနဲ့ သူ့ကို အရှင်ဖမ်း”
အဝေးမှ ခံစားချက်မဲ့သောအသံ ထွက်လာသည်။ “သူက မြေအောက်ဘုံအရှင်သခင်ကို ရင်ဆိုင်ဖို့ အရေးပါတဲ့ လက်နက်ပဲ”
ထော့ကျိုး ကြည့်နေစဉ် ချင်မူသည် ပြေးသွားလိုက်၊ တွန်းထုတ်ခံလိုက်ရ ဖြစ်နေ၏။ သူ့ဒဏ်ရာများမှာ ပြင်းထန်လာပြီး ခက်ခက်ခဲခဲ ရပ်နေရသည်။
“မူအာ”
ထော့ကျိုး ချင်မူ့ဆီ ပြေးသွားသည်။ ချင်မူ၏လက်ခြောက်ဖက်က မြေပြင်ကို အားပြုထားပြီး သူ့ပါးစပ်မှ အဆုတ်အစအနများ အန်ထုတ်နေသည်။
ထော့ကျိုးက ချင်မူ့နေရာသို့ အားကုန်ပြေးနေသည်။ ချင်မူက သူ့ကို မြင်လျှင် လှမ်းပြုံးပြ၏။
“ဘိုးဘိုးထော့ကျိုး...”
ထော့ကျိုးမှာ ချင်မူ သင်္ကေတအမှတ်အသားများ လှည့်ပတ်နေသော လက်ချောင်းတစ်ချောင်းအား မြှောက်လိုက်သည်ကို မြင်လိုက်ရသည်။
“မလုပ်နဲ့” ထော့ကျိုး ဒေါသတကြီး အော်ဟစ်ပြီးနောက်တွင် သင်္ကေတအမှတ်အသားများဖြင် လွှမ်းခြုံခံလိုက်ရကာ ပျောက်ကွယ်သွားသည်။
သူ ချာချာလည်သွားပြီး ရပ်တန့်နိုင်လိုက်သည့်အချိန်၌ မိုင်ပေါင်းထောင်ချီ ဝေးကွာသွားချေပြီ။
ထော့ကျိုးမှာ အံ့ဩဒေါသထွက်သွားရင်း စစ်မြေပြင်ဆီ ပြန်ပြေးချင်သော်လည်း သူလို စောရနတ်ဘုရားတစ်ပါးအတွက်ပင် အကွာအဝေးက ဝေးကွာလွန်းလှသည်။
“အစ်ကိုကြီး ပြန်တော့”
ချင်မူက ကုန်းရုန်းထနေသည်။ ပါးစပ်မှ သွေးများကို သုတ်၍ ချဉ်းကပ်လာနေသော နတ်မင်းလေးပါးဆီ ကြည့်ရင်း ရယ်လိုက်၏။ “အစ်ကိုကြီး ယိုတုဆီ ပြန်လို့ရသေးတယ်... မင်းက အင်မတန် အရေးပါတယ်... ကောင်းကင်နတ်ဘုံရဲ့ လက်ထဲ မင်း ရောက်သွားလို့မဖြစ်ဘူး... ရောက်သွားရင် မြေအောက်ဘုံအရှင်သခင်အတွက် စိုးရိမ်ရတယ်... ငါ အစ်ကိုကြီးကို ပြန်ပို့ပေးပါရစေ”
ချင်ဖုန်းကျင့်သည် ခေါင်းယမ်းပြီး ဇာမဏီနတ်မင်းချီရှားယွီထံ ပြေးနေ၏။ “မင်းက ပိုအရေးပါတယ်”
ချီရှားယွီက ဗျပ်စောင်းတီးလျက် သူ့ကို တွန်းထုတ်လိုက်သည်။ သူက အလျင်အမြန် ထ၍ သူမဆီ ထပ်ပြေးသွားပြန်သည်။
ချင်မူက ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို လှုံ့ဆော်လျက် ချင်ဖုန်းကျင့်အား ချင်စာလုံးမြေပြင်ထဲ ပြန်ပို့ရန် ကြိုးစားနေသည်။ “ပြန်တော့ ယိုတုဆီ ပြန်တော့”
ချင်ဖုန်းကျင့်မှာ ထပ်မံတွန်းထုတ်ခံလိုက်ရ၍ ပြန်ထနေသည်။ ရုတ်တရက် သူ၏မိစ္ဆာသဘာဝ အပြင်းအထန် ငြင်းဆန်ရင်း ပေါ်ထွက်လာ၏။ “မင်းပဲ ပြန်သင့်တာ”
“ခေါင်းမာလိုက်တာ”
ချင်မူက စွမ်းအားအလုံးစုံဖြင့် သူ့ကို ဖိနှိပ်ပြီး ဒေါသတကြီး အော်ဟစ်နေသည်။ “သူတို့ မင်းကို ရသွားလို့ မဖြစ်ဘူးကွ... ငါက ယိုတုသားတော်မဟုတ်ဘူး... မင်း ချိတ်ပိတ်ခံလိုက်ရပြီးမှ ဒီခန္ဓာကိုယ်မှာ မွေးဖွားလာတဲ့ အသိစိတ်အလျဉ်လေးတစ်ခုပဲ... ငါ့မှာ ဝိညာဉ်မရှိဘူး.. ငါ့ဝိညာဉ်က မင်းဝိညာဉ်ပဲ... ပြန်တော့”
ချင်ဖုန်းကျင့်မှာ မြေပြင်ပေါ်တွင် ကလေးသဖွယ် လေးဖက်ထောက်သွားနေရသည်အထိ ဖိနှိပ်ခံထားရသည်။ သူက အော်ဟစ်ရင်း ချီရှားယွီဆီ သွားနေသည်။ “မင်းက ပိုအရေးပါတာပါဆို... ညီဆိုးလေး၊ မင်းက ပိုအရေးပါတယ်... အမေက ငါ့ကို မချစ်ဘူး.. ငါ့ကိုဆို အမြဲကြောက်နေတာ.... အမေက မင်းကို ပိုချစ်တယ်.. မင်းအသက်ရှင်နေရင် အမေ အရမ်းပျော်လိမ့်မယ်..”
သူက ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်အောင် တိုက်ခိုက်ရင်း မတ်တပ်ပြန်ရပ်ရန် ကြိုးစားနေသည်။
ချင်မူ သက်ပြင်းချ၍ မျက်လုံးများပိတ်လိုက်သည်။ သူက ခပ်တိုးတိုး ပြောလေသည်။ “ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင် ကျွန်တော့်ကို စွမ်းအား ငှားပါဦး....”
သူ့ကိုယ်ထဲမှ စွမ်းအားလှိုင်းကြီး ဖြထွက်လာ၍ ချင်ဖုန်းကျင့်မှာ ချင်စာလုံးမြေပြင်ထဲ ပြန်ပို့ခံလိုက်ရသည်။
“ညီဆိုးလေး” ချင်ဖုန်းကျင့်က အဆုတ်ကွဲမတတ် အော်ဟစ်ရင်း ချင်စာလုံးမြေပြင်အတွင်း ကျရောက်သွား၏။
ချင်မူက သားသတ်ဒယ်အိုးကို ဆုပ်ကိုင်ထားသည်။ ဒယ်အိုးအတွင်းတွင် မျက်နှာများက သူ့ကို စိုက်ကြည့်ရင်း လွင့်မျောနေကြသည်။
ချင်မူ လက်မြှောက်၍ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးအား ဆွဲထုတ်လိုက်သည်။ သူ့အနောက်တွင် ကောင်းကင်အလိုတော်မုခ်ဝ ဖွဲ့တည်လာပြီး သူက တတိယမျက်လုံးကို မုခ်ဝမှတစ်ဆင့် ယိုတုထဲသို့ လွှင့်ပစ်လိုက်လေသည်။
သားသတ်ဒယ်အိုးထဲရှိ မျက်နှာများက သူ့ကို ကြည့်နေသည်။
တတိယမျက်လုံးမရှိတော့သော ကောင်လေးက တိုးညှင်းစွာ ပြောလိုက်၏။ “အားချို”
“ဟုတ်တယ် ငါက အားချိုပဲ” ချင်မူက နဖူးမှ စီးကျလာသော သွေးများကို သုတ်၍ ပြုံးလိုက်သည်။
သူက ဒယိမ်းဒယိုင်ဖြင့် ရပ်နေစဉ် ကောင်းကင်နတ်ဘုံ၏ နတ်မင်းလေးပါး ချဉ်းကပ်လာနေ၏။