← Chapters

နောက်ကျကျန်ခဲ့တာက အပြစ်မဟုတ်ဘူး... အားနည်းနေတာကမှ အပြစ်

Vol. 68 Ch. 893

နောက်ကျကျန်ခဲ့တာက အပြစ်မဟုတ်ဘူး... အားနည်းနေတာကမှ အပြစ်

Vol. 68 Ch. 893

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက ဒေါသကို မြိုသိပ်နေကြရသော်လည်း အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက တည်ငြိမ်အေးဆေးလျက်သာ ရှိသည်။ သူက ခံ့ညားမြင့်မြတ်သော အမူအရာဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း စောစောက ပြောခဲ့တဲ့စကားက မမှားပါဘူး… အလေးစားခံ ကောင်းကင်နတ်အရှင်တစ်ပါးအနေနဲ့ မင်းမှာ အံ့ဖွယ်အစွမ်းအစတွေ ရှိနေမှာပဲ မဟုတ်လား… ဒါပေမဲ့ အခုတော့ မင်းဟာ အသုံးမကျတဲ့ လူတစ်ယောက် ဖြစ်နေပြီ… သူရဲကောင်းစိတ်က ဘယ်တော့မှ မသေဆုံးဘူးဆိုတဲ့ စကားလိုပေါ့.. မင်းမှာ ဝိညာဉ်မရှိတော့ဘူး… မင်းရဲ့ သူရဲကောင်းစိတ်ကြောင့်သာ အသက်ရှင်နေသေးတာပဲ”

ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံမှာ တုန်လှုပ်သွားပြီး ချင်မူ့ဆီသို့ ကြည့်လိုက်ကြသည်။

သူရဲကောင်းစိတ်ကား ဘယ်တော့မှ မသေဆုံးဘူးတဲ့လော။ သူဆိုလိုသည်က ချင်မူ၏ဝိညာဉ်မှာ ပြိုကွဲသွားပြီဖြစ်သည့်အတွက် စိတ်သာ ရှိတော့သည်။ ဝိညာဉ်မရှိတော့ပေ။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှု၏ သူရဲကောင်းသုံးယောက်ထဲမှ ချင်မူကား သေဆုံးသွားပြီဟုလည်း ဆိုလို၏။

ဧကရာဇ်အတိုင်ပင်ခံမှာ သူ့ဘာသာသူ တွေးရင်း မျက်ရည်ကျလာသည်။ ‘အစ်ကိုကြီး ဒီနေရာရောက်တဲ့အထိ စိတ်အားတင်းပြီး ရောက်လာတာများလား… ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မထားရက်ခဲ့နိုင်လို့ စိတ်စွဲနေတာများလား’

တိုက်ပွဲတွင် သေဆုံးသွားသော်လည်း ရင်ထဲရှိ ပြင်းထန်သော စွဲလမ်းမှုကြောင့် မလဲပြိုသေးသည့် ထိုကဲ့သို့လူများစွာ သူ မြင်ခဲ့ဖူးသည်။ သေဆုံးသွားသည့်အချိန်တွင် သူတို့သည် ဆက်လက်တိုက်ခိုက်ချင်ခဲ့ကြ၏။

သို့သော် ချင်မူ့အခြေအနေကတော့ မတူ။ သူ ထင်ထားသလို မဟုတ်ပေ။

အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက ပို၍ တည်ကြည်လေးနက်လာသည်။ သူ့အသံက ဧရာမခေါင်းလောင်းကြီး မြည်ဟည်းနေသကဲ့သို့ အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်နေ၏။ “ကောင်းကင်နတ်အရှင်မူ၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက နိုင်ငံအသေးလေးတစ်နိုင်ငံပဲ… ကမ္ဘာဦးဘုံမှာ အဲဒီနိုင်ငံလေးအတွက် နေရာသေးသေးလေးပဲ လိုတယ်… ငါက ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက အရှုပ်ထုပ်တွေကို ရှင်းပစ်ဖို့ ဒီနေရာရောက်လာတာဆိုပေမယ့် ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာကို ထောက်ထားပြီး ဒီနေရာကို မသုတ်သင်ပါဘူး… ကောင်းကင်နတ်အရှင်မူ၊ ကျေးဇူးပြုပြီး ငါ့ကို ခက်ခဲအောင် မလုပ်ပါနဲ့… ဝေစွေ့ဖုန်းနဲ့ ပတ်သက်ပြီး ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ငါ တာဝန်မကျေတဲ့အတွက် အပြစ်ရှိသလို ခံစားနေရပြီးပါပြီ… ဒါကြောင့် ပုန်ကန်သူတွေကို မဖြစ်မနေ ခေါင်းဖြတ်သတ်ရမယ်”

ချင်မူက လှည့်လာပြီး ခန့်မှန်းရခက်သော အမူအရာ ရှိနေသည်။ “ခင်ဗျားကို ခက်ခဲအောင် မလုပ်ရင် ကျုပ်အတွက် ခက်ခဲလိမ့်မယ်”

အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက ပြောသည်။ “သွေးကြောတွေတောင် မချန်ဘဲ သူတို့ရဲ့ရုပ်ခန္ဓာတွေကို အပြီးအပိုင် ဖျက်စီးလိုက်ရင် ကောင်းကင်နတ်အရှင်မူက သူတို့ရုပ်ခန္ဓာတွေကို ထုဆစ်ပြီး အသက်ပြန်သွင်းနိုင်ဦးမှာလား”

ချင်မူ ခေါင်းယမ်းသည်။ “ကျုပ်အနေနဲ့ သူတို့ဝိညာဉ်တွေကို စုဝေးပြီး လူပြန်ဝင်စားအောင်ပဲ လုပ်နိုင်တာပါ… ဆယ့်နှစ်နှစ်နေရင် သူတို့ အတိတ်ဘဝပြန်မှတ်မိပြီး အသက်ပြန်ရှင်လာအောင် လုပ်ပေးနိုင်တယ်… သူတို့ရုပ်ခန္ဓာတွေ အကောင်းအတိုင်း ရှိသေးရင်တော့ အသက်ပြန်သွင်းနိုင်တယ်... အဲဒါက ပိုလွယ်ကူလိမ့်မယ်”

သူတို့၏ပတ်ပတ်လည်ရှိ နတ်ဘုရားများက ဒေါသတကြီး အော်ငေါက်နေကြသည်။

အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက လက်တစ်ဖက်မြှောက်၍ အေးစက်စက် ပြန်ဖြေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းက ရိုင်းပျနေတာပဲ… ကောင်းကင်ဘုံရဲ့ အင်အားကို မင်း ဘယ်လိုထင်ထားလဲ.. မင်းက ကောင်းကင်နတ်ဘုံရဲ့ အခွင့်အာဏာနဲ့ လုပ်ပိုင်ခွင့်ကို ဖျက်စီးနိုင်မယ်ထင်နေလား”

ချင်မူက လက်ဝှေ့ယမ်းလိုက်သည်။ “ခင်ဗျား မဆုံးဖြတ်နိုင်ရင်လည်း ပြန်ပြီး ဆုံးဖြတ်နိုင်မယ့်သူ သွားရှာ… ပြီးမှ ကျုပ်ကို လာတွေ့ချည်”

နတ်ဘုရားများ အမျက်တချောင်းချောင်း ထွက်ကုန်သဖြင့် ကောင်းကင်ထဲတွင် တိမ်မည်းတိမ်စိုင်များ ပြည့်နှက်လာပြီး လျှပ်စီးမိုးကြိုးများ တဖျတ်ဖျတ် လက်လာတော့သည်။

“ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်ဘုံရဲ့ တန်ခိုးတော်မြတ်ကို မလွန်ဆန်ပါနဲ့တော့”

ရုတ်တရက် ဒူးထောက်နေသော ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြည်သူများကြားမှ အဘိုးအိုတစ်ယောက်သည် အကြိမ်ကြိမ်အခါခါ ရှိခိုးဦးချလျက် တုန်ရီစွာ‌ အော်ဟစ်နေ၏။ “အဲဒါက ကောင်းကင်ဘုံလေ… ကောင်းကင်ဘုံကို လွန်ဆန်တာက အပြစ်ရှိတယ်”

ချင်မူမှာ အံ့အားသင့်သွားပြီး မျက်လုံးများ မှောင်မိုက်သွားသည်။ အတန်ကြာမှ သူ သတိပြန်ကပ်သွား၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူများစွာသည် အောက်မှ ဆူဆူညံညံ အော်ဟစ်ကြတော့သည်။

“ဟုတ်တယ်.. မင်းက ဘာမလို့ ငါတို့အတွက် ဆုံးဖြတ်ချက် ချနေတာလဲ… သူတို့ သတ်ချင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းကို သတ်ခိုင်းလိုက်”

“သူတို့ရဲ့ ပြုပြင်ပြောင်းလဲမှုကြောင့် ငါတို့တွေ အခုလို ဒုက္ခရောက်တာကွ… အဲဒီသူပုန်နှစ်ယောက်ကိုသာ သတ်ပစ်လိုက်”

“ကောင်းကင်ဘုံ အမျက်တော်မရှအောင် ငါတို့ ရှိခိုးကန်တော့ရမယ်… ဒီသူပုန် ကောင်းကင်နတ်အရှင်မူကိုလည်း သတ်ပစ်လိုက်”

...

ချင်မူ့မျက်ဝန်းထောင့်စွန်းများ တစ်ကြိမ် တွန့်သွားသည်။ ထို့နောက် သူ့အမူအရာသည် ပုံမှန်ပြန်ဖြစ်သွား၏။ အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက ကျယ်လောင်စွာ ရယ်နေသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်း ကာကွယ်ပေးချင်နေတဲ့ ဒီလူတွေက မင်းကို ကျေးဇူးတင်နေကြတဲ့ပုံ မပေါ်ပါလား… မင်းက ဒီလူတွေကို စောင့်ရှောက်ပေးဖို့ မင်းကိုယ်မင်းတောင် သတ်ခဲ့တယ်.. မင်းရဲ့မျက်လုံးကိုလည်း ဖောက်ထုတ်ပြီး ယိုတုသားတော်အဆင့်အတန်းကို စွန့်လွှတ်ခဲ့ပြီး မသေဆုံးသေးတဲ့ စိတ်ပဲ ကျန်ခဲ့တယ်… တန်ရဲ့လား”

ချင်မူက သရော်တော်တော် ပြောလိုက်သည်။ “ဆုံးဖြတ်ချက် ချနိုင်မယ့်သူသာ သွားရှာစမ်းပါ”

အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက အေးစက်စက် နှာခေါင်းရှုံ့သည်။ သူက ထရပ်ပြီး စစ်သည်တော်များကို ဆုတ်ခွာရန် အမိန့်ပေးရန် ပြင်နေစဉ် အေးအေးဆေးဆေး အသံတစ်သံက အောက်သို့ပျံ့လွင့်လာ၏။ “အရှေ့ကောင်းကင်ရဲ့ အစိမ်းနတ်မင်း၊ မင်း စစ်သည်တော်တွေကို အခုလို ဆုတ်ခွာခိုင်းလိုက်ရင် ကောင်းကင်နတ်ဘုံရဲ့ ဂုဏ်သိက္ခာနဲ့ အာဏာကို လျှော့တွက်နေတာပဲ… မင်း စစ်သည်တော်တွေကို ပြန်ခေါ်လိုက်ရင် ကောင်းကင်ဘုံရဲ့ အာဏာလည်း သက်ရောက်နိုင်တော့မှာမဟုတ်ဘူး… ဒီနေ့ကစပြီး ကောင်းကင်ဘုံရဲ့အင်အားကို ဖီဆန်မယ့် သူပုန်တွေ ပိုလို့တောင် တိုးလာလိမ့်မယ်”

အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းမှာ အံ့ဩထိတ်လန့်သွားပြီး အလျင်အမြန် ဦးညွှတ်အရိုအသေပေးလိုက်သည်။

မရေမတွက်နိုင်သော နတ်ဘုရားများလည်း လှည့်၍ အရိုအသေပေးလိုက်ကြ၏။ ချင်မူ့ခန္ဓာကိုယ်နှင့် ခပ်ဆင်ဆင် ရှိသော ကောင်းကင်နတ်အရှင်ယွီက ခြေလှမ်းကြဲကြဲများဖြင့် လမ်းလျှောက်လာပြီး ရယ်နေသည်။ “ကောင်းကင်နတ်အရှင်မူက ငါ့ကို ဘယ်လိုဒုက္ခပေးရမလဲ ကောင်းကောင်းသိတာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နိုင်ငံလေးတစ်နိုင်ငံအတွက် ငါကိုယ်တိုင်တောင် ဆင်းလာရတယ်”

ချင်မူက ချောင်းတဟွတ်ဟွတ် ဆိုးပြီး ပြန်ဖြေသည်။ ”တာအိုနောင်တော်က လွန်လွန်းအားကြီးလို့ပါ”

ကောင်းကင်နတ်အရှင်ယွီသည် ပြုံး၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနဲ့ ဧကရာဇ်ယန်ဖုန်းအနေနဲ့ သေဒဏ်ကို ရှောင်လို့ရတယ်… ဒါပေမဲ့ သူတို့က ကောင်းကင်ဘုံကို အာခံပြီး ကောင်းကင်ဘုံစည်းမျဉ်းတွေကို သွေဖီခဲ့တယ်… သူတို့ကို အပြစ်မပေးရင် ကောင်းကင်နတ်ဘုံရဲ့ အာဏာဟာ ဘယ်တည်မြဲတော့မလဲ… ငါ သူတို့ကို အသက်ချမ်းသာပေးပြီး အကျဉ်းချထားလို့ရတယ်… ဒါက ကောင်းကင်နတ်အရှင်မူရဲ့ မျက်နှာကို ထောက်ထားတာပဲ… ကောင်းကင်နတ်ဘုံကိုလည်း မျက်နှာထောက်ထားရာ ကျတယ်... ဘယ်လိုလဲ”

ချင်မူ ပြန်ဖြေသည်။ “တစ်နှစ်ပဲ အလွန်ဆုံး အကျဉ်းချရမယ်… မဟုတ်ရင် တာအိုနောင်တော် သူတို့ကို သတ်သာ သတ်လိုက်တော့”

ကောင်းကင်နတ်အရှင်ယွီက အေးစက်စက် ပြန်ဖြေ၏။ “မင်း တောင်းဆိုတာ များလွန်းတယ်”

ချင်မူ စကားထပ်မပြောပေ။

အတန်ကြာသော် ကောင်းကင်နတ်အရှင်ယွီက ရယ်လိုက်သည်။ “ကမ္ဘာဦးဘုံမှာ သူပုန်တွေ အများကြီးဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် အကုန်လုံး သတ်လို့မရနိုင်ဘူးလေ… ငါ့ရည်ရွယ်ချက်က ကမ္ဘာဦးဘုံထဲမှာ အကျဉ်းထောင်ကြီးတစ်ခု တည်ဆောက်ပြီး သူတို့အားလုံးကို ဖမ်းထားဖို့ပဲ… မင်းကို ထောက်ထားပြီး ငါ သူတို့ကို နှစ်နှစ်ရာပဲ အကျဉ်းချထားမယ်… ဒီကိစ္စကို ထပ်မညှိနှိုင်းနဲ့တော့”

ချင်မူ စကားပြောရန် ပြင်နေစဉ် ကောင်းကင်နတ်အရှင်ယွီက မှင်သေသေ ပြောသည်။”မင်း သူတို့ကို အသက်သွင်းလိုက်ရင်တောင် ကောင်းကင်နတ်ဘုံမှာလည်း မင်း သူတို့ရဲ့ တစ်ပိုင်းတစဝိညာဉ်တွေကို မစုဝေးနိုင်အောင် တားနိုင်တဲ့ လှည့်ကွက်တွေ ရှိတာ မမေ့နဲ့… မင်း လန်ယွီထျန်းရဲ့ ကျန်တဲ့ဝိညာဉ်ကိုတောင် ရှာတွေ့သေးလို့လား”

ချင်မူ အံ့အားသင့်သွားပြီး ကောင်းကင်နတ်အရှင်ယွီဆီသို့ လှမ်းကြည့်လိုက်၏။

ကောင်းကင်နတ်အရှင်ယွီအစစ်၏ ကျန်ရှိသော ဝိညာဉ်အစိတ်အပိုင်းမှာ ကောင်းကင်နတ်ဘုံရှိ နံ့သာခန်းမထဲတွင် ဖမ်းချုပ်ခံထားရသဖြင့် ကောင်းကင်နတ်အရှင်ယွီအစစ်သည် အနည်းငယ်ရူးနေသလို ဖြစ်နေခဲ့သည်။ အတိတ်တုန်းကလိုလည်း ပြန်မဖြစ်နိုင်သေးပေ။

ကောင်းကင်နတ်ဘုံသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်း၏ ဝိညာဉ်များကို အမှန်တကယ် ခိုးယူထားနိုင်သော အစွမ်းအစရှိ၏။ သူလို မှော်ဝိဇ္ဇာရှင်ပင် မည်သို့မျှ မတတ်နိုင်ပေ။

ကောင်းကင်နတ်အရှင်ယွီက မြို့တော်၏ ကောင်းကင်ယံသို့ ပျံတက်သွားပြီး ဧကရာဇ်ယန်ဖုန်းဆီသို့ ကြည့်ကာ ဟက်ခနဲ ရယ်သည်။ “ကောင်းကင်ဘုံဟာ သက်ရှိသတ္တဝါတိုင်းကို မေတ္တာထားတယ်… မင်းတို့ကို သေဒဏ်ကနေ ကင်းလွှတ်ပေးထားပေမယ့် ပြစ်ဒဏ်တော့ သက်ညှာမပေးနိုင်ဘူး… မင်းတို့နှစ်ယောက် မဟာအကျဉ်းထောင်မှာ ဖမ်းချုပ်ခံထားရမယ်… ဒါမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဧကရာဇ်မရှိလို့လည်း မဖြစ်ဘူး.. မင်းရဲ့ဆက်ခံသူကို ရွေးချည်”

ဧကရာဇ်ယန်ဖုန်းသည် သူ့ကလေးများကို လှည့်ကြည့်၏။ သူ့အကြည့်က လင်ယွိရှို့အပေါ် ကျရောက်သွားပြီးနောက် လင်ယွိရှို့ဆီမှ လင်ယွိရှုဆီ ရောက်သွားသည်။ သူက ပြုံး၍ ပြောလေသည်။ “ယွိရှု ၊ ဒီကို လာခဲ့… ခမည်းတော် မရှိတော့ရင် သားတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်ပဲ”

ဧကရာဇ်အတိုင်ပင်ခံက သူ့ရည်ရွယ်ချက်ကို နားလည်၍ စိတ်မကောင်းဖြစ်လာသည်။

လင်ယွိရှုက ရှေ့တက်၍ ဒူးထောက်အရိုအသေပေးသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ယွီက လက်ဖျောက်တစ်ချက် တီးလိုက်သဖြင့် လင်ယွိရှု၏ ရုပ်ခန္ဓာမှာ ချက်ချင်း အမှုန့်ကြေကာ ဝိညာဉ်လည်း ပြိုကွဲသွားတော့သည်။

ကောင်းကင်နတ်အရှင်ယွီသည် ပြုံး၏။ “မင်း ရွေးချယ်လိုက်တဲ့ ကလေးက မင်းရဲ့ရည်မှန်းချက်တွေကို အမွေဆက်ခံမယ့် တစ်ယောက်ဆိုတာ သေချာတယ်… ငါ စိတ်မချဘူး… နောက်တစ်ယောက် ရွေး”

ဧကရာဖ်ယန်ဖုန်းမှာ မြေပြင်ပေါ် ဒူးထောက်ရက်သား ကျသွားပြီး ငိုကြွေးတော့သည်။ အတော်လေး ကြာသည့်အခါမှ သူက ထရပ်ပြီး ကျန်ကလေးများကို ကြည့်နေ၏။

“ယွိရှို့၊ ဒီကို လာခဲ့”

ဧကရာဇ်ယန်ဖုန်းက မျက်ရည်များဖြိုင်ဖြိုင် စီးကျနေလျက် ပြောသည်။ “ဒီနေ့ကစပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ သမီးတော်ရဲ့လက်ထဲ ရောက်သွားပြီ... သိပ်မထက်မြက်နဲ့ ငါ့သမီး.. ဉာဏ်မဲ့ပြီး အသုံးမကျအောင် နေပါ… ဒီနေ့ကစပြီး ငါ့သမီးတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်ပဲ”

ဧကရာဇ်အတိုင်ပင်ခံ သက်ပြင်းချမိသည်။ ဧကရာဇ်ယန်ဖုန်း လင်ယွိရှို့ကို ဦးစွာမရွေးချယ်ဘဲ လင်ယွိရှုကို ရွေးချယ်ခဲ့သည့် အကြောင်းရင်းအား သူ သိသည်။

သူ၏ရည်ရွယ်ချက်က လင်ယွိရှို့ကို ကာကွယ်ရန် ဖြစ်သည်။

ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ခံကို လှောင်အိမ်ထဲ ထည့်၍ သင်္ဘောတစ်စင်းနှင့်အတူ အကျဉ်းထောင်သို့ ပျံသန်းရန် ပြင်ဆင်နေကြသည်။ ကျန်ကောင်းကင်နတ်စစ်သူကြီးများနှင့် စစ်သည်တော်များက ကျန်ရစ်ခဲ့ကြ၏။ သူတို့က အခြေခံစာသင်ကျောင်းများ၊ ကောလိပ်ကျောင်းများနှင့် တက္ကသိုလ်များကို ဖျက်စီး၍ ပြုပြင်ပြောင်းလဲရေးမှတ်တမ်းများကို မီးလောင်ပြာချကြလိမ့်မည်။ နေသူရိန်ခွင်းအမြှောက်၊ နေသင်္ဘောနှင့် လသင်္ဘောကဲ့သို့ နတ်လက်နက်များကိုလည်း ဖျောက်ဖျက်ကြလိမ့်မည်။ ထို့အပြင် သူတို့သည် ဂိုဏ်းဂဏများကို ထောက်ခံအားပေး၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကြီးကြပ်အုပ်ချုပ်ကြလိမ့်မည်။

လင်ယွိရှို့က ထီးနန်းကို ဆက်ခံသည်။ သူမ၏ ဧကရာဇ်ဘွဲ့သည် ယန်ရှို့ ဖြစ်လာကာ ဧကရာဇ်ယန်ရှို့အဖြစ် အမည်တွင်လိမ့်မည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာလို နိုင်ငံလေးက ငါ့ကို ချည်နှောင်ထားတာ ကြာလှပြီ… လူသားမျိုးနွယ်ရဲ့ ဘောင်မဝင်တဲ့အသက်တွေက ငါ့ကို တကယ် ခေါင်းကိုက်စေခဲ့တယ်”

ကောင်းကင်နတ်ဧကရာဇ်မှ အသွင်ပြောင်းလဲထားသော ကောင်းကင်နတ်အရှင်ယွီသည် တဟားဟား ရယ်မောလျက် ချင်မူ့ကို စကားပြော၏။ “ငါ ပြန်သင့်ပြီ… ကောင်းကင်နတ်အရှင်မူ၊ မင်း စိတ်ဒဏ်ရာတွေကနေ သက်သာလာပြီး ငါ့ရုပ်ခန္ဓာကို အသက်ပြန်သွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်… ငါ ဘာကြောင့် ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံကို နှစ်နှစ်ရာ အကျဉ်းချပြီး မင်းကို နှစ်နှစ်ရာ အချိန်ပေးနေတာလဲ သိလား”

ချင်မူက သူနှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်အပြင်သို့ လမ်းလျှောက်ထွက်လာပြီး တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ပြောသည်။ “နှစ်နှစ်ရာနေရင် ကောင်းကင်နယ်စားမင်း သေဆုံးပြီး အစားထိုးခံရလိမ့်မယ်… အဲဒီအချိန်ကျ ကျုပ်ဟာ ပြိုင်ဘက်ကင်းတဲ့ မှော်ဝိဇ္ဇာရှင် မဟုတ်တော့ဘူး… ဘယ်သူ့ကိုမှ အသက်ပြန်သွင်းနိုင်တော့မှာမဟုတ်ဘူး”

ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က တဟားဟား ထရယ်သည်။ “ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ အင်မတန် သက်သာတာပဲ… နှစ်နှစ်ရာနေရင် ရွှမ်တုရဲ့ မဟာတာအိုမှာ လျှိုု့ဝှက်ချက်တွေ ရှိတော့မှာမဟုတ်ဘူး.. ကောင်းကင်နယ်စားမင်းက သမိုင်းထဲက နတ်ဘုရားတစ်ပါးပဲ ဖြစ်လာလိမ့်မယ်… ကောင်းကင်နယ်စားမင်းအသစ်က ကမ္ဘာပေါ်မှာ ထွက်ပေါ်လာလိမ့်မယ်.. မင်း ရွှမ်တုက စွမ်းအားမငှားနိုင်တော့တဲ့အတွက် မင်းရဲ့အစီအရင်ဟာ ပျောက်ကွယ်ရလိမ့်မယ်… အဲဒီအချိန်ကျရင် မင်းအနေနဲ့ ဘာအပေးအယူမှ လုပ်ပိုင်ခွင့်မရှိတော့သလို၊ အပေးအယူလုပ်စရာလည်း မရှိတော့ဘူး”

သူက လမ်းလျှောက်နေသည်ကို ရပ်၍ ကြင်နာသလို ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်မူ၊ ငါ မင်းကို အမှန်တရားစစ်စစ် တစ်ခု ပြောပြပါရစေ”

ချင်မူလည်း လမ်းလျှောက်နေသည်ကို ရပ်လိုက်၏။ “နားထောင်နေပါတယ်”

ရှေးဟောင်းနတ်ဧကရာဇ်က ပြောသည်။ “နောက်ကျကျန်ခဲ့တာဟာ အပြစ်မဟုတ်ဘူး…. အားနည်းနေတာကမှ အပြစ်ပဲ”

“ကောင်းကင်မြေပုံအသစ်ကို တည်ဆောက်ပြီးသွားပြီ.. နှစ်အနည်းငယ်နေရင် ကောင်းကင်မြေပုံကို ကောင်းကင်မှာ ပြန်ဖြန့်ခင်းထားလိမ့်မယ်.. ကမ္ဘာဦးဘုံတစ်ဘုံလုံးကို ခြုံလွှမ်းထားလိမ့်မယ်”

သူက ကောင်းကင်သို့ မော့ကြည့်သည်။ ကောင်းကင်ထဲတွင် နေတစ်စင်း ထွက်ပေါ်နေ၏။ ထိုနေက ကမ္ဘာဦးဘုံ၏ နေအစစ် ဖြစ်လေသည်။

“အခုတော့ ဒါတွေအားလုံး ခံစားထားလိုက်ဦး”

ရှေးဟောင်းနတ်ဧကရာဇ်သည် ရယ်နေ၏။ “နောက်ဆယ်စုနှစ်လောက်အထိ မင်းတို့ ကြယ်အစစ်တွေကို မြင်ရဦးမှာပါ… ပြီးရင်တော့ ဘယ်သူမှ တကယ့်ကောင်းကင်ဆိုတာ ဘာမှန်း သိတော့မှာမဟုတ်ဘူး.. ငါ့ကို လိုက်မပို့တော့နဲ့ ပြန်လို့ရပါပြီ”

သူသည် ကောင်းကင်သို့ ပျံတက်ကာ ပျောက်ကွယ်သွားတော့သည်။

ချင်မူ ခေါင်းမော့ရင်း သူ့စကားများကို စဉ်းစားကြည့်နေသည်။ နောက်ကျကျန်ခဲ့ခြင်းက ရှုံးနိမ့်စေနိုင်သော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ခေတ်နောက်ကျ မကျန်ခဲ့ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်များ၊ ကောင်းကင်နတ်သိုင်းများနှင့် အတွေးအခေါ်များသည် ကောင်းကင်နတ်ဘုံထက်ပင် သာလွန်သေး၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ မရပ်တည်နိုင်သည့်တိုင်အောင် ရိုက်ချခံခဲ့ရခြင်းမှာ အားနည်း၍သာ ဖြစ်သည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် တိုးတက်လာရန် အချိန်မရခဲ့သလို၊ ကောင်းကင်နတ်ဘုံကို ခုခံရန် အင်အားလည်း မရှိခဲ့ပေ။ ထို့ကြောင့်သာ ကောင်းကင်နတ်ဘုံကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ချင်မူ တိတ်ဆိတ်စွာ ရပ်နေပြီး အတန်ကြာသည်အထိ မလှုပ်ပေ။ တစ်ည ကုန်သွား၍ နေ့ ရောက်လာသည်။

ဤအချိန်တွင် သူ့အရှေ့ရှိ အမှောင်ထုကို အလင်းတန်းတစ်တန်းက ခွဲလျက် သူ့မျက်နှာအပေါ် ဖြာကျလာ၏။

ချင်မူ အခြားကမ္ဘာတစ်ခုအတွင်း၌ လွင့်မျောနေသော မြေပြင်တစ်ခုကို မြင်လိုက်ရသည်။ ဤမြေပြင်၏ တောင်တန်းများက ချင် စာလုံး သဏ္ဍာန် ဖွဲ့တည်နေ၏။ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်မှာ လက်ပိုက်လျက် ချင်မူ့ကို စိုက်ကြည့်နေသော ခေါင်းကြီးကြီး ကလေးကြီးတစ်ယောက် ဖြစ်လေသည်။

ချင်မူ သူ့ကို လှမ်းကြည့်သည့်အခါ ခေါင်းကြီးကြီးကလေးကြီးက နှာခေါင်းရှုံ့၍ လက်တင်းတင်း ပိုက်ကာ သူ့ဆီမှ တစ်ဖက်လှည့်သွားသည်။ သူ့ပုံစံသည် ဒေါသထွက်နေသောပုံစံ ရှိ၏။

ချင်မူမှာ ပြုံးလိုက်မိသည်။ “အစ်ကိုကြီး၊ ကျွန်တော် အစ်ကိုကြီးရဲ့ ရုပ်ခန္ဓာကို ယူလိုက်မိလို့ တောင်းပန်ပါတယ်”

ခေါင်းကြီးကြီးကလေးကြီးက တတိယမျက်လုံးကို အသုံးချ၍ ရုပ်ခန္ဓာအသစ် တည်ဆောက်ထားကြောင်း ချင်မူ မြင်ရလေသည်။

“ဟွန့်” ခေါင်းကြီးကြီးကလေးကြီးက နှုတ်ခမ်းဆူနေပြီး ပို၍ပင် စိတ်ဆိုးလာသည်။

မရဏတမန်တော်က မီးအိမ်တစ်လုံး ကိုင်လျက် ချင်စာလုံးမြေပြင်ထဲတွင် မတ်တပ်ရပ်နေသည်။ သူ့ဘေးတွင် ကောင်းကင်နတ်အရှင်ယွီသည် ချင်မူ့ဆီ လက်လှမ်းပြနေ၏။

ကောင်းကင်နယ်စားမင်း၏ ကိုယ်ပွား၊ ချော်ရည်ပူမြေအောက်ဘုံအရှင်သခင်၊ ချိဧကရာဇ်၊ မဟာနေဧကရာဇ်နှင့် ဗုဒ္ဓအိုကြီးတို့ကား ချင်စာလုံးမြေပြင်တွင် မရှိတော့ပေ။ သူတို့ မည်သည့်နေရာသို့ ထွက်သွားမှန်း သူ မသိပေ။

ချင်မူက မရဏတမန်တော်နှင့် ကောင်းကင်နတ်အရှင်ယွီဆီသို့ လက်လှမ်းပြသည်။

သင်္ဘောတစ်စင်းက ရွက်လွှင့်လာပြီး သင်္ဘောအပေါ်တွင် လူများစွာ ရှိနေသည်။

အိမ်ရှေ့စံကြင်ယာတော် မင်းသမီးကျန်းနှင့် သစ်ပင်လူသားကို ချင်မူ မြင်လိုက်ရ၏။ သူတို့နှစ်ယောက်က သူ၏မိဘများ ဖြစ်ခဲ့ဖူးလေသည်။

“မူအာ၊ မြေအောက်ဘုံအရှင်သခင်က အမေတို့ကို လွှတ်ပေးလိုက်ပြီ… အမေတို့ ရွှင်ပျော်ပျော်ကျေးရွာဆီ သွားမလို့၊ သားလည်း လိုက်ခဲ့ချင်လား”

မင်းသမီးကျန်းသည် သင်္ဘောဦးတွင် ရပ်လျက် နူးညံ့ညင်သာစွာ ဆက်ပြော၏။ “ဒီကမ္ဘာပေါ်မှာ မကောင်းဒုစရိုက်တွေ၊ အန္တရာယ်တွေ များလွန်းတယ်… သေမျိုးကမ္ဘာရဲ့ အန္တရာယ်တွေဟာ ယိုတုထက်တောင် များသေးတယ်.. ရွှင်ပျော်ပျော်ကျေးရွာမှာလည်း အန္တရာယ်တချို့တော့ ရှိပေမယ့် အပြင်လောကနဲ့ ယှဉ်ရင် ရွှင်ပျော်ပျော်ကျေးရွာက အန္တရာယ်ကင်းပါသေးတယ်”

ချင်မူက အားတက်သရော လက်ပြနှုတ်ဆက်၍ ပြုံးပြသည်။ “ကျွန်တော်က အမေ့သား၊ ချင်ဖုန်းကျင့်မဟုတ်ပါဘူး… ကျွန်တော်က မဟာမြို့ပျက်ရဲ့ မိဘမဲ့ ချင်မူ… အဘွားစစ် မြစ်ကမ်းဘေးကနေ ကောက်ရခဲ့တဲ့ ကလေးပါ… ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာဆီ လိုက်ချင်ပေမယ့် ကျွန်တော့်နှလုံးသားက သေမျိုးကမ္ဘာမှာပဲ ရှိနေတယ်… နှစ်အနည်းငယ်ကြာရင်တော့ အမေတို့ကို ရွှင်ပျော်ပျော်ကျေးရွာမှာ လာရှာပါ့မယ်… အခုကတော့ အချိန်မကျသေးဘူး”

သူက ရွှင်ပျော်ပျော်ဓားကို ထုတ်ပြီး အားကုန် လွှင့်ပစ်လိုက်သည်။

ခိုင်ဧကရာဇ်၏ နတ်ဓားသည် ဝိုက်လည်လျက် ရွှင်ပျော်ပျော်ကျေးရွာ၏ သင်္ဘောအပေါ် ဆင်းသက်သွား၏။ ချင်ဟန်ကျန်းက ရွှင်ပျော်ပျော်ဓားကို ကောက်လိုက်သည်။။

“သားက အမေ့သားပါကွယ်”

ကြင်ယာတော်မင်းသမီးကျန်းမှာ မျက်ရည်များကျလျက် သူ့ကို လက်ပြနှုတ်ဆက်နေသည်။ “သားက အမေ မွေးပေးခဲ့တဲ့ အသွေးအသားပါ... သားမှာ အိမ်တစ်အိမ်၊ အမျိုးတွေနဲ့ အမေတို့ရဲ့ သွေး ရှိပါတယ်”

ရတနာသင်္ဘောသည် အဝေးသို့ ရောက်သွားပြီး ကြင်ယာတော်မင်းသမီးကျန်း၏အသံက ပျံ့လွင့်လာ၏။ “သား အိမ်ပြန်လာရမယ်နော်… သား ပြန်လာရမယ်”

ချင်မူက ပြုံးလျက် လက်ပြနှုတ်ဆက်နေသည်။

အမျိုးတွေတဲ့လား…

ရွှင်ပျော်ပျော်ကျေးရွာက အမျိုးတွေတဲ့လား…

ယခင်တုန်းက ရွှင်ပျော်ပျော်ကျေးရွာကို သူ လိုက်ရှာချင်ခဲ့သည်။ သူ့မွေးရပ်မြေသို့ ပြန်၍ ခိုင်ဧကရာဇ်နှင့် သူ့အမျိုးများကို တွေ့ချင်ခဲ့သည်။ သို့သော် ယခု ကမ္ဘာဦးဘုံတွင် သူ့အမျိုးများ ရှိသေးသည်။ သူ့ကို လိုအပ်နေသူများ ရှိသေးသည်။

သူ နောက်လှည့်လိုက်သည့်အခါ ဧကရာဇ်ယန်ရှို့သည် မလှမ်းမကမ်းတွင် ရပ်နေ၏။

“နင် ထွက်သွားမယ် ထင်နေတာ” ယခင်က ဆဋ္ဌမမင်းသမီး၊ ယခု ဧကရာဇ်ယန်ရှို့က တိုးညှင်းစွာ ပြောသည်။

“ငါ ထွက်သွားရင် နင် ဘယ်လိုလုပ်မလဲ”

ချင်မူက သူမဆီသို့ လျှောက်သွားပြီး ပြုံးလိုက်သည်။ “ပြန်စို့… ဒီနေ့ကစပြီး ငါက နင့်ရဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံပဲ”

All Chapters