ခင်ဗျားတို့ သေသွားရင် ကျွန်တော် ရှုံးပြီ
Vol. 68 Ch. 892
ထော့ကျိုးက ချင်မူ့ကို ယန်အာ၏ကျောပေါ် တင်ပြီး မြန်မြန်သွားရန် လောနေသည်။
နဂါးချီလင်နှင့်အတူ လိုက်ပါလာခဲ့သော ယန်ချီလင်းက ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ တပည့်ဖြစ်သောကြောင့် စစ်ဆေးနေသည့်နေရာများတွင် သူတို့ မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ပေ။
ယန်အာက သူတို့ကို သယ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီသို့ မြန်နိုင်သမျှ မြန်မြန် ပျံသန်းနေသည်။ နဂါးချီလင်သည် ချင်မူ၏ဒဏ်ရာများကို စစ်ဆေးပြီးနောက် ခေါင်းယမ်း၏။ “ဂိုဏ်းသခင်ရဲ့ ဒဏ်ရာတွေက မပြင်းထန်ပါဘူး... သူ့ရဲ့ လောကသခင်အမြုတေသုံးသွယ်ကျင့်စဉ်က အင်မတန် အားကောင်းတဲ့အပြင် ဖန်ဆင်းစွမ်းအားတွေလည်း ပါတော့ အနာတွေက အလိုလို ကျက်နိုင်တယ်... ဆရာကြီးထော့ကျိုး၊ စိတ်မပူပါနဲ့”
ထော့ကျိုးက အေးစက်စက် ပြောသည်။ “မင်း ဆေးပညာကို နားလည်လို့လား”
နဂါးချီလင်မှာ အလျင်အမြန် ခေါင်းယမ်း၍ အရိပ်အခြည်ကြည့်ကာ ပြန်ဖြေသည်။ “နားမလည်ပါဘူး.. ဒါပေမဲ့ ဂိုဏ်းသခင် ကောင်းကင်နတ်အရှင်ယွီနဲ့ မဟာကာလနန်းတော်မှာ တိုက်ခိုက်ခဲ့တုန်းက ဒီထက်တောင် ပိုဆိုးသေးတယ်... လနန်းတော်မှာ တစ်ညလောက် အိပ်ပြီးတော့ သူ ပြန်သက်သာလာတာပဲ... ချုံဧကရာဇ်ဓားနတ်ဘုရားလည်း သိတယ်... ဆရာကြီးထော့ကျိုး ကျွန်တော့်ကို မယုံရင် ချုံဧကရာဇ်ဓားနတ်ဘုရားကို မေးကြည့်လို့ရပါတယ်”
ထော့ကျိုးက သူ့စကားကို ယုံတစ်ဝက်၊ မယုံတစ်ဝက်ပင်။ သို့သော် ချင်မူ သွေးမအန်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး အသက်ရှူသံ ပုံမှန်ပြန်ဖြစ်လာသည်ကို မြင်ရသည်။
ချင်မူ၏မျက်ခွံအောက်ရှိ မျက်လုံးများ ရွေ့လျားနေ၍ သူ အိပ်မက်မက်နေကြောင်း သတိထားမိလေသည်။
နဂါးချီလင်က ပြောသည်။ “ဂိုဏ်းသခင်၊ ချုံဧကရာဇ်ဓားနတ်ဘုရားနဲ့ စကားပြောနေတုန်းက ကျွန်တော် သူတို့အနောက်မှ အိပ်ချင်ယောင်ဆောင်နေခဲ့တာ... ဆိုတော့ တချို့ကိစ္စတွေကို သိထားတယ်.. ချုံဧကရာဇ် ဓားနတ်ဘုရားပြောပုံအရ ဂိုဏ်းသခင် ဒဏ်ရာရထားလို့ အိပ်နေတုန်းက တန်ခိုးရှင်သစ်ခုတ်သမား စစ်ဆေးကြည့်တယ်တဲ့... ဂိုဏ်းသခင် အိပ်မက်မက်နေတဲ့အချိန်မှာ ဓမ္မတရား အသက်ဝင်နေတာကို တွေ့လိုက်ရတယ်တဲ့လေ... နောက်ပိုင်း ဂိုဏ်းသခင် ပြန်ပြောတာကတော့ အဲဒါက ဗြဟ္မဗုဒ္ဓရဲ့ အနန္တကပ်ဘေးသုတ္တန် ဖြစ်လောက်တယ်တဲ့”
ထော့ကျိုးက ချင်မူ့ကို သေသေချာချာ ကြည့်ပြီးနောက် ဒေါသတကြီး ပြော၏။ “ဘယ်မှာလဲ ဓမ္မ၊ ငါ မမြင်ပါလား”
နဂါးချီလင်က အနေရခက်စွာဖြင့် ပြောသည်။ “ဗြဟ္မ့ဗုဒ္ဓရဲ့ ဧကရာဇ်ပလ္လင်ကျမ်းစာက အင်မတန် တန်ခိုးကြီးတယ်… ဆရာကြီးထော့ကျိုးက တန်ခိုးရှင်သစ်ခုတ်သမားလောက် မစွမ်းမှတော့ ဘယ်လိုလုပ်မြင်နိုင်ပါ့မလဲ”
ထော့ကျိုးသည် ဒေါသထွက်နေရာမှ ရုတ်တရက် ချောင်းဆိုး၍ သွေးအန်လိုက်၏။
နဂါးချီလင်က ပျာပျာသလဲ ပြောသည်။ “ဆရာကြီးထော့ကျိုး၊ ဆရာကြီးထော့ကျိုးက ရက်ပေါင်းများစွာ မနားမနေ အမြန်ပြေးလာခဲ့ရတော့ ဝိညာဉ်နဲ့ အဆုတ်ကို ထိထားတာဖြစ်မယ်… ကျွန်တော်က ဝိညာဉ်ကိုတော့ မကုသနိုင်ပေမယ့် အပြင်ပိုင်းဒဏ်ရာတွေကတော့ ကျွန်တော့်ရဲ့ နဂါးသွားရည်နဲ့ သုတ်လိုက်ရင်…”
“ငါ မင်းရဲ့နဂါးသွားရည်ကို မသောက်ဘူး… ငါ့ရဲ့ဖန်ဆင်းကျင့်စဉ်က အင်မတန်အင်အားကြီးတယ်… မင်းရဲ့သွားရည် မလိုဘူး” ထော့ကျိုးက ဆဲဆိုနေရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသော ချင်မူ့ကို ကြည့်နေသည်။
ချင်မူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် မျက်လုံးသဏ္ဌာန်ဒဏ်ရာ ရှိပြီး မျက်လုံးတစ်လုံး ပျောက်နေ၏။ ထော့ကျိုးမှာ ရင်ထဲနာကျင်သွားပြီး သူ့နဖူးကို ကုသပေးရန် ကြိုးစားသော်လည်း မကုသနိုင်ပေ။ ထိုအခိုက်အတန့်တွင် အသွေအသားများက သူ၏မျက်ခုံးနှစ်ဖက်ကြားတွင် စတင်လူးလွန့်လာပြီး မျက်တွင်းပေါက်ထဲ၌ တဖြည်းဖြည်း ပြည့်သွား၏။
သူ့နဖူးရှိဒဏ်ရာမှာ ယခုတွင် ခြင်ကိုက်ခံထားရသော ဘုသီးတစ်ခုနှင့်တူနေလေသည်။
ထော့ကျိုးက ဘုသီးသေးသေးလေးကို ဖိလိုက်သည့်အခါ အထဲတွင် ခပ်မာမာရှိကြောင်း ခံစားလိုက်ရ၏။ ၎င်းက အသားလား၊ မျက်လုံးတစ်လုံးလား သူမသေချာပေ။
ယန်ချီလင်းက ချင်မူ၏ဒဏ်ရာများကို ဂရုတစိုက် ကြည့်ရှုပြီး ဇဝေဇဝါဖြစ်နေသည်။ “သူ့ကိုယ်ထဲမှာ တကယ်ပဲ ဓမ္မအသက်၀င်နေပါလား”
ထော့ကျိုးက ဒေါသတကြီး နှာခေါင်းရှုံ့၏။ “မင်းလည်း မြင်ရတယ်ပေါ့”
ယန်ချီလင်းက ပြောသည်။ “ကျွန်မက ဓမ္မကို လေ့လာခဲ့ဖူးပါတယ်… အဲ့ဒါက ကမ္ဘာဦးဖြစ်တည်မှုပြီးနောက် ပေါ်ထွက်လာတဲ့ တာအိုတွေထဲမှာ တာအိုဘိုးဘေးကြီးရဲ့ သင်္ချာနဲ့ ဖြိုခွဲမခံထားရတဲ့ တာအိုတစ်ခုပါ… ကျွန်မ အဲ့ဒါကို လေ့လာပြီး ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေကို နားလည်အောင် ကြိုးစားခဲ့ဖူးတယ်”
ထော့ကျိုး၏အမူအရာ ပျော့ပျောင်းသွားသည်။ သူသည် အများနှင့် ဆက်ဆံရသည့်အခါတွင် ပြုံးရွှင်စွာေ နေလေ့ရှိသော်လည်း ချင်မူ၏ဒဏ်ရာများကြောင့် မပြုံးနိုင်တော့သလို မည်သူ့ကိုမှလည်း အမြင်မကြည်တော့ပေ။
“ဒါပေမဲ့ ထူးဆန်းတာက..” ယန်ချီလင်းက ချင်မူ၏ဒဏ်ရာများကို ဂရုတစိုက် ဆက်လက်စစ်ဆေးနေ၏။ သူမ၏အမူအရာမှာ ပို၍ပို၍ ဇဝေဇဝါဖြစ်လာသည်။ “သူ့မှာ ဝိညာဉ်မရှိဘူး.. သူ့မူလဝိညာဉ်က ပြိုကွဲနေပြီး ဝိညာဉ်သန္ဓေသားပဲ ကျန်တော့တယ်…. ထူးဆန်းတာက သေနေသင့်ပေမယ့် ဘာကြောင့်အသက်ရှင်နေသလဲ ကျွန်မ နားမလည်ဘူး”
ထော့ကျိုးက ချင်မူ့ကို ကြည့်ပြီး သူ၏အသက်ရှူသံ တည်ငြိမ်နေကြောင်းမြင်မှ စိတ်သက်သာရာရသွား၏။ သူက မျက်မှောင်ကြုတ်နေရာမှ အတန်ငယ် ပြေလျော့သွားသည်။ “အသက်ရှင်နေရုံနဲ့တင် ရပါပြီ။ သူ ပြန်သက်သာလာပြီဆိုတော့ ဓမ္မက ထိရောက်တဲ့ပုံပဲ… အဲ့ဒါဆိုရင် ငါတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ဆေးဆရာကို သွားရှာစရာမလိုဘူး… သူက ဓမ္မအကြောင်း နားမလည်မှတော့ သိပ်ကူညီနိုင်မှာ မဟုတ်ဘူး… မဟာမိုးခြိမ်းသံကျောင်းတော်ကိုပဲ သွားကြရအောင်… အဘိုးကြီးမာကတော့ သေချာပေါက် နားလည်လိမ့်မယ်”
သူတို့ မြင့်မိုရ်တောင်သို့ လှည့်သွားကြသည်။
ကမ္ဘာဦးဘုံပွင့်လာသည့်အခါ မြင့်မိုရ်တောင်လည်း ပေါ်ထွက်လာခဲ့သည်။ ဗုဒ္ဓဘုံ၏ ကောင်းကင်ဘုံ အထပ် ၂၀ သည် တောင်၏ပတ်ပတ်လည်တွင် ဖွဲ့တည်နေပြီး ခရုကဲ့သို့ အပေါ်သို့ ရစ်ပတ်သွား၏။ ဤအထွတ်အမြတ်နတ်တောင် မြင့်မိုရ်တောင်မှာ ပို၍ပင် ခမ်းနားကြီးကျယ်နေတော့သည်။
ကမ္ဘာဦးဘုံအတွင်း၌ ရှိသော မြင့်မိုရ်တောင်၏ဧရိယာက မဟာမိုးခြိမ်းသံကျောင်းတော်ဖြစ်ပြီး ကောင်းကင်ဘုံ အထပ် ၂၀ ကမူ ကမ္ဘာဦးဘုံ၏အပြင်ဘက်တွင် တည်ရှိသည်။ ကောင်းကင်ဘုံအထပ် ၂၀ က ဗြဟ္မာ့ဗုဒ္ဓ၏ပိုင်နက် ဖြစ်သဖြင့် မည်သူမှ ကျော်ဖြတ်မသွားရဲပေ။ ထို့ကြောင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများသည် ဗြဟ္မာ့ဗုဒ္ဓ၏ ပိုင်နက်တွင် ခိုလှုံလျက် ကပ်ဘေးကြီး ကျော်ဖြတ်သွားမည်ကို စောင့်နေကြ၏။
“ဒါက အနန္တကပ်ဘေးသုတ္တန်ပဲ… ဂိုဏ်းသခင်ချင်ရဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”
မဟာမိုးခြိမ်းသံကျောင်းတော်အတွင်းတွင် တထာဂတမာသည် မိစ္ဆာမျောက်ဝံ ကျန်းခုံးနှင့် မင်ရှင်းကိုယ်တော်ကို ခေါ်၍ အိပ်ပျော်နေသော ချင်မူ့ကို စစ်ဆေးကြည့်ရှုစေ၏။ သူတို့နှစ်ယောက်တည်းသာ ဗြဟ္မဗုဒ္ဓ၏ ဧကရာဇ်ပလ္လင်ကျမ်းစာကို လေ့လာသင်ယူထားခဲ့သည်မဟုတ်ပါလော။
မင်ရှင်းကိုယ်တော်က ပြောသည်။ “ဂိုဏ်းသခင်ချင်မှာ ဝိညာဉ်သန္ဓေသားရှိပေမယ့် ဝိညာဉ်မရှိဘူး… တပည့်တော် ဒါနဲ့ ပက်သက်ပြီး သိပ်နားမလည်ဘူး…. နောင်တော်ကျန်းခုံး၊ နောင်တော်က ဓမ္မအကြောင်းကို လေးလေးနက်နက် နားလည်တယ်… သူ့အခြေအနေကို ဘယ်လိုမြင်လဲ”
မိစ္ဆာမျောက်ဝံက ပြောသည်။ “အကြင်နာတရား”
တထာဂတက မျက်မှောင်ကြုတ်၍ ပြော၏။ “ချစ်သား၊ အကြင်နာတရားတဲ့ စကားလုံးကို ငါ ဘယ်လို အဓိပ္ပာယ်ဖွင့်ရမလဲ”
မင်ရှင်းကိုယ်တော်က ရှင်းပြသည်။ “ဆရာ၊ နောင်တော်ကြီး ပြောတာက ကောင်းမှုကုသိုလ်တွေဟာ ဒုက္ခတွေကို ဖိတ်ခေါ်တတ်ပြီး ဒုက္ခတွေကနေတစ်ဆင့် ကောင်းချီးတွေ ဖြစ်လာတတ်ပါတယ်တဲ့… သူ့ရဲ့ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး”
တထာဂတမာမှာ စိတ်မချသေးပေ။ “ဗြဟ္မ့ဗုဒ္ဓက ဗြဟ္မဘုံမှာ သီတင်းသုံးနေတယ်… ငါ မူအာကို ခေါ်ပြီး သူ့ကို သွားတွေ့လိုက်မယ်… သူ့အစွမ်းအစတွေက တန်ခိုးကြီးတော့ သူ့မှာ အဖြေတစ်ခုတော့ သေချာပေါက် ရှိမှာပဲ”
ထော့ကျိုး ခေါင်းညိတ်၍ သဘောတူရန် ပြင်သည်။ သို့သော် မိစ္ဆာမျောက်ဝံက ခါးကိုင်း၍ ချင်မူ၏နားသို့ စကားတစ်လုံး ခပ်တိုးတိုးပြောလိုက်၏။ ရုတ်တရက် ချင်မူ နိုးလာပြီး မျက်လုံးများပွင့်လာသည်။
မိစ္ဆာမျောက်ဝံက လက်နှစ်ဖက်ကို စု၍ ပြုံးလိုက်သည်။ “အကြင်နာတရား”
မင်ရှင်းကိုယ်တော် သက်ပြင်းချလိုက်၏။ “နောင်တော်ကြီးက တကယ်ကို အမျှော်အမြင်ကြီးမားတာပဲ”
ချင်မူကား ကောင်းကောင်းနလန်မထူသေးသော်လည်း ကုန်းရုံးထကာ တထာဂတမာကို ရှိခိုးသည်။ “ကျွန်တော် အိပ်မက်ထဲမှာ နိုးနေပြီး ဘိုးဘိုးမာရဲ့ စကားတွေကို ကြားခဲ့ရပါတယ်… ကျွန်တော့်ဒဏ်ရာတွေအကြောင်း ကျွန်တော်သိပါတယ်… ဗုဒ္ဓအိုကြီးနဲ့ သွားတွေ့စရာမလိုပါဘူး… ဗုဒ္ဓအိုကြီးက ကျွန်တော့်ကို သူ့ရဲ့ကျင့်စဉ် ပေးထားပြီးသားဆိုတော့ သွားတွေ့တွေ့၊ မတွေ့တွေ့ မထူးတော့ပါဘူး… ကျွန်တော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ပါမယ်”
ထို့နောက် သူက မိစ္ဆာမျောက်ဝံနှင့် မင်ရှင်းကိုယ်တော်ကို လှည့်၍ အရိုအသေပေးသည်။ ထိုနှစ်ယောက်ကလည်း ပြန်၍ အရိုအသေပေး၏။
“မူအာ မင်းတကယ်ပဲ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ပြန်မှာလား” တထာဂတမာက ရုတ်တရက် သင်္ကန်းကိုချွတ်၍ ပုတီးများကို ဖယ်လိုက်သည်။ “ငါ ငါ့ဆရာကို မဟာမိုးခြိမ်းသံကျောင်းတော် ရှင်သန်နိုင်အောင် သူ့ရဲ့အဆုံးအမတွေ၊ အယူအဆတွေ လက်ဆင့်ကမ်းပေးမယ်လို့ ကတိပေးခဲ့တယ်… ဒီနေ့ ကျန်းခုံးနဲ့ မင်ရှင်းက ဓမ္မမှာ ငါ့ထက် အများကြီးသာလွန်သွားခဲ့ပြီ…. ဒါ့ကြောင့် အသိအမြင်တွေ ပို့ချပေးရမယ့် ငါ့တာ၀န်ပြီးဆုံးသွားပြီ….
“အခု ငါဆိုတဲ့ ငါအစစ်ကို ပြန်သွားဖို့ အချိန်ကျပြီ… ဒီနေ့ကစပြီး ငါက အဘိုးကြီးမာ လူဆိုးထိန်းမာပဲ… မင်ရှင်း၊ မင်းရဲ့နောင်တော်ကို သင်္ကန်းနဲ့ပုတီး ၀တ်ပေးလိုက်ပါ”
မိစ္ဆာမျောက်ဝံက ဦးညွှတ်အရိုအသေပေးနေစဉ် မင်ရှင်းသည် မိစ္ဆာမျောက်ဝံ၏ ကိုယ်ပေါ်သို့ သင်္ကန်းလွှားခြုံကာ လည်ပင်း၌ ပုတီးဆွဲပေးလိုက်၏။
အဘိုးကြီးမာက ရယ်သည်။ “ကိုယ်အစစ်ကို ရှာပြီး အပူအပင်ကင်းတဲ့စိတ်နဲ့ တိုက်ခိုက်ပါ… မင်ရှင်း၊ မင်းက သူ အပူအပင်ကင်းတဲ့ စိတ်ရအောင် ကူညီပေးရမယ်…ကျန်းခုံး၊ မင်းက အခု တထာဂတပဲ”
“ရဟန်းတို့ နှုတ်ဆက်ပါတယ်… ငါတို့ရဲ့ဓမ္မရေစက်က ဒီမှာတင် အဆုံးသတ်သွားပြီ”
မိစ္ဆာမျောက်ဝံက ထရပ်ပြီး လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ “နှုတ်ဆက်ပါတယ် ကျေးဇူးရှင်”
အဘိုးကြီးမာက ပြန်နှုတ်ဆက်ပြီးနောက် ချင်မူ၊ ထော့ကျိုး၊ ကျန်သည့်သူများနှင့်အတူ တောင်အောက်သို့ လိုက်ဆင်းသွားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော် .....
အနယ်နယ်အရပ်မှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူပြည်သားများ တစတစ တိုးပွားလာနေပြီး ချိမင်နိုင်ငံမှ ဒုက္ခသည်များပင် ပါဝင်သည်။ ဒုက္ခသည်တဲများတွင် လူများပြည့်နေကြပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ နတ်ဘုရားအယောက်နှစ်ရာ၏ စောင့်ရှောက်မှုအောက်တွင် စိုးရိမ်ကြောင့်ကြစွာ ခိုလှုံနေကြသည်။
လူအရေအတွက်က များလွန်းသဖြင့် စားနပ်ရိက္ခာက ပြဿနာကြီးတစ်ရပ် ဖြစ်လာသည်။
တက္ကသိုလ်တိုင်း၏ ကျောင်းသားများက ဖန်ဆင်းပညာ တတ်မြောက်ထားကြ၍ လယ်ခင်းများ ထွန်ကာ ကောက်ပဲသီးနှံများကြီးထွားနှုန်း မြန်လာစေသည်။ ထို့နောက် အသီးအနှံများ ရိတ်သိမ်း၍ စားသောက်ကုန်အဖြစ် ဖန်တီးကြ၏။
သို့သော် မြေဆီလွှာမှာ သုံး၊ လေးကြိမ် စိုက်ပျိုးရုံမျှသာ အသုံးခံသည်။ ထို့နောက် မြေအသစ်များ ထွန်ကြရ၏။
ဖရိုဖရဲဖြစ်နေသော အခြေအနေများ၊ ပေါ်လိုက်၊ ပျောက်လိုက် ရောက်လာတတ်သော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများကြောင့် လယ်မြေအသစ်များတွင် ထွန်ယက်စိုက်ပျိုးနေကြစဉ် အလွန်လွယ်ကူစွာ အသတ်ခံရနိုင်သည်။ ကျောင်းသားအများစုမှာ ဤအခြေအနေကြောင့် အသက်များ ဆုံးရှုံးကြရသည်။
မြို့တော်၏အတွင်းဖြစ်စေ၊ အပြင်ဖြစ်စေ အားလုံး ပူပင်သောကရောက်၍ မျှော်လင့်ချက်မဲ့နေကြသည်။
ယနေ့တွင် ကောင်းကင်၌ ခမ်းနားထည်ဝါသော နတ်ဘုရားများနှင့်အတူ ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများ ရောက်လာသည်။ သူတို့၏လက်နက်များက အရောင်အဝါ တဖျပ်ဖျပ် လက်နေပြီး သူတို့၏နတ်စွမ်းအားက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြည်သူများကို မွန်းကြပ်လာစေ၏။
ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများနှင့် မိစ္ဆာစစ်တပ်က ရောက်လာသော်လည်း မတိုက်ခိုက်ကြပေ။ ထိုအစား နယ်မြေအနှံ့ ရောက်ရှိနေသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာများကို ပြန်ခေါ်၍ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားများအား အန္တရာယ်မပြုအောင် တားနေကြသည်။
နန်းစိုက်မြို့တော်၏ အတွင်းအပြင်နှစ်ခုလုံးတွင် ထိုနတ်ဘုရားများအား အမွှေးအတိုင်များဖြင့် ပူဇော်ရင်း အသက်ချမ်းသာပေးရန် ဆုတောင်းနေကြသူများ တစ်ပုံတစ်ပင် ရှိလေသည်။
“လူတွေ ဒုက္ခရောက်ရင်၊ မကောင်းတဲ့ အကျင့်စရိုက်တွေ ပေါ်လာတတ်တယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မြို့တော်၏အပေါ်တွင် ရပ်၍ ကောင်းကင်နတ်ဘုံ၏ စစ်တပ်ဆီသို့ ကြည့်နေသည်။ ထို့နောက် ကောင်းကင်နတ်ဘုံ၏ စစ်တပ်ကြီးအား ရှိခိုးဆုတောင်းနေကြသော ပြည်သူပြည်သားများကို ကြည့်ရင်း ခါးသက်သက် ပြုံးလိုက်၏။ “အရှင်မင်းကြီး၊ ကျွန်တော်တို့ ဘဝမှာ ဒါကို ပြောင်းလဲပေးဖို့ မဖြစ်နိုင်ဘူး ထင်တယ်”
ဧကရာဇ်ယန်ဖုန်းက သူ့အနောက် ရပ်နေပြီး ရင်နာနာဖြင့် သက်ပြင်းချသည်။ သူ့အသံသည် အက်ကွဲနေ၏။ “ရှေးခေတ်ကနေ ဒီနေ့ထက်ထိ ပြုပြင်ပြောင်းလဲမှုတွေ၊ ပုန်ကန်မှုတွေဟာ ဘယ်တော့မှ သွေးချောင်းမစီးတာ မရှိခဲ့ဘူး... ဒုတိယခေတ်၊ ချိမင်နိုင်ငံတော်မှာ ချိဧကရာဇ် သေဆုံးခဲ့ရတယ်... သူ့ရုပ်ခန္ဓာလည်း ပျက်စီးခဲ့ရတယ်.... ချုံဧကရာဇ်မင်းဆက်မှာလည်း ဘယ်သူမှ ပျော်ရွှင်စရာအဆုံးသတ်နဲ့ မတွေ့ခဲ့ရဘူး... ခိုင်ဧကရာဇ်ခေတ်မှာ ကောင်းကင်ဘုံ ၃၃ ဘုံစလုံး တခဏအတွင်း ရှင်းပစ်ခံခဲ့ရလို့ မင်းမျိုးမင်းနွယ်တွေဟာ ရွှင်ပျော်ပျော်ကျေးရွာမှာ သွားပုန်းကြရတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက အားလုံးထက် ပိုပြီး အားကောင်းပြင်းထန်မှတော့ သွေးမြေကျရမှာ မထူးဆန်းပါဘူး...”
ဧကရာဇ်အတိုင်ပင်ခံက ဟက်ခနဲ ရယ်သည်။ “အရှင်မင်းကြီးနဲ့ ကျွန်တော်ကနေ စလိမ့်မယ်”
ဧကရာဇ်ယန်ဖုန်းက တဟားဟား ရယ်လိုက်ပြီးနောက် သက်ပြင်းချ၏။ “ငါတို့ သေသွားရင် ဆက်ခံသူမရှိမှာတော့ စိတ်ပူမိတယ်.. ဒီကမ္ဘာပေါ်မှာ သောက်ရူးတွေ တစ်ပုံကြီးမဟုတ်လား... နတ်ဘုရားတွေက လူတွေကို တုံးအနေစေချင်တာ... အဲဒါမှ မပုန်ကန်ရဲ၊ မပြောင်းလဲရဲမှာလေ... လူတွေ ဆက်ပြီး တုံးအမိုက်မဲနေရင် ပြုပြင်ပြောင်းလဲချင်မှာမဟုတ်တော့ဘူး... ဧကရာဇ်အတိုင်ပင်ခံ... ငါတို့နှစ်ယောက် ပြုပြင်ပြောင်းလဲခဲ့ကတည်းက ဒီနေ့ဒီချိန်အထိ လူတွေဟာ ဒီနတ်ဘုရားတွေ၊ မိစ္ဆာတွေကို ကိုးကွယ်နေတုန်းပဲ... တစ်ခါတလေမှာ ပြုပြင်ပြောင်းလဲမှုကို အပြင်းထန်ဆုံး ဆန့်ကျင့်နေတာက ဒီလူတွေ ဖြစ်နေတတ်တယ်”
ဧကရာဇ်အတိုင်ပင်ခံမှာ စိတ်ပျက်အားလျော့သွားသည်။ “ဒီလူတွေအတွက် အရှင်မင်းကြီးရဲ့ အသက်ကို စတေးရမှာ တန်ရဲ့လား”
“တန်တယ်”
ဧကရာဇ်ယန်ဖုန်းက အသံမြှင့်၍ ပြောသည်။ “ဘုရားကျောင်းထဲက နတ်ဘုရားတွေနဲ့ ရင်ဘတ်ထဲက နတ်ဘုရားတွေကို ဖျက်စီးဖို့ တွန့်ဆုတ်နေတဲ့လူတွေ ရှိပေမယ့်... ဒူးမထောက်မယ့် လူတွေလည်း မရှားဘူး”
သူ၏မျက်လုံးများက တောက်ပလာပြီး သူက ပြုံးနေသည်။ “မတ်မတ်ရပ်နေပြီးနောက်ပိုင်း ဒူးထောက်မယ့်လူတွေ ရှိသလို၊ ဘယ်တော့မှ ဒူးမထောက်မယ့်လူတွေလည်း ရှိတယ်... မင်းနဲ့ငါ ဒီပြုပြင်ပြောင်းလဲမှုအတွက် စတေးခံ ဖြစ်လာရင်တောင် ငါတို့လျှောက်တဲ့ လမ်းအတိုင်း ဆက်လျှောက်ပြီး ဒီကမ္ဘာကြီးကို ပြောင်းလဲပေးမယ့် လူတွေ ရှိနေဦးမှာပဲ... ဒါကြောင့် တန်တယ်”
နတ်ဘုရားတစ်ပါးသည် ပျံတက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်အပေါ်တွင် ပေါ်လာ၏။
သူ၏ဧရာမခန္ဓာကိုယ်ကြီးက ပတ်ဝန်းကျင်ရှိ နေရာဟင်းလင်းပြင်ကို ပုံပျက်သွားစေပြီး သူ့အနောက်ရှိ ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများမှာ နေကို လှည့်ပတ်နေသော ကြယ်တာရာများသဖွယ် ဖြစ်နေသည်။
ဤနတ်ဘုရားကား အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းဖြစ်ချေသည်။
သူက အလွန်မြင့်မားလှသောကြောင့် တိမ်တိုက်များအထိ ရောက်နေပြီး သူ့မျက်နှာက ကောင်းကင်ဘုံများအကြား တည်ရှိနေသည်။ အဖြူရောင်တိမ်တိုက်များသည် သူ၏ခါးလယ်တွင် အဆင်တန်ဆာများသဖွယ် လှည့်ပတ်ရစ်သိုင်းနေ၏။
သူက ရင်သပ်ရှုမောဖွယ် ဩဇာအရှိန်အဝါကို ထုတ်ဖော်ပြသလိုက်သဖြင့် ရောင်ခြည်တော်အလင်းတန်းများက သူ့ဆီမှ တောက်ပလာသည်။ သူ့တွင် အနှိုင်းမဲ့ခွန်အားနှင့် စွမ်းအား ရှိပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်နှင့် သိန်းသောင်းချီသော ပြည်သူပြည်သားများကို လက်ကလေးတစ်ချောင်းဖြင့် သုတ်သင်ချေမှုန်းပစ်နိုင်ပုံရ၏။
အရာရှိနတ်ဘုရားတစ်ပါးက ပျံတက်လာကာ အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်း၏ လက်ဝါးပြင်ထက်တွင် ဆင်းသက်၍ ရိုရိုသေသေ ဒူးထောက်အရိုအသေပေးသည်။ သူက တော်ဝင်အမိန့်စာတမ်းတစ်ခု လက်ခံပြီးနောက် ထပ်မံဒူးထောက်အရိုအသေပေးကာ တော်ဝင်အမိန့်စာတမ်းကို သူ့ခေါင်းအထက်တွင် မြှောက်လျက် ဦးညွှတ်ကာ ပျံထွက်သွားသည်။
“ငါ တစ်ခါမှ အဲဒီလိုစည်းကမ်းတွေ မထားခဲ့ဘူးနော်” ဧကရာဇ်ယန်ဖုန်းက ထိုမြင်ကွင်းကို ကြည့်၍ ရယ်နေသည်။ “ကောင်းကင်နတ်ဘုံရဲ့ စည်းကမ်းတွေက တင်းကြပ်လွန်းပြီး အဓိပ္ပါယ်မဲ့လွန်းတယ်
ဧကရာဇ်အတိုင်ပင်ခံက ရယ်မော၍ ပြန်ဖြေသည်။ “အရှင်မင်းကြီး မေ့သွားတာ ဖြစ်မယ်… ဂိုဏ်းသခင်ချင်နဲ့ ကျွန်တော်မျိုးကို နန်းတွင်းထဲက ကလန်ကဆန် ဝန်ကြီးတွေ စွပ်စွဲတုန်းက ကျွန်တော်တို့နှစ်ယောက်လုံး ကျဉ်းထဲကြပ်ထဲ ရောက်သွားပြီး နဖူးက သွေးထွက်တဲ့အထိ ရှိခိုးဦးတိုက်ခဲ့ရတယ်လေ”
ဧကရာဇ်ယန်ဖုန်း၏ မျက်နှာ မည်းမှောင်သွားပြီး သူက စိတ်ဆိုးမာန်ဆိုး ပြောသည်။ “မင်းကို ခေါင်းဖြတ်သတ်မယ်… အဲဒါ မှတ်ထား”
“အရှင်မင်းကြီးမှာ အဲဒီလိုအခွင့်အရေး မရှိတော့ပါဘူး” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြုံးနေသည်။ သူက မြို့ထဲရှိ ဇနီးသည်၊ သားငယ်နှင့် သမီးငယ်ကို မြင်လျှင် ရင်ထဲတွင် နာကျင်လာသော်လည်း မျက်နှာအမူအရာ မပြောင်းလဲပေ။
“ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ရာဇဝတ်သားတို့၊ မင်းအမိန့်တော်ကို နာခံကြလော့”
အရာရှိနတ်ဘုရားက တော်ဝင်အမိန့်တော်ကို လက်ထဲတွင် သယ်ဆောင်ထားပြီး သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်လျက် တိမ်တိုက်များအကြား ပဲ့တင်ထပ်နေ၏။
ကောင်းကင်နတ်သိုင်းပညာရှင်များအပါအဝင် မရေမတွက်နိုင်သော လူများက အသံကို ကြားလျှင် ဒူးထောက်လိုက်ကြသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းတို့မှာ ရင်နာနေကြသော်လည်း ဒူးထောက်ရန် ငြင်းဆန်နေသူများစွာ ရှိနေသေးသည်ကို မြင်လျှင် စိတ်သက်သာလာကြသည်။
အရာရှိနတ်ဘုရားက သူတို့နှစ်ယောက်ကို အေးစက်စက် တစ်ချက်ကြည့်၍ ရယ်ရင်း တော်ဝင်အမိန့်စာတမ်းကို ဖြန့်ကာ ကျယ်လောင်စွာ ဖတ်သည်။ “ကောင်းကင်ဘုံရဲ့အလိုတော်အရ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေဟာ ကောင်းကင်ဘုံရဲ့ မေတ္တာကို ထည့်မတွေးဘဲ ကောင်းကင်ဘုံကို ပုန်ကန်ခဲ့တယ်... ပြုပြင်ပြောင်းလဲမှုက ကောင်းကင်တာအိုကို နှောင့်ယှက်ခဲ့တဲ့အတွက် ကောင်းကင်ဘုံဟာ အမျက်ရှတော်မူပြီး သတ္တဝါတွေအပေါ် ဒဏ်ခတ်ခဲ့တယ်... ဒါပေမဲ့ ကောင်းကင်ဘုံက သက်ရှိသတ္တဝါတိုင်းအပေါ် မေတ္တာထားတဲ့အတွက် အရှင်မင်းကြီးက ပြည်သူပြည်သားတွေကို သက်ညှာပေးပြီး ခေါင်းဆောင်တွေကိုပဲ စီရင်ဖို့ အမိန့်ချမှတ်တော်မူတယ်... ကောင်းကင်ဘုံရဲ့အလိုဟာ အောက်ပါအတိုင်း ဖြစ်တယ်”
“တစ် - ကောလိပ်ကျောင်းတိုင်း၊ တက္ကသိုလ်တိုင်းမှ ပြုပြင်ပြောင်းလဲမှုမှတ်တမ်းများ၊ စာအုပ်များကို စုဝေး၍ အားလုံး၏အရှေ့တွင် မီးရှို့ပြာချပစ်ရမည်။ အနာဂတ်မျိုးဆက်သစ်များ ပြုပြင်ပြောင်းလဲခွင့်မရှိ။
“နှစ် - ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် ရှေးစနစ်အတိုင်း လိုက်နာပြီး ဧကရာဇ်သည် တိုင်းပြည်ကို အုပ်ချုပ်ရမည်။ ဂိုဏ်းတိုင်း၊ မျိုးနွယ်စုတိုင်း နတ်ဘုရားများကို ကိုးကွယ်ရမည်။ လူသားအားလုံး နတ်ဘုရားများကို ကိုးကွယ်ရှိခိုးရမည်”
“သုံး - ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ငွေဒင်္ဂါးထုတ်ပိုင်ခွင့်အား ကောင်းကင်နတ်ဘုံသို့ ပေးအပ်ရမည်။ ကောင်းကင်နတ်ဘုံ၏ ငွေဒင်္ဂါးများအား ပြည်သူများအကြား ဖြန့်ဝေအသုံးပြုရမည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် အကျိုးအမြတ်အတွက် ပြည်သူပြည်သားများနှင့် မယှဉ်ပြိုင်ရ။
“လေး - ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် အင်အားကြီးမားသော နတ်လက်နက်များ သွန်းလုပ်ခွင့်မပြုရ။ လက်နက်သွန်းလုပ်သူ ရှိလာလျှင် မိသားစုနှင့်တကွ မျိုးတုံးသတ်ဖြတ်ခံရမည်။
“ငါး - ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ဘိုးဘေးများ၏ သင်ကြားမှုများကိုသာ လိုက်နာရမည်။ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ မတီထွင်ရ။
“ခြောက် - နှစ်စဉ်နှစ်တိုင်း၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာသည် ကောင်းကင်ဘုံ၏ ကြင်နာသနားမှုအတွက် ကျေးဇူးတင်သည့်အနေဖြင့် ကောင်းကင်ဘုံပူဇော်ပွဲတစ်ပွဲ တစ်ခမ်းတနား ကျင်းပပေးရမည်။
“ခုနစ် - ထူးဆန်းသော နည်းလမ်းများဖြင့် အသုံးပြုနိုင်သည့် ရှေးဟောင်းလက်နက်များ သိမ်းဆည်းထားကြသူများအနေဖြင့် လက်နက်များကို ဖျက်စီးပစ်ရမည်။ မလျှို့ဝှက်ထားရ။
“ရှစ် - ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံသည် သဘာဝတရားကို သွေဖယ်၍ မုသားစကားများ ဖြန့်ဝေခဲ့ကာ ပုန်ကန်ဆူပူမှုများ လှုံ့ဆော်ခဲ့၏။ သူတို့အား စံနမူနာအဖြစ် နတ်ဘုရားစီရင်ရာစင်မြင့်ထက်တွင် ရုပ်ခန္ဓာနှင့်တကွ မူလဝိညာဉ်ကို ဖျက်စီး၍ သုတ်သင်မည်။ တော်ဝင်အမိန့်တော် ဤတွင် ပြီးဆုံးသည်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အတွင်းနှင့်အပြင်တွင် ဆူဆူညံညံ ဖြစ်သွားသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် နတ်ဘုရားများမှာ ပြင်းပြင်းထန်ထန် အရှက်ခွဲခံလိုက်ရသကဲ့သို့ မုန်းတီးနာကြည်းကာ ဒေါသူပုန်ထလာကြသည်။ သူတို့မှာ ကောင်းကင်နတ်ဘုံကို တိုက်ခိုက်မည် တကဲကဲ လုပ်နေကြ၏။
ဧကရာဇ်ယန်ဖုန်းက ဟားတိုက်ရယ်မောလျက် ဦးညွှတ်လိုက်သည်။ “ရာဇဝတ်သား တော်ဝင်အမိန့်ကို လက်ခံပါတယ်”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက မည်သူမှမလှုပ်ရှားရန် အမိန့်ထုတ်ပြန်သည်။
ကောင်းကင်နတ်ဘုံ၏ သင်္ဘောများက နတ်ဘုရားစီရင်ရာစင်မြင့်ကို ဆွဲလျက် ပျံသန်းလာကြသည်။ စင်မြင့်ထက်ရှိ သွေးများက ကောင်းကင်ထဲတွင် သွေးရောင်တောက်ပနေစေပြီး သွေးဓားနှစ်လက်က သွေးတန်းများသဖွယ် တစ်လက်နှင့်တစ်လက် ထိခတ်လျက် လျင်မြန်စွာ လှည့်လည်ရွေ့လျားနေ၏။
အရာရှိနတ်ဘုရားက ပြောသည်။ “မင်းတို့နှစ်ယောက်၊ နတ်ဘုရားစီရင်ရာစင်မြင့်အပေါ် တက်ပါ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ နန်းစိုက်မြို့တော်၏ အတွင်းနှင့်အပြင်တွင် တိတ်ဆိတ်သွားပြီး အကုန်လုံး နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ စိုက်ကြည့်နေကြ၏။
“ခေါင်းဆောင်တွေကို သတ်ချင်လည်း သတ်လိုက်ပေါ့”
ရုတ်တရက် ရယ်သံတစ်ချက်က တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ ပြည်သူပြည်သားများနှင့် ကောင်းကင်နတ်သိုင်းပညာရှင်များက အသံလာရာဆီသို့ ဒေါသတကြီး လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဘုံ၏ သင်္ဘောများအနောက်မှ လိုက်လာသော ချင်မူ့ကို မြင်လိုက်ကြရသည်။ သူက နဂါးချီလင်၏ နဖူးပေါ်တွင် ရပ်နေပြီး သေလုမျောပါး နေမကောင်းဖြစ်ထားသကဲ့သို့ ဖြူလျော်နေ၏။
နဂါးချီလင်က မီးလျှံတိမ်တိုက်များကို နင်းလျက် သင်္ဘောများအလယ်သို့ တည်တည်ငြိမ်ငြိမ် ဝင်လာသည်။ ထို့နောက် သူက အပေါ်စီးမှ အုပ်မိုးထားသော အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းမျက်နှာဆီသို့ လှည့်ကြည့်၏။
“နတ်ဘုရားစီရင်ရာစင်မြင့်က ကြောက်စရာပဲ”
ချင်မူက နတ်ဘုရားစီရင်ရာစင်မြင့်ဆီသို့ ကြည့်၍ ရယ်သည်။ “ခင်ဗျားပြောတဲ့ပုံစံက သူတို့သေသွားလို့ ဝိညာဉ်ပြိုကွဲသွားရင် ကျုပ်က သူတို့ကို အသက်ပြန်မသွင်းနိုင်တဲ့အတိုင်းပဲ”
သူသည် အရှေ့ကောင်းကင်၏ အစိမ်းရောင်နတ်မင်းဆီသို့ မကြည့်ဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ဧကရာဇ်ယန်ဖုန်းဆီသို့ လက်ဝှေ့ယမ်းပြကာ အားနည်းနေသည့်အသံဖြင့် ပြော၏။ “ဧကရာဇ်အတိုင်ပင်ခံ၊ အရှင်မင်းကြီး… သွားပြီး သေကြည့်လိုက်… ခင်ဗျားတို့ သေသွားရင် ကျွန်တော် ရှုံးပြီ”
သူ့အနောက်ရှိ အရှေ့ကောင်းကင်၏ အစိမ်းနတ်မင်းက လက်မြှောက်ကာ အမျက်တစ်ချောင်းချောင်းထွက်လျက် သတ်ဖြတ်ရန် ပြင်နေကြသော ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားများ၊ မိစ္ဆာများကို တားသည်။ “ဒါက ကောင်းကင်နတ်အရှင်မူပဲ… သူ့အပေါ် လေးစားမှုရှိကြ”