အမှောင်ထု၏ ဆိုက်ရောက်လာမှု
Vol. 68 Ch. 891
အားချိုသည် မည်သူနည်း။
အားချိုသည် အရာအားလုံး ဆုံးရှုံးခဲ့ရသော လူသားတစ်ယောက်သာဖြစ်ပါ၏။
မြေအောက်ဘုံအရှင်သခင်၏ လူဝင်စားအားချို.... ကောင်းကင်နတ်ဘုံ၏ အကြံအစည်ကြောင့် မိဘများအသတ်ခံလိုက်ရသူ... ကလေးများ အသတ်ခံလိုက်ရသူ... တစ်မိသားစုလုံး ဆုံးရှုံးလိုက်ရသူ။
ထိုစဉ်တုန်းက မြေအောက်ဘုံအရှင်သခင်၏ စွမ်းအားက သူ့ကို လက်စားမချေနိုင်အောင် တားမြစ်ထားခဲ့သည်။
အားချိုနှင့် မြေအောက်ဘုံအရှင်သခင်သည် ဘဝတစ်ခုတည်း၊ အသက်တစ်ချောင်းတည်း၏ အသိစိတ်အလျဉ်နှစ်ခု ဖြစ်၏။ မြေအောက်ဘုံအရှင်သခင်က စည်းမျဉ်းဥပဒေများဖြင့် ချုပ်နှောင်ခံထားရပြီး အားချိုက ထိုစည်းမျဉ်းဥပဒေများကို ဖျက်စီးချင်သည်။ အဆုံးသတ်တွင် အားချိုမှာ ကောင်းကင်နတ်ဧကရာဇ်ကြောင့် ယိုတုဆီသို့ ပြန်တွန်းထုတ်ခံလိုက်ရသည်။ နောက်ပိုင်းတွင် ကျောက်စိမ်းအကျဉ်းထောင်တံခါး၌ တစ်ယောက်တည်း အထီးကျန်စွာ အကျဉ်းချခံခဲ့ရသည်။
ယခု ချင်မူလည်း အားချိုနှင့် မခြားပေ။ နှစ်ယောက်စလုံး၏ ဘဝက ဆင်သည်။ အားချိုက မြေအောက်ဘုံအရှင်သခင်၏ လူဝင်စား၊ သူကတော့ ချင်ဖုန်းကျင့် ချိတ်ပိတ်ခံလိုက်ရပြီးနောက် သူ၏ကလေးကိုယ်ထဲ၌ မွေးဖွားလာသော ဒုတိယအသိစိတ်အလျဉ်ပင်။
အားချိုတွင် ကိုယ်ဝိညာဉ်မရှိခဲ့သလို မသေခဲ့ပေ။ အားချိုသည် သူရဲကောင်းတစ်ယောက်၊ ကလဲ့စားချေသူတစ်ယောက် ဖြစ်၏။ သူက မိသားစုကို အလွန်ကာကွယ်ပေးချင်ခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ လက်ခုပ်ထဲက ရေ ဖြစ်ခဲ့ရသည်။
ချင်မူလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ချင်သည်။ ဤကပ်ဘေးကြောင့် ဒုက္ခဆင်းရဲခံပြီး သေဆုံးသွားရသူများအတွက် ကလဲ့စားချေချင်သည်။
အဆုံးသတ်တွင် အားချိုမှာ ကျောက်စိမ်းအကျဉ်းထောင်တံခါးတွင် ထာဝရငရဲခံ၍ မည်သည်ကိုမျှ မလုပ်နိုင်တော့ပေ။
အဆုံးသတ်တွင် အားချိုသည် ယိုတု၏စည်းမျဉ်းဥပဒေများအောက်တွင် အကျဉ်းသားတစ်ယောက် ဖြစ်ခဲ့ရ၏။
သူက နတ်ဘုရားသဘာဝ ပိုင်ဆိုင်ထားသော မြေအောက်ဘုံအရှင်သခင် ဖြစ်ခဲ့သော်လည်း လူသားဆန်သွားခဲ့သည်။
ချင်ဖုန်းကျင့်က မြေအောက်ဘုံအရှင်လေး ဖြစ်သည်။ သူ့အခွံထဲ၌ မွေးဖွားလာသော တခြားအသိစိတ်အလျဉ် ၊ ချင်မူ့အနေဖြင့်လည်း နတ်ဘုရားသဘာဝ ပိုင်ဆိုင်သင့်၏။ သို့သော် သူလည်း လူသားဆန်လာခဲ့သည်။
နှစ်ယောက်စလုံး၏ ကံကြမ္မာ၊ အခြေအနေများနှင့် အတွေ့အကြုံများကြောင့် ချင်မူက ကာကွယ်စောင့်ရှောက်ပြီး ကလဲ့စားချေချင်သော်လည်း အစွမ်းအစမဲ့နေသော အားချိုပင် ဖြစ်သည်။
ချင်မူ ကောင်းကင်နတ်အရှင်လင်၏ ဆံထိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လျက် ရယ်လိုက်မိသည်။ သူက ဆံထိုးကို မြှောက်၍ တတိယမျက်လုံး ရှိခဲ့ဖူးသော သူ၏မျက်လုံးနှစ်ဖက်ကြားနေရာရှိ အပေါက်ထဲသို့ ထိုးစိုက်လိုက်၏။
“ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၊ ခင်ဗျား မလှုပ်ရှားဘဲ စောင့်နေခဲ့တာမလား... ကျုပ် အားကိုးရာမဲ့ပြီး ခင်ဗျားဆီမှာ အညံ့ခံ့မှာကို စောင့်နေတာမလား”
နီရဲနေသည့် သွေးများက တတိယမျက်လုံးပေါက်ထဲမှ ထွက်လာပြီး သူ၏နှာတံဘေးနှစ်ဖက်သို့ စီးကျလာသည်။ သို့သော် ချင်မူ့လက်နှစ်ဖက်သည် မက်မွန်သားဆံထိုးကို မြဲမြဲဆုပ်ကိုင်လျက် မျက်တွင်းပေါက်ထဲသို့ ထိုးသွင်းထား၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ မရှိတော့ရင် ကျုပ်မှာ ဘာမှမရှိတော့ဘူး... ကောင်းကင်နတ်အရှင်လင်ရဲ့ ဆံထိုးကို အသက်သွင်းလိုက်တာနဲ့ ကောင်းကင်နတ်မြစ်ရေတွေ ပန်းထွက်လာပြီး ကျုပ်ရဲ့ ခန္ဓာနဲ့ အသိစိတ်အလျဉ်ကို ဖျက်စီးပစ်လိမ့်မယ်... ခင်ဗျားလည်း အသက်ပြန်ရှင်လာနိုင်မှာမဟုတ်တော့ဘူး”
အင်အားကြီးမားသည့် အသိစိတ်အလျဉ်တစ်ခုက ကောင်းကင်ထက်၌ ထစ်ချုန်းသွားသည်။ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်၏ အသံသည် အေးစက်ပြီး ခံစားချက်မဲ့နေ၏။ “မင်း မျက်လုံးကို မဖောက်ထုတ်သင့်ဘူး ... အခု မင်းမှာ ဝိညာဉ်မရှိတော့တဲ့အတွက် အသုံးမဝင်တော့ဘူး... ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖြေရှင်းနိုင်မယ့် အင်အားမရှိဘဲ မင်းက ငါ့ရုပ်ခန္ဓာကိုယ်ကို ဘယ်လိုအသက်သွင်းပေးနိုင်ဦးမှာမလို့လဲ”
သူ့အသံက ပိုမိုအေးစက်လာသည်။ “မင်းက ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တယ် ထင်ခဲ့တယ်... ငါ့အမိန့်စာတမ်းကို တောဝက်ဆီ ပေးမယ်၊ ငါနဲ့ အပေးအယူလုပ်တယ်... ငါ့ကို မင်းရဲ့ လက်၊ မင်းရဲ့ နယ်ရုပ် ဖြစ်လာအောင် လုပ်တယ်... ဒါပေမဲ့ မင်းက ငယ်ပါသေးတယ်... ဝေစွေ့ဖုန်းကို မှတ်မိလား”
ချင်မူ မှင်သက်သွား၏။
“ငါ့ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ လက်ယာတပ်မှူးချုပ် ဝေစွေ့ဖုန်း... သူက ငါ့အစား ယွီလင်နန်းစောင့်တပ်ဖွဲ့ရဲ့ လက်ယာတပ်စိတ်ကို အုပ်ချုပ်တယ်... သူလည်း မင်းလိုပဲ အောက်ဘုံအတွက် တစ်ခုခု လုပ်ပေးနိုင်မယ် ထင်ခဲ့တယ်... ဒါပေမဲ့ ငါက သူ့ကို အရာရှိအဖြစ် ခန့်ထားတဲ့သူဆိုတော့ ငါ့ကို အရူးလုပ်နိုင်ပါ့မလား... သူ ကောင်းကင်မဟာမိတ်အဖွဲ့ကို ဝင်လိုက်ကတည်းက သူ့အကြံအစည်ကို ကြိုမြင်ပြီးလို့ သူ့ကို ချက်ချင်း အကျဉ်းချခဲ့တယ်... သူလည်း ကောင်းကင်နတ်အရှင်လင်ရဲ့ ကောင်းကင်နတ်သိုင်းကို လေ့လာထားပြီးပြီ... သူ့ကို မြစ်ထဲ မြှုပ်နှံပြီး တစ္ဆေသင်္ဘောနဲ့ လဲလှယ်ဖို့ ငါ အရှေ့ဘက်ကောင်းကင်ရဲ့ အစိမ်းနတ်မင်းကို အမိန့်ပေးထားတယ်”
သူက တဟားဟား ရယ်နေသည်။ “သူနဲ့ တစ္ဆေသင်္ဘောကိုသာ လဲနိုင်ရင် ကောင်းကင်နတ်အရှင်လင်ကြောင့် ကောင်းကင်နတ်မြစ်မှာ ပိတ်မိနေတဲ့ ငါ့ရုပ်ခန္ဓာကိုယ်လည်း လဲနိုင်တယ်... ဒါဆို ကောင်းကင်နတ်ဧကရီရဲ့ ရုပ်ခန္ဓာကိုလည်း ရမယ်... ပြီးတော့ တာအိုဘိုးဘေးကြီးကလည်း ငါ့ဘက်က ဆိုတော့ မြေအောက်ဘုံအရှင်သခင်ကို ခြိမ်းခြောက်တဲ့အနေနဲ့ မြေအောက်ဘုံအရှင်သခင်ရဲ့ သမီးကို ဒုက္ခပေးလို့လည်း ရတယ်”
“ငါက မင်းကို ဘာလို့ အားကိုးရမှာလဲ... မင်းကို အသုံးချပြီး ငါ့ရဲ့ဝိညာဉ်တွေကို ပြန်တည်ဆောက်ပြီးလို့ ငါ့ဝိညာဉ်သုံးခုစလုံး ပြည့်စုံနေပြီ... ကောင်းကင်နတ်အရှင်ဟောင်ကိုလည်း ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ပြီး ကမ္ဘာဦးဘုံမှာ ဝင်မပါနိုင်အောင် ကောင်းကင်နတ်ဘုံဆီ ပြန်ပို့ပြီးပြီ... ကောင်းကင်နတ်အရှင်ဟောင်ကိုတောင် အသုံးချပြီး အမိကမ္ဘာမြေကို သတ်နိုင်ခဲ့လို့ သူ့ရဲ့ရုပ်ခန္ဓာကိုလည်း ရနေပြီ... ဒါနဲ့ဆို ကမ္ဘာဦးဘုံတစ်ဘုံလုံးက ငါ့အပိုင်ပဲ... ဒီစကြဝဠာရဲ့ တစ်ဝက်က ငါ့လက်အောက်မှာပဲ”
“ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါနဲ့ အပေးအယူလုပ်ဖို့ အရည်အချင်း ပြည့်မှီတယ်ထင်လား”
သူသည် ကမ္ဘာဦးဘုံစစ်ပွဲတွင် အကြီးမားဆုံး အောင်နိုင်သူ ဖြစ်သည်။
ချင်မူဖြစ်စေ၊ ကမ္ဘာဦးဘုံ၏ သက်ရှိသတ္တဝါများဖြစ်စေ၊ ကောင်းကင်နတ်ဘုံ၏ နတ်ဘုရားမိစ္ဆာစစ်တပ်ဖြစ်စေ၊ ကောင်းကင်နတ်ဘုံ၏ နတ်မင်းလေးပါးဖြစ်စေ၊ အမိကမ္ဘာမြေဖြစ်စေ၊ ကောင်းကင်နတ်အရှင်ဟောင် ဖြစ်စေ .... အားလုံးက သူ၏နယ်ရုပ်လေးများသာ ဖြစ်၏။
ယခင်တုန်းက သူသည် အလင်းရောင်ထဲ၌ ထင်းထင်းလင်းလင်း ရှိခဲ့ပြီး ကျန်ရှိသူများကို လျှော့တွက်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့သည်။ အားလုံးကို အကောက်ကြံနေခဲ့ကြ၏။ နတ်ဘုရားတစ်ပိုင်းများ၊ သက်ရှိသတ္တဝါများ၊ ရှေးဟောင်းနတ်ဘုရားအားလုံး သူ့ကို သေစေချင်ခဲ့ကြသည်။
ယခုတွင် သူ အမှောင်ထဲတွင် ရှိနေပြီဖြစ်ရာ မည်သူ သူ့အား အကောက်ကြံနိုင်မည်နည်း။
သူက ကမ္ဘာဦးဘုံစစ်ပွဲတွင် အကြီးမားဆုံးအမြတ်ထွက်သွားသည့် တစ်ယောက်တည်းသော အောင်နိုင်သူသာ ဖြစ်လေသည်။
ချင်မူ မှင်သေသေ ပြောလိုက်၏။ “အရှေ့ဘက်ကောင်းကင်ရဲ့ အစိမ်းနတ်မင်းဟုတ်လား.. သူက ကျုပ်အနောက်မှာပဲ... အရှင်မင်းကြီး သူ့ကို အခြေအနေ ဘယ်လိုဖြစ်သွားမလဲ မမေးတော့ဘူးလား”
ကောင်းကင်နတ်ဧကရာဇ်၏ အသိစိတ်အလျဉ် ထွက်သွား၍ အသံတိတ်ဆိတ်သွားသည်။ အရှေ့အရပ်မှ ချင်မူ့ဆီ ချဉ်းကပ်လာနေသော အရှေ့ဘက်ကောင်းကင်၏ အစိမ်းနတ်မင်းဆီ အခြေအနေသွားမေးခြင်း ဖြစ်မည်။
အချိန်အနည်းငယ်ကြာသော် သူ့စိတ်ထဲ ဝင်ရောက်လာသော အသိစိတ်အလျဉ်တစ်ခုကို ချင်မူ ခံစားလိုက်ရလေသည်။ ၎င်းက ကောင်းကင်နတ်ဧကရာဇ်၏ အသိစိတ်အလျဉ် ဖြစ်သော်လည်း စောစောကကဲ့သို့ အောင်နိုင်သူတစ်ယောက်၏ ကြွေးကြော်သံလိုမျိုး ထောင်လွှားမောက်မာနေခြင်း မရှိတော့ပေ။ ထိုအစား တိတ်ဆိတ်နေသည်။
ချင်မူက အေးတိအေးစက် ပြောသည်။ “ဝေစွေ့ဖုန်းက ကျုပ်အစ်ကိုကြီးပဲ... သူက တစ်လောကလုံးမှာ သံသယအကြီးဆုံးလည်း ဖြစ်သလို ဉာဏ်အများဆုံးလည်း ဖြစ်တယ်... နှစ်တစ်သန်းတိုင် လွတ်လွတ်လပ်လပ် လျှောက်သွားနေခဲ့တဲ့သူကိ ခင်ဗျား ဘယ်လိုနည်းနဲ့မှ ဖမ်းမထားနိုင်ဘူး”
ကောင်းကင်နတ်ဘုံ၏ နတ်မင်းလေးပါးက ချဉ်းကပ်လာနေ၏။ အချိန်မရွေး ချင်မူ့ကို ဖမ်းနိုင်တော့မည်။ သတ်နိုင်ပေတော့မည်။
ကောင်းကင်နတ်ဧကရာဇ်၏အသံ ထွက်ပေါ်လာသည်။ သို့သော် ချင်မူ့စိတ်ထဲမှမဟုတ်ဘဲ အဝေးမှ ဖြစ်သည်။ “နတ်မင်းလေးပါး ရပ်လိုက်”
ချီရှားယွီ၊ ကောင်းကင်ယင်သားတော်နှင့် ကျန်ရှိသူများ ရပ်လိုက်ကြသည်။ သူတို့ ခေါင်းမော့ကြည့်လိုက်သည့်အခါ ကောင်းကင်ထက်မှ စိမ်းစိုအုံ့ဆိုင်းနေသော ကမ္ဘာဦးသစ်ပင်ကြီး ဆင်းသက်လာပြီး ကမ္ဘာဦးဘုံ၏ နှလုံးသားနေရာသို့ ကျသွားကြောင်း မြင်လိုက်ရသည်။
ကောင်းကင်နတ်အရှင်ယွီသည် အလင်းတန်းများ ဖြန့်ကျက်လျက် ကမ္ဘာဦးဘုံနှင့်အတူ ခံ့ညားထည်ဝါစွာ သက်ဆင်းလာ၏။
ကမ္ဘာဦးသစ်ပင်၏ အမြစ်ထွေးများက ပြေကျလာကာ မြေကြီးထဲသို့ ထိုးဖောက်သွားသည်။
တောင်တန်းများ မြောက်တက်လာပြီး ကမ္ဘာဦးသစ်ပင်အတွင်းရှိ အသက်ဓာတ်က ဤတောင်တန်းများတစ်လျှောက် မွှေးပျံ့သင်းကြိုင်သော ပန်းပွင့်များနှင့် ထူထဲအုံ့ဆိုင်းသော တောအုပ်များ ပေါက်ရောက်လာစေသည်။
ဤမြင်ကွင်းက အမိကမ္ဘာမြေ၏ စွမ်းအားကို ပြသနေခြင်းဖြစ်သော်လည်း အမိကမ္ဘာမြေက ထိန်းချုပ်နေခြင်းမဟုတ်ဘဲ၊ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က ထိန်းချုပ်နေလေသည်။
ကောင်းကင်နတ်အရှင်ယွီက လမ်းလျှောက်လာပြီး ကောင်းကင်နတ်ဘုံ၏ နတ်မင်းလေးပါးထံ ပြောသည်။ “မင်းတို့အားလုံး ပြန်လို့ရပြီ... သူက ယိုတုသားတော် မဟုတ်တော့ဘူး”
ချီရှားယွီနှင့် ကျန်ရှိသူများ မှင်သက်သွားကြသည်။
ကောင်းကင်ယင်သားတော်က ပြော၏။ “ဒီလူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သူရဲကောင်းသုံးယောက်ထဲက တစ်ယောက်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ နာမည်ကြီးလောကသခင်ခန္ဓာ၊ ခိုင်ဧကရာဇ်ခေတ်၏ လက်ကျန်လူတစ်ယောက်ပဲ ... သူ့ကို အရှင်ထားလို့ မဖြစ်ဘူး”
ကောင်းကင်နတ်အရှင်ယွီက သူ့ကို ကြည့်၍ မဲ့သလို ပြုံးလိုက်သည်။ “ယင်ချောင်ကျင့်၊ သူက ကောင်းကင်နတ်အရှင်မူလည်း ဟုတ်တယ်”
ကောင်းကင်ယင်သားတော် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သွေးဆုပ်ဖြူလျော်သွားသည်။
ကောင်းကင်နတ်အရှင်ယွီက မှင်သေသေ ဆက်ပြော၏။ “ကောင်းကင်နတ်အရှင်မူရဲ့ ကောင်းမှုတွေက ပြိုင်ဘက်ကင်းပါပေတယ်... နဂါးသွဲ့ရေကန်မှာ သင်ကြားမှုတွေ ပို့ချပေးခဲ့ပြီး အနာဂတ်မျိုးဆက်တွေကို တိုးတက်လာစေခဲ့တယ်... သူ့ကို သတ်နိုင်တဲ့အရည်အချင်း ဘယ်သူ့မှာရှိမှာလဲ... မင်း သူ့ကို သတ်လိုက်ရင် အရှက်ကွဲလိမ့်မယ်... အခုတော့ နောက်ဆုတ်ထားလိုက်... သူက အသုံးမကျတော့ဘူး.. ဝိညာဉ်မရှိဘဲ ၊ အသွေးအသားပဲ ရှိနေမှတော့ သူက လောကသခင်ခန္ဓာ မဟုတ်တော့ဘူး”
ကောင်းကင်ယင်သားတော် ငေးငိုင်သွားသည်။
သူ့မှာ ချင်မူ့ကို အသေအချာကြည့်ချင်သော်လည်း အပြစ်ရှိသလို ခံစားနေရ၍ မျက်ခုံးချင်းပင် မဆုံရဲပေ။ ကောင်းကင်ယင်သားတော်သည် ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်၊ ကောင်းကင်နတ်ဘုံ၏ အဟူရာနတ်မင်း ဖြစ်သည့်အလျောက် မင်တုကို အုပ်စိုး၏။ သို့သော် ချင်မူနှင့် မျက်လုံးချင်းဆုံလိုက်တိုင်း လွန်ခဲ့သောနှစ်တစ်သန်းတုန်းက အဖြစ်အပျက်ကို ပြန်မတွေးမိဘဲ မနေပေ။
အခြားတစ်ဖက်တွင် ချင်မူသည် တည်ငြိမ်အေးဆေးနေ၏။
ရှေးဟောင်းနတ်ဧကရာဇ် ပြောခဲ့သည့်အတိုင်း သူ့တွင် ဝိညာဉ်မရှိပေ။ ဝိညာဉ်သန္ဓေသားနှင့် ရုပ်ခန္ဓာသာ ကျန်ခဲ့သည်။
သူက ချင်ဖုန်းကျင့် ချိတ်ပိတ်ခံရပြီးနောက် မွေးဖွားလာသော အသိစိတ်အလျဉ် ဖြစ်သည်။ ဒဲ့ပြောရလျှင် သူ၏ခန္ဓာကိုယ်ကပင် သူ့အပိုင်မဟုတ်။ ချင်ဖုန်းကျင့်၏ ခန္ဓာကိုယ် ဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံး မိဘမဲ့တစ်ယောက်သာ ဖြစ်ခဲ့သည်။
လွန်ခဲ့တဲ့ ၃၂ နှစ်တုန်းက ညတွင် အဘွားစစ်သည် မြစ်ရေစီးနှင့်အတူ မျောလာသော ခြင်းထဲမှ သူ့ကို ဆယ်ယူခဲ့၏။ ထိုအချိန်မှစ၍ သူ၏အသိစိတ်အလျဉ် မွေးဖွားလာခဲ့သည်။
ချင်မူ ဆိုသည့် နာမည်မှာ ရွာလူကြီး ပေးထားသော နာမည်ဖြစ်သည်။
ကောင်းကင်ယင်သားတော် လှည့်ပြန်သွားသည်။ ဇာမဏီနတ်မင်းချီရှားယွီက ချင်မူ့ကို အတန်ကြာကြည့်ပြီးနောက် ပျံထွက်သွား၏။
“ကောင်းကင်နတ်အရှင်မူလား၊ လောကသခင်ခန္ဓာချင်လား”
အစိမ်းနတ်မင်းနှင့် အဖြူနတ်မင်းက ခေါင်းယမ်းကာ ထွက်သွားကြ၏။ “သူက အသုံးမဝင်တော့ဘူး”
ကောင်းကင်နတ်အရှင်ယွီက ချင်မူ့ကို လက်ဝါးထဲတွင် သယ်၍ ဘယ်ကြည့်ညာကြည့်ရင်း ခေါင်းယမ်းသည်။ “မင်းက ဝိညာဉ်မရှိတော့ဘဲ ငါ့ရုပ်ခန္ဓာ ပြန်ရအောင် ဘယ်လိုကူညီမှာလဲ... ကောင်းကင်နတ်အရှင်မူ ငါ့အတွက် မင်းကို ယုံကြည်ဖို့ ခက်နေတယ်”
ချင်မူ မက်မွန်သားဆံထိုးကို သိမ်းပြီး သူ့လက်ဝါးပေါ်တွင် ထိုင်ချကာ အေးစက်စက် ပြောနေသည်။ “ကျုပ်သာ ထာဝရနတ်ဘုရားအသိစိတ်အလျဉ်ကို မရထားရင် တတိယမျက်လုံးကို ဖောက်ထုတ်လိုက်တဲ့အချိန်မှာကတည်းက အသိစိတ်အလျဉ် ပြိုကွဲသေဆုံးသွားလောက်ပြီ... အရှင်မင်းကြီး စိတ်ပူနေတာ မထူးဆန်းပါဘူး.. ဒါပေမဲ့ အရှင်မင်းကြီး လောင်းကြည့်သင့်တယ်”
ကောင်းကင်နတ်အရှင်ယွီက ပြုံး၏။ “ငါက ပုံမှန်ဆို မလောင်းတတ်ပေမယ့် မင်းနဲ့ တွေ့ပြီးနောက်ပိုင်း လောင်းတာ မှန်သွားမှန်း သဘောပေါက်ခဲ့တယ်... ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့အတွက် မင်းတို့ရဲ့ခြိမ်းခြောက်မှုတွေက ဘာမှမဟုတ်ဘူး.... မင်းတို့အောက်ဘုံရဲ့ အပြင်းထန်ဆုံးလက်နက်တွေဆိုတာ ကောင်းကင်နတ်ဘုံရဲ့ အကျိုးအမြတ်တွေကို ထိပါးရုံလောက်ပဲ ရှိတာ.... တချို့က ယိုတုကို ယူထားတယ်... တချို့က ရွှမ်တု၊ တချို့က မဟာမြို့ပျက်... တချို့က ကောင်းကင်နတ်ထောက်တိုင်လေးတိုင်ကို ရထားတယ်... ငါကတော့ ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ထဲကနေ ကမ္ဘာဦးဘုံကို ရယူထားနိုင်ပြီ... နောက်ကျ ဒီထက် ပိုရလိမ့်မယ်”
ချင်မူမှာ အသက်ရှူရပ်တန့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ပြုံးလိုက်သည်။ “အရှင်မင်းကြီးလက်ထဲမှာ ကမ္ဘာဦးဘုံ ရှိသွားပြီဆိုတော့... ထာဝရငြိမ်းချမ်းရေးအင်ပါယာက...”
“ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မဖျက်စီးပါဘူး ... မင်းကို ကတိပေးထားသားပဲ”
ကောင်းကင်နတ်အရှင်ယွီသည် အတန်ငယ် ပြုံးနေ၏။ “ငါက စကားတည်ပါတယ်... ပြောပြီးစကား ပြန်မရုတ်သိမ်းဘူး.. ကမ္ဘာဦးဘုံရဲ့ အင်အားတွေက တစ်စုနဲ့တစ်စု ကွဲထွက်နေပြီး ရှုပ်ထွေးနေတော့ အုပ်ချုပ်ရခက်တယ်... ငါက မင်းတို့တွေ နေရာအသေးလေးတစ်နေရာ ပေးလိုက်ရုံပါပဲ... သက်ရှိသတ္တဝါတွေကို အသက်ရှင်ခွင့်ပေးထားတာက ကောင်းကင်ဘုံရဲ့ ချစ်ခြင်းမေတ္တာပဲ မဟုတ်ပေလား... ပြီးတော့ ငါက ကောင်းကင်ဘုံပဲလေ”
ချင်မူ စိတ်သက်သာရာရသွားသည်။
“ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုကို ရပ်တန့်ရမယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ သူရဲကောင်းသုံးယောက်ထဲက ခေါင်းဆောင်ကို နတ်ဘုရားစီရင်ရာစင်မြင့်ထက်မှာ သေဒဏ်ချမှတ်မယ်.... မဟုတ်ရင် ကောင်းကင်နတ်ဘုံရဲ့ အခွင့်အာဏာက ဘယ်ရောက်သွားမလဲ မဟုတ်လား”
ကောင်းကင်နတ်အရှင်ယွီက ချင်မူ့မျက်နှာကို ကြည့်၍ ပြုံး၏။ “မင်း အသက်ရှင်နိုင်တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေလည်း ရှင်သန်နိုင်တယ်... ကောင်းကင်မြေပုံအသစ်က ကမ္ဘာဦးဘုံတစ်ဘုံလုံး ခြုံလွှမ်းထားမယ်... ဒါက ငါ ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေနဲ့ ကမ္ဘာဦးဘုံကို ပေးမယ့် အနာဂတ်အသစ်ပဲ”
ချင်မူ ရင်ထဲ လေးလံလာတော့သည်။
ကောင်းကင်မြေပုံဖြင့် ခြုံလွှမ်းထားမည့် မျှော်လင့်ချက်မဲ့ အနာဂတ်တဲ့လော။
ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကို အဆုံးသတ်ရန် စတေးခံရမည်တဲ့လော။
“ကမ္ဘာဦးဘုံမှာ နှိမ်နင်းဖမ်းဆီးရမယ့် အင်အားစုတွေ ကျန်သေးတယ်... မဟာကာလ၊ ချိမင်နတ်ဘုရားသားတော်နဲ့ ဖုန်းတုတို့လို အင်အားစုတွေပေါ့”
ကောင်းကင်နတ်အရှင်ယွီသည် သူ့ကို ပြန်ချပေးပြီး ရယ်နေ၏။ “မင်းရဲ့ မိတ်ဆွေ ဟိုမှာ ရောက်နေတယ်... သူနဲ့ ပြန်လိုက်သွားချည်”
ချင်မူ သူ့ဆီသို့ အသည်းအသန် ပြေးလာနေသော ထော့ကျိုးကို မြင်လိုက်ရသည်။ သူ၏ပါးရေတွန့်နေသည့် မျက်နှာထက်တွင် ကြောက်လန့်မှု၊ စိုးရိမ်မှုတို့ အထင်းသား ပေါ်လွင်နေ၏။ သူ့မှာ ချင်မူ့ကို ပြန်ခေါ်ရန် စိတ်ပိုင်းဖြတ်ထားပြီး သတ္တိမွေးထားသကဲ့သို့ ချင်မူနှင့် ကောင်းကင်နတ်အရှင်ယွီဆီ ပြေးလာနေသည်။
ထော့ကျိုးသည် ဒုက္ခိတဘိုးဘွားကျေးရွာတွင် သတ္တိအနည်းဆုံးသူ ဖြစ်၏။ သို့သော် ချင်မူ့ကို ကယ်ရန် သူ့အသက်ကိုပင် ပေးဆပ်ရဲလေသည်။
ကောင်းကင်နတ်အရှင်ယွီက တဟားဟား ရယ်မော၍ ပျံထွက်သွားသည်။
“ဘိုးဘိုးထော့ကျိုး”
ချင်မူက လာနေသော အဘိုးကြီးအား ပြုံးပြနေသည်။ “ကျွန်တော် ဘာမှမဖြစ်ပါဘူး... ပင်ပန်းနေရုံလေးပါ”
“ဘာမှမပြောနဲ့”
ထော့ကျိုးက သူ့ကို ကျောတွင် သယ်၍ အရှေ့အရပ်သို့ အားကုန်ပြေးသည်။ သူ့ကျောမှ ရင်ဘတ်ဆီ စီးကျလာနေသော သွေးပူပူများကို ခံစားနေရပြီး ချင်မူ၏ အသက်ရှူသံမှာ အားနည်းလာနေ၏။
“ဘိုးဘိုးထော့ကျိုး၊ ကျွန်တော် မှတ်မိပါသေးတယ်.. ငယ်ငယ်တုန်းကလေ ဘွားဘွား ကျွန်တော့်ကို ရွာပြင်က လူတွေဆီ ပေးလိုက်တာ ဘိုးဘိုးက ပြန်ခိုးလာတာမလား”
သွေးများက ချင်မူ့ပါးစပ်မှ တရစပ် ထွက်လာနေပြီး သူ့အသံမှာ တိုးသထက် တိုးလာသည်။ “အစတုန်းကတော့ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေကို ကျွန်တာ် ပြန်မတွေးချင်ဘူး.. အဲဒီအချိန်တုန်းက ကျွန်တော်က ဒီခန္ဓာကိုယ်ရဲ့ အားနည်းတဲ့ အသိစိတ်အလျဉ်လေးပဲလေ... အခု ပြန်တွေးကြည့်တော့မှ... ကျွန်တာ်က ဒီခန္ဓာကိုယ်ကနေ မွေးဖွားလာတဲ့ အသိစိတ်အလျဉ်လေးပဲသိလား ဘိုးဘိုး... အသက်ကြီးလာမှပဲ တဖြည်းဖြည်း မှတ်မိလာတော့တယ်”
“ဘာမှမပြောနဲ့”
ထော့ကျိုး၏မျက်လုံးများက ပြူးကျယ်နေပြီး သူက မြန်နိုင်သမျှ မြန်မြန် ပြေးနေသည်။
“မူအာ၊ ဘာမှမပြောနဲ့ကွာ ဘိုးဘိုး မင်းကို ဆေးဆရာဆီ ခေါ်သွားပေးပါ့မယ်... ဆေးဆရာ ၊ လီးလိုပဲ မင်း ဘာလို့ ဒီမှာ ရှိမနေတာတုန်းဟ... ငါပြေးတာ နှေးလွန်းတယ်”
သူ အသားကုန်ပြေးနေပြီး သွေးအန်ချင်လာသည့်တိုင်အောင် ပင်ပန်းလာသည်။ သူ့ကျောပေါ်ရှိ ချင်မူမှာ တိတ်ဆိတ်ငြိမ်သက်နေသဖြင့် ထော့ကျိုး စိတ်ပူလာသည်။ “မူအာ၊ ဘိုးဘိုးကို စကားပြောဦးလေ.. အိပ်မနေနဲ့နော် မူအာ”
ချင်မူက မျက်လုံးဖွင့်၍ အရှေ့သို့ ငေးငေးငိုင်ငိုင် ကြည့်နေသည်။ နဂါးစာကလေးတစ်ကောင်က ကောင်းကင်ကို ခွင်း၍ တရှိန်ထိုး ပျံသန်းလာ၏။ ယန်ချီလင်းက နဂါးချီနှင့်အတူ နဂါးစာကလေး ယန်အာ၏ ကျောပေါ်တွင် ရပ်နေလေသည်။