လက်ရည်စမ်းခြင်း
Vol. 10 Ch. 7
“သေလိုက်တော့။” စစ်မြေပြင်မှာ ဧရာမတင်းပုတ်ကြီးကိုင်ထားတဲ့ ရွှေရောင်စစ်သည်တော်က သူ့ရဲ့တပ်တွေဆီကနေ ခွဲထွက်ပြီး ရန်သူ့နောက်တန်းကို ဖောက်ဝင်သွားတယ်။ အဲဒီစစ်သည်သွားနေတဲ့ လမ်းတစ်လျှောက်မှာ မျိုးနွယ်စုပေါင်းစုံက ပိုးကောင်တွေရဲ့အလောင်းတွေ စုပုံကျန်နေရစ်တယ်။ အဲဒီစစ်သည်ကတော့ မက်တယ် ပလာဒင်ပါ။
“အားလုံးသတိထားကြ၊ ပိုးစုန်းကြူးအမြောက်တွေ အဲဒီမိန်းမကို တည်ပစ်ကြ။” ပိုးစုန်းကြူးတပ်ကို အမိန့်ပေးနေတဲ့ ဓားခုတ်ကောင်ခေါင်းဆောင်က အမိန့်ပေးလိုက်တယ်။ ပိုးစုန်းကြူးတွေရဲ့ဂလင်းအမြောက်တွေက အလင်းတန်းတွေ ပလာဒင်ပေါ်ကို ကျဆင်းလာပေမဲ့ ပလာဒင်က လက်ထဲကတင်းပုတ်ကို သုံးရာ့ခြောက်ဆယ်ဒီဂရီ ဝေ့ယမ်းရင်းနဲ့ အလင်းတန်းတွေကို ခံယူလိုက်တယ်။
[False Ultimate Skill: Earthbreaker]
ပလာဒင်ရဲ့လက်ထဲက တင်းပုတ်မှာရှိတဲ့ စွမ်းအင်ဘားတန်းခုနစ်တန်းဖြစ်သွားပြီးတဲ့နောက်တော့ ပလာဒင်က တင်းပုတ်နဲ့မြေပြင်ကို ရိုက်ချတယ်။
ဝုန်း... ဝေါ...
နားစည်ကွဲလုမတတ် တော်လည်းသံကြီးနဲ့အတူ မြေပြင်က ရှစ်စိပ်ကွဲသွားပြီး ဧရာမပိုးစုန်းကြူးကြီးတွေ အခြေပျက်သွားတယ်။ အဲဒီနောက် ဖြစ်လာတဲ့ အရာအားလုံးက ပလာဒင်မျှော်လင့်ထားတဲ့အတိုင်းပါပဲ။
“အချိန်ကျပြီ...” ပလာဒင်က အနားက ပိုးစုန်းကြူးတစ်ကောင်ရဲ့ခေါင်းပေါ်တက်သွားပြီး နဖူးကိုရိုက်ချလိုက်တယ်။ ပိုးစုန်းကြူးရဲ့ခေါင်း ဟက်တက်ကွဲသွားပြီး လဲကျသွားတယ်။ နောက်တော့ ပလာဒင်က ထပ်ပြီး တခြားပိုးစုန်းကြူးပေါ်ကို ခုန်တက်လိုက်ပြန်ပါတယ်။
“သူ့ကိုတားကြ။” ဓားခုတ်ကောင်က သူ့ရဲ့တပ်သားတွေကို အမိန့်ပေးလိုက်တယ်။ ပိုးကောင်အုပ်တစ်အုပ်က ပလာဒင်ကိုစလိုက်ပေမဲ့ ပလာဒင်ကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ သူတို့ရဲ့တိုက်ကွက်တွေကို အသာအယာခုခံရင်း တင်းပုတ်က ဘားတန်းပြည့်လာတာကိုစောင့်ကာ မကြာခဏ တန်ပြန်တိုက်စစ်ပြန်ဆင်ပါတယ်။ တစ်ချိန်တည်းမှာပဲ ပိုးစုန်းကြူးတွေကို လိုက်သတ်နေသေးတယ်။
နောက်ဆုံးတော့ ဓားခုတ်ကောင်ကိုယ်တိုင် ဝင်တိုက်ရတဲ့အထိဖြစ်သွားလေရဲ့။
ဓားခုတ်ကောင်ရဲ့ပလာဒင်က ပထမဆုံးအကြိမ်အဖြစ် တိုက်ရိုက်တိုက်ကွက်ဖလှယ်ဖြစ်ကြတယ်။ ဓားခုတ်ကောင်က အံ့ချီးဖွယ်မြန်နှုန်းနဲ့ ပလာဒင်ရှေ့ပေါ်လာပြီး သူ့လက်ဖျံတွေနဲ့ လည်ပင်းကိုခုတ်ချပေမဲ့ ပလာဒင်က တင်းပုတ်ကို ကန့်လန့်ဖြတ်ထောင်ပြီး တားဆီးလိုက်တယ်။
ထန်း...
တင်းပုတ်က ဘားတန်းက သုံးမှတ်ပြည့်သွားပြီ။ ပလာဒင်က ဘားတန်းသုံးတန်းလုံးကိုသုံးပြီး ခွန်အားအပြည့်နဲ့ ဓားခုတ်ကောင်ကို ပြန်ရိုက်တယ်။ ရန်သူလည်း မျက်လုံးပြူးသွားပြီး ခုန်ဆုတ်တဲ့အတွက် တိုက်ရိုက်မထိခဲ့ပေမဲ့ တင်းပုတ်ကြောင့်ဖြစ်လာတဲ့ လေထုပေါက်ကွဲမှုမှာ ကြားညပ်ပါဝင်သွားပြီး အဝေးကို လွင့်စင်သွားတော့တယ်။
“မဆိုးဘူး... မဆိုးဘူး...” ဓားခုတ်ကောင်က ပြန်ထလိုက်တယ်။ သူတို့ပတ်ဝန်းကျင်မှာတော့ နှစ်ဖက်စစ်တပ်တွေက ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတုန်းပါပဲ။
“ကြောက်စရာကောင်းတဲ့ တန်ပြန်တိုက်စစ်ပဲ၊ မစ်ရှင်အဖွဲ့ရဲ့ဒုတိယအားအနည်းဆုံးဖြစ်တာတောင်မှ မင်းရဲ့စွမ်းအားက အဆင့်တူမှာ ပြိုင်ဖက်ကင်းဖြစ်နိုင်တယ်။” ဓားခုတ်ကောင်က နေရာလွဲသွားတဲ့ သူ့လက်ကို ပြန်တည့်လိုက်ရင်း ပြောတယ်။ လက်ဆစ်တွေပါ ချ်ုးနေတာမလို့ တဂျွတ်ဂျွတ်အသံတွေ ကြားနေရတယ်။
“ဒါပေမဲ့ မင်းက ဘာလို့အဲဒီလက်နက်ရဲ့စွမ်းအားကို အပြည့်မသုံးတာလဲ။ ငါ့ကို အထင်သေးတာလား။ မင်း ခုနက မြေကြီးကိုခွဲတုန်းကလည်း ခုနစ်တန်းအထိပဲ သုံးခဲ့တာ မဟုတ်လား။”
ဓားခုတ်ကောင်က ဒေါသထွက်ထွက်နဲ့ ပြောလိုက်ပြီးနေရာကနေ ပျောက်သွားတယ်။ အသံမြန်နှုန်းပြင်ပကနေပြီး ပထမဆုံးအကြိမ် စလှုပ်ရှားတာပါ။ ပလာဒင်ကလည်း သူ့အတောင်ပံတွေကို ဖြန့်လိုက်ပြီးတော့အသံမြန်နှုန်းကို ချိုးဖောက်လိုက်တယ်။
ဘုန်း...
လေထုပေါက်ကွဲသံနဲ့အတူ သူတို့နှစ်ယောက်က မြေပြင်အထက် လေထုထဲမှာ စတင်ပြီးရင်ဆိုင်မိကြတယ်။ ဓားခုတ်ကောင်က လက်နှစ်ဖက်လုံးကိုသုံးပြီးပလာဒင်ရဲ့လက်မောင်းတွေကို ဖြတ်ချဖို့လုပ်သလို ပလာဒင်ကလည်း တင်းပုတ်ကို အလျားလိုက်ထားပြီး ခုခံတယ်။
ထန်း...
ဘားတန်းက နှစ်တန်းပြည့်သွားတယ်။
ပလာဒင်က တင်းပုတ်ကိုအလယ်ကနေကိုင်ကာ လေထုကိုတောင် တုန်ခါသွားစေတဲ့ တိုက်ကွက်နှစ်ခုကို ထုတ်ဖော်ခဲ့ပေမဲ့ ဓားခုတ်ကောင်က သာသာလေးရှောင်ထွက်သွားတယ်။
“ငါပြောပြီးပြီ၊ အဲဒီလက်နက်ရဲ့စွမ်းအားအပြည့်ကို သုံးလို့။” ဓားခုတ်ကောင်က ပိုပြီးတော့ ဒေါနဲ့မာန်နဲ့လှုပ်ရှားလာတဲ့အတွက် ပလာဒင်အနေနဲ့ ခုခံရတာခက်လာတယ်။ နောက်ဆုံးတော့ တိုက်ကွက်တွေကိုခုခံကာ တန်ပြန်အားကိုသိုလှောင်ပြီး တင်းပုတ်ကနေ ခြောက်ဆင့်စွမ်းအားကို ထုတ်ဖော်လိုက်တယ်။
ဘုန်း....
တင်းပုတ်က သာမန်လူတွေမြင်ရဖို့တောင်ခက်တဲ့အရှိန်နဲ့ လေထုကိုခွင်းသွားပြီး ဓားခုတ်ကောင်ရဲ့လက်တစ်ဖက်ကို ရိုက်မိတယ်။ ဓားခုတ်ကောင်ရဲ့လက်က တစ်စစီကျိုးပဲ့သွားပြီး ခန္ဓာကိုယ်ကိုယ်တိုင်လည်း အဝေးကိုလွင့်စင်သွားတယ်။ ဒါပေမဲ့ သေဖို့ကတော့ အဝေးကြီးပါ။
“ပြန်ဆုတ်မယ်။” ပလာဒင်ဝတ်စုံထဲက ဖလေရာရဲ့စကားသံ ထွက်ပေါ်လာတယ်။ သူက ပတ်ဝန်းကျင်ကို ကြည့်နေတယ်။ ရန်သူ့တပ်မှာ ပိုးစုန်းကြူးတွေမရှိတော့ဘူးဆိုပေမဲ့ သာမန်ပိုးကောင်တွေတော့ရှိနေတုန်းပဲ။ ဓားခုတ်ကောင်ကလည်း ပြန်ထလာနေပြီ။ ဒါပေမဲ့ ဖလေရာက သူ့တင်းပုတ်ကို ကြည့်ပြီးစိုးရိမ်တာကြောင့် ပြန်ဆုတ်မိန့်ပေးလိုက်တာ။
“Counter Maceက အကန့်အသတ်ကို ရောက်နေပြီ။” ဖလေရာက တီးတိုးပြောလိုက်တယ်။ အခုဆိုရင် သူ့လက်ထဲက တင်းပုတ်က အနီရောင်သန်းနေပြီဖြစ်ပြီး မီးခိုးတွေအူထွက်နေတယ်။ အပူချိန်မြင့်တက်လာတာကြောင့် အခုလိုဖြစ်နေတာပါ။
“မီးခိုးဗုံးကိုသုံး။” ဖလေရာ့လက်အောက်ခံ တပ်မှူးတစ်ယောက်က အမိန့်ပေးလိုက်တယ်။ မကြာခင်မှာပဲ စစ်မြေပြင်ကို မီးခိုးဖြူဖြူတွေဖုံးအုပ်သွားပြီးတဲ့နောက် လူသားစစ်တပ်က နေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။
...
“စိတ်တိုဖို့ကောင်းလိုက်တာ...” နယူးယောက်စစ်ပွဲကွပ်ကဲရေးစင်တာကနေ ဖလေရာပြန်ထွက်လာပါတယ်။ အခုပဲ မနက်ကတိုက်ပွဲနဲ့ပတ်သက်တဲ့ ကိစ္စတွေကို စစ်ရုံးချုပ်ဆီ အစီအရင်ခံလို့ပြီးတာ။
သူက ပလာဒင်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပေမဲ့ ခေါင်းစွပ်ကိုတော့ ချွတ်ထားပါတယ်။ ကျောပေါ်မှာတော့ အပူချိန်လွန်ကဲတဲ့အခြေအနေကနေ လွတ်မြောက်လာပြီဖြစ်တဲ့ တင်းပုတ်ကို လွယ်ထားတယ်။
“ဘယ်လိုနည်းလမ်းနဲ့မှ သူတို့အကူအညီမပါဘဲ ရန်သူတွေကို အနိုင်ယူနိုင်မယ့်လက်နက်မျိုး ဖန်တီးနိုင်မှာလဲ။” ဖလေရာက သူ့ခေါင်းကို ဆုပ်ကိုင်ရင်းနဲ့ ခေါင်းကိုခါယမ်းလိုက်မိတယ်။
“အဲဒီလောက် မျက်မှောင်ကြုတ်နေရင်း မျက်နှာပေါ်မှာ အရေးအကြောင်းတွေ ပိုများလာလိမ့်မယ်နော်။”
ရုတ်တရက် ရင်းနှီးနေသူတစ်ယောက်ရဲ့စကားသံကို ကြားလိုက်ရတာကြောင့် ဖလေရာမော့ကြည့်တော့ ငြိမ်ဝပ်ပိပြားရေးအရာရှိဝတ်စုံကို ဝတ်ထားပြီးလက်ထဲမှာ ဝက်စင်းကောကော်ပြန့်လိပ်ကိုကိုင်စားနေတဲ့ လင်ဒါကို တွေ့လိုက်ရတယ်။
“အရာရှိ၊ ကျွန်တော့်ကိုထားပြီးတော့ ရှေ့ကနေ တအားမြန်မြန်မသွားပါနဲ့။” လင်ဒါရဲ့နောက်မြီးဆွဲလေး ဆိုင်းရပ်က အထုတ်အပိုးတွေနဲ့အတူ နောက်ကနေ ပြေးလိုက်လာတယ်။
“ငါက မြန်တာမဟုတ်ပါဘူး၊ နင်ကကို အားနည်းလွန်းလို့ နောက်မှာကျန်ခဲ့တာပါ။” လင်ဒါက ခါးထောက်ပြီး ဆိုင်းရပ်ကို ဆူလိုက်တယ်။ ဆိုင်းရပ်ကတော့ နေစရာနေရာတောင် မရှိတော့ဘူး။
“လင်ဒါ၊ စစ်ရုံးချုပ်နားမှာ ဘာလုပ်နေတာလဲ။”
“မသင်္ကာစရာလူရှိမရှိ လိုက်စစ်နေတာလေ။ အခုတလော ပိုးကောင်စပိုင်ကိစ္စကို ရဲဌာနနဲ့ငြိမ်ဝပ်ပိပြားရေးအရာရှိတွေ ကိုင်နေရတယ်။”
“အဲဒီလိုလား။” စကားတချို့ ဖလှယ်ပြီးတဲ့နောက်မှာတော့ ဒီအမျိုးသမီးနှစ်ယောက်ရဲ့စကားဝိုင်းက သဘာဝမကျစွာ တိတ်ဆိတ်သွားလေရဲ့။ အတန်ကြာမှ ဖလေရာက သတိပြန်ဝင်လာပြီး လင်ဒါရဲ့အင်္ကျီလက်ကို ဖမ်းဆွဲလိုက်တယ်။
“ဟုတ်သားပဲ၊ ငါနင့်ကို တောင်းဆိုစရာရှိတယ်။”
“ဘာ...”
...
အခုဆိုရင် လင်ဒါနဲ့ဖလေရာတို့က ပလာဒင်လုပ်ငန်းစုရဲ့စမ်းသပ်ခန်းထဲမှာ ရောက်နေကြပြီ။ လုပ်ငန်းစုရဲ့အင်ဂျင်နီယာချုပ်ဆိုတဲ့လူကြီးနဲ့ တခြားပညာရှင်တွေကလည်း ထိန်းချုပ်ခန်းထဲကနေပြီး စမ်းသပ်ခန်းထဲမှာ အတူတူရပ်နေတဲ့ အမျိုးသမီးနှစ်ယောက်ကို စောင့်ကြည့်နေကြတယ်။ သူတို့နဲ့အတူ ဆိုင်းရပ်လည်းရပ်နေသေးတယ်။
“ဖလေရာ၊ အသေးစိတ်တော့ ငါနားမလည်ပေမဲ့ နင်က ငါ့ကို နင့်ရဲ့လေ့ကျင့်ဖော် ဖြစ်စေချင်တာလား။” လင်ဒါက သူ့လက်ထဲမှာ အပြာနဲ့အဖြူရောစပ်ပါဝင်တဲ့ နည်းပညာချပ်ဝတ်သေတ္တာကို ကိုင်ထားရင်းကနေ မေးလိုက်တယ်။ သူနဲ့မျက်နှာချင်းဆိုင်မှာ ရပ်နေတဲ့ ဖလေရာရဲ့လက်ထဲမှာတော့ ရွှေအိုရောင်နည်းပညာသေတ္တာရှိနေတယ်။
“ငါတို့နှစ်ယောက်က မစ်ရှင်အဖွဲ့ထဲမှာ အဆင့်တူတွေပဲ။ ဒီတော့ နင်က ငါ့ရဲ့လေ့ကျင့်ဖော်ဖြစ်ဖို့ အကောင်းဆုံးရွေးချယ်မှုပဲ။” ဖလေရာက နည်းပညာဝတ်စုံကို ဖွင့်ဖို့အသင့်ပြင်ရင်း ပြောလိုက်တယ်။
လင်ဒါကလည်း သူ့ပြိုင်ဖက်ကိုကြည့်ရင်း ပြုံးလိုက်ကာ သူ့ချပ်ဝတ်သေတ္တာကို ဆွဲမြှောက်လိုက်ပါတယ်။
“ဒါပေမဲ့ ငါ့မှာပြောစရာရှိတယ် ဖလေရာ၊ ငါက အရင်လို အားမနည်းတော့ဘူးနော်။”
နှစ်ယောက်လုံးက စကားဆုံးတာနဲ့ သေတ္တာတွေကို ဆွဲဖွင့်လိုက်တယ်။ ဝတ်စုံအစိတ်အပိုင်းတွေက သူတို့ပိုင်ရှင်တွေရဲ့ခန္ဓာကိုယ်မှာ အလျင်အမြန်လာကပ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ ဝတ်စုံပြည့်ဖြစ်သွားတယ်။ ဘယ်ဘက်ထောင့်မှာတော့ အပြာနဲ့အဖြူရောင်ရဲပုံစံဒီဇိုင်းရှိပြီး ဒိုင်းနဲ့ကျိုင်းတုတ်၊ ခြောက်လုံးပြူးတို့ကို ကိုင်ဆောင်ထားတဲ့ Sheriffက ရပ်နေတယ်။ ညာဖက်ထောင့်မှာတော့ တင်းပုတ်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး အသင့်ပြင်ထားတဲ့ ရွှေအိုရောင် Metal Paladin ရှိနေပါတယ်။
“စတိုက်လို့ရပြီ။” အင်ဂျင်နီယာချုပ်က ပြောလိုက်တာနဲ့ နှစ်ယောက်လုံးက အသင့်နေရာယူထားရာကနေ ခန္ဓာကိုယ်ကိုကွေးညွှတ်ပြီး တစ်ယောက်ဆီကို တစ်ယောက် ပြေးဝင်လာကြတယ်။
ဘုန်း...
နည်းပညာချပ်ဝတ်နှစ်ခုက စမ်းသပ်ခန်းရဲ့အလယ်မှာ လာဆုံမိကြတယ်။ သူတို့ခန္ဓာကိုယ်ချင်း တိုက်မိရုံနဲ့တင် စမ်းသပ်ခန်းတစ်ခုလုံး တုန်ခါသွားပါတယ်။ ပုံမှန်ကြမ်းခင်းတွေသာဆိုရင် ပျက်စီးကုန်လောက်ပြီဆိုပေမဲ့ လက်ရှိပလာဒင်စမ်းသပ်ခန်းရဲ့ကြမ်းခင်းတွေနဲ့နံရံတွေက အထူးသတ္တုစပ်တစ်မျိုးနဲ့လုပ်ထားပြီး အကြမ်းခံတာကြောင့် တုန်ခါရုံသာ တုန်ခါသွားတာပါ။
“ဘယ်ဆိုးလို့လဲ ဖလေရာ၊ နင်က လူ့ပေါ်ကြော့သူဌေးမလေး မဟုတ်တော့ဘူးပဲ။” ဖလေရာရဲ့တင်းပုတ်ကို ဒိုင်းနဲ့လမ်းကြောင်းလွဲထားပြီး ကျိုင်းတုတ်နဲ့ဖလေရာကိုရိုက်ဖို့ ဟန်ပြင်ထားတဲ့ လင်ဒါက ပြောလိုက်တယ်။
“နင်လည်းအတော်တိုးတက်လာသားပဲ၊ ရဲမေမ။” ဖလေရာကတော့ လင်ဒါရဲ့ကျိုင်းတုတ်ကို လက်တစ်ဖက်နဲ့တားထားရင်း ပြောလိုက်တယ်။
“ဒါပေမဲ့ အရင်လိုပဲ အားနည်းနေတုန်းပဲ။” လင်ဒါက သွားကြားထဲကနေ ထွက်လာတဲ့လေသံနဲ့ပြောလိုက်ရင်း ကျိုင်းတုတ်ရဲ့လျှပ်စစ်စွမ်းအားကို ထုတ်ဖော်လိုက်တယ်။
ဂျစ်ဂျစ်ဂျစ်...
အပြာရောင်လျှပ်စီးတန်းတွေက ပလာဒင်ချပ်ဝတ်ပေါ်ဖြတ်ပြေးနေပြီး စမ်းသပ်ခန်းတစ်ခုလုံးက လျှပ်စီးတွေကြောင့် တောက်ပနေပေမဲ့ ဖလေရာကတော့ တုန်လှုပ်မနေပါဘူး။
“ကျင်စက်ကလေးနဲ့ ငါ့ကိုအဆုံးသတ်နိုင်မယ်ထင်နေတာလား။” ပလာဒင်က သူ့ခြေထောက်ကိုမြှောက်ပြီး လင်ဒါကို ကန်ထုတ်တယ်။ Sheriffက ခပ်ဝေးဝေးကိုရောက်သွားပြီး ပြန်တိုက်စစ်ဆင်ဖို့လုပ်ပေမဲ့ ဘားတန်းနှစ်ခုလင်းနေတဲ့ တင်းပုတ်ကိုကိုင်ထားတဲ့ ပလာဒင်က ပြေးဝင်လာတယ်။
“သေလိုက်ပါတော့လား။” ပလာဒင်က Sheriffရဲ့ရင်ဝကို အော်ဟစ်ရင်းရိုက်ချလိုက်တယ်။ ပလာဒင်က ဘေးကို ကျွမ်းလှိမ့်ထိုးပြီးရှောင်လို့ တိုက်ရိုက်ထိမယ့်ဘေးကနေ လွတ်သွားပေမဲ့ တင်းပုတ်က ကြမ်းခင်းကိုထိပြီး ဘေးပတ်ဝန်းကျင်လေထုကို တစ်ခဏသိပ်သည်းသွားစေကာ စက္ကန့်ပိုင်းအတွင်း ထပေါက်စေတာကြောင့် Sheriffလည်း အနားကနံရံကိုကျောနဲ့ဝင်ဆောင့်တဲ့အထိ ဖြစ်သွားတယ်။
“ဒါက စစ်မြေပြင်မှာ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Counter Maceရဲ့စွမ်းအားလား။” လင်ဒါက သူနစ်ဝင်နေတဲ့ စမ်းသပ်ခန်းနံရံကနေပြီး ပြန်ထွက်လာပါတယ်။ နံရံမှာ လူတစ်ယောက်နစ်ဝင်နေတဲ့အရာကြီး ကျန်ရစ်ခဲ့ပေမဲ့ Sheriffကတော့ ဘယ်လိုမှမနေသလိုပဲ။
အဲဒီအစား ပြန်ထနိုင်တာနဲ့ အလျင်အမြန်လှုပ်ရှားပြီးတော့ ကျိုင်းတုတ်ကိုပစ်ချကာ ပေါင်မှာချိတ်ထားတဲ့ သေနတ်ကို ဖြုတ်ယူပြီး ပလာဒင်ကိုပစ်လိုက်တယ်။ ရုတ်တရက်ဖြစ်တာကြောင့် ဖလေရာလည်း ရှောင်ဖို့မဖြစ်နိုင်မှန်းသိပြီး လက်ကိုမြှောက်လိုက်ပါတယ်။ သူ့လက်ကောက်ဝတ်က အကာအကွယ်အသက်ဝင်လာပြီး အလင်းဒြပ်စင်ဒိုင်းပွင့်လာတယ်။ ဒါပေမဲ့...
ခလွမ်း...
အလင်းဒြပ်စင်ဒိုင်းက လင်ဒါရဲ့သေနတ်ကျည်ကြောင့် ဖန်ခွက်လိုမျိုးကွဲထွက်သွားပြီး ကျည်ဆန်က ပလာဒင်ရဲ့ပခုံးကို လာရှပ်မှန်တယ်။
ထိန်...
ချပ်ဝတ်ရဲ့ပခုံးက ပွင့်ထွက်သွားပြီး ရှော့ဖြစ်ကာ မီးပွားတွေပန်းထွက်လာတယ်။ ဖလေရာလန့်သွားတုန်း Sheriffကတော့ ပြေးထွက်လာပြီး ခြေထောက်ကိုမြှောက်ကာ ပလာဒင်ရဲ့မျက်နှာကို ချိန်ပြီးကန်ပါတယ်။ ဒါပေမဲ့ ပလာဒင်ကလည်း ပြန်သတိဝင်လာပြီမလို့ အတောင်ကိုဖြန့်ကာ နောက်ဆုတ်ရှောင်လိုက်ပါတယ်။
“ပြေးဖို့မစဥ်းစားနဲ့။” Sheriffကတော့ သေနတ်ကို ပေါင်မှာပြန်ချိတ်ရင်း ကျိုင်းတုတ်ကို ခြေထောက်နဲ့ လေပေါ်ကန်လိုက်ကာ လက်နဲ့ဖမ်းယူရင်း ပလာဒင်နောက်ကို ပျံပြီးလိုက်တယ်။
စစ်သည်တော်နှစ်ယောက်ရဲ့တိုက်ပွဲက လေထုထဲမှာ ရှေ့ဆက်နေပြီးတော့ တိုက်ကွက်ပေါင်းများစွာကို ဖလှယ်ဖြစ်ကြတယ်။ နောက်ဆုံးတော့ တစ်ယောက်ရင်ဘက်ကိုတစ်ယောက် ကန်နိုင်သွားပြီး နှစ်ဖက်လုံး မြေပေါ်ကို ပြုတ်ကျလာလေရဲ့။
“အဲဒီသေနတ်က Viper One ပေါ့။ နင်သာတကယ်ပစ်ရင် ငါ့ကိုသတ်နိုင်လောက်တယ်။” ဖလေရာက ပြန်ထလိုက်ပြီး ပြောတယ်။ တစ်ချိန်တည်းမှာပဲ သူက တင်းပုတ်ကို ကြည့်လိုက်တယ်။ စွမ်းအင်က ဘားတန်းခုနစ်တန်းပြည့်သွားပြီ။ လက်နက်ရဲ့အကန့်အသတ်ကြောင့် သူက ဘားတန်းကိုးတန်းထက််ကျော်ပြီး သုံးလို့မရဘူး။ ဒါကြောင့် သူ့မှာရှိနေတာက သူသုံးနိုင်တဲ့ အကောင်းဆုံးစွမ်းအားပဲ။
“နင့်ရဲ့Counter Maceကလည်း အတော်လေးစွမ်းသားပဲ။ ဒါပေမဲ့ အဆုံးသတ်လိုက်ရအောင်။”
လင်ဒါက ကောင်းကင်ပေါ်ပျံတက်သွားတယ်။ ဖလေရာကတော့ နောက်ကနေ လိုက်မပျံတော့ဘဲ မြေပြင်မှာပဲ တင်းပုတ်ကို တင်းတင်းဆုပ်ကိုင်ထားပြီး စောင့်နေပါတယ်။ သူတို့နှစ်ယောက်လုံးက တိုက်ကွက်တစ်ကွက်တည်းနဲ့ တစ်ယောက်ကိုယ်တစ်ယောက် အဆုံးသတ်ဖို့လုပ်နေကြတာ။
[Ultimate Skill: Hurricane Kick]
Sheriffက လေထုထဲမှာ Void Stream စွမ်းအားကုန်ဖွင့်ပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ ပလာဒင်ရဲ့ရင်ဝကိုချိန်ကန်လိုက်တယ်။ ထိမိတာနဲ့ လူထိခိုက်ဒဏ်ရာမရရင်တောင် တစ်ဖက်ရန်သူရဲ့နည်းပညာဝတ်စုံကို ဖျက်ဆီးပစ်နိုင်မှာပါ။ ဖလေရာကတော့ တင်းပုတ်ကို အားနဲ့လွှဲပြီး ဘားတန်းခုနစ်ခုလုံးရဲ့အားကို ဖော်ထုတ်လိုက်တယ်။
[False Ultimate Skill: Earthbreaker]
အားလုံးရဲ့အမြင်မှာ လင်ဒါရဲ့ခြေထောက်နဲ့ ဖလေရာရဲ့တင်းပုတ်က အချိန်မရွေးဆုံမိတော့မလို့ ထင်ရတယ်။ ဒါပေမဲ့ နောက်ဆုံးစက္ကန့်မှာပဲ လင်ဒါကရုတ်တရက်လမ်းကြောင်းပြောင်းသွားပြီး ဖလေရာရဲ့တင်းပုတ်ရိုက်ချက်က Sheriffကိုမထိဘဲ ချော်ထွက်သွားတယ်။ အဲဒီအစား လေထုထဲမှာပဲ စွမ်းအားတွေပေါက်ထွက်ကာ အဲဒီပေါက်ကွဲမှုကြောင့် စမ်းသပ်ခန်းနံရံတွေ ပျက်စီးကုန်ပါတယ်။
လင်ဒါရဲ့ကန်ချက်က အယောင်ပြရုံသက်သက်ပါပဲ။Sheriffက ဖလေရာ့တိုက်ကွက်ကနေ သီသီလေးကပ်လွတ်သွားပြီး တင်းပုတ်က လင်ဒါရဲ့ခေါင်းပေါ် လက်မအနည်းငယ်သာကွာပေမဲ့ မထိတာကတော့ မထိတာပါပဲ။ လင်ဒါက ဖလေရာရဲ့ရှေ့မှာ ဒူးကိုကွေးညွှတ်လိုက်ပြီး ဒိုင်းကိုကိုင်မြှောက်လိုက်ပါပြီ။ နောက်တော့ Void Stream စွမ်းအားကုန်ကိုထုတ်ဖော်ပြီး ဖလေရာရဲ့မျက်နှာကို ရိုက်ချလိုက်တယ်။
ဖောင်း....
ဖလေရာရဲ့လက်ထဲက တင်းပုတ်လွတ်ကျသွားပြီး လူကတော့ ဖင်ထိုင်လျက်လဲကျသွားတယ်။ ဖလေရာက ဆက်မတိုက်နိုင်တော့တာကြောင့် နည်းပညာချပ်ဝတ်ကို ဖြုတ်လိုက်ပြီး အသက်ကိုဝဝရှုပါတယ်။ လင်ဒါကလည်း တိုက်နေတာကိုရပ်ကာ သူ့နည်းပညာချပ်ဝတ်ကိုချွတ်ကာ သေတ္တာအဖြစ် ပြန်ပြောင်းထားလိုက်တယ်။
တစ်ချိန်တည်းမှာပဲ စိုးရိမ်နေတဲ့ အင်ဂျင်နီယာချုပ်နဲ့ဆိုင်းရပ်တို့က တိုက်ပွဲဖြစ်ခဲ့တဲ့ စမ်းသပ်ခန်းထဲ ဝင်လာပါတယ်။
“အမှုဆောင်ချုပ်...”
“အရာရှိ၊ ခုနက တိုက်ကွက်အရှိန်ကြောင့် ထိခိုက်သွားသေးလား။”
သူတို့နှစ်ယောက်က လင်ဒါနဲ့ဖလေရာကို စစ်ဆေးကြည့်ပြီး ဘာမှမထိခိုက်တာမြင်မှ သက်ပြင်းချနိုင်တော့တာ။ ဖလေရာကတော့ သူ့ရဲ့ကောက်ကွေးနေတဲ့ တင်းပုတ်ကိုကြည့်ပြီး စိတ်ပျက်ပျက်နဲ့ပြောပါတယ်။
“ပြင်လို့တော့ ရဦးမယ့်ပုံပဲ။ ထိန်းသိမ်းရေးဌာနကို ပို့လိုက်။”
“ဟုတ်။” အင်ဂျင်နီယာချုပ်က အမိန့်အတိုင်း ဖလေရာရဲ့လက်နက်ကို သိမ်းယူသွားတယ်။ လင်ဒါက ပျက်စီးနေတဲ့လက်နက်နဲ့ အပေါက်ကြီးဖြစ်သွားတဲ့ စမ်းသပ်ခန်းနံရံကိုကြည့်ရင်း ပြောလိုက်တယ်။
“ခုနက တိုက်ကွက်က အသင့်မဖြစ်သေးဘူးမဟုတ်လား။ အသင့်ဖြစ်သွားရင် နင်ငါ့ကို တစ်ချက်တည်းနဲ့သတ်နိုင်လောက်တယ်။” ပြောနေရင်းတန်းလန်းမှာပဲ လင်ဒါက ဖလေရာကို လက်ကမ်းပေးလိုက်ပါတယ်။ ဖလေရာက တစ်ခဏတော့ ကြောင်အနေပေမဲ့ အဲဒီလက်ကိုဆွဲပြီး ထလိုက်ပါတယ်။
“အေး၊ လက်နက်ရဲ့အားနည်းချက်ဆိုပါတော့။ အဲဒီမိန်းကလေးကို ကာကွယ်ဖို့ဆိုရင် ငါသန်မာလာမှ ဖြစ်တော့မှာလေ။”
ဖလေရာရဲ့စကားကိုကြားတော့ လင်ဒါလည်း ခေါင်းညိတ်လိုက်ပါပြီ။ သူကိုယ်တိုင်လည်း တခြားသူတွေနောက်မှာ ပြတ်မကျန်ချင်ဘူး။
“ပြဿနာက ငါတို့မှာ Booster Formတွေမရှိသလို ဘာဝှက်ဖဲမှမရှိဘူး။”
“ငါနဲ့တိုက်တုန်းက နင့်မြူတန့်စွမ်းအားကို ထုတ်မသုံးခဲ့ဘူးမဟုတ်လား။ လင်ဒါ၊ နင်လည်း ငါ့ထက်သန်မာသွားပြန်ပြီပဲ။”
“မဟုတ်ပါဘူး၊ နင့်ကို ငါက အယောင်ပြတိုက်ကွက်ကြောင့် နိုင်ခဲ့တာပါ။”