← Chapters

ဘယ်သူကမြေဆီအိတ်လဲ (ဒုတိယပိုင်း)

Vol. 27 Ch. 3.147

ဘယ်သူကမြေဆီအိတ်လဲ (ဒုတိယပိုင်း)

Vol. 27 Ch. 3.147

"အိုး? အဲ့လိုကိစ္စလည်း ရှိသေးတယ်ပေါ့??"

ကြေးဝါမျက်နှာဖုံးနှင့် အဘိုးအိုသည် ဤတပည့်ကို ကာကွယ်နေသော်လည်း သူနောက်သို့ အနီးကပ် မလိုက်လာခဲ့ချေ။ ထို့ကြောင့် လုရွှမ်က လျိုယွင်ထန်းကို ထွက်သွားရန် ပြောသောအခါတွင် သူမရှိခဲ့ပေ။ အဲဒီလို ဇာတ်လမ်းမျိုး ဖြစ်ခဲ့တာလည်း မသိခဲ့။

"ဟုတ်ပါတယ်.... အဲဒီကောင်လေးက အရမ်းမာနကြီးတယ်... သူက နေရာ သေးသေးလေးကနေ လာပြီး လောကကြီးကို တစ်ခါမှ မမြင်ဖူးဘူး.... တကယ့် သန်မာတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူးလေ"

ဆရာက စိတ်ဝင်တစား ဖြစ်နေတာကို မြင်တဲ့အခါ မင်းသားချန်ရှင်းသည် ယခင် အဖြစ်အပျက်များကို အလျင်စလို ပြန်ပြောလိုက်သည်။

"လျိုယွင်ထန်းကို နှင်ထုတ်တယ်ပေါ့? ဟားဟား ဒီကလေးက သေခြင်းတရားကို ကိုယ်တိုင် ရှာနေတာပဲကွ!"

သူပြောတာကို ကြားတော့ ကြေးဝါမျက်နှာဖုံးနဲ့ အဖိုးအိုက မျက်လုံးပြူးသွားပြီး စိတ်လှုပ်ရှားစွာနဲ့ ထပ်ဆိုလိုက်သည်။

"ဒီကိစ္စကြောင့် မင်းရဲ့ကိစ္စတွေကို ကိုင်တွယ်ရ ပိုလွယ်လာလိမ့်မယ်.... အဲဒီအချိန်ရောက်ရင် ငါလျိုယွင်ထန်းကို ဒီကိုခေါ်လာမယ်.... မင်း ဒူးထောက်ပြီး မင်းအမှားကို ဝန်ခံလိုက် ပြီးရင် မီးတောက်ကို ဖယ်ရှားပြီး အဲဒီကလေးနဲ့ပတ်သတ်ပြီး မကောင်းမှုတချို့ကို ပြောလိုက်မယ်... လျိုယွင်ထန်းက သူ့ကို လွှတ်မထားမှာ သေချာတယ်! ကောင်းကောင်း မထိန်းနိုင်ရင် အခုဆို အသတ်ခံရလောက်ပြီ!"

လူတစ်ဦး၏ နောက်ခံက မည်သို့ပင် ဖြစ်စေကာမူ သေမျိုး အသွင်ကူးပြောင်းခြင်း နယ်ပယ်၏ အဆင့်၈ ဂုဏ်သိက္ခာသည် ခွန်အားတစ်ခုတည်းကို အခြေခံ၍ စော်ကားလို့ မရပေ။

"ဟုတ်တယ်!"

မင်းသားချန်ရှင်းကလည်း အားရပါးရ ခေါင်းညိတ် သဘောတူပြီး သူ့မျက်လုံးများက တောက်ပလာ၏။

"လျိုယွင်ထန်းရဲ့ အာရုံကို ဆွဲဆောင်နိုင်ပြီး လျိုမိသားစု ပါလာဖို့ ဒီအခွင့်အရေးကို ရအောင်ယူရမယ်.... ဒီအခြေအနေမှာ ဆေးဥယျာဉ်နဲ့ ဆက်ဆံရေး ပျက်သွားရင်တောင် ဘာဖြစ်လဲ? လျိုမိသားစုက ငါ့နောက်မှာ ရပ်နေရင် ပေရွှီးအင်ပါယာရဲ့ အိမ်ရှေ့မင်းသား နေရာက ငါ့အတွက်ပဲ!"

ထိုအကြောင်းကို သူပိုတွေးလေ ပိုစိတ်လှုပ်ရှားလာလေပင်။ မင်းသား ချန်ရှင်းဟာ အသံကျယ်ကျယ်နဲ့ ထပ်ပြောခါနီးမှာ သူ့ရှေ့မှာ ရုတ်တရက် ယန့်ဖုံးက ပေါ်လာ၏။

ဤအခိုက်အတန့်တွင် ယန့်ဖုံးသည် သူ့အရင်က မာနထောင်လွှားမှုများ ပျောက်ကွယ်သွားကာ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလိုပင် သူ့တစ်ကိုယ်လုံး တုန်လှုပ်လျက်ရှိသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇ စွမ်းအားရှင်အား ထိုသို့သော အခြေအနေသို့ ကြောက်ရွံ့စေသည်မှာ ကြီးမားသော ကိစ္စတစ်ခု ဖြစ်ရမည်။

"ဘာကိစ္စရှိလို့လဲ? ဘာတွေ ထိတ်လန့်တကြား ဖြစ်လာတာလဲ? လျိုယွင်ထန်း လိုက်လာလို့လား... မကြောက်ပါနဲ့ သူက ငါ့ရဲ့ ပြိုင်ဘက် မဟုတ်သေးဘူး ဒါကြောင့် ဒီကို သိမ်းကျုံးပြီး မလာရဲဘူး!"

သူ့အသွင်အပြင်ကို မြင်တော့ ကြေးဝါမျက်နှာဖုံးနဲ့ အဖိုးအိုက သူ့လက်ကို ပေါ့ပေါ့ဆဆ ဝှေ့ယမ်းလိုက်၏။

လျိုယွင်ထန်းသည် အားကောင်းသည့် နောက်ခံရှိသော်လည်း သူ၏ အင်အားသည် မိမိလောက် မကောင်းမွန်သေးလို့ ထိတ်လန့်နေစရာ မလိုပေ။

"မဟုတ်ဘူး... လျိုယွင်ထန်း မဟုတ်ဘူး"

ယန့်ဖုံးသည် သူ့တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်သည်။ မသိနိုင်သော အကြောင်းပြချက်ကြောင့် အနည်းငယ် စိတ်လှုပ်ရှားနေပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်တော့ပေ။

"မဟုတ်ဘူး? ဒါဆို ဖန့်ဝူဆွေ့လား? သူက သေးသေးလေးပါပဲ ပြောမပြထိုက်ပါဘူး! အဲဒီလူအုပ်စုထဲမှာ နဂါးဓား အကြီးအကဲစီးထူက ရေတွက်လို့ရတဲ့ လူတစ်ယောက်ပဲ... ဒါပေမဲ့ သူငါ့ကိုရိုက်ချင်ရင် ခဏလောက် လေ့ကျင့်ဖို့ လိုသေးတယ်!"

ကြေးဝါမျက်နှာဖုံးနှင့် အဘိုးအိုက သူ့လက်ကို ဝှေ့ယမ်းကာ ခိုင်မာသော ယုံကြည်မှုကို ပြသလိုက်သည်။

"လက်ထောက်ယန့်... ခင်ဗျား ဘာပြောချင်တာလဲ? ဘာဖြစ်နေတာလဲ?"

ယန့်ဖုံး၏ စကားသည် အလျင်စလို ဖြစ်နေပြီး လေထဲတွင် လုံးဝပျောက်ကွယ် သွားသလို ရပ်တန့်သွားတာကို မြင်လိုက်ရသဖြင့် မင်းသားချန်ရှင်း မေးလိုက်ရင်း သူ့မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး တစ်စုံတစ်ခုကို သတိရသွား၏။

"ဧကန္တ... လုရွှမ်ကို အကြီးအကဲချိုက သတ်လိုက်တာလား? ခင်ဗျားဘာလို့ အရမ်း စိတ်လှုပ်ရှားနေတာလဲ?"

"စိတ်လှုပ်ရှားတာလား?"

မင်းသား ချန်ရှင်း၏ စကားကို ကြားတဲ့အခါမှာတော့ ယန့်ဖုံးသည် ခေါင်းကို အမြန်ခါလိုက်ပြီး

"မဟုတ်ဘူး... ငါစိတ်မလှုပ်ရှားဘူး... အကြီးအကဲလျိုက အသတ်ခံလိုက်ရတာ!"

"ဘာ?"

"အကြီးအကဲလျို အသတ်ခံလိုက်ရပြီ ဟုတ်လား?"

"တကယ်လား?"

ကြေးဝါမျက်နှာဖုံးနှင့် အဖိုးအိုသာမက မင်းသား ချန်ရှင်းနှင့် သခင်မဟိုင်ထန်တို့ပါ မူးမေ့လဲလုနီးပါး ဖြစ်သွားခဲ့သည်။ အကြီးအကဲလျိုက ဒီလောက်သန်မာတာကို ဘာလို့ မျက်လုံးတစ်မှိတ်အတွင်း သေသွားရတာလဲ?

လျိုမိသားစုက လူကို သတ်ဝံ့လောက်အောင် ဘယ်သူက သတ္တိရှိနေတာလဲ။

"ဘယ်သူလဲ? ဘယ်သူက လုပ်လိုက်တာလဲ? အကြီးအကဲစီးထူး? ဖန့်ဝူဆွေ့? ယွင်ပုဖန်? သူတို့မှာ အဲဒီလိုလုပ်ဖို့ သတ္တိမလောက်ရှိဘူး"

ကြေးဝါးမျက်နှာဖုံးနှင့် အဘိုးအိုက သူ့ခေါင်းထဲ ဖြစ်နိုင်ချေရှိတဲ့ နာမည်တွေကို တန်းစီကာ ပြောလိုက်သည်။

အကြီးအကဲလျိုရဲ့ နောက်ကွယ်မှာ ရှိတဲ့ အင်အားတွေကို အရင် ချန်ထားခဲ့ပြီး သူ့ရဲ့ ခွန်အား တစ်ခုတည်းကို ထည့်စဥ်းစားရင် သာမန်လူတွေ သတ်နိုင်တဲ့ အရာ မဟုတ်ပါ။ ဤလူများ ပူးပေါင်းပါက ဖြစ်နိုင်ချေ ရှိသည်။

"လုရွှမ်ပါ!"

ယန့်ဖုံးက သူကြားလာတဲ့ သတင်းကို ပါးစပ်က ထုတ်ပြောလိုက်ရပေမယ့် အခုထက်ထိ မယုံနိုင်သေးချေ။

"သူတို့က အရမ်း သတ္တိရှိနေတယ်ပေါ့... လျိုမိသားစုက ကလဲ့စားချေမှာကို မကြောက်ဘူးလား?"

ကြေးဝါမျက်နှာဖုံး အဖိုးအိုသည် အစပိုင်းတွင် ဂရုမစိုက်ဘဲ ခန့်မှန်းနေသော်လည်း ရုတ်တရက် ကြားလိုက်ရတဲ့ နာမည်တစ်ခုက သူ့မျက်လုံးများကို မြေပြင်ပေါ်သို့ ပြုတ်ကျသွားလုမတတ် အံ့အားသင့်သွားစေ၏။

"မင်းဘာပြောလိုက်တယ်? လျိုယွင်ထန်းကို ဘယ်သူက သတ်လိုက်တာ?... လုရွှမ်???"

"လုရွှမ်ပါပဲ!"

"မင်းတို့အစောက သတ်ချင်နေတဲ့ အဲဒီလုရွှမ်?? နိမ့်ကျတဲ့ နေရာကလာတဲ့ အဲဒီမြေဆီအိတ် လုရွှမ်ကို ပြောနေတာလား??"

ကြေးဝါမျက်နှာဖုံးနှင့် အဘိုးအိုမှာ မယုံနိုင်သေးချေ။ သူတင်မကဘဲ မင်းသားချန်ရှင်းရဲ့ မေးရိုးတွေတောင် ပြုတ်ကျလုမတတ် ထိတ်လန့်တုန်လှုပ်သွား၏။

"လက်ထောက်ယန့်... ဒီဟာသက သိပ်ရယ်စရာတော့ မကောင်းဘူးနော်"

"တစ်ခုခု မှားနေတာများလား? အဲဒီကလေးက စကားပြော ကောင်းတာပဲ ရှိတာ သူ့ရဲ့ တကယ့် အစွမ်းက အဓိပတိနယ်ပယ်ပဲ ရှိတာ.... သူကဘယ်လိုလုပ် အကြီးအကဲလျိုကို သတ်နိုင်မှာလဲ"

သခင်မဟိုင်ထန်လည်း တစ်ခုခု မှားနေပြီလို့ ခံစားနေရတာကြောင့် ဝင်မေးလိုက်သည်။

လုရွှမ်၏ လက်သီးချက်ကို သူမမျက်နှာနှင့် ထိပ်တိုက် တွေ့မြင်ခဲ့ရပြီး ဖြစ်သည်။ ဤလူငယ်သည် စိန်ခေါ်မှုများကို ခုန်ကျော်နိုင်သော်လည်း သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၁ လူကိုသာ တိုက်နိုင်မည် ဖြစ်သည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က လူတစ်ယောက်ကို သတ်ပစ်လိုက်တယ် ဆိုတာက ယုံနိုင်စရာပင် မရှိချေ။

"အမှန်ပဲ... ဒါပေမဲ့ သူသတ်တာ မဟုတ်ဘူး... အဲဒါက အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့ သူ့ရဲ့ ဝိညာဥ်သားရဲပဲ"

ယန့်ဖုံး၏ မျက်နှာသည် ဖျော့တော့လာကာ တံတွေကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော အဆင့်ရှိ ဝိညာဥ်သားရဲသည် သာမန်အဆင့်၈ ကျင့်ကြံသူများ အနိုင်မယူနိုင်သော ဖြစ်တည်မှုမျိုး ဖြစ်သည်။

"အသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ ပြီးပြည့်စုံတဲ့အဆင့်က ဝိညာဥ်သားရဲ??"

ကြေးဝါမျက်နှာဖုံးနှင့် အဖိုးအို၏ မျက်နှာသည် တင်းကျပ်လာပြီး သူ့ခန္ဓာကိုယ်သည်လည်း အလိုအလျောက် တုန်လှုပ်သွားခဲ့သည်။

ဤအစွမ်း သတ္တိရှိသော ဝိညာဥ်သားရဲ တစ်ကောင်မှ သူ့ကို သတ်ခြင်းသည် ပုရွက်ဆိတ်ကို သတ်ခြင်းထက်ပင် များစွာ အလုပ်များမည် မဟုတ်ပေ။

"ဒီအဆင့်ရဲ့ ဝိညာဥ်သားရဲ တစ်ကောင်ရှိတဲ့ လူကို နိမ့်ကျတဲ့ နေရာကလာတဲ့ မြေဆီအိတ်လို့ မင်းက ပြောချင်သေးတယ်ပေါ့??"

သူ့မျက်နှာပေါ်တွင် ရုပ်ဆိုးသော အမူအရာဖြင့် ကြေးဝါမျက်နှာဖုံးနှင့် အဖိုးအိုသည် သူ့လက်ကို နောက်ပြန်လှည့်၍ မင်းသား ချန်ရှင်းအား ပြင်းထန်စွာ ရိုက်ချလိုက်ပေသည်။

ဖုန်း!

မင်းသားချန်ရှင်း မတုံ့ပြန်နိုင်ခင် ရုတ်တရက် လေထဲကို ပစ်မြှောက်ခံလိုက်ရပြီး သစ်ပင်ကြီးတစ်ပင်ကို ပြင်းထန်စွာ တိုက်မိကာ သွေးတွေ ရွှဲရွှဲနစ်သွား၏။ လုရွှမ်ဆီ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး မသက်သာလာသေးတဲ့ ဒဏ်ရာတွေက ပိုပြင်းထန်လာတော့သည်။

"စိတ်ပျက်စရာပဲ! မင်းလို မိုက်မဲတဲ့ တပည့်ကို ဘာလို့များ လက်ခံလိုက်မိတာလဲ? သူ့နောက်မှာ သန်မာတဲ့ နောက်ခံ မရှိရင်တောင်မှ သူက ငါတို့ စော်ကားနိုင်တဲ့ အရာမဟုတ်ဘူး! မင်း ငါ့ကို သတ်ချင်နေတာလား?"

ကြေးဝါမျက်နှာဖုံးနှင့် အဘိုးအိုသည် မုန်းတီးမှုဖြင့် သွားများကို ကြိတ်ခဲလျက် ကျောပြင်တွင် ချွေးအေးများ စီးကျလာခဲ့သည်။

အခုနက ပြဿနာလုပ်ခဲ့တာ လျိုယွင်ထန်းသာ မဟုတ်ဘဲ အဲဒီကောင်လေးနဲ့ အမှန်တကယ် ပဋိပက္ခဖြစ်ခဲ့ရင် တစ်ဖက်လူက ဒီဝိညာဥ်သားရဲကို ထုတ်လာပါက သူသေချာပေါက် အသတ်ခံရမှာ သေချာပါ၏။

တွေးရင်း ဒေါသတွေက တိုးလာတော့သည်။ ဒီမင်းသား ချန်ရှင်းက သူ့ကို ဒုက္ခပေးချင်လို့များ ဒီကိုရောက်နေတာလား။

"ကျွန်တော်"

ဆရာကြီး ဒေါသမီးများ တောက်လောင်နေတာကို မြင်လိုက်ရတော့ မင်းသားချန်ရှင်း တုန်လှုပ်သွားပြီး သူ့ကိုယ်ပိုင် စုံစမ်းခဲ့တဲ့ သတင်းတွေကိုပင် သံသယဝင်လာသည်။

သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈က ပြီးပြည့်စုံသော အဆင့်ရှိ ဝိညာဥ်သားရဲ တစ်ကောင်တဲ့လား??

ယင်းယန်ကျောင်းတော်က အကာအကွယ် ပေးထားပြီး သားရဲခန်းမနဲ့ ဆေးဥယျာဥ်ရဲ့ အထောက်အပံ့ကလည်း ရှိနေသေးသည်။

လျိုယွင်ထန်းဆီမှာ ဒူးထောက်ပြီး တောင်းပန်ရတာက သိက္ခာကျတာ မဟုတ်ဘဲ ကံကောင်းနိုင်တယ်လို့ ခံစားမိခဲ့သော်လည်း ရလဒ်ကတော့ လျိုယွင်ထန်းက ပြန်အသတ်ခံလိုက်ရသည်။

လုရွှမ်က တကယ့်ကို ယုတ်ညံ့ နိမ့်ကျတဲ့နိုင်ငံမှ လူမိုက်တစ်ယောက်လား? မိမိကသာ ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးသေးတဲ့ တကယ့် ငတုံးများလား။

ဘာသာပြန် - အကယ်ဒမီကို ကျောင်းတော်လို့ ဘာသာပြန် ပေးပါဆိုလို့ ပြောင်းလိုက်ပြန်ပါပြီ။

All Chapters