ထျန်ကျွင့်နမ်
Vol. 27 Ch. 3.149
ခြေထောက် လေးချောင်းပါသော ကြေးနီကြက်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များမှ ထွက်လာသော ဝိညာဉ်သတ္တဝါ ဖြစ်ပြီး ၎င်း၏ခန္ဓာကိုယ်အနှံ့ ကြေးဝါရောင် ရှိသည်။ ခြေလေးချောင်းပါသော သာမန်ကြက်သားနှင့် ခပ်ဆင်ဆင် တူ၏။
၎င်းသည် ရတနာမြှုပ်ထားသော နေရာကို အနံ့ခံနိုင်သည်။ ရတနာများကို မြှုပ်နှံထားရာ ရောက်လျှင် ၎င်းတို့သည် တက်ကြွစွာ ရှာဖွေကြလေ့ရှိသည်။
ဤအရာသည် ရတနာမြေထဲသို့ ဝင်ရောက်ပြီးနောက် ရတနာများကို ရှာဖွေရန် အကောင်းဆုံး ဝိညာဉ်ရတနာ ဖြစ်သည်။
ဤအရာကို ပိုင်ဆိုင်ရခြင်းသည် မရေမတွက်နိုင်သော ရတနာများကို ပိုင်ဆိုင်ခြင်းနှင့် ညီမျှပြီး ခွန်အားကြီးသော လူများစွာသည် ၎င်းကို ရူးသွပ်စွာ လိုချင်နေကြသည်။
ခြေထောက်လေးချောင်း ကြေးနီကြက်မျိုးသည် ဝိညာဥ်သားရဲများနှင့် မသက်ဆိုင်သလို လူ့အသက်နှင့်လည်း မသက်ဆိုင်ပါ။ အလွန်ထူးခြားလို့ တွေ့ရှိလျှင်ပင် ၎င်းကို ထိန်းထားနိုင်မည် မဟုတ်ပေ။ ရတနာများကို ရှာဖွေရာတွင်လည်း အသုံးပြုနိုင်သော်လည်း ကြည့်လိုက်လျှင် ၎င်းနောက်ကွယ်တွင် ရိုးရှင်းသော စွမ်းအားများ မရှိဘူးဟု ထင်ရသည်။
"ခြေလေးချောင်းရှိတဲ့ ကြေးနီကြက်.... ရိုးရှင်းတဲ့ ရတနာတချို့ကို ရှာတဲ့နေရာမှာ အဆင်ပြေတယ် ဝိညာဥ်စွမ်းအင်ကြီး တစ်ခုရဲ့ အလုံပိတ်နေရာကို ရောက်တာနဲ့ ရှာမတွေ့နိုင်တော့ဘူး.... အဲဒါကို ငါသိပ်စိတ်မဝင်စားဘူး!"
တစ်ဖက်လူ၏ သတိထားမေမှုကို ကြည့်ရင်း လုရွှမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
သူပြောခဲ့တာတွေက အမှန်တရားပါပဲ။
ခြေလေးချောင်း ကြေးနီကြက်သည် ရတနာများကို ရှာဖွေရန် အကောင်းဆုံး ဝိညာဉ်ရေး သတ္တဝါဖြစ်သော်လည်း သူ့ကို သိပ်စိတ်မဝင်စားပေ။
အများစုမှာ ဤအရာသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် တန်ခိုးရှိသူများ ကျန်ရစ်ခဲ့သော ရုပ်ကြွင်းတချို့ကိုသာ ရှာဖွေလိမ့်မည်။ စစ်မှန်သော ရတနာကြီးများသည် အခင်းအကျင်းဖြင့် တံဆိပ်ခတ် ထားမည်ဖြစ်ပြီး လုံးဝ ရှာမတွေ့နိုင်ပေ။
"ဪ ဟုတ် ဟုတ်ကဲ့.... အစ်ကိုကြီးက တကယ်ကို မျက်လုံးကောင်းတာပဲ... "
ကောင်လေးက သူစိတ်မဝင်စားဘူးလို့ ပြောတာကို ကြားတော့ ဖက်တီးက သက်ပြင်း တစ်ချက်ချပြီး ခေါင်းညိတ်ပြလိုက်သည်။
ခြေထောက် လေးချောင်းပါတဲ့ ကြေးနီကြက်ကို သူ့မိသားစုဆီကနေ ခိုးယူလာခဲ့ခြင်း ဖြစ်သည်။ ဂရုတစိုက် အသုံးပြုရမည်မို့ တစ်ဖက်က တကယ်တပ်မက်ပြီး လုယူသွားမယ်ဆိုရင် မိသားစုဆီ ပြန်သွားတဲ့အခါ ကျိန်းသေပေါက် ရိုက်နှက်ခံရမှာ သေချာပါ၏။
"ခြေလေးချောင်း ကြေးနီကြက်က ရတနာတွေကို ရှာဖွေနိုင်သလို ရတနာတွေကိုလည်း ခွဲခြားတတိတယ်... သာမန်ရတနာဆို ခဏလောက် နေပြီး ထွက်သွားလိမ့်မယ်... အဲဒါက ဆွဲဆောင်မှု မရှိဘူး အားမကောင်းဘူးလို့ ပြောတာ ရတနာကောင်းဆိုလျှင်... ဆွဲဆောင်မှုက အရမ်းအားကောင်းလို့ အဲဒီထဲမှာ ဆက်နေပြီး အချိန်တိုအတွင်း ပေါ်လာမှာ မဟုတ်ဘူး!"
လုရွှမ်က သူ့စိတ်ထဲမှာရှိတဲ့ ခြေလေးချောင်း ကြေးနီကြက်ရဲ့ ဝိသေသ လက္ခဏာတွေကို ထုတ်ပြောလိုက်သည်။
"အခု ဝင်သွားပြီး ပြန်ထွက်မလာဘူး ဆိုတော့ ဒါက ရတနာက မနိမ့်ဘူးလို့ ဆိုလိုတာပဲ!"
"ဟုတ်ကဲ့... ဟုတ်ကဲ့!"
ဖက်တီးက အကြိမ်ကြိမ် ခေါင်းညိတ်လေသည်။
"ကောင်းပြီ... ရှေးဟောင်းမြို့ရဲ့ အသွင်အပြင်ကို ကြည့်ရရင် အချိန်တိုအတွင်းမှာ ဖွင့်လာသေးမှာ မဟုတ်ဘူး.... မင်းပြောတဲ့နေရာက ဝေးလား? ဝေးလွန်းရင် ငါ စိတ်မဝင်စားဘူး!"
ခြေထောက် လေးချောင်းရှိတဲ့ ကြေးနီကြက်ကို အထဲကို ဝင်သွားပြီး ပြန်မထွက်လာတာက ထိုရတနာဟာ မနိမ့်ဘူးလို့ ဆိုလိုခြင်းပင်။ သွားကြည့်ရင် တစ်ခုခုတော့ ရှာတွေ့နိုင်လောက်သည်။
သူမလိုအပ်ဘူး ဆိုရင်တောင် လင်ရှောင်းရှောင်း၊ ဟန်ရွှယ်နဲ့ တခြားသူတွေ အကူအညီကောင်း ဖြစ်နိုင်ပါ၏။
"ဒီနေရာနဲ့ သိပ်မဝေးပါဘူး.... တစ်ရက်တောင် မသွားရပါဘူး"
သူ့ကတိကို ကြားတော့ ဖက်တီးက တစ်ဖက်လူ နောင်တရမှာကို ကြောက်တာကြောင့် ထပ်ခါတလဲလဲ ခေါင်းညိတ်၍ ဆိုလိုက်သည်။
"ဒါဆို သွားရအောင်!"
ဆုံးဖြတ်ချက် ချပြီးနောက် လုရွှမ်သည် ဘာမှမပြောဘဲ တောင်ဖောက်နဂါးကို ခေါ်၍ ဖက်ဆီးနောက်သို့ လျှောက်သွားခဲ့သည်။
ဖန့်ဝူဆွေ့၊ အခြားကျောင်းသားများ နှင့်အတူ ရှိနေပါက မင်းသမီးလော့ရုံနှင့် အခြားသူများမှာ အန္တရာယ်ရှိမည် မဟုတ်ပေ။ မုယန်ဖုန်း အနေဖြင့် ဝါးခါးပျိုးပင်များကို သန့်စင်ထားပြီး အောင်မြင်မှုများစွာ ရနေသည့် ကာလတွင် ရှိနေသောကြောင့် ဤနေရာတွင် ဆက်နေရမည် ဖြစ်သည်။
"ခြေလေးချောင်း ကြေးနီကြက်ကို မွေးမြူနိုင်တဲ့ မိသားစုတွေ အများကြီး မရှိဘူး... မင်းက အင်ပါယာထဲက မဟုတ်ဘူးထင်တယ်"
ဆူဖြိုးသော လူကို အချိန်အတော် ကြာအောင် လေ့လာလိုက်ပြီးနောက် သူတို့သည် ရှေးဟောင်းမြို့ ဧရိယာမှ လုံးဝ ထွက်ခွာသွားခဲ့သည်။
"အစ်ကိုကြီးမှာ ထက်မြက်တဲ့ မျက်လုံးတွေ ရှိတာပဲ... ကျုပ်က တကယ်ပဲ အင်ပါယာထဲက မဟုတ်ပါဘူး... ဧကရာဇ်အင်ပါယာက လာခဲ့တာပါ ဒါပေမဲ့ အဆင့်နိမ့်တဲ့ ဧကရာဇ်အင်ပါယာ တစ်ခုပဲမို့ မမှတ်သားထိုက်ပါဘူး"
ဖက်တီးက ခေါင်းခါလေသည်။
နိုင်ငံများကို အောက်တန်း၊ အလယ်တန်း၊ အထက်တန်းစားဟူ၍ ခွဲခြားထားပြီး အထက်တန်းစားသည် ဧကရာဇ်အင်ပါယာ ဖြစ်သည်။
ဧကရာဇ်အင်ပါယာကို အောက်ခြေ၊ အလယ်တန်း၊ အထက်တန်းစားဟူ၍ ခွဲခြားထားပြီး နယ်ပယ် အသီးသီးကို ချုပ်ကိုင်ထားသည်။ အဆင့်မြင့်လေ အင်အား ကြီးမားလေလေ ဖြစ်သည်။
"ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်ရင် ခြေလေးချောင်း ကြေးနီကြက်ကို မွေးမြူနိုင်တဲ့ မိသားစုက ကူဖုန်းထျန် မိသားစုပဲ မဟုတ်လား? ကူဖုန်းထျန် မိသားစုက အကိုင်းအခက်တွေ အများကြီးရှိတယ်.... မင်းက ဘယ်အခွဲကလဲ?"
လုရွှမ် မေးလိုက်သည်။
"အစ်ကိုကြီးက ထျန်မိသားစုကို သိတယ်ပေါ့??"
ဖက်တီးကြီးသည် ဧကရာဇ်အင်ပါယာမှ ဆင်းသက်လာသူ ဖြစ်သည်။ သူသည် သူ့ထက်နိမ့်ကျသော တိုင်းသူပြည်သားများကို အမြဲတစေ ရှုတ်ချနေခဲ့သည်။ ထိုလူများက သူ့အကြောင်းကို ဘာမှမသိဟု သူထင်ခဲ့၏။
သူ့ရှေ့မှ လူငယ်လေးထံမှ နောက်ခံသမိုင်းကြောင်းကို ကြားလိုက်သောအခါ သူသည် ထိတ်လန့်လုနီးပါး ဖြစ်သွားသည်။
လုရွှမ်က မရှင်းပြဘဲ ခပ်တိုးတိုးပဲ ပြုံးလိုက်သည်။
ကူဖုန်းထျန်မိသားစုရဲ့ ဘိုးဘေးဟာ အဲဒီတုန်းက သူ့ဆီကနေ ကျွမ်းကျင်မှုအချို့ကို သင်ယူသွားခဲ့ပြီးဖြစ်လို့ သူ့မိသားစုရဲ့ ထက်ဝက်လောက်ဟာ သူ့တပည့်တွေပင်။
ခြေလေးချောင်း ကြေးနီကြက်ကို ဘယ်လို ကျွေးမွေး လေ့ကျင့်ရမလဲဆိုတာ သူ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။
နှစ်ပေါင်းသုံးရာကြာတော့ အဲဒီလူ အသက်ရှင်နေ သေးသလား မသိပေ။
"ကျုပ်က သေးငယ်တဲ့ ချင်းယွဲ့အခွဲ အကိုင်းအခက်ကပါ...ကူဖုန်းထျန်မိသားစုကို တစ်ခါမှ မရောက်ဖူးပါဘူး... အဲဒီက လူတွေက ကျုပ်လိုလူ ရှိမှန်းတောင် မသိကြတာလည်း ဖြစ်နိုင်တယ်!"
ဖက်တီးက ရိုရိုသေသေ ပြန်ဖြေလေသည်။
လုရွှမ်သည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ပြီးပြည့်စုံသော အဆင့်က ဝိညာဥ်သားရဲ သင်းခွေချပ်ကို ထိန်းကျောင်းရန် ခွန်အားရှိကြောင်း သူခံစားမိသောကြောင့် ယခင်က လေးစားမှုခဲ့သည်။
ယခုမူကား အနည်းငယ် အံ့သြသွားမိပြန်သည်။
ခြေလေးချောင်း ကြေးနီကြက်ကို ကူဖုန်းထျန် မိသားစုက ပိုင်ကြောင်း ပြောနိုင်တာကတင် အသိပညာက အံ့သြဖို့ ထိုက်တန်ပါသည်။ ဤရူပါရုံ တစ်ခုတည်းကပင် သူနဲ့ အလှမ်းဝေးနေသလို ခံစားမိလာ၏။
"ချင်းယွဲ့အခွဲ?"
လုရွှမ် ခေါင်းယမ်းလိုက်သည်။
အမှန်တိုင်း ပြောရရင် သူ့အရင်ဘဝတုန်းက ကူဖုန်းထျန် မိသားစုဆိုတာ သူ့အတွက် ဘာမှမဟုတ်ခဲ့ပါဘူး။ ချင်းယွဲ့အခွဲလို့ ခေါ်တာကိုလည်း တစ်ခါမှ မကြားဖူးခဲ့ဘူး။
"ဟုတ်ကဲ့!" ဖက်တီးက ခေါင်းညိတ်သည်။
"အိုး မင်းနာမည် ဘယ်လိုခေါ်လဲ" လုရွှမ် တချက်ကြည့်လိုက်သည်။
ဒီဖက်တီးကြီးကို သူသိတာကြာပြီလို့ ဆိုနိုင်ပေမယ့် အခုချိန်ထိ သူ့နာမည်ကိုတောင် မသိရသေးချေ။
"ကျုပ်နာမည် ထျန်ကျွင့်နမ်ပါ!"
( ဘာသာပြန်သူ= ထျန်ကျွင့်နမ်က လူချောလို့ ခေါ်ပါတယ်တဲ့)
"လူချော (ကျွင့်နမ်) လား?"
လုရွှမ် ထူးဆန်းသော အမူအရာဖြင့် နောက်တစ်ကြိမ် ပြန်ကြည့်လိုက်သည်။ ဒီကောင်က ဝလွန်းလို့ ဘယ်နေရာကမှ ချောတယ်လို့ ပြောလို့မရချေ။
ဒီဖက်တီး ရှောင်းယွင့်ထျန်းကို ရက်ရက်စက်စက် အပြစ်ပေးခဲ့တာ မထူးဆန်းတော့ချေ။ ဒီလူက သူ့ထက် ပိုချောတဲ့သူတွေကို မုန်းတီးနေတာပဲ။
ရှောင်းယွင်ထျန်း ကိုယ်တိုင်က ရုပ်ရည်ချောမောပြီး သူ့အဝတ်အစားနဲ့ လိုက်ဖက်စွာ ဝတ်ဆင်တတ်သူ ဖြစ်ပြီး သူ့ထက်ချောတာကို မုန်းတဲ့သူနဲ့တွေ့ရင် ရတနာ အကဲဖြတ်နိုင်ကြောင်း အတင်းအကြပ် ဟန်ဆောင်တာ မရှိရင်တောင်မှ ပြင်းပြင်းထန်ထန် အရိုက်ခံရလိမ့်ဦးမည်။
"ဟုတ်ပါတယ်.... တကယ်ကို မဝသေးတဲ့ အချိန်က တော်တော်ကို ချောခဲ့ပါတယ်... အဲဒါကြောင့် ကျုပ်မိသားစုက ကျုပ်ကို ဒီနာမည်ပေးခဲ့တာ.. ဒါပေမဲ့ နောက်ပိုင်း ကျုပ်တဖြည်းဖြည်း ဝလာတယ်... ပိန်ချင်ရင်တောင် ဝိတ်မချနိုင်ဘူး"
ထျန်ကျွင့်နမ်သည် လုရွှမ်၏ မျက်နှာပေါ်က ထူးဆန်းသည့် အကြည့်ကို မြင်လိုက်ရပြီး ရှင်းပြရင်း သူ့ခေါင်းကို ကုတ်လိုက်သည်။
"ကောင်းပါပြီ!"
လုရွှမ်သည် တစ်ဖက်လူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စကို စိတ်ဝင်စားခြင်း မရှိသောကြောင့် ဆက်မမေးတော့ချေ။
နှစ်ယောက်သားရဲ့ အရှိန်က မနှေးချေ။ ထျန်ကျွင့်နမ်သည် ဝသော်လည်း သူ့ရဲ့ကျင့်ကြံမှုက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ကို ရောက်ရှိနေပြီ ဖြစ်သည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ ဖြစ်သည့် ကောင်းကင်တံတားနယ်ပယ်သည် ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသော တံတားကဲ့သို့ ကောင်းကင်နှင့် မြေကြီး၏ ယေဘုယျ လမ်းကြောင်းကို ဆွဲဆောင်နိုင်ပြီး စွမ်းအားကို ခုန်တက်လာစေသော ခွန်အားတွေ ရှိလာမည်။
ငယ်ငယ်ရွယ်ရွယ်နှင့် ဤအဆင့်သို့ ရောက်နေသည့် အရည်အချင်းသည် မော့ချုံ၊ ချန်စစ်ယန် နှင့် အခြားသူများထက် အနည်းငယ် မြင့်မားနေပေလိမ့်မည်။
လုရွှမ်သည် ပြိုင်ဘက်၏ အင်အားကို အံ့အားသင့်သွားသလို ဖက်တီး ထျန်ကျွင့်နမ်က ပို၍ပင် တုန်လှုပ်သွားခဲ့သည်။
သူသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် ကြီးကျယ်ခမ်းနားသော အဆင့်၆ စွမ်းအားရှင်တစ်ဦး ဖြစ်သည်။ သူသည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားသော်လည်း သူ့နောက်မှ လူငယ်သည် အဓိပတိနယ်ပယ်သာ ရှိကာ လုံးဝမရပ်ဘဲ သူ့ကို အမှီလိုက်နိုင်သည်။ မိမိ မျက်လုံးတွေနဲ့သာ မမြင်ခဲ့ရင် ယုံနိုင်မည် မဟုတ်။
အဓိပတိနယ်ပယ်နှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၆ ကြားတွင် ကြီးမားသော အဆင့်၇ဆင့် ကွာခြားချက် ရှိသည်။ သူသည် ခွန်အားအပြည့်ဖြင့် မပြေးသော်ငြား အရှိန်သည် အဆင့်၃ သို့မဟုတ် အဆင့်၄များ အမှီလိုက်ရမည့် အရှိန်ဖြစ်သည်။
ထိုလူငယ်သည် အမှီလိုက်နိုင်သည့် အရှိန်ကို ထိန်းထားနိုင်ရုံ သာမက သူ့မျက်နှာမှာလည်း တည်ငြိမ်နေ၏။
"သူက သူ့ရဲ့ ခွန်အားကို ဖုံးကွယ်ထားတာ ဖြစ်နိုင်တယ်.... မဟုတ်ရင် ဒီလောက် အစွမ်းထက်တဲ့ အဓိပတိနယ်ပယ် ဘယ်လိုလုပ် ရှိနိုင်မှာလဲ"
သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပြီး ထျန်ကျွင့်နမ်မှာ ထိုအကြောင်းကို ပိုတွေးလေ ပိုအံ့သြရလေ ဖြစ်သည်။