← Chapters

ကြေးနီကြက် အမျိုးအစားခွဲခြားခြင်း။

Vol. 27 Ch. 3.152

ကြေးနီကြက် အမျိုးအစားခွဲခြားခြင်း။

Vol. 27 Ch. 3.152

"ကောင်းပြီ... ဒီအခင်းအကျင်းကို ချိုးဖျက်ဖို့ နည်းလမ်းရှာရအောင်!... ဒီဘက်က ကျောက်အိတ်ကို ရိုက်လိုက်... ပြီးတော့ ဟိုဘက်က ကျောက်အိတ်ကိုရောပဲ"

လှိုဏ်ဂူထဲမှာ လုရွှမ်က ထျန်ကျွင့်နမ်ကို ကျောက်နံရံပေါ်က အချွန်အထက်များကဲ့သို့ ပုံစံပေါ်နေသော ကျောက်တွေကို ဆက်တိုက်ခိုက်ဖို့ ညွှန်ကြားနေ၏။

ဘယ်အချွန်ကိုပဲ ဖြစ်ဖြစ် အကြိမ်အနည်းငယ် ရိုက်သည်ဖြစ်စေ အကြိမ်ပေါင်းမနည်း ရိုက်သည်ဖြစ်စေ တိုက်ခိုက်မှုသည် ကျပန်း တိုက်ခိုက်ခြင်းမျိုး မဟုတ်ပေ။

ကျောက်နံရံမှာ အခင်းအကျင်း တည်ရှိနေတယ် ဆိုတာကို အတည်ပြုပြီး နောက်မှာတော့ ရပ်တန့်မနေဘဲ ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးအစားနဲ့ ဖြိုခွဲနည်းကို အလျင်အမြန် ရှာဖွေခဲ့သည်။ သို့သော် သူ့ရဲ့ လက်ရှိ အင်အားနဲ့ ဖောက်ထွင်းလို့ မရနိုင်သေးလို့ ထျန်ကျွင့်နမ်ရဲ့ လက်ကိုပဲ အားကိုးရသည်။

ဗုန်း!

အချိန်မည်မျှ ကြာသွားသည်မသိ ကျောက်နံရံသည် အလင်းရောင်များ ဖြာထွက်သွားပြီး တောက်တောက် အသံနှင့်အတူ ပြိုကျပျက်စီးသွားသည်။

အခင်းအကျင်းကြောင့်သာ မဟုတ်ရင် ကျောက်နံရံသည် သာမန်စိမ်းပြာရောင် သံမဏိကျောက်တုံး တစ်ခုမျှသာ ဖြစ်သည်။ ဖြတ်ကျော်ရန် ယခင်ကဲ့သို့ ခက်ခဲနေမည် မဟုတ်ပေ။

"ကောင်းပြီ... မင်း လှုပ်ရှားဖို့ အချိန်ရောက်ပြီ ငါတို့ဝင်လာဖို့ ဒီမှာ လမ်းကြောင်းတစ်ခု လုပ်ပေးပါ..."

တောင်ဖောက်နဂါးကို ကြည့်ရန် ခေါင်းကိုလှည့်ကာ လုရွှမ်သည် အကွာအဝေး တစ်ခုကိုဆွဲ၍ ဆိုလိုက်သည်။

ဝူး!

တောင်ဖောက်နဂါးကြီးသည် သူ့စကားများကို နာခံလိုက်သည်။ ဟောက်သံနှင့်အတူ သူ့တစ်ကိုယ်လုံးရှိ အကြေးခွံများ ထိုးထွက်လာကာ သူ့ရှေ့က ကျောက်နံရံကို တည့်တည့် တိုးဝင်သွားသည်။

ဝုန်း!

ပြင်းထန်သော တုန်ခါမှုများကြောင့် ကျောက်တုံးများ ကွဲကြေကာ နေရာအနှံ့ ပြန့်ကျဲသွားသည်။ တောင်ဖောက်နဂါးကြီးသည် မြစ်နှင့်ပင်လယ်ကို ဖြတ်ကူးနေသည့် ဧရာမနဂါးကြီး ကဲ့သို့ ပြင်းထန်သော အင်အား၏ သက်ရောက်မှုအောက်တွင် သူ့ခန္ဓာကိုယ်သည် ရှေ့သို့ လျင်မြန်စွာ ရွေ့လျားသွားနေသည်။

အနှိုင်းမဲ့ မာကျောသော အပြာရောင် သံမဏိကျောက်တုံးကြီးသည် ၎င်း၏ ရှေ့တွင် စက္ကူကဲ့သို့ ဖြစ်နေပြီး မကြာမီ လူတစ်ဦး မတ်တတ်လမ်းလျှောက်နိုင်သည့် ဂူတစ်ခု ပေါ်လာခဲ့သည်။

"အံ့သြစရာပဲ!"

တောင်ဖောက်နဂါးသည် အကြီးအကဲ လျိုယွင်ထန်းကို အလွန်လျင်မြန်စွာ ခေါင်းဖြတ် သတ်ပစ်ခဲ့သည်။ ထိုလူသည် နှစ်ကြိမ်တိုက်ခိုက် ခံခဲ့ရသည့်တိုင် အပြင်းထန်ဆုံးသော ခွန်အားကို မထုတ်ခဲ့ပေ။

ယခုအချိန်တွင် သူသည် လမ်းဖွင့်ရန် တောင်ကို ကျော်ဖြတ်ကာ သူ၏ခန္ဓာကိုယ်ရှိ ပြင်းထန်သော စွမ်းအားအားလုံးကို မြင်လိုက်ရတော့ ထျန်ကျွင့်နမ်မှာ ထိတ်လန့်သွားတော့သည်။

အရမ်းသန်မာလွန်း၏!

အကယ်၍ သူသည် ၎င်းနှင့် ရန်ဖြစ်မိပါက မိသားစုဖက်က သူ့အသက်ကို ကယ်တင်ရန် နည်းလမ်းများစွာ ပံ့ပိုးထားလျှင်ပင် ၎င်းကို တွန်းလှန်နိုင်မည် မဟုတ်ဘဲ ချက်ချင်း အသတ်ခံရနိုင်သည်။

"ဝင်ရအောင်!"

တောင်ဖောက်နဂါးက လမ်းကြောင်းတစ်ခု ဖွင့်နေတာကို မြင်တော့ လုရွှမ်နောက်မှ အနီးကပ် လိုက်သွားခဲ့သည်။ လမ်းကြောင်းသည် ဆယ်မီတာ ကျော်ကျော်အထိ ဆက်သွားနေပြီး အရှေ့တွင် ရုတ်တရက် နောက်ထပ်ဂူတစ်ခု ပေါ်လာ၏။

ဤလှိုဏ်ဂူသည် ထျန်ကျွင့်နမ်၏ ရတနာကိုဖော်ပြသည့်နေရာ ဖြစ်နိုင်သည်။

သူဝင်လာသည်နှင့် ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ခြေလေးချောင်းပါသော ကြေးနီကြက်တစ်ကောင် ဖြတ်ပြေးသွားတာ တွေ့လိုက်ရသည်။

သာမာန် ကြက်တစ်ကောင်နှင့် အရွယ်အစား တူသော်လည်း အနည်းငယ် ပြည့်ဖောင်းနေပါသည်။ ၎င်း၏ တစ်ကိုယ်လုံးမှာ ကြေးဝါရောင်ရှိပြီး သွေးကဲ့သို့ နီရဲတောက်တောက်သော အမောက် တစ်ခုလည်း ရှိနေသည်။

"အမ်? အဲဒါက ရွှေခြေလေးချောင်း ကြေးနီကြက်ပဲ.... မဆိုးဘူး မဆိုးဘူး!"

ဒီကြေးနီကြက်ကို မြင်လိုက်သည်နှင့် လုရွှမ်ရဲ့ မျက်လုံးတွေ တောက်ပလာ၏။

"ရွှေခြေလေးချောင်း ကြေးနီကြက်လား? ... အစ်ကိုကြီး အဲဒါက ဘာကိုဆိုလိုတာလဲ?"

ထျန်ကျွင့်နမ်သည် သူ့မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ထွက်လာခဲ့သည်။

သူ့လက်ထဲမှာရှိတဲ့ တစ်ကောင်က ခြေလေးချောင်း ကြေးနီကြက် ဆိုတာကို သူသိပါ၏။ မျိုးစိတ် အတိအကျကို မသိသလို ရှားပါးပြီး ခြေထောက်လေးချောင်း ရှိတဲ့ ဝိညာဉ်ရေး သတ္တဝါ အမျိုးအစား ခွဲခြားမှု ရှိတယ်လို့တောင် မထင်ခဲ့မိချေ။

"ကြေးနီကြက်တွေက သုံးမျိုးရှိတယ်.... တစ်မျိုးက ရွှေလို့ခေါ်တယ် တစ်မျိုးက ကြေးဝါလို့ခေါ်တယ်.... နောက်တစ်မျိုးက ကြေးစိမ်းလို့ခေါ်တယ်။ ခြေစိမ်းလေးချောင်းရှိတဲ့ ကြေးနီအကောင်တွေက အနိမ့်ဆုံး အဆင့်ဖြစ်ပြီး သာမန်ရတနာ တချို့လောက်ပဲ ရှာနိုင်တယ်... ကြေးဝါအဆင့်က နည်းနည်း အဆင့်မြင့်တယ် အဆင့်တက်နိုင်ပေမယ့် အောင်မြင်ဖို့ စရိတ်စက အများကြီး ကုန်ကျတယ်.... အကောင်းဆုံးက ဒီခြေလေးချောင်း ရွှေကြက်ပဲ အခုသူ့လည်ပင်းက ရွှေရောင်ပြောင်းနေပြီ.... ကောင်းကောင်း မွေးထာသရွေ့ အချိန်ကြာလာတာနဲ့အမျှ ခြေလေးချောင်း ရွှေကြက်အဖြစ်ကို အဆင့်တိုးသွားလိမ့်မယ်"

လုရွှမ်က ပေါ့ပါးစွာ ရှင်းပြသည်။

"ခြေလေးချောင်း ရွှေကြက်ပေါ့?"

ထျန်ကျွင့်နမ် သူ့မျက်တောင်များကို ပုတ်ခတ်လိုက်သည်။

"ခြေလေးချောင်း ရွှေကြက်က ပြောင်ပြောင်တင်းတင်း ပြောရရင့ ခြေလေးချောင်း ကြေးနီကြက်ကနေ အဆင့်တက်သွားတဲ့ အကောင်ပဲ... ကြေးနီကြက်က သေမျိုး အသွင်ကူးပြောင်းရေးနယ်ပယ်မှာ အားကြီးတဲ့ ရတနာတွေကို ရှာဖွေနိုင်ရင် ရွှေကြက်က သူတော်စင်နယ်ပယ်တွေ ချန်ထားခဲ့တဲ့ ရတနာတွေကို ရှာဖွေနိုင်လိမ့်မယ်"

လုရွှမ်က ဆိုသည်။

"သူတော်စင်နယ်ပယ်မှာ သန်မာသူတွေ ကျန်ခဲ့တဲ့ အမွေအနှစ်တွေကို ရှာနိုင်တယ် ဟုတ်လား?"

သူတော်စင်နယ်ပယ်ကို အခြေချနိုင်သည့် သန်မာသော လူများသည် အောက်နိုင်ငံများတွင် အလွန်ရှားပါးပြီး ၎င်းတို့ တစ်ဦးစီသည် ကြီးမားသော အာဏာ၏ ဘိုးဘေးများ ဖြစ်လာနိုင်သည်။

ဒီလိုလူတွေ ကျန်ရစ်ခဲ့တဲ့ ရတနာတွေဟာ အလွန်အဖိုးတန်ပြီး သူတို့ကို ဖုံးအုပ်ဖို့ နည်းလမ်းကောင်းတွေ သုံးလေ့ရှိသည်။ ထိုကဲ့သို့ ရတနာများကို ခြေလေးချောင်း ကြေးနီကြက်တောင်မှ ရှာမတွေ့နိုင်ချေ။

ခြေလေးချောင်းပါသော ရွှေကြက် တစ်ကောင်ရှိလျှင် ရတနာမြောက်များစွာကို တူးထုတ်လိုက်လျှင် သူတို့မိသားစုသည် အဆင့်နိမ့် ဧကရာဇ်အင်ပါယာများ ကြားတွင် ထိပ်တန်းတည်ရှိမှု ဖြစ်လာနိုင်ပေလိမ့်မည်။

"အစ်ကိုကြီး... သူ့ကို အဆင့်တက်လာအောင် ဘယ်လိုလုပ်သင့်လဲ?"

ထျန်ကျွင့်နမ်၏ အသက်ရှူသံမှာ အနည်းငယ် တိုလာသည်။

"အဲဒါက အလုပ်ရှုပ်တယ်!"

လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ခြေလေးချောင်း ကြေးနီကြက်ကို ရွှေကြက်အဖြစ် တက်လှမ်းစေရန်မှာ အလွန်ပင် ခဲယဉ်းလှပါသည်။ ထို့ပြင် သိလျှင်လည်း အခြားသူအား မပြောချင်ပါ။ တစ်ဖက်လူနဲ့ သူ့ရဲ့ဆက်ဆံရေးက ဒီကိစ္စကို ပြောဖို့အထိ မလုံလောက်သေးချေ။

"ကျွန်တော် မဆင်မခြင် လုပ်မိပါပြီ!"

ထျန်ကျွင့်နမ်မှာ ထိုအကြောင်းကို သိချင်နေလို့ အရမ်းစိတ်လှုပ်ရှား နေပေမယ့် ရုတ်တရက် အလောကြီးသွားကြောင်း သဘောပေါက်သွား၏။

"ဘာမှမဖြစ်ဘူး... မင်း အနာဂတ်မှာ ကောင်းကောင်းနေနိုင်ရင် ငါ မင်းကို အဲဒီနည်းလမ်းပြောပြဖို့ စဉ်းစားပေးနိုင်တယ်!"

သူနဲ့ ထျန်မိသားစုကြားက ဆက်ဆံရေးကို ခဏဘေးဖယ်ထားပြီး ခြေလေးချောင်း ကြေးနီကြက် အကြောင်း ပြောကြည့်ရရင် ထျန်မိသားစုကလွဲလို့ ဘယ်သူမှ ထိုရွှေကြက်ကို မထောက်ပံ့နိုင်လောက်ပေ။ သို့သော် ဒီတစ်ခုတည်းကို အခြေခံပြီး တခြားသူကို သင်ပေးစရာ ဘာအကြောင်းမှမရှိဘူးလေ။

"တကယ်လား"

ထျန်ကျွင့်နမ်၏ မျက်လုံးများ တောက်ပလာကာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကြီး.... စိတ်မပူပါနဲ့... အခုကစပြီး ကျွန်တော် အစ်ကိုကြီးရဲ့လူ ဖြစ်သွားပြီ အရှေ့ကို သွားခိုင်းရင် အနောက်ကို ဘယ်တော့မှ မသွားဘူး... ခွေးတစ်ကောင်ကို ရိုက်ခိုင်းရင်လည်း ဘယ်တော့မှ ကြက်ကို မရိုက်စေရဘူး"

"မိုက်မဲတဲ့ စကားတွေ ရပ်လိုက်တော့... ဘယ်လို ရတနာမျိုးလဲ ကြည့်ရအောင်!"

လုရွှမ်သည် တစ်ဖက်သား၏ စိတ်အားထက်သန်မှုကို နှောင့်ယှက်ရင်း ရှေ့သို့ လှမ်းတက်လိုက်သည်။

လှိုဏ်ဂူကြီးက သိပ်မကြီးချေ။ အထဲတွင် ကျောက်ထွင်းစားပွဲတွေ၊ ကုလားထိုင်တွေ၊ ကုတင်တွေ ရှိပြီး တစ်ချိန်က ဘိုးဘွားတွေ နေထိုင်ခဲ့ပုံရသည်။

"ဒါက လင်းလုံရွှေကျောက်စိမ်းလား?"

သူ့ရှေ့က စားပွဲတွေ ကုလားထိုင်တွေနဲ့ အတူ လင်းလုံရွှေကျောက်စိမ်းကို မြင်လိုက်ရတော့ ထျန်ကျွင့်နမ်ရဲ့ မျက်လုံးတွေ တောက်ပလာတော့သည်။

အထူးကျောက်စိမ်း တစ်မျိုးဖြစ်တဲ့ လင်းလုံရွှေကျောက်စိမ်းဟာ အလွန် အဖိုးတန်ပေမယ့် အဆင်တန်ဆာ အဖြစ်သာ အသုံးပြုနိုင်ပြီး အမျိုးသမီး များစွာရဲ့ အသည်းစွဲ ဖြစ်လေသည်။

ဤကျောက်တုံးများနှင့် ကျောက်တုံးကုတင်များသည် ဤကျောက်စိမ်းမျိုးမှ ထွင်းထုထားခြင်း ဖြစ်သည်။ အကယ်၍သာ ၎င်းတို့ကို ရောင်းချခဲ့မည်ဆိုလျှင် ဤအစိတ်အပိုင်း အနည်းငယ်မျှပင် ဝိညာဉ်ကျောက်တုံးများ သန်းနှင့်ချီ၍ ထိုက်တန်ပေလိမ့်မည်။

"မင်းက သယ်ထုတ်သွားမလို့လား?"

လုရွှမ်က တစ်ချက် မျက်စောင်းထိုး ကြည့်လိုက်သည်။

"ဟင်??" ထျန်ကျွင့်နမ် အနည်းငယ် ရှက်သွားသည်။

အာကာသ မှော်လက်နက်သည် တိမ်ပင်လယ် ကမ္ဘာကြီး တစ်ခုလုံးတွင် တစ်ခါမျှ မပေါ်ခဲ့ဖူးပေ။ ထို့ကြောင့် ဤအရာ အနည်းငယ်သည် အလွန်ကြီးမားသည်ဟု ထင်မြင်မိသော်လည်း ၎င်းတို့ကို ထုတ်ယူရန် အမှန်တကယ် မဖြစ်နိုင်ပေ။

သို့သော် ထိုသို့သော ရတနာကို မြင်ပြီး မထုတ်ယူသွားနိုင်လျှင် သူ့နှလုံးသားက တကယ်ကို နာကျင်နေပေလိမ့်မည်။

စိတ်ရှုပ်စရာတွေနဲ့ ပြည့်နှက်နေတဲ့ ထျန်ကျွင့်နမ်ကို လျစ်လျူရှုရင်း လုရွှမ် ဆက်လျှောက်လာခဲ့သည်။

အရှေ့က လှိုဏ်ဂူကို အကန့်ပေါင်းများစွာ ခွဲထား၏။ နှစ်ယောက်သား မတိုင်ခင်က ဝင်လိုက်တာက အိပ်ခန်းဖြစ်လိမ့်မည်။ အတွင်းခန်းက ရတနာတွေ ထားတဲ့နေရာ ဖြစ်နိုင်လေသည်။ ဝင်ပြီးတာနဲ့ စာအုပ်စင်တွေ တန်းစီနေတာကို တွေ့ရ၏။ မရေမတွက်နိုင်သော စာအုပ်စင်များဖြင့် ထူထပ်စွာ ထုပ်ပိုးထားသည်။

"ပေရွှမ်မှော်သိုင်း၊ ကောင်းကင်ဝှက်နဂါးကျင့်စဥ် ၊ တိမ်အသွင်ပြောင်းခြင်း ကိုယ်ခံပညာ ဒါ ဒါတွေအကုန်လုံးက ဝိညာဥ်နယ်ပယ် ကိုယ်ခံပညာနဲ့ လေ့ကျင့်ရေး နည်းလမ်းတွေပဲ...."

စာအုပ်စင်သို့ ရောက်ကာ စာအုပ်ပေါင်း များစွာကို ဆက်တိုက်လှန်ကြည့် လိုက်သောအခါ ထျန်ကျွင့်နမ်သည် ချက်ချင်းပင် အသက်ရှု ကြပ်လာတော့သည်။

ဝိညာဉ်နယ်ပယ် လေ့ကျင့်ခန်းများနှင့် ကိုယ်ခံပညာများသည် သူတို့မိသားစုတွင်ပင် အလွန်ရှားပါးပါသည်။ ဤအခန်းထဲရှိ စာအုပ်စင်ပေါ်တွင် စာအုပ်ပေါင်း ဒါဇင်နှင့်ချီရှိသည်။ ဤလျှို့ဝှက်စာအုပ် တစ်အုပ်တည်း၏ တန်ဖိုးသည် အဆုံးမရှိ ချမ်းသာမှုနှင့် ညီမျှလေသည်။

All Chapters