ရွှေငါးအကြေးခွံ
Vol. 27 Ch. 3.153
ထျန်ကျွင့်နမ်ရဲ့ စိတ်လှုပ်ရှားမှုနဲ့ ယှဉ်ရင် လုရွှမ်သည် ထိုအရာကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အာရုံမစိုက်ချင်တော့ချေ။
ဤအလိမ်အညာ စာအုပ်များသည် ဝိညာဉ်နယ်ပယ် အဆင့်တွင် ရှိသော်လည်း ၎င်းတို့သည် အနိမ့်ဆုံး အဆင့်တွင်သာ ရှိသေးသည်။
"ဒါက ရွှေငါးရဲ့ အကြေးခွံလား"
အခန်းထဲ လျှောက်သွားပြီးနောက် လုရွှမ် တစ်နေရာ၌ ရုတ်တရက် ရပ်တန့်သွားပြီး သူ့မျက်လုံးများသည် ရွှေရောင် အကြေးခွံပေါ် ကျရောက်သွားခဲ့သည်။
ဤအရာအား မြင်လိုက်ရသည့် အခါတွင် ယခင်က ရတနာများစွာကို ဂရုမစိုက်ခဲ့သော လုရွှမ်၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှု အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။
"ရွှေငါးအကြေးခွံတွေ ရှိတယ်.... ဆိုလိုတာက ရှန့်ခုန်းချိုင့်ဝှမ်းထဲမှာ ရွှေငါး ရှိရမယ် ရွှေငါးဝိညာဉ်လည်း ရှိနိုင်တယ်!"
ရေရွတ်ရင်း လက်လှမ်း၍ အကြေးခွံကို ကောက်ယူလိုက်သည့။
ဇိဇီ
ဖီးနစ်၏မီးသည် လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး အကြေးခွံပေါ်တွင် လောင်ကျွမ်းသွားခဲ့သည်။ ရုတ်တရက်ပင် ပြင်းထန်သော ရနံ့တစ်ခု ထွက်ပေါ်လာပြီး လူတို့ကို ဝိညာဉ်စွမ်းအင် အတွင်း နှစ်မြုပ်သွား သကဲ့သို့ သက်တောင့်သက်သာ ခံစားလာရစေသည်။
"အဲဒါဘာလဲ?"
ထျန်ကျွင့်နမ်သည် ထိုရနံ့၏ ဆွဲဆောင်မှုကြောင့် ပဟေဠိဆန်သော အမူအရာဖြင့် လျှောက်လာခဲ့သည်။
"ရွှေငါး အကြေးခွံ... မီးလောင်သွားတဲ့အခါ စိတ်ဝိညာဉ်ကို သန့်စင်စေပြီး ဝိညာဉ်စွမ်းအား အတိုင်းအတာကို မြှင့်တင်ပေးနိုင်တယ်!"
လုရွှမ် အနည်းငယ် ပြုံးကာ လက်ကောက်ဝတ်ကို လှည့်ကာ အကြေးခွံပေါ်ရှိ မီးတောက်ကို မီးငြိမ်းစေပြီး ကျောက်စိမ်းပြားထဲသို့ ထည့်ထားလိုက်သည်။
"စိတ်ဝိညာဉ် စွမ်းအားကို တိုးစေတယ်?? ကမ္ဘာပေါ်မှာ ဒီလိုကောင်းတဲ့ အရာတွေလည်း ရှိတယ်လား?"
ထျန်ကျွင့်နမ်မှာ မယုံနိုင်လောက်အောင် အံ့သြသွားသည်။
ဝိညာဉ်စွမ်းအားသည် တိုးတက်ရန် အခက်ခဲဆုံးအရာ ဖြစ်သည်။ လူများစွာသည် အသက်အရွယ် အရသာ တဖြည်းဖြည်း တိုးတက်လာနိုင်သည်။ ၎င်းကို တစ်ကြိမ်တည်းတွင် အောင်မြင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့အတွက်ကြောင့်လည်း အဂ္ဂိရတ်ဆရာနှင့် လက်မှုပညာရှင်များသည် အသက်ကြီးလေ တန်ဖိုးကြီးလေ ဖြစ်သည်။
ဝိညာဉ်စွမ်းအား အတိုင်းအတာကို တိုးမြင့်ပေးနိုင်တဲ့ ဘယ်အရာကိုမှ မကြားဖူးသေးချေ။
"ကျင့်ကြံမှုကို မြှင်တင်ပေးနိုင်တဲ့ ရတနာတွေမှာ သူတို့ရဲ့ ဝိညာဉ်စွမ်းအားကို မြှင့်တင်ပေးနိုင်တဲ့ အတိုင်းအတာ တစ်ခုစီ ရှိတယ်! ဒါပေါ့ ဒီရွှေငါး အကြေးခွံက ရတနာတစ်ခု မဟုတ်သေးဘူး.... အများဆုံး စိတ်ဝိညာဉ်ကိုပဲ သန့်စင်ပေးနိုင်ပြီး မြှင့်တင်ဖိုတော့ အရမ်းခက်ခဲတယ်.... ဒါပေမဲ့ ငါ့မှာ အရေးကြီးတဲ့ ပစ္စည်းတစ်ခု ရှိထားတယ်... ဒီအခန်းထဲ ကြည့်လိုက် အဲဒီအကြီးအကဲက သူ့နေ့စဉ်ဘဝ မှတ်တမ်းစာအုပ်များ ချန်ထားခဲ့လား ငါ့ကိုကူရှာပေးပါဦး"
လုရွှမ်က ရှင်းပြပြီး တစ်ဆက်တည်း အမိန့်ပေးသည်။
ဘဝရဲ့ နှောင်းပိုင်းအဆင့်မှာ ကျင့်ကြံသူ တချို့ဟာ သူတို့ရဲ့ဘဝနဲ့ ဂုဏ်ယူစရာတွေကို မှတ်တမ်းတင်ဖို့ စာတွေ ချရေးရတာကို နှစ်သက်ကြပြီး နောင်လာနောက်သားတွေ မှတ်မိနိုင်စေဖို့ ချန်ထားခဲ့လေ့ရှိသည်။
"ကောင်းပြီ!"
ထျန်ကျွင့်နမ်သည် စာအုပ်စင်ပေါ်မှ အရှိန်ပြင်းပြင်း လှမ်းကြည့်လိုက်သည်။
လုရွှမ်လည်း ရပ်မနေတော့ဘဲ သူ့မျက်လုံးတွေက ကြေးခွံတွေ့တဲ့ နေရာပေါ်ကို စိုက်ကြည့်နေ၏။
ကြည်လင်ပြတ်သားပြီး အလွန်လှပသော ကျောက်စိမ်းမှ ထွင်းထုထားသည့် လက်ဆေးကန် တစ်ခုဖြစ်သည်။ လုရွှမ်သည် အင်တုံ၏ အစွန်းကို လက်ဖဝါးဖြင့် ထိလိုက်ကာ ရုတ်တရက် အနည်းငယ်ပြုံး၍ လက်ညှိုးကို မြှောက်လိုက်သည်။
ဝုန်း!
အခန်း၏ မူလဗလာကျင်းနေသော နံရံတွင် မှောင်မည်းနေသော နေရာတစ်ခု ပေါ်လာသည်။
ဤစက်ယန္တရားမျိုးသည် အလွန်ရိုးရှင်းပါသည်။ အခြားလူများကို လှည့်စားရန် ဖြစ်နိုင်သော်လည်း ရုပ်သေးပင်လယ်ဂိုဏ်း၏ စာကြည့်တိုက်ကို အလွတ်ကျက်ခဲ့သော လုရွှမ် အတွက်တော့ ဘာမှမဟုတ်ချေ။
အမှောင်ခန်းထဲတွင် ပစ္စည်းများစွာ မရှိသော်လည်း လက်ရေးမူ နှင့် စာအုပ်တစ်အုပ်သာ ရှိသည်။
"ရွှေကျောက်စိမ်းနည်းလမ်း!"
စာအုပ်မျက်နှာဖုံးမှာ စာလုံးများကို ရေရွတ်ရင်း စာအုပ်ကို ရှောင်တခင် လှန်ကြည့်လိုက်ကာ စိတ်ဝင်စားမှု မရှိတော့ချေ။
၎င်းသည် ဂူပိုင်ရှင်၏ အလေးနက်ဆုံး လျှို့ဝှက်စာအုပ် ဖြစ်ပုံရသည မဟုတ်ပါက ၎င်းကို အထူးဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
"ရော့!"
သူသည် စာအုပ်ကို ထျန်ကျွင့်နမ်ထံသို့ တိတ်တဆိတ် ပစ်ပေးလိုက်သည်။
"ဒါက ဝိညာဥ်နယ်ပယ် အလယ်အလတ်အဆင့်က လေ့ကျင့်ရေး ကျင့်စဥ်ပဲ... ဒါ ဒါက အစ်ကိုကြီး ရှာတွေ့ထားတာ... ကျွန်တော် လက်မခံနိုင်ပါဘူး...."
ထျန်ကျွင့်နမ် လန့်သွားပြီး သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
ဝိညာဥ်နယ်ပယ် အလယ်အလတ်အဆင့် လေ့ကျင့်ရေး ကျင့်စဥ်များသည် သူတို့မိသားစုတွင် ရှိပြီး ဘိုးဘေးတစ်ဦးတည်းသာ ၎င်းတို့ကို လေ့ကျင့်ရန် အရည်အချင်း ပြည့်မီလေသည်။
တကယ်ကို အဖိုးတန်လွန်း၏။
"ယူလိုက်ပါ... ဒါ ခြေလေးချောင်း ကြေးနီကြက်ရဲ့ ရတနာဖြစ်လို့ မင်းပိုင်သင့်တယ်!"
"ဒါက မဖြစ်ပါဘူး! အစ်ကိုကြီးရဲ့ အကူအညီသာ မရှိရင် ခြေလေးချောင်း ကြေးနီကြက်ကို ရှာရတာလည်း ဘာအကျိုးရှိမှာလဲ?"
ထျန်ကျွင့်နမ် ကမန်းကတန်း ပြောလိုက်သည်။
ဒီအရာကို သူအရမ်းလိုချင်ပေမယ့် လူတွေက သူတို့ရဲ့ ကန့်သတ်ချက်ကို မတွန်းလှန်နိုင်ဘူး ဆိုတာလည်း သူသိသည်။
သူ့ရှေ့က လူငယ်လေးရဲ့အကူအညီ မပါဘဲ ခြေလေးချောင်းရှိတဲ့ ကြေးနီကြက်ကို သူဘယ်တော့မှ ပြန်ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။
"ယူဖို့ပြောရင် ယူထားလိုက်!! ဘာ အဓိပ္ပာယ်မရှိတာတွေ ပြောနေသေးတာလဲ!"
လုရွှမ်၏ မျက်နှာသည် မည်းမှောင်သွားပြီး အနည်းငယ် ဟောက်လိုက်သည်။
တစ်ဖက်သား၏ အမြင်တွင် ဝိညာဥ်နယ်ပယ် အလယ်အလတ်အဆင့် လေ့ကျင့်ရေး နည်းလမ်းများသည် အဖိုးတန်နိုင်သော်လည်း သူ့အတွက်တော့ အိမ်သာသုံး စက္ကူလောက်ပင် အသုံးမဝင်ချေ။
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အစ်ကိုကြီး!"
ထျန်ကျွင့်နမ်သည် အဓိပ္ပါယ်မဲ့ စကားများကို ရပ်လိုက်ပြီး စာအုပ်ကို သူ့ရင်ခွင်ထဲထည့်ကာ မျက်လုံးများလည်း နီရဲလာသည်။
တခြားသူနဲ့သာ အတူတူ ဝင်လာမိရင် ဒီလိုကောင်းတဲ့ ပစ္စည်းကို ရရှိပါက ညီအကိုတွေ အချင်းချင်း မသတ်မိရင်ပင် အလွန်ကောင်းနေလေပြီ။ တစ်ဖက်က မကြည့်ဘဲ တိုက်ရိုက်ပေးလာတာက တကယ်ကို ကောင်းပေ၏။
"နောက်ပိုင်း သူငါ့ကို တစ်ခုခု လုပ်ခိုင်းရင် ငါလုပ်နိုင်သရွေ့ အစွမ်းကုန် ပြန်ဆပ်ရမယ်!"
စိတ်ထဲမှာ တိတ်တိတ်လေး ကျိန်ဆိုနေလိုက်သည်။
သူ့စိတ်ထဲမှာ ဘာတွေတွေးနေမှန်း မသိတဲ့ လုရွှမ်ရဲ့ မျက်လုံးတွေက လက်ရေးမူစာလိပ် တစ်ခုကို စိုက်ကြည့်နေ၏။
လက်ရေးမူမှာ လေးလေးနက်နက်ကို ရေးထားခဲ့ပုံ ရသည်။ ၎င်းသည် နည်းစနစ်တစ်ခု မဟုတ်သလို သိုင်းကျမ်းတစ်ခု မဟုတ်သော်လည်း ၎င်းသည် သူရှာဖွေနေသော လက်ရေးမူသာ ဖြစ်သည်။
"ကျုပ် စုကွမ်ချန်ဟာ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉တွင် ရပ်တန့်နေခဲ့ပြီး ဖြတ်ကျော်ဖို့ ခက်ခဲခဲ့တယ်.... စိတ်ဓာတ်ကျစွာနဲ့ ရှန့်ခုန်းချိုင့်ဝှမ်းထဲမှာပဲ နေရစ်ခဲ့တယ်"
သေသေချာချာ ကြည့်လိုက်တော့ ဂူပိုင်ရှင်အကြောင်း ရေးထားတဲ့စာတွေ ဖြစ်နေသည်။
ဤလှိုဏ်ဂူကို ဖွင့်ခဲ့သူမှာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၉တွင် ရှိသော စုကွမ်ချန် အမည်ရှိသော လူတစ်ယောက် ဖြစ်သည်။ သူသည် ထိုနယ်ပယ်တွင် နှစ်ပေါင်းများစွာ ကြာအောင် ပိတ်မိနေခဲ့ပြီး မထိုးဖောက်နိုင်ခဲ့ပေ။
သူနဲ့အတူ ချိုင့်ဝှမ်းထဲသို့ ဝင်လာခဲ့သူများ ထွက်ခွာသွားသော်လည်း သူကတော့ နေရစ်ခဲ့သည်။ အဖြေကတော့ အင်မတန် ရိုးရှင်းပါ၏။ ဒီနေရာမှာ အောင်မြင်မှုတွေအတွက် အခွင့်အလမ်းတွေကို ရှာချင်ခဲ့ခြင်းပင် ဖြစ်သည်။
ရလဒ်အနေနဲ့ အခွင့်အလမ်းကို ရှာမတွေ့ခဲ့ဘဲ ဒီနေရာမှာ သေတဲ့အထိ ပိတ်မိနေခဲ့သည်။
ချိုင့်ဝှမ်းအပေါက် ပိတ်ပြီးသွားရင် ပညာရှင်အားလုံး ထွက်သွားကြရသည်။ ဒီမှာပဲ နေခဲ့မယ်ဆိုရင် ဘယ်လောက်ပဲ သန်မာနေပါစေ အနှစ်တစ်ရာ အသက်ရှင်နိုင်မှာ မဟုတ်ပေ။
ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာတော့ ဘယ်သူမှ မသိပါ။
နှစ်သန်းပေါင်းများစွာ ကြာအောင် ဒီကျိန်စာကို ချိုးဖျက်နိုင်တဲ့ လူဟာ လက်တစ်ဆုပ်စာ လောက်သာ ရှိပါသေး၏။ ယခုစာရေးခဲ့သူဟာ ထိုလူတွေမှာ မပါတာ သိသာလေသည်။
ဤစုကွမ်ချန်သည် သူ့ကံကြမ္မာကို မလွတ်မြောက်နိုင်ခဲ့သည်မှာ သိသာ ထင်ရှားလှသည်။ သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၉ပင်လျှင် နောက်တစ်ကြိမ် ချိုင့်ဝှမ်း ဖွင့်တဲ့ချိန်အထိ အသက်ရှင်နိုင်ခြင်း မရှိခဲ့ပေ။
လက်ရေးမူသည် သူ့အမည်၏ ဇာစ်မြစ်ကို မိတ်ဆက်ခြင်း အပြင် ဂုဏ်ယူစေသော အကြောင်းအရာ အချို့ကိုလည်း ရေးသားခဲ့သည်။ ဥပမာ သူသည် သခင်များစွာကို တစ်ယောက်တည်း တိုက်ခိုက်ပြီး အန္တရာယ်ရှိသော နေရာတစ်ခုနှင့် နန်းတော်ကို တစ်ယောက်တည်း ဖြိုခွင်းခဲ့သည့် အကြောင်းများပင်။
အတိုချုပ် ပြောရရင် ကြွားလုံးထုတ်တာတွေ အများကြီး ရှိလေသည်။ ဒါတွေအတွက် လုရွှမ် လုံးဝ စိတ်မဝင်စားဘဲ လက်ရေးမူရဲ့ နောက်ကျောကို တိုက်ရိုက်ကြည့်လိုက်သည်။
"ရှန့်ခုန်းချိုင့်ဝှမ်းထဲမှာ ပိတ်မိနေခဲ့တဲ့ ငါးနှစ်မှာ ဒီနေရာကို ရှာတွေ့ခဲ့တယ်....ရေအေးကန်မှာ ရွှေငါးတစ်ကောင်ကိုလည်း တွေ့ခဲ့တယ်။ ရွှေငါးမှန်း ကောင်းကောင်း သိပေမယ့် ဒီလောက်လှတဲ့ ရွှေငါးကို တစ်ခါမှ မတွေ့ဖူးဘူး.... စိတ်ဝိညာဉ် အားလုံးကို ဆွဲဆောင်ထားသလိုပဲ"
၎င်း၏ စကား အားလုံးနီးပါးဟာ ချီးမွမ်းခန်း ဖွင့်ထားတာတွေချည်းပင်။
ရတနာတစ်ခု သို့မဟုတ် တန်ခိုးကြီးတဲ့ ဝိညာဥ်သားရဲအကြောင်း ဆိုရင် အဆင်ပြေနိုင်ပေမယ့် ချီးမြှောက်ခံရတဲ့ အရာက ရွှေငါးဖြစ်နေသည်။
"ဒီလိုမျိုးတွေလည်း ရှိတာပဲ!"
ဤအရာအားလုံးကို ဖတ်ပြီးနောက် လုရွှမ်သည် မငြီးငွေ့တော့ဘဲ သူ့မျက်လုံးများ ပိုမိုတောက်ပလာခဲ့သည်။
အကြေးခွံကို တွေ့ပြီးနောက် ဒီစာကို လိုက်ရှာချင်ခဲ့တာ။ ရည်ရွယ်ချက်ကတော့ ကြားဖူးခဲ့တဲ့ သတင်းကို အတည်ပြုဖို့ပဲ။ ကြည့်ရတာ အကြေးခွံရဲ့ အရင်းအမြစ်က ရေအေးကန် ဖြစ်ပုံရသည်။
"တိကျတဲ့ တည်နေရာက ရေတံခွန်ရဲ့ အထက်ပိုင်းပဲ... ဂူတည်ရှိတဲ့ အောက်ဖက်က ရေအေးကန်က အထက်က ရေစီးဆင်းမှုနဲ့ ဖွဲ့စည်းထားတဲ့ အကိုင်းအခက်ငယ် တစ်ခုပဲ"
လုရွှမ်သည် လက်ရေးမူ စာအုပ်ထဲရှိ ရွှေငါးအကြောင်း အပိုင်းကို အကြိမ်ပေါင်းများစွာ ဂရုတစိုက် ဖတ်ခဲ့ပြီး နောက်ဆုံးတွင် ရွှေငါးပေါ်လာနိုင်သည့် တည်ရှိရာ နေရာကို အတည်ပြုခဲ့သည်။
"ဒီတစ်ခါလာတာ အလကားတော့ ဖြစ်မသွားဘူးပဲ!"
ရရှိလိုက်သော သတင်းကို အကျဉ်းချုပ် ပြီးသောအခါ လုရွှမ်၏ နှုတ်ခမ်းထောင့်များက ကွေးညွတ်သွားလေသည်။