ပြေး
Vol. 70 Ch. 967
ဖိနှိပ် ချုပ်ချယ်မှုနှင့် ပြင်းထန်သည့် သြဇာ အငွေ့အသက်များမှာ လောက ကွဲပျက်လနှင့် ပတ်ဝန်းကျင် အမှောင် ဟင်းလင်းပြင် တစ်ခုလုံးကို လွှမ်းခြုံသွား၏။ တိုက်ပွဲများက ရုတ်ချည်း ရပ်တန့်သွားသည်။ ယွီလီရှင်းကို တိုက်ခိုက်နေကြသူများ၏ အာရုံများမှာ အသစ် ရောက်ရှိလာသည့် မြေကြီး ရှန့်ထိုများပေါ် ကျရောက်သွားသည်။
ထိုပုဂ္ဂိုလ် တစ်ယောက်ချင်းစီတိုင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူတို့ ပိုင်ဆိုင်ထားသည့် အော်ရာများက ပြိုင်စံရှားကာ တစ်ယောက်နှင့် တစ်ယောက် လုံးဝ ကွဲထွက်နေ၏။ သူတို့က သုံးယောက်တန်း နှစ်တန်းစီ ပုံစံမျိုးဖြင့် နေရာယူထားကြသည်။
မြေကြီး ရှန့်ထိုများထဲ၌ ဧကရာဇ် တစ်ပါး အလား ကိုယ်ရောင်ကိုယ်ဝါ အထင်ရှားဆုံးနှင့် အပေါ်လွင်ဆုံး ပုဂ္ဂိုလ်ကတော့ ဝူယုမှ တစ်ပါး မည်သူ ဖြစ်နိုင်ပါမည်နည်း။ သူက လျှို့ဝှက် သင်္ကေတ သောင်းပေါင်းများစွာကို ဝန်းရံကာ မျက်နှာဖုံးတပ်များကို ပေါ့ပေါ့ပါးပါး အမူအရာဖြင့် စိုက်ကြည့် နေခဲ့သည်။
နောက်ထပ် တစ်ယောက်ကတော့ ဒြပ်စင်တို့၏ အရှင်သခင် ဖြစ်ပုံ ရ၏။ သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်း၌ ဒြပ်စင် စွမ်းအင်များက ကိန်းအောင်း နေကာ မျက်လုံးများမှာလည်း ဒြပ်စင် အလင်းရောင်များဖြင့် တဖျပ်ဖျပ် တောက်ပနေ၏။ ထိုပုဂ္ဂိုလ်ကြီးကတော့ ဒြပ်စင် ကာကွယ်သူ ဟန်ယုဟိုင်ပင် ဖြစ်လေသည်။
ထိုနာမည်ကျော် ပုဂ္ဂိုလ် နှစ်ယောက် အကြားတွင်တော့ အသက်လတ် မိန်းကလေး တစ်ဦး ရှိနေခဲ့၏။ အသက် သုံးဆယ်ကျော် ရုပ်ရည်နှင့် အတူ သူမက အပြစ်အနာအဆာ ကင်းမဲ့ကာ ချောမွေ့သည့် အသားအရေကို ပိုင်ဆိုင်ထားသည်။ လှပသော မျက်လုံးများကတော့ သမုဒ္ဒရာ တစ်စင်းလို ပြာလဲ့ နက်ရှိုင်းနေ၏။
သူမ၏ လက်ထဲတွင်တော့ နေကြယ် ကိုးစင်း လှည့်ပတ်နေသည့် ကျိုင်းတစ်ခုကို ကိုင်ဆောင်ထားသည်။ အကယ်၍ သေချာကြည့်မည် ဆိုပါက ကျိုင်းပတ်လည်ရှိ နေကြယ်များမျာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နေကြယ်များနှင့်ပင် ဆင်တူကာ တစ်ခုချင်းစီ၏ အထဲ၌ လူသားပုံ ကဲ့သို့ အရိပ် တစ်ခုစီ ရှိနေခဲ့သည်။
သူမကတော့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ၏ တစ်ခေတ်တစ်ခါက နာမည်ကျော် ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထို ဖေးယဲ့လီယင်ပင် ဖြစ်လေသည်။
ဝူယု၊ ဟန်ယုဟိုင်နှင့် ဖေးယဲ့လီယင်တို့မှာ အတူတကွ ပူးပေါင်းကာ ရှေ့ဆုံးတန်း သုံးယောက် နေရာ၌ ယူထားခြင်းပင် ဖြစ်လေသည်။
သူတို့၏ နောက် ဒုတိယတန်းတွင်လည်း နောက်ထပ် မြေကြီး ရှန့်ထို သုံးယောက် ရှိနေခဲ့၏။ ပထမဆုံး တစ်ယောက်က ပိုးသား ဝတ်ရုံ ဝတ်ဆင်ထားသည့် အသက်လတ် မိန်းမကြီး ဖြစ်သည်။ လျှို့ဝှက် ဆန်းကြယ်စွာပင် သူမ၏ မျက်လုံးများက တိုက်ပွဲ ရည်ရွယ်ချက်တို့ဖြင့် လောင်ကြွမ်းနေ၏။ ၎င်းက စီးပွားရေး သမား တစ်ယောက် အတွက် ရှားပါးသည့် အခိုက်အတန်မျိုး ဖြစ်သည်။ သူမက အခြားသူ မဟုတ်...။ ရွှေရောင် အသက်နန်းတော်၏ ပထမကိုင်းခွဲ အုပ်ချုပ်ရေးမှူး စွန်းလီပင်။
ဒုတိယမြောက် တစ်ယောက်ကတော့ ဆင်စွယ်ရောင် အသားအရေနှင့် သစ်အယ်သီးရောင် မျက်လုံးများကို ပိုင်ဆိုင်ထားသည့် မိန်းမလှလေး တစ်ယောက်ပင်။ သူမ၏ တည်ရှိမှုက ဧကရီ တစ်ပါးလို မြင့်မြတ် ထည်ဝါလှကာ သြဇာအာဏာ၊ တည်ငြိမ် ရင့်ကျက်မှုနှင့် ကျက်သရေရှိမှုတို့ တစ်ပြိုင်နက်တည်း ထုတ်ဖော်နေသည်။ ထိုမိန်းမလှလေးကတော့ ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ အစစ်အမှန် ဧကရီ သန့်စင်သောလေ ချင်းဖုန်းပင် ဖြစ်လေသည်။
နောက်ထပ် တစ်ယောက်ကတော့ မီးခိုးရောင် ဆံပင်များနှင့် အသက်လတ် မိန်းမကြီး တစ်ယောက် ဖြစ်သည်။ သူမက အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ လှပသော မီးတောက်များက ပခုံးထက်၌ ကခုန်နေသည်။ သူမ၏ ဆံနွယ်များကလည်း အနီရောင် အစက်အပျောက်များဖြင့် ပြည့်နှက်နေသည်။ သူမက မီးတောက် ခြောက်ခု ကြယ်တာရာ နယ်မြေ၏ မြေကြီး ရှန့်ထို ဟန်ယန်လျဲ့လန်ပင် ဖြစ်လေသည်။
ထိုနာမည်ကျော် မြေကြီး ရှန့်ထို ခြောက်ယောက်၏ အနောက်၊ နောက်ဆုံးတန်း၌ ရပ်နေသူကတော့ နဂါးခေါင်းဆောင်း ဆောင်းထားသည့် မြေကြီး ရှန့်ထိုပင် ဖြစ်လေသည်။ သူက မြေကြီးရှန့်ထို တစ်ပါး၏ အော်ရာကို ပိုင်ဆိုင်ထားသည့်တိုင် တစ်ချိန်တည်း၌ သေမျိုး စွမ်းအင်များဖြင့် ဖွဲ့စည်း ထားသယောင် ထင်ရသည်။ သို့စေကာမူ သူ၏ စွမ်းအင်များက အလွန် ကြောက်ဖို့ကောင်းနေဆဲ ဖြစ်သည်။ ထို့အပြင်... သူ၏ နောက်၌ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ထောင် လိုက်ပါလာ၏။
သူတို့က ဗိုလ်ချုပ်ကြီး ကျန့်ကျန့်နှင့် သူ ဆင့်ခေါ်ထားသည့် တပ်စိတ်တစ်ခု၏ အင်အားပင် ဖြစ်လေသည်။ ထိုအဖွဲ့ထဲ၌ သေမျိုးတစ်ပိုင်း အရှင် အဆင့် ခြောက်ယောက်နှင့် လျှို့ဝှက် ဝိညာဉ် အဆင့် ဒါဇင် အနည်းငယ်ခန့်သာ ပါဝင်ကာ အများစုက လျှို့ဝှက် ကြယ်တာရာ အဆင့် စစ်သည်များ ဖြစ်ကြသည်။
သို့သော်လည်း... သူတို့ အားလုံးမှာ စစ်ပွဲ အတွက် ရည်ရွယ်၍ ဖန်တီးထားသည့် အလား စစ်သွေးစစ်မာန်များဖြင့် တက်ကြွနေကာ အလွန်တရာ ပြင်းထန်သည့် စစ်ပွဲ ရည်ရွယ်ချက်၊ သတ်ဖြတ်ခြင်း ရည်ရွယ်ချက်၊ လက်နက် ရည်ရွယ်ချက် အမျိုးမျိုးကို ထုတ်လွှတ်နေ၏။
သူတို့ အားလုံး၏ အနောက် ရွှေရောင် မီးဖီးနစ် ထက်တွင်တော့ ဝေ့ဝူယင်မှာ မတ်တပ်ရပ်ကာ လိုက်ပါလာ၏။ သူက စစ်အမတေဖြင့် ဖန်တီးထားသည့် လျှို့ဝှက်လောက အဆင့် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏ ငွေရောင် မျက်လုံးများက ဝိညာဥ် အလင်းများဖြင့် တဖျပ်ဖျပ် တောက်ပနေကာ လက်ထဲ၌ ဆေဘာတစ်စင်းကို ကိုင်ဆောင်ထားသည်။
‘မြေကြီးရှန့်ထို ခြောက်ယောက်...’
ဝေ့ဝူယင် နှာခေါင်းရှုံ့လိုက်မိ၏။ မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုများမှာ ယွီစွန်းလီ အာရုံခံမိသလို ငါးယောက်တည်း မဟုတ်ပါချေ။ နောက်တစ်ယောက် ရှိပေသေးသည်။ သူက အာကာသ အလွှာများထဲတွင် ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
“ခုခံတဲ့ လူတွေ သတ်ပစ်... လက်နက်ချတဲ့လူတွေကိုတော့ ဖမ်းပြီး ချိပ်ပိတ်လိုက်...”
ဝေ့ဝူယင် အေးစက်စက် အမိန့်ပေးလိုက်တော့၏။
...
တစ်ချိန်တည်း၌...
ဟူး... ဟူး...
နောက်ထပ် ပုံရိပ်များမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အပြင်ဘက်တွင် တိတ်တဆိတ် လွင့်မြော နေကြ၏။
ပထမဆုံး တစ်ယောက်က ရွှေရောင်နှင့် အဖြူရောင် တာအို ဝတ်စုံကို ဝတ်ဆင်ထားသည့် လူအိုကြီး တစ်ယောက် ဖြစ်သည်။ သူက နှုတ်ခမ်းထက်၌ အပြုံးတစ်ခုကို ဆင်မြန်းထားကာ ရင်းနှီး ဖော်ရွေလွယ်သည့်ဟန် ရသော်လည်း ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အော်ရာများကတော့ အာရုဏ်ဦး စစ်သည်တော် ဝူယုထက် နည်းနည်းလေးမျှ လျော့ကျခြင်း မရှိချေ။
ထိုပုဂ္ဂိုလ်ကြီးကား အခြားလူ မဟုတ်...။ လက်ရှိ ရွှေရောင် အသက်နန်းတော်၏ နန်းတော်သခင် မာ့ကျန်းပင် ဖြစ်လေသည်။
သူ၏ နောက်ဖက် မလှမ်းမကမ်း တစ်နေရာတွင်တော့ နောက်ထပ် မြေကြီး ရှန့်ထို အဆင့် သုံးယောက် ရှိနေခဲ့၏။ သူတို့က ယန်ချောင်ယွီ၊ ထျန်းမူယန်နှင့် အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မဟာ အကြီးအကဲ ကျန်းကျိရီတို့ပင် ဖြစ်လေသည်။
သူတို့ သုံးယောက် စလုံးမှာ တူညီသည့် လက်ဟန်မုဒြာ တစ်ခုကို ဖော်ဆောင်ထားကာ လျှို့ဝှက် စွမ်းအင်များကို မာ့ကျန်းထံ ပို့လွှတ်နေခဲ့၏။
အကယ်၍ အနီးကပ် ကြည့်မည်ဆိုပါက... မာ့ကျန်း၏ လက်ထဲတွင် ငွေရောင် ကုဗတုံး တစ်ခု ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုကုဗတုံး၏ မျက်နှာပြင် လေးဖက်လေးတန်လုံးမှာ လျှို့ဝှက် ဆန်းကြယ်သည့် သင်္ကေတများဖြင့် နေရာလပ် မရှိအောင် ပြည့်နှက်နေ၏။
ဟူး... ဟူး...
မာ့ကျန်းမှာ သူ့ကိုယ်ပိုင် စွမ်းအင် အပြင် မြေကြီး ရှန့်ထို အဆင့် သုံးယောက်ထံမှ လျှို့ဝှက် အင်အားများကိုပါ ဆက်သွယ်ကာ ကုဗတုံး အတွင်း အဆက်မပြတ် ပို့လွှတ်နေခဲ့သည်။ ငွေရောင် မျက်နှာပြင်ထက်ရှိ သင်္ကေတများမှာ လျှို့ဝှက် စွမ်းအင်များကို စုပ်ယူကာ အချိန်နှင့် အမျှ ပိုမို၍ တောက်ပလာနေခဲ့၏။ ၎င်းတို့ အကန့်အသတ်ကို ရောက်သွားသည်နှင့် တစ်ပြိုင်နက်...
ဘုန်း...
လောကကွဲပျက်လနှင့် လျှို့ဝှက် အာဏာရှင် အဆင့်များကို ဝန်းရံ၍ အလင်း အကာအရံကြီး နှစ်ခု ဖွဲ့စည်းလာခဲ့သည်။ အာကာသကား ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်လေသည်။
“သူ့ရဲ့ ပထမဆုံး တောင်းဆိုချက်က အစစ်အမှန် မွေးဖွားခြင်းနဲ့ တိုက်ခိုက်ဖို့ ဖြစ်မယ်လို့ မထင်မိဘူး...”
ထျန်းမူယန်မှာ ဖြူရော်စွာ ပြုံးရင်း ခေါင်းခါလိုက်မိ၏။ ရယ်ရမလား ငိုရမလားပင် သူ မသိတော့ချေ။ ရောက်လျှင်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလိုပင် ဝေ့ဝူယင်မှာ ဘယ်သူမှ မထိရဲသည့် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ နာမည်ကျော် မိစ္ဆာ အဖွဲ့အစည်းကို တိုက်ခိုက်နေခြင်း ဖြစ်ပေသည်။
ထို့အပြင်... လက်ရှိ အချိန် မတိုင်ခင် အထိ အစီအစဉ် ရှိသည်ကိုပင် သူတို့ မသိခဲ့ရချေ။ ဝေ့ဝူယင်က ဝင်္ကပါ တစ်ခုကို အသက်သွင်းရန် ကူညီပေးပါ ဟုသာ သူ့ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ပထမ၌ ထိုအရာက အဂ္ဂိရတ် ဝင်္ကပါ တစ်ခုသာ ဖြစ်လိမ့်မည်ဟု သူတွေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း လက်တွေ့တွင်တော့ ၎င်းက အာကာသ ချိပ်ပိတ်ခြင်း ဝင်္ကပါ တစ်ခု ဖြစ်နေခဲ့သည်။
ထို့အပြင်... ဝေ့ဝူယင်က မြေကြီး ရှန့်ထိုများကို ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထဲ မည်ကဲ့သို့ ခေါ်သွင်းသွားသည်ကို သူ စဉ်းစား မရချေ။ ပုံမှန်အားဖြင့် ကြယ်တာရာ နယ်မြေများမှာ လျှို့ဝှက် ကျိန်စာများ၏ အကာအကွယ်များ အောက်၌ ရှိနေသည့် အရာများ ဖြစ်သည်။ အခွင့်မရှိပါက မည်သည့် မြေကြီး ရှန့်ထိုမှ ဝင်ခွင့် မရှိပါချေ။ ကြယ်တာရာ နယ်မြေ တစ်ခု မဆိုထားနှင့် သူတို့ အင်ပါယာ မျိုးနွယ်ပင်လျှင် ဒြပ်စင် နယ်မြေ အတွင်း ဝင်ရောက်ရန် ဟန်ယုဟိုင်ထံမှ ခွင့်ပြုချက်ကို ရယူခဲ့ရသည်။
“ငါတို့ ကြယ်ကွင်းပြင်တော့ အပြောင်းအလဲတွေ ဖြစ်တော့မယ် ထင်တယ်...”
ယန်ချောင်ယွီကလည်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ ထိုလူငယ် မဟာစက်ဝန်း ကြယ်ကွင်းပြင်ကို စရောက်ပြီး ကတည်းက အပြောင်းအလဲများက တစ်ခုပြီး တစ်ခု ဖြစ်ပေါ် နေခဲ့ခြင်း ဖြစ်သည်။
ပထမဆုံး အစစ်အမှန် ဒြပ်စင် နယ်မြေ၊ ရွှေရောင် အသက်နန်းတော်... ယခုတစ်ဖန် အစစ်အမှန် မွေးဖွားခြင်း...
အားလုံးကလည်း သူနှင့် တစ်နည်းမဟုတ် တစ်နည်း ဆက်စပ် နေသည်ချည်းသာ ဖြစ်သည်။ သေမျိုး တစ်ယောက် အနေဖြင့် ထိုမျှ စွမ်းဆောင် နိုင်ခြင်းကား မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။
“...”
အခြားတစ်ဖက်၌ ကျန်းကျိရီကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေသည်။ လက်ရှိ ဝေ့ဝူယင်နှင့် အတူ ပါလာသည့် မြေကြီး ရှန့်ထို အားလုံးထဲတွင် သူမက အားအနည်းဆုံး ဖြစ်သည်။ ထို့ကြောင့် နောက်ကွယ်မှ နေ၍ စွမ်းအား ထောက်ပံ့ရုံလောက်သာ တတ်နိုင်ပေသည်။ သို့သော်လည်း... သူမ အတွင်း စိုးမိုးနေသည့် အရာက မြေကြီး ရှန့်ထိုများအား ဆင့်ခေါ်ရန် ဝေ့ဝူယင် အသုံးပြုခဲ့သည့် ဟင်းလင်းပြင် ပေါ်တယ်များ ဖြစ်သည်။ ထိုလူငယ်က အာကာသ ဝေဟင်ဂိုဏ်းနှင့် တကယ်ပဲ ချိတ်ဆက်နေသလော။
အလင်း အကာအရံကြီး နှစ်ခု အတွင်း၌...
မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုများမှာ သူတို့ ရင်ဆိုင်နေရသည့် ကံကြမ္မာကို နားလည် သဘောပေါက် သွားကြပြီ ဖြစ်သည်။
ဝှစ်...
အာကာသ အလွှာများထဲ၌ ပုန်းကွယ်နေသည့် မျက်နှာဖုံးတပ်မှာ အာကာသ ချိပ်ပိတ်ခံရမှုကြောင့် ဆက်လက် ရပ်တည်နိုင်စွမ်း မရှိတော့လေရော အပြင်သို့ ထွက်ပေါ်လာ၏။ ထို့နောက် သူ ပထမဆုံး ပြောလိုက်သော စကားကား...
”ပြေး...”
ဟူ၍ပင်။
***