← Chapters

ဝိညာဉ်ရှန့်ထို ဧကရာဇ်

Vol. 70 Ch. 969

ဝိညာဉ်ရှန့်ထို ဧကရာဇ်

Vol. 70 Ch. 969

“ကျွန်တော် အဲဒါကို လိုချင်တယ်...”

ပိုင်လင်၏ ရွှေရောင် မျက်လုံးများမှာ လိုချင် ဆန္ဒများနှင့် ‌လောင်ကြွမ်း နေ၏။ မြေကြီး ရှန့်ထို တစ်ယောက်ကိုပင် သုတ်သင်နိုင်ခဲ့သည့် ထိုငှက်မွေးကို သူမ စားချင်သည်။ ၎င်းကိုသာ ချေဖျက်နိုင်ပါက သူမက ဖီးနစ် မီးတောက်များ အပေါ် နားလည်မှုက နောက်တစ်ဆင့်ကို မြင့်တက်သွားလိမ့်မည် ဖြစ်သည်။

ဝေ့ဝူယင်က အသာအယာပင် ခေါင်းညိတ်လိုက်၏။ သူ ကိုယ်တိုင်လည်း ထိုငှက်မွေးတောင်ကို အမှန်တကယ် စိတ်ဝင်စား နေခဲ့ခြင်းဖြစ်သည်။ ငှက်မွေးတောင် တစ်ခုပင်လျှင် ထိုမျှ အစွမ်းထက် နေပါက အစစ်အမှန် သတ္တဝါဆိုလျှင် ဘယ်တောင်တောင် ကြောက်ဖို့ ကောင်းမည် မသိချေ။

သူ့ ခန့်မှန်းချက် အရ ဆိုလျှင်... တတိယ နိဗာန အသွင်ပြောင်းခြင်း အဆင့်ကို ဝင်ရောက် ပြီးသည်နှင့် ပိုင်လင်မှာ လောကရှန့်ထို တစ်ယောက်၏ ခွန်အားကို ပိုင်ဆိုင် လာလိမ့်မည် ဖြစ်သည်။ လက်ရှိ၌ ပိုင်လင်မှာ ဒုတိယ နိဗာန အသွင်ပြောင်းခြင်း အဆင့် ဆိုသော်လည်း အကန့်အသတ်ကို မရောက်ရှိသေးချေ။ အခြေခံ အဆင့်မှာသာ တဝဲလည်လည် ကျန်ရှိနေသေးဆဲ ဖြစ်သည်။ သူတို့ ရင်ဆိုင်နေရသည့် အဓိက ပြဿနာက မီးဖီးနစ် လမ်းစဉ် အပေါ် အထောက်အကူ ဖြစ်စေနိုင်သည့် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များ ကင်းမဲ့ခြင်း ဖြစ်သည်။

ဝေ့ဝယင် ပြင်းထန်နေဆဲ ဖြစ်သည့် တိုက်ပွဲကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ အချိန်က တစ်မိနစ်ကျော် ကြာသွားခဲ့ပြီ ဖြစ်သည်။ သူ ထိုမျှ အချိန်ဆွဲနေရသည့် အကြောင်းရင်းက... အစစ်အမှန် မွေးဖွားခြင်း ဂိုဏ်းသားများကို နောက်ကွယ်မှ ညွှန်ကြားနေသည့် ပုဂ္ဂိုလ် ထွက်ပေါ်လာဖို့ ဖြစ်သည်။

ထိုပုဂ္ဂိုလ်မှာ ကြယ်ကိုးပွင့် ရှန့်ထိုခန်းမဝင် တစ်ယောက် ဖြစ်နိုင်သည်ဟု သူ သံသယ ရှိသည်။ မဟုတ်လျှင် မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုများမှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထဲကို မည်ကဲ့သို့ ဝင်နိုင်မည်နည်း။ ကြယ်တာရာ နယ်မြေတိုင်းမှာ မြေကြီးရှန့်ထိုများကို လျှို့ဝှက် ကျိန်စာများနှင့် တင်းကြပ်စွာ တားဆီးထားပေသည်။ သူတို့ ကိုယ်တိုင်ပင်လျှင် ဤနေရာကို ဝင်ဖို့ ဖေးယဲ့လီယင်၏ အကူအညီကို လိုအပ်ခဲ့ပေသည်။

သို့သော်လည်း မျှော်လင့်ထားသည်နှင့် ခြားနားစွာပင် မည်သူမှ ထွက်ပေါ်လာခြင်း မရှိချေ။ ကြည့်ရသည်က ထိုပုဂ္ဂိုလ်မှာ လှုပ်ရှားရန် လုံးဝ ဆန္ဒ မရှိသည့်ပုံ ရ၏။ ဝေ့ဝူယင် မျက်မှောင်ကြုတ်လိုက်၏။ ထိုကဲ့သို့ ဆိုပြန်တော့လည်း သူက နောက်ထပ် အမိန့်တစ်ခုကို ပေးရတော့မည်။

“သွား...”

ဝေ့ဝူယင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ ဝူယုနှင့် ကျန့်ကျန့်တို့ နှစ်ယောက်မှာ တစ်ပြိုင်နက်တည်း စတင် လှုပ်ရှားလာကြသည်။ သူတို့က ဟန်ယုဟိုင်နှင့် တိုက်ခိုက်နေသည့် မျက်နှာဖုံးတပ် နှစ်ယောက်ထံ တိုးဝင် သွားကြခြင်း ဖြစ်လေသည်။

ဘုန်း... ဘုန်း...

သုံးယောက် နှစ်ယောက် တိုက်ခိုက်မှု အောက်၌ အစစ်အမှန် မွေးဖွးခြင်း၏ မြေကြီး ရှန့်ထို နှစ်ယောက်မှာ လေးစက္ကန့်မျှပင် မခံပဲ အရေးနိမ့် သွားကြ၏။ ငါးစက္ကန့်မြောက် အရောက်တွင်တော့ သူတို့ နှစ်ယောက်စလုံး ချိပ်ပိတ် ခံလိုက်ရပြီ ဖြစ်လေသည်။

စွန်းလီနှင့် တိုက်ခိုက်နသည့် မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုမှာ ထိုမြင်ကွင်းကို မြင်ရာ သွေးပျက် သွား၏။ သူက လျှို့ဝှက် ဝိညာဉ်ကို လောင်ကြွမ်းကာ အရှိန်အဟုန် ပြင်းစွာဖြင့် အနီးဆုံးရှိ အာကာသ နံရံဆီ တိုးဝင်လိုက်သည်။ သို့သော်လည်း ကံဆိုးစွာပင်... အလင်းနံရံက တုတ်တုတ်မျှ မလှုပ်ပါချေ။

စွန်းလီက ထိုအခွင့်အရေးကို ယူကာ လက်ထဲရှိ ထူးဆန်း‌သော ရုပ်တုဖြင့် အပြင်းထန်ဆုံး တိုက်ခိုက်လိုက်၏။ မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုမှာ အစောကတည်းကပင် လျှို့ဝှက် လောင်ကြွမ်းခဲ့ပြီး ဖြစ်လေရာ ခုခံနိုင်စွမ်း မရှိတော့ချေ။

ဘုန်း...

သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် အပိုင်းအစများ အဖြစ် ပြောင်းလဲကာ သေဆုံး သွားခဲ့၏။

တိုက်ပွဲက ပြီးဆုံးသလောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ မြေကြီး ရှန့်ထို နှစ်ယောက် သေဆုံး ခဲ့ရကာ သုံးယောက်မှာလည်း ချိပ်ပိတ် ဖမ်းဆီး ခံလိုက်ရပြီ ဖြစ်သည်။ ချင်းဖုန်းနှင့် တိုက်ခိုက်နေသည့် မြေကြီး ရှန့်ထို တစ်ယောက်သာ ကျန်ရှိပေတော့သည်။

ဘုန်း... ဘုန်း...

ချင်းဖုန်းမှ အစွမ်းကုန် တိုက်ခိုက်နေ၏။ သူမ၏ မျက်လုံးများက တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်များနှင့် ပြည့်နှက်နေကြောင်း လူတိုင်း တွေ့မြင် နိုင်ပေသည်။ သို့သော်လည်း... မျက်နှာဖုံးတပ်၏ ခုခံရေး အလွှာက အလွန်ပင် ခိုင်မာကာ ရေပက်မဝင် တိုက်ခိုက်မှုများကို တားဆီးထားနိုင်ဆဲ ဖြစ်ပေသည်။

ချင်းဖုန်းမှာ လမ်းစဉ် ကိုးခု မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည့်တိုင် ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၌ ကြီးပြင်းလာခဲ့ရသူ ဖြစ်လေရာ ကျင့်ကြံခြင်း နည်းလမ်း၊ အစီအရင်၊ လက်နက်မှ အစ အစစ အရာရာတွင် ချို့တဲ့ပေသည်။ လမ်းစဉ် သုံးခု မြေကြီး ရှန့်ထိုများ ဖြစ်ကြသည့် ထာဝရ သူရဲကောင်းများ ပင်လျှင် သူမကို အနိုင်ယူနိုင်စွမ်း ရှိပေသည်။ ထို့ကြောင့်ပင် သူမ၏ တိုက်ပွဲက ထိုမျှ အထိ ကြာရှည် နေခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း... မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုမှာ သူ့လူအားလုံး ကျရှုံး သွားပြီ ဖြစ်ကြောင်း သိရှိသည်နှင့် စိတ်ဓာတ်ကျသွားပုံ ရ၏။ တစ်ယောက်တစ်ယောက်ချင်းပင်လျှင် မနိုင်နိုင်လေရာ ယခု၌ ခုနစ်ယောက် တစ်ယောက် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ သူ့တွင် လွတ်လမ်း မရှိတော့ချေ။ တစ်ခုတည်းသော ရွေးချယ်စရာက အညံ့ခံရန်ပင် ဖြစ်လေသည်။

သူက ခုခံရေး အလွှာကို အတိုင်းအတာ တစ်ခုအထိ လျှော့ချလိုက်ကာ ချင်းဖုန်း၏ တိုက်ခိုက်မှုကို ခံလိုက်၏။ ထို့နောက် သူက ဒဏ်ရာ အနည်းငယ် အရခံကာ အဖမ်းခံလိုက်သည်။ ချင်းဖုန်းက ကျင်လည်စွာပင် သူ၏ ကြယ်တာရာ ဝိညာဥ်နှင့် သွေးကြောများကို ချိပ်ပိတ်လိုက်သည်။

ဝေ့ဝူယင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ ရန်သူများဘက်မှ မြေကြီးရှန့်ထို ခြောက်ယောက် အနက် နှစ်‌ယောက် သေဆုံးသွားပြီ ဖြစ်ကာ လေးယောက်မှာ အဖမ်းခံလိုက်ရပြီ ဖြစ်သည်။

ထို့နည်းတူစွာပင်... သေမျိုးတစ်ပိုင်း အရှင် အဆင့်များမှာလည်း လျှို့ဝှက်ဝိညာဉ် စစ်သည်တော်များ၏ လက်တွင် ဖမ်ဆီးခံထားရပြီး ဖြစ်သည်။ သို့သော်လည်း... မူလက ဆယ့်ခုနစ်ယောက်တွင် ဆယ့်သုံးယောက်သာ ကျန်ပေတော့သည်။ ကျန်လေးယောက်က သုတ်သင်ခံလိုက်ရချေပြီ။

ထိုအရာများ ဖြစ်ပျက်နေသည့် အတောအတွင်း၌ ယွီလီရှင်းမှာ ဒဏ်ရာများကို ပြန်လည် ကုသရန် ကြိုးပမ်း နေခဲ့၏။ ယနေ့၌ မည်သည့် အရာများ ဖြစ်ပျက်ခဲ့ကြောင်း သူမ တကယ်ပင် နားမလည်နိုင်တော့ချေ။ ပထမဆုံး အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မြေကြီး ရှန့်ထို ခြောက်ယောက် ရောက်လာခဲ့သည်။ ပထမ၌ သူမသည်လည်းပဲ ယွီစွန်းလီ ကဲ့သို့ပင် ငါးယောက်ဟုသာ ထင်ခဲ့ခြင်း ဖြစ်သည်။ အာကာသ အလွှာများထဲ၌ ပုန်းကွယ်နေသည့် တစ်ယောက်ကို မမြင်ခဲ့ချေ။

ထို့နောက်... ဝေ့ဝူယင်က မြေကြီး ရှန့်ထို ခုနစ်ယောက်ကို ခေါ်ဆောင်ကာ ရောက်လာခဲ့သည်။ အကာအကွယ် အစီအရင်ကို ဖော်ဆောင်နေသည့် အခြားလူများ ရှိနိုင်သေးကြောင်း သူမ ခန့်မှန်းမိပေသည်။ ထို့နောက်... သူမ အသက်နှင့် တစ်ကိုယ် မကြုံဖူးသည့် မြေကြီး ရှန့်ထိုများ၏ အစုလိုက် အပြုံလိုက် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ယွီစွန်းလီက ထိုမျှ အရေးပါသလော...။ ဘယ်လိုပဲ ဖြစ်ဖြစ် ယခုတွင်တော့ အရာအားလုံး ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ အရေအကြီးဆုံးက ထိုအချက်ပင် ဖြစ်သည်။ ယွီလီရှင်းမှာ ဝေ့ဝူယင်တို့ကို ကျေးဇူးတင်စကား ပြောဖို့ ကောင်းကင်သို့ ပျံတက်ရန် ဟန်ပြင်လိုက်၏။

ထိုအခိုက်တွင်ပင်...

“ဟမ့်...”

ရုတ်တရက်... မိုးကြိုးထစ်ချုန်းသံ တစ်ခု အလား အလွန် ကျယ်လောင်သည့် နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။

အာကာသ နံရံများမှာ အဆုံးမဲ့ တုန်ရီလာကာ မာ့ကျန်းနှင့် မြေကြီး ရှန့်ထို သုံးယောက်မှာ နောက်သို့ မိုင်သောင်ပေါင်းများစွာ လွင့်စဉ် သွားကြသည်။ သူတို့၏ နှာခေါင်းများ၊ ပါးစပ်များမှာ သွေးများနှင့် ပြည့်လျှံ သွားကြ၏။

ငွေရောင်ကုဗတုံးမှာလည်း မာ့ကျန်း၏ လက်မှ လွတ်ထွက်သွား၏။ လျှို့ဝှက် စွမ်းအင် ထောက်ပံ့မှု ရပ်သွားသည်နှင့် ၎င်း၏ မျက်နှာပြင်ထက်ရှိ သင်္ကေတများက လျှင်မြန်စွာ မှေးမှိန်လာကာ အာကာသ နံရံနှစ်ခုမှာလည်း ပြိုကျသွားသည်။

“ဘာဖြစ်တာလဲ...”

ထျန်းမူယန်၏ အသံက ပလုံးပထွေးဖြင့် ထွက်ပေါ်လာ၏။ မာ့ကျန်းနှင့် ယန်ချောင်ယွီတို့မှာလည်း လျှင်မြန်စွာပင် ကိုယ်နေဟန်ထားကို ပြင်လိုက်ကြရင်း အမှောင် ဟင်းလင်းပြင် တစ်နေရာကို ခြေကုပ် ရယူလိုက်သည်။ ထို့နောက် သူတို့ သုံးယောက်စလုံး အရှေ့စူးစူး တစ်နေရာသို့ လှမ်းကြည့် လိုက်ကြ၏။

ထိုနေရာတွင်တော့... ပုံရိပ် တစ်ခုမှာ ပေါ်လွင် ထင်ရှားစွာ လွင့်မြောနေ၏။ သူက လက်နှစ်ဖက်ကို ပိုက်ကာ ရင်ဘတ်ကို ကော့ရင်း ဝံ့ကြွားစွာ ရပ်နေခဲ့၏။ သူ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ နေကြယ်ကိုးစင်းမှာ သုံးဆမျှ အထိ ပိုမို တောက်ပလာကြလေသည်။

“ငါ့ကြယ်တာရာ နယ်မြေကို ကျူးကျော်ဖို့ ဘယ်သူ့ဆီက ခွင့်ပြုမိန့် ယူထားတာလဲ.... မင်းတို့က သတ္တိကောင်းလှချည်လား...”

တစ်ချိန်တည်း၌ ဝေ့ဝူယင်နှင့် မြေကြီး ရှန့်ထို ခုနစ်ယောက်၏ မျက်လုံးများမှာလည်း ကျဉ်းမြောင်းသွားကြ၏။ မာ့ကျန်းတို့ ကဲ့သို့ပင် သူတို့သည်လည်းပဲ ဝင့်ကြွားစွာ ရပ်နေသည့် ပုံရိပ်ကို မြင်နိုင်ပေသည်။ ထိုပုဂ္ဂိုလ်မှာ လောက ကွဲပျက်လနှင့် မလှမ်းမကမ်း တစ်နေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

ဝှစ်... ဝှစ်...

ဝူယုနှင့် ကျန့်ကျန့်တို့မှာ တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင် အနားသို့ ရောက်ရှိလာကာ လျှို့ဝှက် စွမ်းအင်များဖြင့် ကာကွယ်လိုက်ကြ၏။ ဟန်ယိုဟိုင်မှာလည်း တန်းတူပင် လှုပ်ရှားလိုက်သည့်တိုင် သူ၏ လှုပ်ရှားမှုက မဆိုသလောက် နောက်ကျကျန် နေခဲ့ပေသည်။ ဝူယုနှင့် ကျန့်ကျန့်တို့ကို ကြည့်ရင်း ခွန်အား အပေါ် သူ၏ လိုချင်တပ်မက်မှုက ပိုမို ပြင်းထန်လာ၏။ တစ်ချိန်တည်း၌ သူ၏ ဆုံးဖြတ်ချက်ကလည်း ပိုမို ခိုင်မာလာခဲ့ပေသည်။

ရောက်ရှိလာသည့် ပုဂ္ဂိုလ်မှာ အစိမ်းရောင် မျက်လုံးများနှင့် ရုပ်ရည် ချောမော ခန့်ညားသည့် ယောက်ျား တစ်ယောက် ဖြစ်သည်။ သူက အရပ် ခြောက်ပေ သုံးလက်မခန့် ရှည်ကာ ခိုင်မာ တောင့်တင်းသည့် ကြွက်သားများကို ပိုင်ဆိုင်ထား၏။ သူက ရွှေရောင်နှင့် အဖြူရောင် ရောနှောထားသည့် ဝတ်စုံများကို ဝတ်ဆင်ထားကာ ရှည်လျားသော အင်္ကျီလက်များမှာ အမှောင် ဟင်းလင်းပြင် အတွင်း တဖျပ်ဖျပ် လွင့်ပါနေလေ၏။

ထိုပုဂ္ဂိုလ်ကြီး၏ ဦးခေါင်းထက်တွင်တော့ ဧကရာဇ် တစ်ပါး၏ အဆောင်အယောင် ဖြစ်သည့် ရွှေသရဖူကို ဝတ်ဆင်ထားသည်။ ၎င်းက ပတ်လည်တွင် နေကြယ်ကိုးစင်းဖြင့် အလှဆင်ထားကာ ၎င်းတို့မှာ မတူကွဲပြားသော အရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေသည်။ အကယ်၍ သတိထားကြည့်မည် ဆိုပါက နေကြယ် တစ်ခုချင်းစီမှာ ဝိညာဥ်ကဲ့သို့ စွမ်းအင်များကို ထုတ်လွှတ်နေကြောင်း တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ၎င်းတို့က အခြေတည် ဝိညာဥ်များနှင့်ပင် ဆင်တူပေသည်။

တစ်ချက်ကြည့်ရုံဖြင့်ပင် လူတိုင်းလူတိုင်း ထိုပုဂ္ဂိုလ်ကြီး မည်သူ ဖြစ်ကြောင်း သိလိုက်ကြပေသည်။

ဝိညာဥ်ရှန့်ထို ဧကရာဇ်...

ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ ခေါင်းဆောင်...

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အသန်မာဆုံး မြေကြီး ရှန့်ထို...

မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း မြေကြီး ရှန့်ထို သုံးယောက်ဝင်....

သူ၏ ဂုဏ်သတင်းများ အနက်မှ တစ်ခုပင်လျှင် သာမန် မြေကြီး ရှန့်ထိုတိုင်းကို ကြောက်ဒူးတုန်သွားအောင် စွမ်းဆောင်နိုင်စွမ်း ရှိပေသည်။

***

All Chapters