ကျုပ် ကာကွယ်မှု အောက်မှာ ရှိနေတာ
Vol. 70 Ch. 970
ဝိညာဥ်ရှန့်ထို ဧကရာဇ်က သူ၏ အစိမ်းရောင် မျက်လုံးများဖြင့် အားလုံးကို ခြုံငုံ ကြည့်လိုက်၏။ ဆယ့်နှစ်ယောက်မျှသော မြေကြီး ရှန့်ထိုများကို မြင်လိုက်ရသော အခိုက်၌ သူ၏ မျက်လုံးများက ကျဉ်းမြောင်း သွားသည်။ ထို့အပြင်... မီးဖီးနစ် တစ်ကောင်နှင့် ၎င်းကို စီးနင်းနေသည့် သေမျိုး တစ်ယောက်လည်း လိုက်ပါလာသေးသည်။
ဝေ့ဝူယင်မှာ မြေကြီးရှန့်ထိုများနှင့် ဖွဲ့သည်းထားသည့် အုပ်စုထဲတွင် တစ်ဦးတည်းသော သေမျိုး ဖြစ်သည်။ သို့သော်လည်း... အားလုံးထဲ၌ သူက အတည်ငြိမ်ဆုံး ဖြစ်သည်။ သူက ငွေရောင် မျက်လုံးများနှင့် ပိုင်လင်၏ အမြင်အာရုံတို့ကို ပေါင်းစပ်ကာ ဝိညာဥ်ရှန့်ထို ဧကရာဇ်ကို စိုက်ကြည့် နေခဲ့၏။
ခရက်... ခရက်...
ရုတ်တရက် ဖေးယဲ့လီယင်၏ ကျိုင်းမှာ အသံများ မြည်လာခဲ့၏။ ၎င်းတို့၏ ပတ်လည်ရှိ နေကြယ်များက လျှင်မြန်စွာပင် မှေးမှိန်လာကာ အထဲရှိ အရိပ်များမှာလည်း ဖျော့တော့လာ၏။ နောက်ဆုံး၌ ၎င်းတို့က အဆုံးတိုင် ပျောက်ကွယ် သွားခဲ့တော့သည်။
“...”
အဖွဲ့နှစ်ဖွဲ့ကြားတွင် ထူးဆန်းသော တိတ်ဆိတ်မှု တစ်ခု ဖြစ်ပေါ်နေ၏။ မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုများမှာ ချိပ်ပိတ်ခံထားရကာ ဘာမှ တတ်နိုင်စွမ်း မရှိပါချေ။ သို့သော်လည်း... ဝိညာဥ်ရှန့်ထို ဧကရာဇ် ရောက်ရှိလာမှု အပေါ် ထိတ်လန့်နေကြောင်း သူတို့၏ အမူအရာများက ဖော်ပြနေ၏။
“မင်းတို့ လွတ်နိုင်မယ် ထင်လား...”
ဝိညာဥ်ရှန့်ထို ဧကရာဇ်က အနည်းငယ် ပြုံးရင်း မေးလိုက်၏။ သို့သော်လည်း သူ၏ အသံက အလွန်အမင်း အေးစက်နေလေရာ အားလုံးမှာ ကျောရိုးများ စိမ့်တက်သွားသလို ခံစားလိုက်ရသည်။
ဤသည်က သူ၏ ပိုင်နက် ဖြစ်သည်။ အရာအားလုံးမှာ ထိုပုဂ္ဂိုလ်၏ ထိန်းချုပ်မှု အောက်၌ တည်ရှိနေသည်။ ထို့အပြင်... ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေက ဒြပ်စင်နယ်မြေ၊ ထာဝရ နယ်မြေတို့ ကဲ့သို့ သီးခြား နယ်မြေ တစ်ခု မဟုတ်ချေ။ အဆုံးမဲ့ ကောင်းကင်ပြီးလျှင် အင်အား အကြီးဆုံး ကြယ်တာရာ နယ်မြေကြီး ဖြစ်သည်။
သို့သော်လည်း... ဝိညာဥ်ရှန့်ထို ဧကရာဇ်၏ အာရုံက ပြောင်းလဲ သွားဟန် ရကာ အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူက လက်ကို ဆန့်ထုတ် လိုက်သည်။ နေကြယ် ကိုးစင်းမှာ ချက်ချင်းပင် တုန့်ပြန်လာကာ လှပသည့် ရောင်စဉ်များကို ထုတ်လွှတ်လာခဲ့၏။
ထို့နောက် ဝိညာဉ်ရှန့်ထို ဧကရာဇ်က လက်သီးကို ဆုပ်လိုက်၏။
ခရက်...
ပတ်ဝန်းကျင်ရှိ ဆယ်မိုင် ဧရိယာက ရုတ်ချည်း ရပ်တန့်သွား ဟန်ရကာ အချိန်၊ အာကာသနှင့် အပျက်အစီး မန်နာ စီးဆင်းမှု အားလုံးက ဖရိုဖရဲ ဖြစ်သွား၏။ ဟင်းလင်းပြင်မှာ စတင် တွန့်လိမ်လာကာ တစ်စုံတစ်ရာ၏ စုတ်ဖြဲ ခံလိုက်ရဟန် ရလေ၏။
“အား...”
ရုတ်ချည်း ကြောက်မက်ဖွယ် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာ၏။ လျှို့ဝှက် အပိုင်းအစ များစွာမှာ တွန့်လိမ်နေသည့် အာကာသ အလွှာများကြားမှ ထွက်ပေါ်လာကာ လျှို့ဝှက် ဝိညာဥ် တစ်ခု အသွင် ဖွဲ့စည်းသွား၏။
“ဘာလဲ...”
စွန်းလီမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားခဲ့၏။ ထိုပုဂ္ဂိုလ်က မကြာသေးခင်ကမှ သူမ သတ်လိုက်သည့် မြေကြီး ရှန့်ထိုပင် ဖြစ်လေသည်။
ဟူး... ဟူး...
အားလုံး၏ အကြည့်များ အောက်တွင်ပင် လျှို့ဝှက် ဝိညာဥ်မှသည် အရိုး၊ အသွေး၊ အသားများ အားလုံး တဖြည်းဖြည်း ပြန်လည် ဖွဲ့စည်းလာခဲ့၏။ ထို့နောက် သူက မျက်နှာဖုံးတပ်ထားသည့် မြေကြီး ရှန့်ထို အဖြစ် ပြန်လည် ရုပ်လုံးပေါ် လာခဲ့သည်။
“...”
ဝေ့ဝူယင် အပါအဝင် အားလုံးမှာ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ကြ၏။ ကျန့်ကျန့်မှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်ခြင်း မရှိသည့် တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည့်တိုင် အချိန်နှင့် အာကာသ အပေါ် သူ၏ နားလည် နိုင်စွမ်းမှာ သေမျိုး အကန့်အသတ် အတွင်း ရှိနေဆဲ ဖြစ်သည်။ မည်သည့် အရာများ ဖြစ်ပျက်သွားခဲ့သည်ကို သူ မြင်နိုင်စွမ်း မရှိပါချေ။
ဝေ့ဝူယင် ကျန့်ကျန့်ကို ဆက်သွယ်ကာ ထိုအကြောင်းကို မေးလိုက်၏။ ကျန့်ကျန့်က တုန့်ဆိုင်းခြင်းပင် မပြုပဲ ချက်ချင်း ပြန်ဖြေလိုက်သည်။
“အဲဒါက လောကီနဲ့ ပေါင်းစပ်ခြင်း လျှို့ဝှက် လမ်းစဉ် နှစ်ခုကို ရောသုံးထားတဲ့ အစီအရင် တစ်ခုလို့ ပြောလို့ရတယ်.... ဂရုစိုက်ပြီး သတိထားမယ် ဆိုရင် လုပ်ရတာ မခက်ပါဘူး”
ကျန့်ကျန့် မလှုပ်ရှားခဲ့ရသည့် အကြောင်းရင်းမှာ အခြား မြေကြီး ရှန့်ထိုများလည်း သိလောက်မည်ဟု ထင်မှတ်၍ ဖြစ်သည်။ မျက်နှာဖုံးတပ် မြေကြီး ရှန့်ထိုမှာ စွန်းလီနှင့် တိုက်ခိုက်နေသည့် အချိန်တည်းက လောကီ စွမ်းအင်များကို ဖြန့်ကျက်ကာ ထိုအစီအစဉ်ကို တိတ်တခိုး အကောင်အထည် ဖော်နေခြင်း ဖြစ်ပေသည်။ ဘယ်သူမှ မလှုပ်ရှားသည့် အဆုံးမှ ကျန့်ကျန့်မှာ ကိုယ်တိုင် ပါဝင်ရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
သို့သော်လည်း... ဝိညာဉ် ရှန့်ထို ဧကရာဇ် ဆိုသည့် ပုဂ္ဂိုလ်က အချိန်ကိုက်ပင် ရောက်ရှိလာကာ ဟိတ်ကြီး ဟန်ကြီးဖြင့် လှုပ်ရှားခဲ့သည်။ ကျန့်ကျန့်၏ အမြင်အရ... မျက်နှာဖုံးတပ်ကို ထုတ်ဖော်ရန် အားထုတ်စရာပင် မလိုချေ။ ပုန်းအောင်းနေသည့် ကြွက်ကလေး အပေါ် ထိုမျှ အားသုံးရခြင်းမှာ ရှက်စရာပင် ကောင်းနေသေးသည်။
ကျန့်ကျန့်၏ ရှင်းပြမှုကို နားထောင်ပြီးနောက် ဝေ့ဝူယင် ပြုံးလိုက်မိ၏။ ဘယ်လိုပဲ ဖြစ်ဖြစ်... မြေကြီး ရှန့်ထိုများ၏ စွမ်းအား အပေါ် သူ တကယ်ပဲ အထင်ကြီးမိပေသည်။ သေမျိုး တစ်ယောက် အနေဖြင့် ထိုကဲ့သို့ စွမ်းအင်များ အပေါ် နားလည်ရန် များစွာ အလှမ်းကွာဝေး ပေသေးသည်။
ဝိညာဥ်ရှန့်ထို ဧကရာဇ်မှာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို ချိပ်ပိတ်ကာ ဝေ့ဝူယင်တို့ အားလုံးကို တားဆီးခဲ့ပြီး ဖြစ်၏။ အားလုံးက သူ၏ ထိန်းချုပ်မှု အောက်သို့ ပြန်လည် ကျရောက် သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်ကတည်းက... ဝိညာဥ်ရှန့်ထိ ဧကရာဇ်မှာ လက်အောက်ငယ်သား အချို့နှင့် အတူ ရှန့်ထို ညီလာခံ တက်ရောက်ရန် အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေထံ ထွက်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... လွန်ခဲ့သည့် မိနစ်ပိုင်းကပင် လက်အောက်ငယ်သားများက ကြယ်တာရာ နယ်မြေထဲတွင် အာကာသ နံရံ တစ်ခု ဖြစ်ပေါ်နေကြောင်း သူ့ထံ သတင်း ပို့ခဲ့သည်။ ထို့ကြောင့် အားချင်းပင် ပြန်လာခဲ့ခြင်း ဖြစ်သည်။
ဝိညာဉ်ရှန့်ထို နယ်မြေကို လက်ရှိ စောင့်ရှောက်နေသည့် လူက ယွီလီရှင်းမှာ သူ အယုံကြည်ရဆုံး လက်အောက်ငယ်သား တစ်ယောက် ဖြစ်သည့် လောကဖြိုခွင်းသူ ဖြစ်သည်။ ယွီလီရှင်းထံ၌ အစစ်အမှန် မွေးဖွားခြင်းနှင့် ပတ်သက်သည့် အန္တရာယ် တစ်ချို့ ရှိကြောင်း သူ သိသော်လည်း ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေထဲတွင် နေနေသမျှ ကာလပတ်လုံး လုံခြုံလိမ့်မည်ဟု သူ ယူဆထားခဲ့သည်။
မည်သို့ပင် ဆိုစေ... ဤသည်က ကြယ်ကိုးပွင့် ရှန့်ထို ခန်းမ အုပ်စိုးသည့် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ ဖြစ်သည် မဟုတ်ပါလား။
ဝိညာဥ်ရှန့်ထို ဧကရာဇ်က ဒဏ်ရာ ရထားပုံ ရသည့် ယွီလီရှင်းကို လှမ်းကြည့်လိုက်၏။ မိန်းကလေး၏ ခန္ဓာကိုယ်၌ ဝန်းရံနေသည့် အော်ရာများကို တွေ့မြင်သော အခိုက်၌ သူ၏ မျက်လုံးများက အကန့်အသတ်ထိ ရောက်အောင် ကျဉ်းမြောင်း သွားသည်။
မြေကြီး ရှန့်ထို အဆင့်...။ ယွီလီရှင်းက မြေကြီး ရှန့်ထို ဖြစ်သွားပြီလော။ ဘယ်တုန်းကနည်း။
ထို့အပြင်... ပြည်ထောင်စု ရင်းမြစ် ကြယ်တာရာ နယ်မြေ၏ ဧကရီမှာလည်း သူ့ ကြယ်တာရာ နယ်မြေထဲသို့ ရောက်နေသည်။
မီးတောက်ခြောက်ခု လောကဧကရာဇ်၏ မြေး ဟုန်ယန်လျဲ့လန်မှာလည်း ရောက်နေသည်။
ရွှေရောင် အသက်နန်းတော် ပထမကိုင်းခွဲ၏ အုပ်ချုပ်ရေးမှူး စွန်းလီလည်း ရောက်နေသည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ မဟာ အကြီးအကဲနှင့် ဒြပ်စင် ကာကွယ်သူ ဟန်ယုဟိုင်လည်း ရောက်နေသည်။
နောက်ပြီး... အာရုဏ်ဦး ဧကရာဇ် ဝူယု...
ဝိညာဥ် မြှင့်တင်ခြင်း ရှန့်ထိုဟောင်း ဖေးယဲ့လီယင်...
ဘာတွေ ဖြစ်နေသနည်း။
“...”
ယွီလီရှင်းမှာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ တုန့်ပြန်မှုကို နားလည်လိုက်၏။ အကြောင်းအရာ အားလုံးကို ရှင်းပြသင့်သည်ဟု ခံစားရသည်။ မည်သို့ပင် ဆိုစေ... ဝေ့ဝူယင်ထံမှ အကူအညီ တောင်းခံရန် ယွီစွန်းလီကို တိုက်တွန်းခဲ့သူက သူမကိုယ်တိုင်ပင် မဟုတ်ပါလား။
သို့သော်လည်း သေမျိုး လူငယ်လေးက ထိုမျှ များပြားသည့် အင်အားကို ခေါ်ဆောင်ကာ ရောက်ရှိလာလိမ့်မည်ဟု သူမ မျှော်လင့် မထားခဲ့တာတော့ အမှန်ပင် ဖြစ်သည်။
ယွီလီရှင်းမှာ မီးဖီးနစ်ကို နွေးထွေးသည့် အမူအရာဖြင့် တစ်ချက် ကြည့်လိုက်၏။ ထို့နောက် သူမက ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို ပြန်လှည့်လိုက်ရင်း...
“ကျွန်မ...”
“မလိုဘူး...”
ဝိညာဥ်ရှန့်ထို ဧကရာဇ်က လက်ကာပြကာ ဟန့်တားလိုက်၏။ ယွီလီရှင်းမှာ သူမ ပြောချင်သည့် စကားများကို လည်ချောင်းထဲ ပြန်မြိုချလိုက်ရသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဖေးယဲ့လီယင်ကို ကြည့်လိုက်၏။ သူ၏ မျက်လုံးများက လျှို့ဝှက်သော အလင်း တစ်ခုဖြင့် တောက်ပနေသည်။ မြေကြီး ရှန့်ထို အားလုံးမှာ အမှောင် ဟင်းလင်းပြင် အတွင်း မသိမသာ လှုပ်ခတ်သွားသည့် ဝိညာဥ်လှိုင်းများကို ခံစားလိုက်ရ၏။ ကြည့်ရသည်က ဝိညာဥ်ရှန့်ထို ဧကရာဇ်မှာ သူ၏ ဝိညာဥ်မြှင့်တင်ခြင်း ရှန့်ထိုဟောင်းကို ဝိညာဥ်အာရုံဖြင့် ဆက်သွယ် စကားပြောနေဟန် ရသည်။
ဖေးယဲ့လီယင်၏ မျက်နှာ အမူအရာက လျှင်မြန်စွာပင် ပြောင်းလဲ နေ၏။ သုံးစက္ကန့်အတွင်းမှာပင် သူတို့ နှစ်ယောက်မှာ စကားလုံးပေါင်းများစွာကို ဖလှယ်ခဲ့ပြီး ဖြစ်သည်။
အဆုံးသတ်တွင်တော့ သူမက အရှုံးပေးဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ကျိုင်းအား ကိုင်ဆောင်ထားသည့် သူမ၏ လက်များက ပြေလျော့သွားကာ လွှတ်ချလိုက်သည်။ ၎င်းက အလိုအလျောက်ပင် ပျံသန်း သွားကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အရှေ့သို့ အရောက်၌ ရပ်တန့်သွား၏။
ဝိညာဥ်ရှန့်ထို ဧကရာဇ်က ခေါင်းတစ်ချက် ညိတ်ကာ လက်ကို ဝှေ့ယမ်းလိုက်၏။ ဖေးယဲ့လီယင်မှာ ချောင်းများကို ပြင်းထန်စွာ ဆိုးလိုက်ရ၏။ သူမနှင့် ကျိုင်း အကြားရှိ ဆက်သွယ်မှုက ပြတ်တောက် သွားခဲ့ပြီ ဖြစ်သည်။
အံ့အားသင့်ဖို့ ကောင်းသည့် အရာ တစ်ခုက ဝိညာဥ်ရှန့်ထို ဧကရာဇ်၏ မျက်နှာထက်၌ မည်သည့် ဒေါသမှ ရှိမနေခြင်း ဖြစ်သည်။ သတ်ဖြတ်လိုမှု ကင်းမဲ့သည့် သူ၏ တုန့်ပြန်မှုက များစွာသော မြေကြီး ရှန့်ထိုများ၏ အမူအရာများကို ပြောင်းလဲ သွားစေခဲ့၏။ ၎င်းက သူတို့ မျှော်လင့်ထားသည်နှင့် ခြားနားသော ရလဒ် တစ်ခု ဖြစ်ပေသည်။
ဝေ့ဝူယင်ကတော့ အံ့အားသင့်ခြင်း မရှိပါချေ။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ဝင်ရောက်ရန် ဖေးယဲ့လီယင်က ကူညီပေးလိမ့်မည် ဖြစ်ကြောင်းနှင့် သူမ၏ အခြေအနေက အဖြူအမည်း မသည်းကွဲကြောင်း မာ့ကျန်းက သူ့ကို ကြိုတင် ပြောကြားထားပြီး ဖြစ်သည်။
“မင်းက ဝေ့ဝူယင် ဖြစ်ရမယ်...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဝေ့ဝူယင်ကို ကြည့်လိုက်၏။ နာမည်ကျော် အာရုဏ်ဦး ဧကရာဇ်မှန်း သိထားပြီး ဖြစ်သည့်တိုင် သူ၏ အမူအရာက ပေါ့ပေါ့ပါးပါးပင် ဖြစ်သည်။ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်း၌ သူက ပြိုင်ဘက် ကင်းသည်။ သူ့ ခွင့်ပြုချက် မပါပဲ မည်သူမှ ထွက်ခွာသွားနိုင်လိမ့်မည် မဟုတ်ပါချေ။
“ကျုပ်ပါပဲ...”
ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။ ဝူယုက ဝေ့ဝူယင် နံဘေးသို့ ကပ်ကာ ရပ်လိုက်သည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ် ရောက်ရှိလာခြင်းနှင့် အတူ ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ကို သူ နားလည်ထားပြီး ဖြစ်သည်။ ယခုတွင်ပင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ တစ်ခုလုံး ချိပ်ပိတ်သွားခဲ့ပြီ ဖြစ်သည်။ ပုံမှန် နည်းလမ်းများဖြင့် ထွက်သွားရန် မဖြစ်နိုင်တော့ချေ။
အမှန်အတိုင်း ဝန်ခံရပါက သူ အနည်းငယ် စိုးရိမ်မိသည်။ ဝေ့ဝူယင်၏ နောက်ခံ ဆိုသော အရာက စိတ်ကူးယဉ် ပုံရိပ်သာ ဖြစ်ကြောင်း သူ အသိဆုံး ဖြစ်သည်။ ထိုလူငယ်လေး၏ နောက်၌ မည်သည့် လျှို့ဝှက် အင်အားစုမှ မရှိပါချေ။
ချပ်... ချပ်...
တစ်ချိန်တည်း၌... ကျန့်ကျန့်နှင့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ထောင်မှာလည်း ဝေ့ဝူယင်၏ ညာဘက်၌ နေရာယူ လိုက်ကြ၏။ သူတို့က ဝေ့ဝူယင်အား ထိပါးလာမည့် မည်သည့် ပုဂ္ဂိုလ်ကို မဆို သတ်ဖြတ် သုတ်သင်ရန် အဆင်သင့် ဖြစ်နေပုံ ရသည်။
ဝေ့ဝူယင်က ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်၏။ ထို့နောက် သူက မြေကြီး ရှန့်ထို အားလုံးကို လက်ညိုးထိုးပြကာ တည်ငြိမ်စွာ လိုက်သည်။
“ဝိညာဉ်ရှန့်ထို ဧကရာဇ်... ဒီမြေကြီး ရှန့်ထိုတွေက ကျုပ် ကာကွယ်မှု အောက်မှာ ရှိနေတာပါ... ဒီမှာ ကိစ္စ ပြီးတာနဲ့ ကျုပ်တို့ အားလုံး ထွက်သွားမှာပါ”
“...”
လူတိုင်းမှာ ဆွံ့အသွားကြ၏။
***