အညံ့ခံခြင်း
Vol. 70 Ch. 972
“ဟဟ... ပြဿနာ မရှိဘူး...”
ဝေ့ဝူယင်က ရယ်မောရင်း ကျန့်ကျန့်ဘက်ကို ကြည့်လိုက်သည်။ ထို့နောက် သူတို့ တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။ ပြီးသည်နှင့် ရှေ့ဆင့်နောက်ဆင့် ဆိုသလိုပင် စတင် လှုပ်ရှားကြတော့၏။
ဘုန်း...
ကျန့်ကျန့်က လက်ဖဝါးကို အောက်သို့ ဖိချလိုက်ကာ ခြေထောက်များကို ထူးဆန်းသည့် အမူအရာဖြင့် မြှောက်လိုက်၏။ သူ၏ နဂါးခေါင်းဆောင်က အလင်းများဖြင့် စတင် တောက်ပလာခဲ့သည်။
ဟီး...
ရုတ်တရက် မြင်းဟီသံ တစ်ခုမှာ အရှိန်အဟုန် ပြင်းစွာဖြင့် ပေါ်ထွက်လာခဲ့၏။ ထို့နောက် ကျန့်ကျန့်၏ အောက်ရှိ အမှောင် ဟင်းလင်းပြင်က တွန့်လိမ်လာကာ အလွန် တရာ ကြီးမားလှသော အရိုးစု စစ်မြင်းကြီး ပေါ်ထွက် လာခဲ့သည်။ ၎င်း၏ တစ်ကိုယ်လုံးကို လေးလံသည့် သံချပ်ကာများဖြင့် ဆင်မြန်းထားကာ အရိုးစု နှာခေါင်းပေါက်များမှာ အနက်ရောင် မြူခိုးများကို ရန်လိုစွာ မှုတ်ထုတ်နေ၏။ ၎င်း တစ်ခါ လှုပ်ရှားသွားတိုင်း၌ အမှောင် ဟင်းလင်းပြင်က တုန်ရီသွားကာ အချိန်၊ အာကာသနှင့် ဝိညာဉ်တို့ကို သက်ရောက်စေနိုင်သည့် မီးတောက်များကို ထုတ်လွှတ်နေ၏။
“အရိုးစု စစ်မြင်း...”
လူတိုင်းမှာ တုန်လှုပ် သွားကြ၏။
ဟီး... ဟီး...
ကျန့်ကျန့်က မြင်းဇက်ကြိုးကို ကျင်လည်စွာ ကိုင်ကာ စီးနင်းလိုက်၏။ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သော အခိုက်၌ သူ့လက်ထဲတွင် အနက်ရောင် အလံတစ်ခု ပေါ်လာခဲ့သည်။ အလံ၏ အရိုးက သွေးရောင် အသွားပါ လှံတစ်စင်းပင် ဖြစ်သည်။
မဟူရာ အလံရွက်၏ အလယ်တွင်တော့ “စစ်” ဆိုသည့် သွေးရောင် စကားလုံးကြီးကို ဝင့်ကြွားစွာ ရေးထိုးထား၏။
“...”
ကျန့်ကျန့်နှင့် အရိုးစု နှစ်မြင်း နှစ်ခု ပေါင်းဆုံမှု အောက်တွင် ထူးခြားသော ဖိအား တစ်ခု ဖြစ်ပေါ်လာ၏။ စစ်သူကြီးက မဟူရာ အလံကို ကိုင်ကာ မြေပြင်ဆီ ဝှေ့ယမ်းလိုက်သည်။ ရုတ်ချည်းပင် အလင်းထပ် ပိုမြန်သည့် ဖိအား တစ်ခု ဖြစ်ပေါ်လာ၏။
၎င်းက လောကတစ်လွှား ပျံ့နှံ့သွားကာ ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ၏ အဆုံးသတ်ထိ ဆက်လက် ပြေးလွှား သွားခဲ့၏။
မြေကြီးရှန့်ထိုများမှာ ထိတ်လန့် တုန်လှုပ်သွားကြကာ လျှို့ဝှက် အကာအကွယ် အလွှာများကို ဖန်တီး လိုက်ကြသည်။ အချို့၏ တုန့်ပြန်မှုက မြန်ဆန်လှကာ အချို့မှာလည်း မဆိုသလောက် နှေးကွေးလှ၏။ သို့သော်လည်း... ကံကောင်းထောက်မစွာပင် သွေးခုန်နှုန်း တစ်ချို့ မြင့်တက်သွားရုံမှ တစ်ပါး ဘာ ထူးထူးခြားခြားမှ ဖြစ်ပေါ် မလာခဲ့ချေ။ သို့သော်လည်း... ကြယ်ကိုးလုံးကတော့ မဆိုသလောက်ကလေး မှေးမှိန် သွားခဲ့၏။
“အချိန်ကျပြီ...”
ကျန့်ကျန့်က ဝေ့ဝူယင်ကို သတင်းပို့လိုက်၏။ ဝေ့ဝူယင်က အသင့်ပင် ပြင်ဆင်ထားပြီး ဖြစ်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်း၍ ပေါ်တယ် ဖန်တီးသည့် ကျင့်စဉ်ကို အသက်သွင်းလိုက်၏။
ဘုန်း... ဘုန်း...
မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ့ခန္ဓာကိုယ်ထဲမှ ဟင်းလင်းပြင် အင်အား များစွာက စီးထွက်လာကာ ဝူယုကို ရစ်ပတ်သွားသည်။ ထို့နောက် မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝူယုမှာ ပျောက်ကွယ်သွား၏။
“...”
“ဘာလဲ...”
လူတိုင်းမှာ မယုံကြည်နိုင်စွာဖြင့် ဝေ့ဝူယင်ကို ကြည့်လိုက်မိကြ၏။ သူက တကယ်ပဲ ဝူယုကို ပြန်ပို့လိုက်သည်လား။ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ရှေ့မှာတင်လား။ မည်ကဲ့သို့သော ရတနာမျိုးကို အသုံးပြု လိုက်သနည်း။ သူ့နောက်ကွယ်တွင် အာကာသ ဝေဟင်ဂိုဏ်းက တကယ်ပဲ ရှိနေသည်လား။
“မင်း ဘာလုပ်လိုက်တာလဲ...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများက အဆုံးထိ ကျဉ်းမြောင်းသွားကာ အရိုးစု စစ်မြင်းနှင့် ကျန့်ကျန့်၏ လက်ထဲမှ အလံကို စိုက်ကြည့်လိုက်၏။ လျှို့ဝှက် ကြယ်ကိုးပွင့် ပေါင်းစည်းခြင်း ဝင်္ကပါက သူ့ ထိန်းချုပ်မှု အောက်မှ လွတ်ထွက်သွားသလို ခံစားလိုက်ရသည်။
“ခွင့်လွှတ်ပေးပါ... နည်းနည်းလောက် လှည့်စားမှ ဖြစ်တော့မယ့် အခြေအနေမလို့...”
ဝေ့ဝူယင်က ဖြူရော်စွာ ပြုံးရင်း ပြောလိုက်၏။ တစ်ချိန်တည်း၌ ကျန့်ကျန့်၏ နောက်လိုက် စစ်သည် တစ်ထောင်မှာ အလွန် လျှင်မြန်စွာပင် လှုပ်ရှားကာ ဝင်္ကပါ တစ်ခု သဏ္ဌာန် နေရာယူ လိုက်ကြပြီ ဖြစ်လေသည်။ သူတို့၏ လှုပ်ရှားမှုများက အလွန်ပင် သဟဇာတ ဖြစ်လှကာ အကြိမ်ပေါင်း သန်းချီ ကြိုတင် လေ့ကျင့်ထားသည့်ပုံ ရလေသည်။
ကျန့်ကျန့်ကတော့ အရိုးစု စစ်မြင်းကို စီးနင်းရင်း မူလ နေရာတွင်ပင် ရပ်နေဆဲ ဖြစ်သည်။ နဂါးခေါင်းဆောင်း နောက်မှ သူ့ မျက်လုံးများက ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို စိုက်ကြည့်န၏။
“လူတစ်ယောက်တည်းက ထိန်းချုပ်တဲ့ ပထဝီ အစီအရင်တွေက စစ်ပွဲတွေမှာ မယုံကြည်ရဆုံးပဲ...”
သူ၏ စကားလုံးများက ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို အကြံပေးနေပုံ ရ၏။ သို့သော်လည်း... သူ၏ မျက်လုံးများက ထူးဆန်းသော လှောင်ပြောင်မှု အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေသည်။ အဆုံးသတ်တွင်တော့ သူက ဆက်လက် ဟန်မဆောင်နိုင်တော့ဟန်ဖြင့် တံတွေးထွေးလိုက်၏။
“ထွီ... ဘဝင်မြင့်နေတဲ့ကောင်...”
“...”
ဝေ့ဝူယင်မှာ ကျန့်ကျန့်ကို မရှူနိုင်မကယ်နိုင် လှည့်ကြည့်လိုက်မိ၏။ ထိုစစ်ဝိညာဉ်ကား အဆုံးထိ တွန်းပို့ နေခဲ့ချေပြီ ဖြစ်သည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ရင်း ဝေ့ဝူယင်ကို ကြည့်လိုက်၏။
“မင်းရဲ့ နည်းလမ်းတွေက မဆိုးဘူး... နောက်ပြီး မင်းရဲ့ မဟာမိတ် တပ်ပေါင်းစုကလည်း...”
သူ၏ အကြည့်များက မြေကြီး ရှန့်ထိုများ အပေါ်သို့ ကျရောက်သွား၏။ ထို့နောက် တစ်ပတ်ပြန်လည်လာကာ ဝေ့ဝူယင် အပေါ်တွင် အဆုံးသတ်သွားသည်။
“အထင်ကြီးစရာ ကောင်းလောက်ပါတယ်... အစစ်အမှန် ခွန်အားကို ကြောင်လက်သည်းဝှက်ထားခဲ့တဲ့ ငါ့လက်အောက်ငယ်သားပါ အပါအဝင်ပေါ့လေ... ဒါပေမဲ့ မင်းလုပ်ထားတဲ့ အရုပ်တွေလောက်နဲ့ ငါ့ကို ဆန့်ကျင်ဖို့ ကြိုးစားမယ် ဆိုရင်တော့ အခြေအနေကို မသိပဲ ကစားချင်နေတဲ့ ကလေးတစ်ယောက်ပဲ”
အရုပ်တွေ...
ထိုအသုံးအနှုန်းက မြေကြီး ရှန့်ထိုများကို နားမလည်နိုင်အောင် ဖြစ်သွားကြ၏။ ထိုအရာက ဘာကို ဆိုလိုသနည်း။ သူတို့က ဝေ့ဝူယင်၏ အရုပ်များ မဟုတ်တာတော့ သေချာသည်။ ဤသို့ဆိုလျှင်...
သူတို့ အားလုံး၏ အကြည့်များက ကျန့်ကျန့်နှင့် လျှို့ဝှက် အာဏာရှင် အဆင့် တစ်ထောင်ပေါ် ကျရောက် သွား၏။ ထိုအခါတွင်မှ သူတို့ မေ့လျော့နေသည့် အရာကို တွေးလိုက်မိ၏။
လျှို့ဝှက် အာဏာရှင် အဆင့် တစ်ထောင်...၊ မြေကြီး ရှန့်ထို တစ်ယောက်၊ သေမျိုးတစ်ပိုင်း အရှင် ခြောက်ယောက်၊ လျှို့ဝှက်ဝိညာဉ် အဆင့် ၄၃ ယောက်၊ လျှို့ဝှက် ကြယ်တာရာ အဆင့် ၉၅၀...
ထိုအရာက သေးငယ်သည့် အင်အား တစ်ခု မဟုတ်ချေ။ များစွာသော တန်ခိုးရှင်ဂိုဏ်းကြီးများကိုပင် အမှုန့်ချေ ပစ်နိုင်သည့် ပမာဏ ဖြစ်သည်။ သူတို့က မည်သည့် နေရာမှ ရောက်လာသနည်း။ သူတို့ စုံစမ်းထားသလောက် ဝေ့ဝူယင်ထံတွင် ရှိဖူးသည်ဟု သူတို့ တစ်ခါမှ မကြားဖူးချေ။ ယုတ်စွအဆုံး... ထာဝရ ကြယ်တာရာ နယ်မြေသားများပင် ထိုအကြောင်း မပြောဖူးချေ။
ထို့အပြင်... သူတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ထူးဆန်းသော အငွေ့အသက်များ...
“ရုပ်သေးရုပ်တွေလား...”
ဟုန်ယန်လျဲ့လန်က မျက်မှောင်ကြုတ်ကာ မေးခွန်း ထုတ်လိုက်သည်။ သို့သော်လည်း... ဖေးယဲ့လီယင်က ခေါင်းခါ လိုက်၏။
“ရုပ်သေးရုပ်တွေမှာ အသက် လက္ခဏာ မရှိဘူး... နောက်ပြီး တာအိုနဲ့ ဆက်သွယ်နိုင်တဲ့ ဝိညာဉ် မရှိတဲ့ အတွက် ရည်ရွယ်ချက်တွေကို မထုတ်ဖော်နိုင်ဘူး... သူတို့ကို ကြည့်... တစ်ယောက်ကို အနည်းဆုံး လက်နက် ရည်ရွယ်ချက်၊ စစ်ပွဲ ရည်ရွယ်ချက် တစ်ခုစီ ပိုင်ထားကြတယ်”
အခြားလူများမှာလည်း ထိုအရာကို သတိထားမိလိုက်ရာ ခေါင်းများ ညိတ်ကြလိုက်၏။
“ရုပ်သေးတွေ မဟုတ်ရင် ဘာလဲ...”
ဟုန်ယန်လျဲ့လန်က မေးလိုက်သည်။ သို့သော်လည်း... ထိုမေးခွန်းကိုတော့ မည်သူမှ ပြန်မဖြေနိုင်ခဲ့ကြပါချေ။
“...”
အခြားတစ်ဖက်၌ ဝေ့ဝူယင်၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွား၏။ ဝိညာဉ် ရှန့်ထို ဧကရာဇ်က သတိထားမိသွားသည်လား။
စစ်အဆောင်မှာ ဆက်စပ်မှု စစ်မြေပြင် ချန်ပီယံ စာရင်းမှ ဆင်းသက်လာသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ ၎င်းက အလွန်ပင် ဆန်းကြယ်ကာ မြေကြီး ရှန့်ထိုများပင် မဖမ်းဆုပ်နိုင်သည့် ဝိညာဉ် အယူအဆများကို ပိုင်ဆိုင် ထားသည်။ ထိုကဲ့သို့ တည်ရှိမှု အပေါ် ရိပ်ဖမ်းသံဖမ်း ပြောနိုင်ခြင်းကပင် အလွန် အထင်ကြီးစရာ ကောင်းနေခဲ့ပြီ ဖြစ်သည်။ အကြောင်းရင်းက အဘယ်နည်း။
မူလ ဝိညာဥ်အလင်း...
ရုတ်တရက် ဝေ့ဝူယင်၏ သဘောပေါက် သွား၏။ သူ၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားကာ ဝိညာဥ်ရှန့်ထို ဧကရာဇ်ကို သေချာ ကြည့်လိုက်သည်။ သို့သော်လည်း... သူ၏ ကျင့်ကြံခြင်း အခြေခံဖြင့် ဘာကိုမှ ဖြတ်မြင်နိုင်စွမ်း မရှိပါချေ။
ဆန့်ကျင်ဘက်ပင် သူ၏ နှုတ်ခမ်းခမ်းတွင်တော့ ယုံကြည်ချက် ရှိသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
“ဝိညာဉ်ရှန့်ထို ဧကရာဇ်က ဂုဏ်ပုဒ် အတိုင်း တကယ် အထင်ကြီးစရာ ကောင်းတာပဲ... မူလ ဝိညာဉ် အလင်းရဲ့ အနှစ်သာရကိုတောင် ထိတွေ့ထားနိုင်တယ်... တကယ် ရှားပါတဲ့ ပါရမီရှင်ပဲ”
ဝိညာဉ်ရှန့်ထို ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်၏။ သူ၏ တုန့်ပြန်မှုက ဝေ့ဝူယင်၏ စကားလုံးများ မှန်ကန်နေသည့် ပုံပင်။
အခြားလူများမှာတော့ နားမလည်နိုင် ဖြစ်နေကြ၏။ မူလ ဝိညာဥ် အလင်း... သူတို့ မူလ အစစ်အမှန် အလင်း အကြောင်းကိုတော့ ကြားဖူးသည်။ မူလ ဝိညာဥ် အလင်းက အဘယ်နည်း။ ကျန့်ကျန့်နှင့် ဝိညာဥ် ရှန့်ထို ဧကရာဇ်တို့မှ လွဲ၍ မည်သည့် မြေကြီးရှန့်ထိုမှ မူလ ဝိညာဥ် အလင်း အကြောင်း နားမလည် ကြပါချေ။ အဖမ်းခံထားရသည့် မျက်နှာဖုံးတပ် ရှန့်ထိုများပင် စိတ်ဝင်စားဟန်ဖြင့် လှုပ်လှုပ်ရွရွ တုန့်ပြန် လာကြ၏။
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်သည်။ သူ့ ယူဆချက်က မှန်ကန်သည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ မူလ ဝိညာဉ်အလင်း၏ စည်းမျဉ်းများကို နားလည်ထားသည။ ထို့ကြောင့်ပင် သူက... စစ်ဝိညာဥ် တစ်ထောင်မှာ သူ့ မူလ အလင်းဖြင့် ဖန်တီးထားကြောင်း သိမြင်ခြင်း ဖြစ်သည်။
“စကားပြောတာတွေ တော်လောက်ပြီ...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ စိတ်ရှည်မှုများ ကုန်ဆုံးသွားသည့်ပုံ ရ၏။ ဝေ့ဝူယင်နှင့် ထိုမြေကြီး ရှန့်ထို အားလုံးမှာ သူ့ ကြယ်တာရာ နယ်မြေကို သူ့ခွင့်ပြုချက် မရှိပဲ ဝင်ရောက် မွှေနှောက်ခဲ့ခြင်း ဖြစ်သည်။ သေမျိုး တစ်ယောက်နှင့် ဘာမဟုတ်သည့် ကစားပွဲကို ဆက်လက် မကစား လိုတော့ချေ။ ဝေ့ဝူယင် နောက်ကွယ်တွင် အင်အားကြီး အဖွဲ့အစည်း တစ်ခုရှိတော့ရော ဘာအရေးနည်း။ သူ ဘာအကျိုးဆက်ကိုမှ မကြောက်ပါချေ။
ဝိညာဥ်ရှန့်ထို ဧကရာဇ်က ဝေ့ဝူယင်နှင့် မြေကြီး ရှန့်ထိုအားလုံးကို တစ်ယောက်ချင်းစီ စိုက်ကြည့်လိုက်၏။
“မင်းတို့ ဘာသာအညံ့ခံပြီး ကြယ်ကိုးပွင့် ရှန့်ထို ခန်းမရဲ့ ဥပဒေ အတိုင်း အစီရင်ခံမလား... ငါကိုယ်တိုင် ဒဏ်ခတ်တာ ခံမလား... ဒုတိယ တစ်ခုကို ရွေးမယ် ဆိုရင်တော့ မင်းတို့ အသက်တွေကို အာမမခံနိုင်ဘူး...”
“...”
မြေကြီးရှန့်ထို အားလုံး၏ အမူအရာများမှာ သုန်မှုန်သွားကြ၏။ သူတို့ အားလုံး ဤနေရာကို ရောက်လာခြင်းမှာ ဝေ့ဝူယင်၏ ဖိတ်ခေါ်မှုကြောင့် ဖြစ်သည်။ သူတို့ ဘာလုပ်ရမှန်း မသိပါချေ။ အကယ်၍ ဝိညာဥ်ရှန့်ထို ဧကရာဇ်ထံတွင် အညံ့ခံလိုက်မည် ဆိုပါက...
သူတို့၏ အတွေးများ မဆုံးခင်မှာပင် ဖေးယဲ့လီယင်မှာ ရှေ့သို့ ပျံထွက်သွား၏။ သူမက တိုက်ရိုက်ပင် အညံ့ခ့လိုက်ပြီ ဖြစ်လေသည်။
***