အညံ့ခံခြင်း (၂)
Vol. 70 Ch. 973
“...”
လူတိုင်း၏ အမူအရာများက ပြောင်းလဲ သွားကြ၏။ ဝိညာဉ်မြှင့်တင်ခြင်း ရှန့်ထိုဟောင်းက တိုက်ခိုက်ခြင်းပင် မပြုပဲ အညံ့ခံလိုက်သည်လား။ တကယ်ဆိုလျှင် သူတို့၏ အရေအတွက်က ဝိညာဉ် ရှန့်ထို ဧကရာဇ်ထက် ခြောက်ဆပင် ပိုမို များပြားသည်။ ထို့အပြင်... နဂါးခေါင်းဆောင်းနှင့် မြေကြီး ရှန့်ထို လှုပ်ရှားချိန်၌ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အော်ရာက အနည်းငယ် မှေးမှိန်သွားကြောင်း သူတို့ ခံစားမိသည်။ သို့တိုင်အောင် သူမက အခံလိုက်ပြီလော။
ဖေးယဲ့လီယင်မှာ ခေါင်းငိုက်စိုက်ချထား၏။ ဝိညာဉ်ရှန့်ထို ဧကရာဇ်က သူမကို အခက်အခဲ အတားအဆီး မရှိ ချိပ်ပိတ် ပစ်လိုက်သည်။ ယခု၌ သူမက မျက်နှာဖုံးတပ် မြေကြီးရှန့်ထိုများ ကဲ့သို့ အားနည်းကာ အသုံးမဝင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။
အခြားလူများမှာ ဝေ့ဝူယင်ကို ကြည့်လိုက်ကြ၏။ ဝေ့ဝူယင်က ဘာမှမပြောချေ။ မျက်မှောင်သာ ကြုတ်ထားခဲ့၏။ မြေကြီး ရှန့်ထိုများမှာ ဝေခွဲရခက် ဖြစ်သွားကြသည်။ အကယ်၍ အညံ့ခံလိုက်ပါက အကောင်းဆုံး ဖြစ်နိုင်ချေ ရှိသည်။ သူတို့ အားလုံး ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေကို ဝင်ရောက်ခဲ့သည် ဆိုသော်လည်း... ထိုအရာက သူတို့ ကိုယ်ကြိုး မဟုတ်ချေ။ ယွီစွန်းလီနှင့် ယွီလီရှင်းတို့၏ အသက်ကို ကယ်တင်ရန်သာ ဖြစ်သည်။ အစစ်အမှန် မွေးဖွားခြင်းကို ထောင်ချောက်ဆင်ရန်သာ ဖြစ်သည်။ ယခု ယွီစွန်းလီတို့ လုံခြုံသွားပြီ ဖြစ်လေရာ သူတို့ ရည်ရွယ်ချက်က အောင်မြင်သွားပြီဟု ဆိုလိုပေသည်။
ရုတ်တရက်... ဟုန်ယန်လျဲ့လန်က ရှေ့သို့ ပျံသန်း သွား၏။ မီးတောက်ခြောက်ခု ကြယ်တာရာ နယ်မြေ အုပ်စိုးသူ၏ မြေးအနေဖြင့် သူမ၏ လုံခြုံမှုက အာမခံချက် ရှိပေသည်။
မြေကြီးရှန့်ထို နှစ်ယောက်ကား အညံ့ခံ သွားခဲ့ပြီ ဖြစ်သည်။
ဝိညာဥ်ရှန့်ထို ဧကရာဇ်က ဟုန်ယန်လျဲ့လန်ကို ကြည့်လိုက်၏။ ထိုအမျိုးသမီးအား တိုက်ခိုက်ရန် ခေါင်းကိုက်သလို သူ ခံစားခဲ့ရသည်။ သို့သော်လည်း... ယခုတွင်တော့ အဆင်ပြေသွားပြီ ဖြစ်သည်။ သူက မဆိုင်းမတွပင် ချိပ်ပိတ်လိုက်၏။
ဝေ့ဝူယင် တည်ငြိမ်စွာပင် သူတို့ကို ကြည့်နေခဲ့၏။ ထိုမြေကြီးရှန့်ထိုများမှာ ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို သူ ပြန်လည် မတိုက်ခိုက်နိုင်ဟု ယူဆ ထားကြပုံ ရသည်။ အကယ်၍ သူက... အစစ်အမှန် မွေးဖွားခြင်းဂိုဏ်းသား တစ်ယောက် ဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။
“စိတ်မပူနဲ့... နန်းတော်သခင်မာ့ လာပါလိမ့်မယ်...”
စွန်းလီက ဝေ့ဝူယင်ကို ပြောကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်ထံ ပျံသန်း သွားခဲ့၏။ မြေကြီး ရှန့်ထို သုံးယောက် အညံ့ခံ သွားခဲ့ပြီ ဖြစ်သည်။
ဝှစ်...
ဟန်ယုဟိုင်က အသာအယာပင် ပြုံးကာ ဝေ့ဝူယင် အနားသို့ ချဉ်းကပ်လာ၏။ သူ၏ ရွေးချယ်မှုက ရှင်းလင်း ပေသည်။ ဝေ့ဝူယင် အညံ့မခံလျှင် သူလည်း အညံ့ခံလိမ့်မည် မဟုတ်ချေ။ ဝေ့ဝူယင်၏ အဂ္ဂိရတ် သူရဲကောင်း တစ်ယောက် ဖြစ်လာစေဖို့ အကောင်းဆုံး ကြိုးစားရန် သူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။ ဤသည်က သူ့အတွက် သစ္စာရှိကြောင်း ပြသနိုင်မည့် အခွင့်အရေး ဖြစ်သည်။
ချင်းဖုန်းမှာ အနည်းငယ် ဝေခွဲရ ခက်နေဟန် ရ၏။ ဝူယုမှာ ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ဤနေရာတွင် ရှိနေပါက ဝေ့ဝူယင် နံဘေး၌ ရပ်တည်ရန် သူမတွင် ယုံကြည်ချက် ရှိသည်။ လျှို့ဝှက် လမ်းစဉ် ရှစ်ခု မြေကြီး ရှန့်ထို တစ်ယောက် အနေဖြင့် ဝူယု၏ ခွန်အားကို သူမ ယုံကြည်သည်။
သို့သော်လည်း... သူမ ပိုင်ဆိုင်ထားသည့် ခွန်အားကတော့ အားလုံးထဲတွင် အားအနည်းဆုံး ဖြစ်ပေလိမ့်မည်။ ပြန်လည် ခုခံရန် ကြိုးပမ်းပါက ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ သူမကို အပိုင်းပိုင်း ဆွဲဖြတ်ကာ ကြယ်တာရာ နယ်မြေ အရေအတွက်ကို နှစ်ဆယ့်နှစ်ခုမှ တစ်ဆယ့်တစ်ခုသို့ လျှော့ချပစ်ပေလိမ့်မည်။
ချင်းဖုန်းက အရှုံးပေးဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်၏။ ထို့နောက် သူမက ဝေ့ဝူယင်ကို တောင်းပန်သည့် မျက်လုံးများဖြင့် ကြည့်ကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်ထံသို့ ပျံသန်းသွားတော့သည်။ မကြာခင်မှာပင် သူမသည်လည်းပဲ ချိပ်ပိတ် ခံလိုက်ရတော့၏။
ဝေ့ဝူယင် ဖြူရော်စွာ ပြုံးလိုက်မိသည်။ သူတို့၏ ရွေးချယ်မှု အပေါ် သူ အပြစ် မတင်ပါချေ။ မည်သို့ပင် ဆိုစေ... ဝိညာဥ်ရှန့်ထို ဧကရာဇ်မှာ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမသခင် ဖြစ်သည်။ အခြား ဝိညာဉ် ဧကရာဇ် ရှစ်ယောက်ကို အချိန်မရွေး ဆင့်ခေါ်နိုင်စွမ်း ရှိပေသည်။ သူတို့က ချီတက်လာနေတာမျိုးပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
သို့သော်လည်း အမှန်အတိုင်း ဝန်ခံရပါက စစ်ဝိညာဥ် တစ်ထောင်၊ မြေကြီးရှန့်ထို ခြောက်ယောက်၊ တကယ်မရှိသည့် စိတ်ကူးယဉ်နောက်ခံ တို့ဖြင့် ဝိညာဥ်ရှန့်ထို ဧကရာဇ်ကို ခြိမ်းခြောက်ကာ ဤနေရာမှ အချိန်မှီ ထွက်သွားနိုင်လိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ဘာတတ်နိုင်မည်နည်း။
ဂီး...
ပိုင်လင်က ဒေါသ တကြီး အော်ဟစ်သံ တစ်ခု ထုတ်လွှတ်လိုက်၏။ ထိုလေသံက မြေကြီး ရှန့်ထိုများ အပေါ် သူမ သဘောထားကို ထင်ဟပ်နေပေသည်။ လူများ မည်ကဲ့သို့ တွေးကြောင်း သူမ အပြည့်အဝ နားမလည်သည့်တိုင် တိုက်ခိုက်ဖို့ စိတ်တောင် မကူးပဲ လက်နက် ချခဲ့သည်ကတော့ ရှင်းလင်းပေသည်။
ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းလိုက်သနည်း။
ဝေ့ဝူယင်မှာ ပိုင်လင်၏ ခံစားချက်များကို သဘောပေါက်လိုက်ရာ စိတ်ဖြင့် ဆက်သွယ်၍ နှစ်သိမ့် ပေးလိုက်၏။
“ပိုင်လင်... သူတို့က ငါ ဖန်တီးထားတဲ့ အင်အားတွေမှ မဟုတ်တာ... အံသြစရာ မရှိပါဘူး... ဒီလောကမှာ ငါ ဘယ်သူ့တွေကို အယုံကြည်ဆုံးလဲ၊ အားအကိုးဆုံးလဲ ဆိုတာ မင်းသိပါတယ်”
ပိုင်လင်မှာ ပြန်လည် ငြိမ်ကျသွား၏။ ဟုတ်သည်။ ထိုမြေကြီးရှန့်ထိုများက ဝေ့ဝူယင်၏ အစစ်အမှန် အင်အားများ မဟုတ်ချေ။ ယာယီ အသုံးပြုသည့် အင်အားများသာ ဖြစ်သည်။ ထို့အပြင်... သူတို့ကို ဤနေရာ ခေါ်လိုက်ရသည့် ရည်ရွယ်ချက်က အစစ်အမှန် မွေးဖွားခြင်း အဖွဲ့သားများနှင့်တိုက်ခိုက်ရန်သာ ဖြစ်သည်။ ထိုတာဝန် ပြင်ပကိစ္စက သူတို့နှင့် မဆိုင်ပါချေ။
ပိုင်လင်အား ရှင်းပြပြီးသည်နှင့် ဝေ့ဝူယင်က ဝိညာဉ်ရှန့်ထို ဧကရာဇ်ကို လှမ်းကြည့်ကာ မျက်နှာဖုံးတပ် မြေကြီးရှန့်ထိုများကို လက်ညိုးထိုးပြ လိုက်၏။
“ဒီအစစ်အမှန် မွေးဖွားခြင်းက လူတွေက ကျုပ်အပိုင်... ဒီလူတွေကို ခေါ်သွားခွင့် ပေးမယ်ဆိုရင် ကျုပ်တို့ ကြားက ပြဿနာကို ဘာမှ မဖြစ်သလို နေပေးလိုက်မယ်”
အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင်တိုင်းမှာ ကမ္မ အပြစ်များစွာ ကျူးလွန်ထားသည့် လူများ ဖြစ်သည်။ သူတို့ကို သတ်ခြင်းအားဖြင့် မရေမတွက်နိုင်သည့် ကမ္မ ကံကောင်းမှုများကို သူ စုဆောင်းနိုင်လိမ့်မည် ဖြစ်သည်။ ထိုအရာကပင် သူ အစစ်အမှန် မွေးဖွားခြင်းကို အမဲလိုက်ခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။ အကယ်၍ ဝိညာဉ်ရှန့်ထို ဧကရာဇ်သာ သူတို့ကို သိမ်းဆည်းသွားပါက သူ လုပ်ခဲ့သမျှ အကုန်လုံးက အလဟသတ် ဖြစ်သွားပေလိမ့်မည်။
ဝေ့ဝူယင်၏ စကားက ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများကို ကျဉ်းမြောင်း သွားစေ၏။ သူ၏ ခန္ဓာကိုယ်က ဒေါသ အော်ရာဖြင့် တောက်လောင် လာခဲ့သည်။
“ငါ့နယ်မြေကို ကျူးကျော်ပြီး ငါ့လက်အောက်ငယ်သားကို ဒဏ်ရာရအောင် လုပ်သွားတဲ့ လူတွေကို ငါက လွယ်လွယ်လေး မင်းဆီ ပေးလိုက်ရမှာလား... သူတို့ကို ကြယ်ကိုးပွင့် ရှန့်ထို ခန်းမရဲ့ ဥပဒေ အတိုင်း စီရင်မယ်... မင်းကိုလည်း အတူတူပဲ”
“ငါ့ကိုပါလား...”
ဝေ့ဝူယင်က ကိုယ့်ကိုယ်ကို လက်ညိုး ပြန်ထိုးပြရင်း ရယ်မောလိုက်၏။ တကယ်ဆိုလျှင် သူတို့က သူ့လက်အောက်ငယ်သားနှင့် သူ့ နယ်မြေကို ကာကွယ်ပေးခဲ့ခြင်းသာ ဖြစ်သည်။ သူ့ အနေဖြင့် ကျေးဇူးတောင် တင်သင့်သေးသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်က အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ သေမျိုး တစ်ယောက်နှင့် သူ ဆက်လက် စကား မပြောချင်တော့ချေ။ သူ ခပ်မြန်မြန် အစဖြတ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ အကယ်၍ ဝေ့ဝူယင်ကို ဖမ်းမိပါက သူ့ မူလဇစ်မြစ်နှင့် ပတ်သက်၍ သေချာ စစ်ဆေးနိုင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူသာ ထာဝရ ဧကရာဇ်နှင့် တကယ် ပတ်သက်နေပါက မည်သည့် အပြစ်ပေးမှုကိုမှ ရရှိလိမ့်မည် မဟုတ်ချေ။
ဟန်ယုဟိုင်မှာ ဝေ့ဝူယင် နံဘေးတွင် ရှိနေဆဲ ဖြစ်သည်။ သူက လျှို့ဝှက် အော်ရာကို အကန့်အသတ်ထိ ရောက်အောင် မြှင့်တင်ထားကာ အချိန်မရွေး တိုက်ခိုက်နိုင်အောင် အဆင်သင့် ပြင်ထား၏။
“ဝိညာဉ်ရှန့်ထို ဧကရာဇ်... ကျုပ်...”
ဝေ့ဝူယင်က ဆက်လက် ညှိနှိုင်းဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ မူလ နေရာမှ ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်း၌ ဟန်ယုဟိုင်၏ မျက်လုံးများက ကိုးရောင်ခြယ် အလင်းတန်းများနှင့် ပြည့်နှက်သွားကာ ရှေ့သို့ တဟုန်ထိုး ပြေးတက်သွား၏။
ဘုန်း... ဘုန်း...
ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာကာ သူ့ထံ တန်းတန်းမတ်မတ် ဝင်လာသည့် လက်တစ်ဖက်ကို ဝေ့ဝူယင် တွေ့လိုက်ရ၏။
ထိုလက်က အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်အားများကို သယ်ဆောင်ထားကာ မျက်စိကျိန်းလောက်အောင် တောက်ပလှ၏။ ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများက အကန့်အသတ် ရောက်အောင် ကျဉ်းမြောင်းသွားသည်။ တန်ခိုးရှင် မျက်လုံးများကြောင့်သာ မဟုတ်ပါက... ထိုအလင်းတန်းများ အောက်၌ သူ တဒင်္ဂမျှ မျက်စိပင်ကွယ်သွာလောက်သည်။
တစ်ချိန်တည်း၌ အခြား လက်တစ်ဖက်က ပေါ်လာကာ ထိုလက်ကို အတိအကျပင် ဆုပ်ကိုင်လိုက်၏။ ဝေ့ဝူယင်၏ မျက်လုံးများက လက်များ၏ ပိုင်ရှင်များထံသို့ ရွေလျားသွားသည်။ ပထမ လက်တစ်ဖက်၏ ပိုင်ရှင်က အစိမ်းရောင် မျက်လုံးများပင် ဖြစ်ကာ နောက်လက်တစ်ဖက် ပိုင်ရှင်ကတော့ နဂါးခေါင်းဆောင်း ဆောင်းထားသည့် ကျန့်ကျန့်ပင် ဖြစ်ပေသည်။
ဘုန်း...
တစ်ချိန်တည်း၌ ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ အခြား လက်တစ်ဖက်မှာ ဟန်ယုဟိုင်၏ လည်ပင်းကို ဆုပ်ကိုင်မိသွား၏။ ဒြပ်စင် ကာကွယ်သူမှာ ကြက်ကလေး လည်လိမ်ထားသလို အဖမ်းခံလိုက်ရပြီ ဖြစ်လေသည်။
အကယ်၍ ကျန့်ကျန့်၏ ဝင်ရောက် တားဆီးမှုကြောင့်သာ မဟုတ်ပါက... ဝေ့ဝူယင်၏ အဖြစ်က ထိုထက်ပင် ပိုမို ဆိုးနေလောက်ပြီ ဖြစ်လေသည်။ ဝေ့ဝူယင်၏ နဖူးက ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်လေသည်။ နောက်ဆုံး၌ မြေကြီး ရှန့်ထို တစ်ယောက်၏ အစစ်အမှန် စွမ်းအားကို သူ နဖူးတွေ့ ဒူးတွေ့ ကြုံခဲ့ရပြီ ဖြစ်သည်။ ၎င်းက သူ ပိုင်ဆိုင်ထားသည့် စွမ်းအင်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ကျန့်ကျန့်ကို စောင်းကြည့်လိုက်၏။
“မင်းမှာ အားနည်းနည်းတော့ ရှိသားပဲ...”
ဝေ့ဝူယင်မှာ တုန့်ဆိုင်းနေခြင်း မရှိပါချေ။ သူက လက်ကျန် ဟင်းလင်းပြင် အင်အား အားလုံးကို အသုံးပြုကာ ပေါ်တယ် တစ်ခု ဖန်တီးလိုက်၏။
ဝှစ်...
ထို့နောက်... ရှိသမျှ အင်အားဖြင့် သူနှင့် ပိုင်လင်တို့ကို ဝန်းရံကာ ဝေးနိုင်သမျှ အဝေးဆုံး နေရာကို ပို့ဆောင်လိုက်တော့သည်။
ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွား၏။
လွတ်မြောက်သွားသည်လား...။
ဝှစ်...
ဝေ့ဝူယင်နှင့် ပိုင်လင်တို့မှာ မိုင်သိန်းပေါင်းများစွာ ကွာဝေးသည့် တစ်နေရာ၌ ပြန်လည် ပေါ်လာခဲ့၏။ ထိုအရာက လက်ကျန် ဟင်းလင်းပြင် အင်အားဖြင့် သူ ဆက်သွယ်နိုင်သည့် အဝေးဆုံး နေရာ ဖြစ်ပေသည်။
ဝိညာဥ်ရှန့်ထို ဧကရာဇ် ဝေ့ဝူယင်တို့ကို အာရုံစိုက် နေစဉ်တွင်...
ဘုန်း...
အားပါ ပြင်းထန်သည့် လက်သီး တစ်ချက်မှာ သူ့မျက်နှာထံ တိုးဝင်လာခဲ့တော့၏။
***