← Chapters

ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ် (၂)

Vol. 70 Ch. 975

ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ် (၂)

Vol. 70 Ch. 975

“အဟွတ်... အဟွတ်... သူက တကယ် သန်မာတယ်...”

ဟန်ယုဟိုင်မှာ စွန်းလီ၏ ပခုံးကို အားပြုကာ ရပ်ရင်း ချောင်းများ ဆိုးလိုက်ရ၏။ သူ၏ မျက်နှာက အလွန်အမင်း ဖြူရော်နေကာ ကိုးရောင်ခြယ် သွေးများမှာ နှုတ်ခမ်းမှ စီးကျနေ၏။ ဒြပ်စင် ကာကွယ်သူ ဒဏ်ရာ အကြီးအကျယ် ရထားကြောင်း မည်သူ မဆို ပြောနိုင်ပေသည်။

ဟန်ယုဟိုင် အားနည်းစွာဖြင့် လက်သီးကို ဆုပ်လိုက်မိ၏။ သူ့မျက်လုံးများထဲတွင်တော့ ကျေနပ် အားရသည့် အငွေ့အသက်များ ဖြစ်ပေါ်နေသည်။ အသက်ဘေးနှင့် ဆံချည်တစ်မျှင်စာမျှ အထိ နီးကပ်ခဲ့ကြောင်း သူ ခံစား၍ ရပေသည်။ သို့သော်လည်း... ဘယ်လောက်ပင် အန္တရာယ်များစေကာမူ အခွင့်အရေး တစ်ခုချင်းစီတိုင်းကို သူ ဆုပ်ကိုင်ရမည် ဖြစ်သည်။

ဖေးယဲ့လီယင်က ဟန်ယုဟိုင်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဒြပ်စင် စောင့်ရှောက်သူက အသက်ကို အလောင်းအစား လုပ်ကာ သေမျိုးတစ်‌ယောက်ထံ အမှုထမ်းဖို့ ရွေးချယ်လိမ့်မည်ဟု သူမ လုံးဝ ထင်မှတ် မထားခဲ့ချေ။

ဝိညာဉ်ရှန့်ထို ဧကရာဇ်ထံ မဆိုင်းမတွ အညံ့ခံဖို့ သူမ ဆုံးဖြတ်ခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ပါချေ။ လျှို့ဝှက် ကြယ်ကိုးပွင့် ပေါင်းဆုံခြင်း အစီအရင်ကို ထည့်မတွက်လျှင်ပင် ထိုပုဂ္ဂိုလ်ကြီးမှာ ကြောက်မက်ဖွယ် ကောင်းအောင် အစွမ်းထက်သူ ဖြစ်သည်။

မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်ခုလုံးနှင့် တိုင်းတာလျှင်ပင် ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ အစွမ်း အထက်ဆုံး သုံးယောက်ထဲ ဝင်ပေလိမ့်မည်။ ထို့အပြင်... သူက အာရုဏ်ဦး စစ်သည်တော် ဝူယုလိုမျိုး လျှို့ဝှက် လမ်းစဉ်ရှစ်ခုကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။

ဟန်ယုဟိုင်၏ တုန်ရီနေသည့် ခန္ဓာကိုယ်ကို ခံစားရင်း စွန်းလီ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ကြည့်ရသည်က သူမ၏ ရွေးချယ်မှုမှာ မှန်ကန်ခဲ့ပုံ ရသည်။ ဟန်ယုဟိုင်မှာ အားမနည်းချေ။ ဝိညာဉ်ရှန့်ထို ဧကရာဇ်ကသာ အလွန်အမင်း အားကောင်း နေခဲ့ခြင်း ဖြစ်ပေသည်။

“ထူးဆန်းတယ်...”

ချင်းဖုန်းက ‌ရုတ်တရက် ပြောလိုက်၏။ သူမ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းနေကာ ကျန့်ကျန့်နှင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်တို့ကို လှမ်းငေးမော နေခဲ့သည်။

“ဘာထူးဆန်းတာလဲ...”

ဟုန်ယုန်လျဲ့လန်က မေးလိုက်၏။ သူမသည်လည်းပဲ ထူးဆန်းသည်ဟု ခံစားရသည်။ သို့သော်... မည်သည့် အရာက ထူးဆန်းနေမှန်း တိတိကျကျ စဉ်းစား၍ မရပြန်ပါချေ။

ချင်းဖုန်းက တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

“နဂါးခေါင်းဆောင်နဲ့ မြေကြီး ရှန့်ထိုက ဝိညာဉ်ရှန့်ထို ဧကရာဇ်နဲ့ ယှဉ်ရင် ဘယ်နေရာမှာမှ အားနည်း မနေဘူး... ဝိညာဉ်ရှန့်ထို ဧကရာဇ်က ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေသားတွေ ထိခိုက်မှာ စိုးလို့ ထွက်သွားဖို့ အခွင့်အရေး ပေးနေတဲ့ပုံ ပေါ်ပေမဲ့ အဲဒါကလည်း ‌ကြောက်ခြင်းတစ်မျိုးပဲ မဟုတ်ဘူးလား... နောက်ပြီး ကျွန်မ မမြင်နိုင်တာ တစ်ခု ရှိသေးတယ်”

“သူ့ရဲ့ လျှို့ဝှက် သင်္ကေတ အရေအတွက် မလား...”

ရုတ်တရက်... ဟုန်ယန်လျဲ့လန်က မေးလိုက်၏။ ချင်းဖုန်းမှာ ကြားဖြတ် ပြောခံလိုက်ရသဖြင့် အနည်းငယ် မကျေမနပ် ဖြစ်သွားကာ ဟုန်ယန်လျဲ့လန်ကို လှည့်ကြည့်လိုက်သည်။ အကယ်၍ ဝူယုသာ ထိုမြင်ကွင်းကို မြင်ပါက ချစ်စရာ ကောင်းသည်ဟု တွေးမိလိမ့်မည် ဖြစ်သည်။

“လျှို့ဝှက်သင်္ကေတ... နေဦး...”

စွန်းလီက သဘောပေါက်သွားဟန်ဖြင့် ကျန့်ကျန့်ကို လှမ်းကြည့်လိုက်၏။ ထိုနဂါးခေါင်းဆောင်း ပိုင်ရှင်မှာ လက်ရှိ အချိန်အထိ မည်သည့် လျှို့ဝှက် သင်္ကေတကိုမှ ဆင့်ခေါ်ခြင်း မပြုသေးချေ။ သို့သော်လည်း... သူ၏ တိုက်ခိုက်မှု တစ်ခုချင်းစီက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းကာ ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့်ပင် လက်ရည်တူ ယှဉ်နိုင်ခဲ့သည်။ ဝိညာဉ်ရှန့်ထို ဧကရာဇ်မှာ ထိုအချက်ကို သတိထားမိသောကြောင့် ထွက်ခွာရန် အခွင့်အရေး ပေးလိုက်ခြင်းလော။

“အဲဒါက သူ့ရဲ့ ထူးဆန်းတဲ့ တည်ရှိမှုကြောင့်လည်း ဖြစ်နိုင်တယ် မလား... သူ့ဆီမှာ လျှို့ဝှက် စွမ်းအင် ရှိပြီး လျှို့ဝှက် သင်္ကေတ မရှိတာမျိုး၊ နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက် မရှိတာမျိုးလည်း ဖြစ်နိုင်တယ်... ရိုးရိုးရုပ်သေးရုပ်တွေလိုမျိုးလေ... အဲဒါ‌ကြောင့် ဝိညာဉ်ရှန့်ထို ဧကရာဇ်က အရုပ်လို့ ခေါ်ခဲ့တာ”

ဟန်ယုဟိုင်က အားနည်းနေသည့် ကြားမှပင် သူ့ထင်မြင်ချက်ကို ပြောလိုက်၏။

“ဒါပေမဲ့... အဲဒါက သိပ်တော့ အဓိပ္ပာယ် မရှိဘူး...”

ချင်းဖုန်းက ခေါင်းခါလိုက်၏။ အခြားလူများမျာလည်း အလားတူပင် တွေးလိုက်မိကြ၏။ ရုပ်သေးရုပ် ဖြစ်စေ... အစစ်အမှန် လူဖြစ်စေ... မြေကြီးရှန့်ထို အဆင့် တစ်ယောက် အဖြစ် သတ်မှတ်ဖို့ အနည်းဆုံး နိုးထခြင်း အဆင့် လျှို့ဝှက် ရည်ရွယ်ချက် တစ်ခု လိုအပ်သည် မဟုတ်ပါလား။

ထိုအချိန် စစ်မြေပြင်၌...

“ဆိုတော့ကာ မင်းက ဆက်ကစားချင်သေးတယ်ပေါ့... မကြာခင် ငါ့ရှန့်ထို ခန်းမက အခြား ဝိညာဉ် ဧကရာဇ်တွေ ရောက်လာတော့မှာ... ဒီလို အခွင့်အရေးမျိုး ငါ နောက်တစ်ခါ ထပ်ပေးတော့မှာ မဟုတ်ဘူးနော်... မင်း ယူဖို့ ငါ အကြံပြုချင်တယ်”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ပြောလိုက်၏။ သူ၏ လေသံက ခြိမ်းခြောက်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေသည်။

“...”

သို့သော်လည်း... ကျန့်ကျန့်ကတော့ မပြောင်းမလဲ တည်ငြိမ်စွာပင် ရှိနေ‌သေးဆဲ ဖြစ်သည်။ သူက ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ စကားကို နည်းနည်းလေးမျှ အဖက် မလုပ်ချေ။

“ကောင်းပြီလေ... မင်းရွေးတဲ့ လမ်းပဲ...”

ဝိညာဉ်ရှန့်ထို ဧကရာဇ်က ကြယ်တာရာ နယ်မြေ အပြင်ဘက်ရှိ ဝေ့ဝူယင်ကို လှမ်းကြည့်ကာ ခေါင်းခါလိုက်၏။ ဝေ့ဝူယင် လွတ်မြောက်သွားခြင်းနှင့် လက်ရာမြောက်သည့် အရုပ်တစ်ခုကို မဖျက်ဆီးချင်သောကြောင့်သာ သူ ထိုအခွင့်အရေးကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ယခု၌... ဝေ့ဝူယင်က လက်ခံရန် ငြင်းဆန်ခဲ့ပြီ ဖြစ်လေရာ အခြား ရွေးချယ်စရာ မရှိပါတော့ချေ။

ဝမ်... ဝမ်... ဝမ်....

ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေ အတွင်းရှိ ဂြိုဟ်များ၊ လများမှာ ကိုယ်ပိုင် အကွာအကွယ်များနှင့် စတင် လင်းလက်လာခဲ့ကြ၏။ လောကကွဲပျက်လ ကဲ့သို့ တိုက်ပွဲ အနား၌ ရှိသည့် ဂြိုဟ်များ၊ လများမှာ ပတ်လမ်းကြောင်းများ ပြောင်းလဲကာ ပိုမို ဝေးကွားသည့် နေရာများသို့ ဆုတ်ခွာ သွားကြသည်။ တစ်ခဏ အတွင်းမှာပင် တိုက်ပွဲ ဧရိယာက ပိုမို၍ ရှင်းလင်း သွားခဲ့ပြီ ဖြစ်သည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ် တစ်ယောက် ထိုကဲ့သို့ ကြယ်တာရာ နယ်မြေ လုံခြုံရေး အတွက် ပြင်ဆင်နေချိန်တွင် ကျန့်ကျန့်မှာလည်း ကိုယ်ပိုင် အတွေးများအတွင်း ရှိနေခဲ့၏။ သူ၏ အတွေးကား အခြား မဟုတ်။ ဝေ့ဝူယင်ကို စိတ်ထဲမှ ကျိန်ဆဲ နေမိခြင်း ဖြစ်ပေသည်။

“တော်တော် ဒုက္ခရှာတဲ့ သေမျိုးပဲကွာ... ငါ့လူတွေ အကုန်လုံးကို တစ်ခါတည်း ခေါ်လိုက်ရင်ပြီးနေပြီကို... လျှို့ဝှက် အာဏာရှင် တစ်သောင်းရဲ့ ရှေ့မှာ ဂြိုဟ်တွေ၊ လတွေဆိုတာ ဘာမလို့လဲ... ခုတော့ ဘာတဲ့... အကြောင်းပြချက် မရှိပဲ ဝှက်ဖဲ အကုန်လုံးကို ထုတ်မပြချင်ဘူး ဟုတ်လား... မလိုအပ်ပဲ ပျက်စီးမှုတွေ မဖြစ်စေချင်ဘူး ဟုတ်လား... သောက်သေမျိုးကောင်...”

သို့သော်လည်း... ကျန့်ကျန့်မှာ ကိုယ့်နေရာကို သိပေသည်။ သူနှင့် သူ့ စစ်တပ်ကြီး တစ်ခုလုံးမှာ ဝေ့ဝူယင် သန့်စင်ထားသည့် အဆောင်တစ်ခုသာ ဖြစ်သည်။ အကြံပေးရုံမှ တစ်ပါး ထိုအရာက သူ စီစဉ်နိုင်သည့် ကိစ္စ မဟုတ်ပါချေ။ ထို့အပြင်... ဝေ့ဝူယင်ကို ပုန်ကန်ဖို့ ကြိုးပမ်းပါကလည်း မူလ ဝိညာဉ်အလင်းက သူတို့ကို အပြီးတိုင် သန့်စင် သွားလိမ့်မည် ဖြစ်သည်။

ကျန့်ကျန့်မှာ သက်ပြင်းတစ်ချက် ချကာ ဝေ့ဝူယင်၏ အစီအစဉ်ကို သဘောတူရန်သာ တတ်နိုင်တော့၏။ အခြားတစ်ဖက်၌... ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ စစ်မြေပြင် အတွက် ပြင်ဆင်မှုများမှာ အဆုံးသတ် သွားခဲ့ပြီ ဖြစ်သည်။ ဂြိုဟ်တိုင်းမှာ အကာအကွယ် အလင်းများဖြင့် စတင် တောက်ပလာကာ မည်သည့် တိုက်ပွဲဒဏ်ကို မဆို ခုခံရန် အဆင်သင့် ဖြစ်နေကြ၏။

ဝိညာဉ်ရှန့်ထို ဧကရာဇ်၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို တောက်ပလာကာ ကျန့်ကျန့်ကို လှမ်းကြည့်လိုက်သည်။ အကာအကွယ် ဝင်္ကပါများ အပြည့်အဝ နိုးထနေပြီ ဖြစ်လေရာ သူ့အနေဖြင့် ထိန်ချန်ထားစရာ မလိုတော့ချေ။

ဘုန်း...

သူက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အတွင်းပိုင်း လောကထဲမှ ငွေရောင် ကြယ်ကိုးပွင့် ပါသည့် ရွှေရောင် ဓားရှည် တစ်ချောင်းကို ဆင့်ခေါ်လိုက်၏။ ၎င်းက အလွန်ပင် လှပ တင့်တယ်ကာ လျှို့ဝှက် မြေကြီး အဆင့် အော်ရာကို အကန့်အသတ်ထိ ရောက်အောင် ထုတ်လွှတ်နေခဲ့သည်။

တစ်ဝက်တစ်ပျက် လျှို့ဝှက် လောက အဆင့် လက်နက်...

မြေကြီး ရှန့်ထိုများစွာ၏ မျက်လုံးများမှာ အကန့်အသတ်ထိ ရောက်အောင် ပြူးကျယ် သွားခဲ့ကြ၏။ သို့သော်လည်း... ထိုအရာက ကျန့်ကျန့်နှင့် အရိုးစု စစ်မြင်းတို့ကိုတော့ အထင်ကြီးအောင် မလုပ်နိုင်ပါချေ။ စစ်သူကြီးက မည်သည့် လက်နက်ကိုမှ ဆွဲထုတ်ခြင်း မပြုချေ။ ထို့အစား... လက်သီးကိုသာ တင်းကြပ်စွာ ဆုပ်ကာ ထိန်းချုပ်ထားခြင်း မရှိသည့် အစစ်အမှန် လျှို့ဝှက် အင်အားကို ထုတ်လွှတ်လိုက်လေ၏။

ဘုန်း..

တစ်လောကလုံးလုံး ‌အေးခဲ သွားတော့သည်။

***

All Chapters